← Chapters

လွတ်မြောက်ခြင်း

Vol. 143 Ch. 1993

လွတ်မြောက်ခြင်း

Vol. 143 Ch. 1993

တောဆိတ်ရသေ့ကြီးက အညံ့ခံလိုက်ပြီဖြစ်သောအခါ ကျန်သော ကိစ္စများမှာ လွယ်သွားပေပြီ။ ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို တောဆိတ်ရသေ့ကြီးအား စတင် မေးမြန်းစစ်ဆေးရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် အရာအားလုံးကို တစ်ချက်တည်း ရှင်းလင်းစွာ သိလိုက်ရသည်။ ယခုကိစ္စက ထောင်ချောက်တစ်ခုပင်။ သို့သော် ကျန်းရီ တွင်းကြီးထဲ ဆင်းပြီးမှ ထောင်ချောက်စဆင်ခဲ့ခြင်းဖြစ်သည်။

“မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အထက်ကနေ ထောက်ပံ့ပေးနေတာလား”

ကျန်းရီသည် ထိုအကြောင်းကို ကြားသောအခါ ဂျင်းအိုက ပိုစပ်ကြောင်း တွေးလိုက်မိသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက သေရမည်ကို ကြောက်သည်လော။ သို့မဟုတ် ကျန်းရီအား တွေ့ရမည်ကို ကြောက်ခြင်းလော။

“ဖုန့်စစ်ကို ဘာလို့ မျိုးနွယ်သုံးခုက ဒီအချိန်ကျမှ ထွက်လာတာလည်းဆိုတာ တောဆိတ်ရသေ့ကြီးကို မေးလိုက်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီက ထျန်းဖုန့်ဧကရာဇ်ထံ အသံပြန်ပို့လွှတ်သည်။ ထျန်းဖုန့်ဧကရာဇ်က မေးလိုက်သောအခါ တောဆိတ်ရသေ့ကြီးက သွက်လက်စွာ ပြန်ဖြေလေသည်။

“မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဘိုးဘေးတစ်ယောက်က ဧကရာဇ်ကြယ် ထွက်ပေါ်မလာရင် မျိုးနွယ်သုံးခုလည်း မထွက်ရဘူးလို့ ပြောခဲ့တယ်။ အခု မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဧကရာဇ်ကြယ်ပေါ်လာမယ်လို့ ပြောလို့ မျိုးနွယ်သုံးခုက ထွက်လာခဲ့တာပဲ”

“ဧကရာဇ်ကြယ်လား”

ကျန်းရီ ခပ်လှောင်လှောင် ရယ်လိုက်၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး ပြောသော ဧကရာဇ်ကြယ်ဆိုသည်မှာ သူ မဟုတ်လောက်ပေ။ မိုးပြာမဟာဧကရာဇ်ကို ရည်ညွှန်းခြင်းသာ ဖြစ်နိုင်သည်။ ကျန်းရီ မျက်လုံးပင့်ကာ မေးလိုက်သည်။

“တောဆိတ်ရသေ့ကြီး... တမလွန်ဘုံဧကရာဇ်က လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားလိမ့်မယ်လို့ ကောင်းကင်ဧကရာဇ်က ခန့်မှန်းထားတယ်။ တကယ်လို့... သူက မသေမျိုးတစ်ပိုင်း ရသေ့ကြီးအဖြစ် ပြန်မွေးဖွားလာမယ်ဆိုရင် ဖြစ်နိုင်မလား”

“မဖြစ်နိုင်ဘူး”

တောဆိတ်ရသေ့ကြီးက သေချာစွာ ပြန်ပြောသည်။

“မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အသက် နှစ်နှစ်ထောင်ကျော် ရှိပြီ။ တမလွန်ဘုံဧကရာဇ် နောက်ဆုံး ပြန်ဝင်စားခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကပဲ။ သူက ဘယ်လိုလုပ် မသေမျိုးတစ်ပိုင်း ရသေ့ကြီးလို ပြန်ဝင်စားနိုင်မှာလဲ။ ကျန်းရီ.. မင်း ငါ့တို့ကြားမှာ သံသယမျိုးစေ့ စိုက်ချင်ရင် တခြားအကြောင်း ရှာလိုက်”

“အာ...”

