← Chapters

အုတ်အော်သောင်းနင်း ဖြစ်စေလိုလျှင် ကြီးကြီးမားမား လုပ်ရမည်

Vol. 143 Ch. 1994

အုတ်အော်သောင်းနင်း ဖြစ်စေလိုလျှင် ကြီးကြီးမားမား လုပ်ရမည်

Vol. 143 Ch. 1994

ယခုတွင် ကိစ္စများက ပေါ်သွားပြီဖြစ်ပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကို သူတို့ကို သတ်လိုနေသေးကြောင်း သိလိုက်ရပြီဖြစ်ရာ ကျန်းရီ မည်သို့ လက်စားမချေဘဲ နေနိုင်မည်နည်း။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်လည်း အမှန်တကယ် ဒေါသထွက်နေသည်။ ထိုမျိုးနွယ်သုံးခုက ‌အောက်တန်းကျကာ ရက်စက်လွန်းသည်။ အတိတ်တွင် ထိုမျိုးနွယ်သုံးခုကို အပြီးရှင်းမပစ်ခဲ့မိသည့်အတွက် သူ နောင်တရမိနေသည်။ အကယ်၍ ယခုတွင် ကျန်းရီက ထိုမျိုးနွယ်သုံးခုကို ရှင်းပစ်လိုသည်ဟု ဆိုလျှင်လည်း သူ မည်သို့မှ ဝင်ပြောတော့မည် မဟုတ်ချေ။

ကောင်းကင်ဘုံခုံရုံးက လျင်မြန်စွာ ပျံသန်းနေသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် အာရုံရထားသကဲ့သို့ပင် သူတို့ ဟေးဒေသမြို့သို့ မရောက်သေးခင်မှာပင် ကျန်းရီ ဧကရာဇ်ရွေကို လှမ်းတွေ့လိုက်ရသည်။ ဧကရာဇ်ရွေက မြို့ဆီသို့ ပျံသွားနေပေသည်။

‘မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဘယ်မှာလဲ’

ကျန်းရီ ကောင်းကင်စိတ်အာရုံသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ထိုစဉ် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လိုက်သည်။

“မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အနားမှာ မရှိဘူး။ သူ ထွက်ပြေးသွားတာလား ဒါမှမဟုတ် တခြားဘက်ကို တည်နေရာပြောင်းရွှေ့သွားတာလား ဆိုတာကိုတော့ ငါလည်း မသိဘူး”

“အဲ့ဒါဆို ဧကရာဇ်ရွေကိုပဲ အရင်တိုက်ကြတာပေါ့”

ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ မြို့ဆီသို့ ပျံသန်းသွားစေလိုက်သည်။ မြို့ကလည်း ၎င်း၏ အကာအရံကို နှိုးလာသည်။ ကျန်းရီ ကောင်းကင်ဘုံခုံရုံးနှင့် မြို့အကာအရံကို ဝင်ဆောင့်လိုက်၏။

ဝုန်း...ဝုန်း...

ဒေသငယ်လေးတစ်ခု၏ မြို့တော်၏ အကာအရံက မည်မျှစွမ်းအားကြီးပါသနည်း။ ကောင်းကင်ဘုံခုံရုံး၏ အဟုန်ကရော မည်မျှစွမ်းအားကြီးပါသနည်း။ အကာအရံအလွှာမှာ ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရပေသည်။ ထျန်းဖုန့်ဧကရာဇ်ကလည်း ကောင်းကင်ဘုံခုံရုံးထဲမှ ချက်ချင်း ထွက်၍ မြို့ရင်ပြင်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကို ရုတ်ခြည်း ဖျက်ဆီးပစ်လိုက်လေသည်။

“အာ...”

ဧကရာဇ်ရွေက မြို့ထဲတွင် ပြေးနေဆဲပင်။ သူ မြို့ရင်ပြင်သို့ ရောက်တော့မည့် အခိုက်တွင် တည်နေရာပြောင်းရွှေ့အစီအရင်အားလုံး ဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ရသည်။ သူ မှင်တက်သွားပေသည်။ မြို့ထဲရှိ စစ်တပ်မှာလည်း မည်သို့လုပ်ရမည်မသိ ဖြစ်သွားသည်။ ဤတိုက်ပွဲက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများ၏ တိုက်ပွဲပင်။ သို့ဖြစ်ရာ မည်သူက ဝင်ပါဝံ့မည်နည်း။

“ကျန်းရီ... ငါ့ကို အတင်းဖိအားမပေးနဲ့”