ကျန်းရီ အတန်ငယ် မှင်တက်သွားသည်။ တောဆိတ်ရသေ့ကြီး၏ စကားအရ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတွင် သံသယဖြစ်စရာ မရှိပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ဧကရာဇ်ရွေကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ ယခုတွင် တောဆိတ်ရသေ့ကြီးကိုလည်း စစ်ဆေးပြီးပေပြီ။ အကယ်၍ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကသာ တမလွန်ဘုံဧကရာဇ် ဟုတ်မနေလျှင် တမလွန်ဘုံဧကရာဇ်က မည်သူအဖြစ် ပြန်ဝင်စားခဲ့ခြင်းနည်း။

“မဖြစ်နိုင်ဘူး...”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လိုက်၏။

“တမလွန်ဘုံဧကရာဇ်က တစ်ယောက်ယောက်ကို ဝင်ပူးထားနိုင်သေးတယ်။ ငါတို့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးရဲ့ ခန္ဓာကိုယ်အစစ်ကို မတွေ့ရမချင်း အတပ်မပြောနိုင်ဘူး”

“ဟုတ်...”

ကျန်းရီ ခေါင်းညိတ်ကာ တောဆိတ်ရသေ့ကြီးကို ကြည့်လိုက်သည်။

“ခင်ဗျားမှာ ကျွန်တော်တို့ကို အပေါ်ခေါ်သွားနိုင်မဲ့ နည်းလမ်း ရှိလား”

“ငါ့မှာ ကျောက်စိမ်းအဆောင်တစ်ခု ရှိတယ်။ အဲ့ဒါကို ချိုးလိုက်ရင် အပေါ်ကလူတွေ လာကူညီလိမ့်မယ်”

‌တောဆိတ်ရသေ့ကြီးသည် တစ်ခဏမျှ တွေးတော၍ ပြောလိုက်၏။

“ဒါပေမဲ့... ဧကရာဇ်ရွေကို မင်း ခြောက်လိုက်တယ် မဟုတ်လား။ သူက မင်း ငါ့ကို ဖမ်းထားပြီလို့ သံသယဖြစ်မှာပဲ။ အဲ့တော့ သူ လာမကူလောက်တော့ဘူး”

“စမ်းကြည့်ပါဦး”

ကျန်းရီ အေးစက်စက် ပြောလိုက်ပြီး တောဆိတ်ရသေ့ကြီးအား သိုလှောင်လက်စွပ် ပြန်ပစ်ပေးလိုက်၏။ ထို့‌နောက် အေးစက်စက်လေသံနှင့် အသံပို့လွှတ်လိုက်လေသည်။

“ခင်ဗျား ရုတ်ရုတ်ရက်ရက် မလုပ်ရင်တော့ ကောင်းမယ်။ မဟုတ်ရင်... ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်”

တောဆိတ်ရသေ့ကြီးသည် ကျန်းရီ၏ အေးစက်စက် အကြည့်နှင့် အနီးရီ ဟွင့်သွမ့်ပိုးကောင်များကို ကြည့်လိုက်၏။ သူ ကျောစိမ့်သွားသည်။ ယခုတွင် သူ့နတ်ဘုရားအမြုတေက ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ သူ့ဆန်းကြယ်စွမ်းရည်များကို မသုံးနိုင်တော့ပေ။ ထို့ကြောင့် သူ မဆင်မခြင် မလုပ်ဝံ့ပါ။

ရွှီး...

တောဆိတ်ရသေ့ကြီး ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်လိုက်၏။ ပြီးသည်နှင့် ထျန်းဖုန့်ဧကရာဇ်က သူ့ထံမှ သိုလှောင်လက်စွပ်ကို ချက်ချင်းပြန်ဆွဲယူလိုက်သည်။ တောဆိတ်ရသေ့ကြီးက ကျောက်စိမ်းအဆောင်ကို ချိုးလိုက်၏။ ကျန်းရီတို့လည်း တိတ်တဆိတ် စောင့်နေလိုက်ကြသည်။

တစ်နာရီကြာပြီးနောက် အထက်မှနေ၍ ကြိုးတစ်ချောင်း ကျလာ၏။ ထျန်းဖုန့်ဧကရာဇ်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ ကျန်းရီအား ချက်ချင်း ပြောလိုက်လေသည်။

“သခင်လေး... သခင်လေး အရင်တက်သွားလိုက်ပါ”

“မဟုတ်သေးဘူး”

ကျန်းရီသည် တစ်ခဏမျှ တွေးတော၍ ပြန်ပြော၏။

“အဲ့ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်။ ဒီလိုဆိုဘယ်လိုလဲ။ ခင်ဗျား တောဆိတ်ရသေ့ကြီးကို သယ်ပြီး သူ့ကို အရှေ့မှာထားကာလိုက်။ ကျွန်တော်က အနောက်ကနေ ကူညီပေးမယ်။ တကယ်လို့ အခြေအနေ မဟန်တော့ရင် တောဆိတ်ရသေ့ကြီးကို သတ်ပြီး ထွက်ပြေးသွားလိုက်ပေါ့”

“ကောင်းပါပြီ”

ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီ၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ဝံ့ပေ။ သူ ချက်ချင်းပင် တောဆိတ်ရသေ့ကြီးကို လက်တစ်ဘက်ဖြင့် ဆွဲမလိုက်ပြီး ခုန်တက်လိုက်၏။ ထို့နောက် ကြိုးကို လက်တစ်ဘက်ဖြင့် ကိုင်ကာ ခြေကိုပါ သုံး၍ လျင်မြန်စွာ တက်သွားလိုက်သည်။

“နှမြေစရာပဲ၊ ဒီဟွင့်သွမ့်ပိုးကောင်တွေက...”

ဟွင့်သွမ့်ပိုးကောင်များမှာ မပျံသန်းနိုင်ပေ။ ဤနေရာတွင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကိုလည်း ဖွင့်၍ မရချေ။ အကယ်၍ ၎င်းတို့ကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်လျှင်လည်း ချက်ချင်း သေသွားပေလိမ့်မည်။ ထို့ကြောင့် ၎င်းပိုးကောင်များကို ယခုတွင် ယူသွား၍ မရနိုင်သေးပေ။ သို့သော် သူတို့ ထွက်နိုင်သည်နှင့် ထိုဟွင့်သွမ့်ပိုးကောင်များကို အချိန်မရွေး ပြန်လာယူနိုင်ပေသည်။

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ် အမြင့်ပေတစ်သောင်းအထိ ရောက်သည်အထိ စောင့်နေလိုက်၏။ ပြီးမှ သူ ဒူးကွေးကာ ခုန်တက်လိုက်သည်။ လေထဲရောက်လျှင် ရွှေကြိုးကို ဆုတ်ကိုင်၍ လျင်မြန်စွာ တက်သွားလိုက်လေသည်။

ပေသုံးသောင်း၊ ပေတစ်သိန်း... ပေသုံးသိန်း...

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့၏ မျက်လုံးများ အ‌ရောင်လက်လာ၏။ သူတို့ မြင့်မြင့်သို့ ရောက်လေ၊ မြေဆွဲအားက အားပျော့လာလေပင်။ သူတို့ ပေငါးသိန်းအမြင့်အထိ တက်နိုင်မည်ဆိုလျှင် ထျန်းဖုန့်ဧကရာဇ် ပျံနိုင်လာပေလိမ့်မည်။ ထိုအခါ သူတို့ အလွယ်တကူ ပျံတက်နိုင်မည်ဖြစ်သည်။

ပေလေးသိန်း...

ကျန်းရီ စိတ်အေးလာ၏။ အထက်တွင် ထောင်ချောက်တစ်ခု ရှိနေလျှင်လည်း အရေးမကြီးပေ။ သူတို့နှစ်ယောက် ပျံတက်နိုင်လျှင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ ဧကရာဇ်ရွေတို့က သူတို့ကို အလွယ်တကူ တက်နိုင်လိမ့်မည် မဟုတ်ပါ။

‘ပေတစ်သိန်းပဲ လိုတော့တယ်။ ဘာမှ မဖြစ်ပါစေနဲ့’

ကျန်းရီ ရင်ထဲမှ ဆုတောင်းလိုက်၏။ သူတို့ ပေတစ်သိန်း ဆက်တက်နိုင်လျှင် ထျန်းဖုန့်ဧကရာဇ်က ပျံနိုင်တော့မည်ဖြစ်သည်။ နောက်ထပ် ပေသုံးသိန်း ဆက်တက်နိုင်မည် ဆိုလျှင်မူ သူလည်း ပျံနိုင်လာပေလိမ့်မည်။ သူတို့ တွင်းထဲမှ ပျံထွက်နိုင်သည်နှင့် ဘေးကင်းသွားလောက်ပေသည်။

ပေလေးသိန်းငါးသောင်း...

ပေလေးသိန်းခုနစ်သောင်း...

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ အထက်သို့သာ ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများက တောက်ပ၍ လာ၏။ သို့သော် တစ်ခဏမျှကြာပြီးနောက် သူတို့၏ အမြင်များ ရုတ်တရက် မည်းမှောင်သွားသည်။

“လခွမ်း...”