ဧကရာဇ်ရွေသည် နောက်ထပ် ကိုးမြှောင့်ပုံကျောက်စိမ်းအဆောင် တစ်ခုကို ထုတ်၍ အော်ပြောလိုက်၏။ ထို့နောက် အဆောင်ကို အရှေ့သို့ ပစ်ပေါက်၍ ချိုးကာ အာကာသအချိန်တံခါးမှနေ၍ ထပ်မံ တည်နေရာပြောင်းရွှေ့လိုက်ပြန်သည်။

“မြောက်ဘက်...”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အာရုံခံမိလိုက်၏။ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ မြောက်ဘက်သို့ ပျံစေလိုက်သည်။ မြို့ထဲတွင် လူများစွာသည် ကြောက်ရွံ့၍ ကျန်ခဲ့လေသည်။

ရွှီး...ရွှီး...

မရေမတွက်နိုင်သော လျှို့ဝှက်သတင်းပို့အစီအရင်များ လင်းလက်လာပြီး ဖြစ်ပျက်ခဲ့သည်များကို မျိုးနွယ်ကြီး အသီးသီးထံ သတင်းပို့လိုက်ကြ၏။ မြို့ကြီးတိုင်းတွင် မျိုးနွယ်ကြီးများမှ သူလျှိုများ ရှိကြသည်။ ထို့ကြောင့် ဟေးဒေသ၏ မြို့တော်တွင်လည်း သူလျှိုများ ရှိပေသည်။

ဝှစ်...

ကောင်းကင်ဘုံခုံရုံးက မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားနေ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် အာရုံရလိုက်သလိုပင် ဆယ့်ငါးမိနစ် ပျံသန်းပြီးနောက် ကျန်းရီတို့ မြို့ငယ်တစ်မြို့ကို ရှာတွေ့လိုက်သည်။ မြို့အပြင်တွင် လူတစ်ယောက် ပြေးနေလေသည်။

“ဧကရာဇ်ရွေ... ခင်ဗျား ပြေးမလွတ်ပါဘူး”

ကျန်းရီသည် ကောင်းကင်ဘုံခုံရုံး၏ အကာအရံကိုကိုဖြတ်၍ စကားလှမ်းပြောလိုက်သည်။ သူ့အသံက ရွှေကို ဖောက်၍ ကျောက်တုံးများကိုပင် အက်သွားစေနိုင်သည်။ မြို့ထဲရှိ မြို့သူမြို့သားများနှင့် သိုင်းသမားများ၏ နားများကိုလည်း နာကျင်သွားစေသည်။

မြို့အကာအရံကို မနှိုးထားပေ။ ထို့ပြင် မရေမတွက်နိုင်သော လူများလည်း ပျံတက်လာကြသည်။ သို့သော် ဧကရာဇ်ရွေက အသည်းအသန် ပျံသန်းလာပြီး သူ့အနောက်တွင် မြို့ကြီးတစ်မြို့က ပျံ၍ လိုက်လာကြောင်း တွေ့လိုက်ရသောအခါ ထိုလူများ အံ့အားသင့်သွားကြ၏။

ဝှစ်...ဝှစ်...

ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းက ဧကရာဇ်ရွေ၏ အမြန်နှုန်းထက် များစွာပိုမြန်ရာ မြို့ဆီသို့ ရုတ်ခြည်းအတွင်း ရောက်သွားသည်။ ထုံးစံအတိုင်းပင် ထျန်းဖုန့်ဧကရာဇ်က အပြင်ထွက်ကာ မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖျက်ဆီးပစ်လိုက်သည်။

ဤတစ်ခေါက်တွင် ဧကရာဇ်‌ရွေသည် မြို့ထဲသို့ မဝင်တော့ဘဲ အခြားဦးတည်ရာတစ်ဘက်သို့ လှည့်ကာ ထွက်ပြေး၏။ တည်နေရာပြောင်းရွှေ့အစီအရင်များ ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ မြို့ထဲဝင်လျှင်လည်း အကျိုးရှိတော့မည် မဟုတ်ချေ။

ရွှီး...