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တစ်ချိန်တည်း ဆဲဆိုလိုက်ကြ၏။ ထိုအခိုက်တွင် ကြိုးက ရုတ်တရက် ပြတ်သွားသည်။ မရေမတွက်နိုင်သော ဥက္ကာခဲများကလည်း ကောင်းကင်ထက်မှ ကျဆင်းလာလေသည်။

ထောင်ချောက်၊ လက်စားချေမှု...

ကျန်းရီ ရုတ်ခြည်း နားလည်သွားသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့သည် ကျန်းရီက တောဆိတ်ရသေ့ကြီးကို ဖမ်းထားကြောင်း သိကြ၏။ သူတို့ ရွှေကြိုးကို တမင် ချပေးခဲ့ခြင်းဖြစ်သည်။ သူတို့ ကျန်းရီကို ရည်ရွယ်ချက်ရှိရှိ အမြင့်တစ်ခုအထိ တက်လာစေခဲ့ခြင်းပင်။ ပြီးမှ ရွေကြိုးကို ဖြတ်ကာ ဥက္ကာခဲများနှင့် ဖိချခြင်း ဖြစ်ပေသည်။

ရွှစ်...ရွှစ်...

ထိုဥက္ကာခဲများက သာမန်ဥက္ကာခဲများ မဟုတ်ကြပေ။ ၎င်းတို့မှာ စွမ်းအားကြီးသော မြေဓာတ်အနှစ်သာရဖြစ်သည်။ မဟုတ်သေး... ပေါင်းစည်း အနှစ်သာရတစ်ခု ဖြစ်နိုင်သည်။ ၎င်းတို့သည် ရွှေရောင်၊ အနက်ရောင်နှင့် အဖြူရောင် လင်းလက်နေကြပေသည်။ ၎င်းတို့ကို အနှစ်သာရလေးမျိုး ပေါင်းစည်း၍ ဖွဲ့စည်းထားခြင်း ဖြစ်ရမည်။ ဥက္ကာခဲများမှာ တစ်ခုတည်း မဟုတ်ဘဲ မရေမတွက်နိုင်အောင် ရှိပေသည်။

ဤနေရာမှ မြေဆွဲအားက အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ သေချာပေါက် ပျံမတက်နိုင်ကြချေ။ မြေဆွဲအား၏ ပံ့ပိုးမှုကြောင့် ဥက္ကာခဲများက ပိုစွမ်းအားကြီးလာ၏။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ ဥက္ကာခဲများ အဆက်မပြတ် ထိမှန်ခံနေရသည်။ သူတို့ အသားနှစ်များအဖြစ် ဖိချေခံရတော့မလိုပင်။

ထိုတိုက်ခိုက်မှုမှာ ရက်စက်လွန်းသည်။

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့သည် ထိုအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရန် အသည်းအသန် တွေးတောနေ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လာသည်။

“ဒီအမြင့်က လေထုက သိပ်မခိုင်မာဘူး။ ကောင်းကင်ဘုံခုံရုံးကို ထုတ်ပြီး စမ်းကြည့်လိုက်။ မြန်မြန်...”

“ဟုတ်ကဲ့”

ကျန်းရီ၏လက်ထဲမှ ကောင်းကင်ရတနာက လင်းလက်လာ၏။ ဤတစ်ကြိမ်တွင် အမှန်ပင် ၎င်းကို သုံးနိုင်လိုက်သည်။ လေထဲတွင် ကောင်းကင်ဘုံခုံရုံး ချက်ချင်း ထွက်ပေါ်လာသည်။ ကျန်းရီ၊ ထျန်းဖုန့်ဧကရာဇ်နှင့် တောဆိတ်ရသေ့ကြီးတို့ ကောင်းကင်ဘုံခုံရုံးထဲ ဝင်လိုက်ကြ၏။ ကောင်းကင်ဘုံခုံရုံးမှာ အလွန်ကြီးသည်။ ထို့ကြောင့် တွင်းထဲတွင် တစ်သွားသည်။

ဖုန်း...ဖုန်း...ဖုန်း...

ကောင်းကင်ဘုံခုံရုံးအပေါ်သို့ ဥက္ကာခဲများ မရေမတွက်နိုင်အောင် ကျလာ၏။ သို့သော် ကောင်းကင်ဘုံခုံရုံး၏ အကာအရံက မည်မျှစွမ်းအားကြီးပါသနည်း။ ထိုအဆင့်တိုက်ခိုက်မှုက ကောင်းကင်ဘုံခုံရုံးကို တစ်ချက်ပင် နိမ့်ဆင်းမသွားစေပါ။

ဟောဟဲ...