ဧကရာဇ်ရွေသည် နောက်ထပ် ကိုးမြှောင့်ပုံကျောက်စိမ်းအဆောင်ကို ချိုး၍ အာကာသအချိန်တံခါးမှ တည်နေရာပြောင်းရွှေ့လိုက်ပြန်၏။ ကျန်းရီ အေးစက်စက် ရယ်လိုက်သည်။

“ဧကရာဇ်ရွေ... ခင်ဗျားမှာ ကျောက်စိမ်းအ‌ဆောင် ဘယ်နှစ်ခုရှိလဲ။ ခင်ဗျား ဘယ်နှစ်ကြိမ် တည်နေရာပြောင်းရွှေ့နိုင်လဲ။ ခင်ဗျား ထွက်မပြေးနိုင်ပါဘူး”

ကောင်းကင်ဘုံခုံရုံးသည် အလင်းတန်း တစ်တန်းအလား အနောက်ဘက်သို့ ဦးတည်ပျံသန်းသွား၏။ ကျန်းရီသည် ဧကရာဇ်ရွေကို တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

ဧကရာဇ်ရွေနှင့် ကောင်းကင်ဘုံခုံရုံးတို့ အဝေးသို့ ပျံသန်းသွားပြီးနောက် မြို့ထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွား၏။ မရေမတွက်နိုင်သော လျှို့ဝှက်သတင်းပို့အစီအရင်များလည်း ထပ်မံလင်းလက်လာပေသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင် ကျန်းရီသည် အနောက်ဘက်ရှိ မြို့တစ်မြို့သို့ ရောက်သွား၏။ ထျန်းဖုန့်ဧကရာဇ်က ဧကရာဇ်ရွေ တည်နေရာမပြောင်းရွှေ့နိုင်ခင်တွင် မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖျက်ဆီးလိုက်သည်။

ဧကရာဇ်ရွေတွင် ကိုးမြှောင့်ပုံကျောက်စိမ်းအဆောင်အချို့ ရှိနေသေး၏။ သူ ထပ်မံ၍ တည်နေရာပြောင်းရွှေ့သွားသည်။ သို့သော် ကျန်းရီက သူ့ကို အလွှတ်မပေးပါ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဧကရာဇ်ရွေ တည်နေရာပြောင်းရွှေ့သွားရာဘက်ကို အလွယ်တကူ အာရုံခံနိုင်၏။ ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းကလည်း ဧကရာဇ်ရွေ၏ အမြန်နှုန်းထက် များစွာပိုမြန်သည်။ သို့ဖြစ်ရာ ဧကရာဇ်‌ရွေက မည်သို့ လွတ်မြောက်နိုင်မည်နည်း။

***

ကျန်းရီက ဧကရာဇ်ရွေနောက်သို့ လိုက်နေကြောင်း သတင်းမှာ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးတွင် တောမီးလောင်သလို ပျံ့နှံ့သွားသည်။ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားပေသည်။

ဧကရာဇ်ရွေနှင့် ကျန်းရီတို့မှာ မည်သူများနည်း။ သူတို့က လူသားမျိုးနွယ်တစ်ခုလုံးတွင် စွမ်းအားအကြီးဆုံး သိုင်းသမားများ ဖြစ်ကြသည်။ ယခုတွင် သူတို့က ကမ္ဘာဦးကောင်းကင်ဘုံထဲ၌ တိုက်ခိုက်နေကြသည်။ သို့ဖြစ်ရာ ကမ္ဘာဦးကောင်းကင်ဘုံက မည်သို့ မတုန်လှုပ်သွားဘဲ ရှိပါမည်နည်း။

မျိုးနွယ်များစွာသည် ‌ဟေးဒေသထဲ ထောက်လှမ်းရေးများ စေလွှတ်လိုက်ကြသည်။ သို့သော် အခင်းဖြစ်နေရာ မြို့များရှိ တည်နေရာပြောင်းရွှေ့အစီအရင်များက ဖျက်ဆီးခံထားရရာ သူတို့ အနီးနားရှိ မြို့များထံသို့ တည်နေရာပြောင်းရွှေ့ကာ ထိုမှနေ၍ ပျံသန်းသွားကြရပေသည်။

ဟေးမြို့အနီးရှိ မြို့ဆယ်မြို့ကျော်လောက်မှ တည်နေရာပြောင်းရွှေ့အစီအရင်အားလုံးက ဖျက်ဆီးခံလိုက်ရ၏။ ဧကရာဇ်ရွေထံတွင် ကိုးမြှောင့်ပံကျောက်စိမ်းအဆောင်များ အမှန်ပင် များစွာရှိသည်။ သို့သော် နောက်ဆုံးတွင် သူ မလွတ်မြောက်နိုင်ခဲ့ပါ။ ကျန်းရီက သူ့အနောက်မှ ကပ်လိုက်နေခဲ့သည်။ မြင်မြင်ရာ မြို့တိုင်းရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကိုလည်း ဖျက်ဆီးခဲ့သည်။ အကယ်၍ ဧကရာဇ်ရွေသာ အာကာသအချိန်တံခါးဖြင့် တည်နေရာမပြောင်းရွှေ့နိုင်ခဲ့ပါက သူ့ပျံသန်းနှုန်းနှင့် ထွက်ပြေးနိုင်ခဲ့မည် မဟုတ်ပါ။

ယခုလည်း ဧကရာဇ်ငယ် မလွတ်မြောက်နိုင်ပါ။

ကိုးမြှောင့်ပုံကျောက်စိမ်းအဆောင်များကို နှစ်ဆယ့်သုံးကြိမ် သုံးပြီးနောက် ဧကရာဇ်ရွေထံတွင် အ‌ဆောင်သုံးခုသာ ကျန်တော့သည်။ ကျန်းရီ မီလာသောအခါ သူ နောက်ထပ်အဆောင်တစ်ခုကို သုံး၍ တည်နေရာပြောင်းရွှေ့လိုက်၏။ ဤတစ်ကြိမ်တွင် သူ တွင်းကြီးနားသို့ ပြန်ရောက်သွားသည်။ သူ ချက်ချင်း တွင်းထဲ ဆင်းကာ အော်ပြောလိုက်လေသည်။

“ဟားဟားဟား... ကျန်းရီ မင်း သတ္တိရှိရင် ဆင်းလာပြီး ငါ့ကို လာသတ်လေ”

“အဲ့ဒါက...”

ထျန်းဖုန့်ဧကရာဇ်သည် ဧကရာဇ်ရွေက တွင်းကြီးထဲ ပြန်ဆင်းသွားကြောင်း သိလိုက်သောအခါ မျက်နှာမည်းမှောင်သွား၏။ ထိုဧကရာဇ်ရွေက ဉာဏ်နီဉာဏ်နက်များလွန်းသည်။ သူက တွင်းကြီးထဲကိုပင် ထပ်မံ ခုန်ဆင်းဝံ့သည်လော။

ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့၏ ရင်ထဲတွင် တွင်းကြီးအပေါ် အကြောက်တရားများ ရှိနေဆဲပင်။ ထျန်းဖုန့်ဧကရာဇ်သည် သူ့တစ်သက်လုံး ထိုတွင်းကြီးထဲ ပြန်မဆင်လိုတော့ပေ။

ကျန်းရီ၏ မျက်ဝန်များ အေးစက်သွားသည်။ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ တွင်းကြီးအထက်တွင် လှည့်ပတ် ပျံနေစေလိုက်သည်။ သူ တွင်းကြီးအကြောင်းကို အတန်ငယ် နားလည်ထားပြီဖြစ်သည်။ သူသာ ပြင်ဆင်သွားပါက တွင်းထဲ ဆင်းလိုက်လျှင်လည်း ပြန်တက်လာနိုင်ပေလိမ့်မည်။ ကောင်းကင်ဝါးမျိုသားရဲလေးက ဟွင့်သွမ့်ပိုးကောင်များကို ထိန်းချုပ်နိုင်သည်။ သူတို့ မြေအောက်သမုဒ္ဒရာဆီ မသွားလျှင် အန္တရာယ်ကြုံရမည် မဟုတ်ပါ။

ပြဿနာမှာ...

ထိုအတွက် သူတို့ မည်သို့ ပြင်ဆင်သင့်သနည်း။ ကြိုးတစ်ချောင်းကို တွင်းထဲ ဤအတိုင်း ချလိုက်ရန်မှာ လွယ်သည်။ ထို့ပြင် ကောင်းကင်ဘုံခုံရုံလည်း ရှိနေသေးသည်။ သို့သော် မည်သူက တွင်းထဲဆင်း၍ မည်သူက အထက်တွင်နေကာ ကြိုးကို စောင့်ကြည်ထားမည်နည်း။ အကယ်၍ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများက ကြိုးကို လာဖြတ်လိုက်လျှင် အောက်ဆင်းသွားသူက မည်သို့ ပြန်တက်နိုင်မည်နည်း။

အကယ်၍ ကျန်းရီက အထက်တွင် နေခဲ့မည်ဆိုလျှင်တော့ ကောင်းကင်ဘုံခုံရုံးကြောင့် မည်သူကမှ ကြိုးလာဖြတ်နိုင်မည်မဟုတ်ပေ။ သို့သော် ထျန်းဖုန့်ဧကရာဇ်က ဧကရာဇ်ရွေကို သတ်နိုင်ပါမည်လော။ မသတ်နိုင်သည့်အပြင် ဧကရာဇ်ရွေ၏ သတ်ဖြတ်မှုကို ပြန်ခံလိုက်ရလျှင် မည်သို့လုပ်မည်နည်း။