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ ခန်းမတစ်ခုထဲတွင် ထွက်ပေါ်လာကြ၏။ ထျန်းဖုန့်ဧကရာဇ် မောဟိုက်နေသည်။ ကျန်းရီ၏ မျက်လုံးများ အေးစက်သွားသည်။ သူ့လက်ထဲရှိ ကောင်းကင်ရတနာက လင်းလက်လာပြီး ကောင်းကင်ဘုံခုံရုံးမှာ သေး၍ သေး၍ လာလေသည်။ ထို့နောက် ကောင်းကင်ဘုံခုံရုံးက ဥက္ကာခဲများနှင့်အတူ အထက်သို့ ပျံတက်သွားတော့သည်။

“မကောင်းတော့ဘူး”

တွင်းအထက်ရှိ မသေမျိုးတစ်ပိုင်း ရသေ့ကြီး မျက်နှာပျက်သွား၏။ သူ တုံ့ဆိုင်းမှုမရှိဘဲ ကိုးမြှောင့်ပုံ ကျောက်စိမ်းအဆောင်ကို ထုတ်ကာ ချိုးလိုက်သည်။ ထိုအခါ အာကာသအချိန်တံခါးတစ်ချပ် ထွက်ပေါ်လာသည်။ သူ တံခါးထဲ ပျံဝင်လိုက်ပြီး တစ်ချိန်တည်းမှာပင် အော်ပြောလိုက်သည်။

“ကျန်းရီ တက်လာပြီ။ ဧကရာဇ်ရွေ ပြန်ဆုတ်တော့”

“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဧကရာဇ်ရွေ၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်သွား၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ဥက္ကာခဲများက အလွန်ကြောက်မက်ဖွယ် ကောင်းသည်။ ထို့ပြင် အားကောင်းသော မြေဆွဲအားလည်း ရှိနေသေးသည်။ သို့ဖြစ်ရာ ကျန်းရီက မည်သို့ တက်လာနိုင်ခြင်းနည်း။

ဧကရာဇ်ရွေ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားမိသည်။ ထိုအချိန်တွင် ဧရာမမြို့ကြီးက အောက်ဘက်မှနေ၍ အထက်သို့ ပျံတက်လာပေပြီ။ ထိုအခါမှ ဧကရာဇ်ရွေ သတိပြန်ကပ်လာ၏။ သူ့လက်ထဲတွင် ကိုးမြှောင့်ပုံကျောက်စိမ်းအ‌ဆောင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းကို ချိုးလိုက်သောအခါ အာကာသအချိန်တံခါး ထွက်ပေါ်လာသည်။ သူ ထိုတံခါးအတွင်း လှစ်ခနဲ ပျံသန်းသွားကာ ပျောက်ကွယ်သွားလေသည်။

ဝှစ်...

ကောင်းကင်ဘုံခုံရုံး အပြင်ရောက်လာချိန်တွင် ဧကရာဇ်ရွေက အာကာသအချိန်တံခါးထဲ ရောက်သွားပြီဖြစ်သည်။ တွင်းဘေးတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ရှိနေသည်။ သူက ကောင်းကင်ဘုံခုံရုံးကို ကြောက်လန့်တကြား ကြည့်နေပေသည်။

“အနောက်ဘက်...”

ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အသံပို့လွှတ်မှုကို လက်ခံရလိုက်၏။ သူ ဟေးဒေသအရှင်ကို အရေးမစိုက်ဘဲ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ အနောက်ဘက်သို့ ပျံသန်းသွားစေလိုက်လေသည်။

ဧကရာဇ်ရွေ၏ တည်နေရာပြောင်းရွှေ့မှုက အတန်ငယ် နှေးခဲ့သည်။ ထို့ကြောင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ တည်နေရာပြောင်းရွှေ့သွားရာဘက်ကို အာရုံရလိုက်သည်။ ထိုအာကာသအချိန်တံခါးက ဝေးဝေးသို့ တည်နေရာပြောင်းရွှေ့မပေးနိုင်ပါ။ သူတို့ ဧကရာဇ်ရွေကို မြို့ထဲ ဝင်မသွားခင် တားနိုင်မည်ဆိုလျှင် ဧကရာဇ်ရွေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

***

All Chapters