ထျန်းဖုန့်ဧကရာဇ်ကို အောက်သို့ ကောင်းကင်ဝါးမျိုသားရဲလေး ခေါ်သွားခိုင်းရမည်လော။ ထိုကောင်းကင်ဝါးမျိုသားရဲလေးက ကျန်းရီ၏ ဝိညာဉ်သားရဲ မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီ၏ အမိန့်များကို အပြည့်အဝ မနာခံပါ။ ၎င်းက ထျန်းဖုန့်ဧကရာဇ်နှင့် လိုက်မသွားလိုလျှင် မည်သို့ လုပ်မည်နည်း။

“သခင်လေး.. ကျုပ်တို့ ဘယ်လိုလုပ်သင့်လဲ။ ကျုပ် ဆင်းသွားလိုက်ရမလား”

ထျန်းဖုန့်ဧကရာဇ်က မေးလိုက်၏။

“ဟင့်အင်း...”

ကျန်းရီ ခေါင်းခါလိုက်သည်။ ထို့နောက် မည်သို့မှ ဆက်မပြောသေးဘဲ တစ်ခဏမျှ နှုတ်ဆိတ်သွားသည်။ ငါးမိနစ်ကြာပြီးမှ သူ့မျက်ဝန်းများထဲတွင် ပြတ်သားမှုတစ်ခု ပေါ်လာပေသည်။ သူ စိတ်ပိုင်းဖြတ်ကာ ပြောလိုက်သည်။

“ကောင်းကင်ဘုရင်ဝေက လျှိုဒေသထဲမှာပဲ ရှိနေလောက်သေးတယ်။ သူ့ကို ကောင်းကင်ဘုရင်သုံးဆယ့်‌ခြောက်ပါးလုံးနဲ့ ယန်ကိုးပါးစစ်တပ်က တပ်သားသန်းနှစ်ဆယ် စုစည်းပြီးခိုင်းလိုက်ပါ။ ကျွန်တော်တို့ အုတ်အော်သောင်းနင်း ဖြစ်စေချင်ကြီး ကြီးကြီးမားမား လုပ်ရမယ်။ မဟုတ်ရင် နောက်ကျ အကုန်လုံးက ကျွန်တော်တို့ကို အနိုင်ကျင့်နိုင်တယ်လို့ ထင်သွားလိမ့်မယ်”

“ကောင်းပါပြီ”

ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်ဘုံခုံရုံးအပြင်သို့ ထွက်၍ လျှိုဒေသဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ ထျန်းဖုန့်ဧကရာဇ် ထွက်သွားသောအခါ ကျန်းရီ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ဆီသို့ အသံပို့လွှတ်ကာ မေးလိုက်၏။

“ကောင်းကင်ဧကရာဇ်... ဧကရာဇ် အဲ့အစီအစဉ်ကို ဘယ်လိုထင်ပါသလဲ”

“အုတ်အော်သောင်းနင်းဖြစ်သွားအောင် လုပ်တာမှာလည်း သူ့အကျိုးနဲ့သူ ရှိပါတယ်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ အသံပြန်ပို့လွှတ်လိုက်၏။

“အခုတစ်ခေါက် မင်းမှန်တယ်။ မျိုးနွယ်သုံးခုမှာ အကြံအစည်တွေ ရှိနေတယ်။ သူတို့ကို ဖိနှိပ်တာက ကောင်းတဲ့လုပ်ရပ်ပဲ။ ဒါပေမဲ့ စည်းမကျော်မိဖို့တော့ သတိထားရမယ်။ မဟုတ်ရင် လူသားမျိုးနွယ်က မင်းအပေါ် အဆိုးမြင်သွားလိမ့်မယ်။ တမလွန်ဘုံမျိုးနွယ်က အင်အားကြီးတယ်။ ငါတို့ အများကြီး ဆက်လျှောက်ရဦးမှာ”

“ကျွန်တော် နားလည်ပါတယ်။ ကောင်းကင်ဧကရာဇ် မစိုးရိမ်ပါနဲ့”

ကျန်းရီ ခေါင်းညိတ်ကာ ကောင်းကင်ဘုံခုံရုံးအောက်ရှိ တွင်းကြီးကို ကြည့်လိုက်သည်။ သူ့မျက်နှာထား အေးစက်သွားသည်။ ဤတစ်ကြိမ်တွင် ဧကရာဇ်ရွေ သေရပေမည်။

***

All Chapters