← Chapters

လောက၏ ရန်သူ

Vol. 143 Ch. 1995

လောက၏ ရန်သူ

Vol. 143 Ch. 1995

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က အမှန်ပင် လျှိုဒေသထဲတွင် ရှိနေသေးသည်။ ထို့ပြင် သူတို့က ကျန်းရီ ဝင်သွားသော တွင်းကြီး စောင့်ကြပ်နေကြသည်။

ထျန်းဖုန့်ဧကရာဇ်သည် ထိုနှစ်‌ယောက်ကို အလွယ်တကူ ရှာတွေ့လိုက်၏။ ကောင်းကင်ဘုရင်ဝေသည် ကျန်းရီ၏ အမိန့်ကို လက်ခံရရှိသောအခါ တုံ့ဆိုင်းခြင်းမရှိဘဲ ကိုယ်တိုင် ယန်ကိုးပါးမြို့သို့ ပြန်သွားလေသည်။ ကောင်းကင်ဘုရင်ယွင်နှင့် ထျန်းဖုန့်ဧကရာဇ်တို့မှာ ကောင်းကင်ဘုံခုံရုံးသို့ လျင်မြန်စွာ သွားလိုက်ကြသည်။

ကျန်းရီသည် ဟယ်နုန်ယင်းအား သွားတွေ့၍ လိုရမည်ရ ချီလင်းဧကရီကို ဆက်သွယ်ပေးရန်ပင် ပြောလိုက်သည်။ ဟယ်နုန်ယင်းသည် ဖြစ်ပျက်ခဲ့သည်များကို သိသောအခါ ချက်ချင်း ကောင်းကင်ဘုံခုံရုံးထဲမှ ထွက်၍ ဟယ်မျိုးနွယ်ကို ဆက်သွယ်လိုက်သည်။

နှစ်နာရီအတွင်းမှာပင် ဟယ်မျိုးနွယ်၏ ထောက်လှမ်းရေးများ ရောက်ရှိလာသည်။ ဟယ်နုန်ယင်းသည် သူမ၏ အမိန့်ပြားကို ထုတ်၍ ထိုထောက်လှမ်းရေးများကို ဟယ်မျိုးနွယ်အား ဆက်သွယ်၍ ချီလင်းဧကရီထံ သတင်းပို့စေရန် ခိုင်းလိုက်သည်။

ကျန်းရီက မြို့တစ်ဒါဇင်ကျော်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ပြင် ဧကရာဇ်ရွေနောက်သို့လည်း ပေါ်တင် လိုက်ခဲ့သည်။ ထိုကဲ့သို့သော ကိစ္စတစ်ခုက သတင်းပျံ့မသွားရန်မှာ ခက်ခဲပေသည်။

ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံး လှုပ်ရှားသက်ဝင်နေ၏။ နာရီနှစ်ဆယ်ကျော် ကြာပြီးသည်အထိ ယန်ကိုးပါးစစ်တပ်က တည်နေရာပြောင်းရွှေ့လာနေသေး၍ အခြေအနေမှာ ပိုကြီးမားလာသည်။

နာရီသုံးဆယ်ကြာပြီးနောက်...

ယန်မဟာဧကရာဇ်မြို့ထဲရှိ ကောင်းကင်စကြဝဠာဘုံနှင့် ချိတ်ဆက်ထားသော တည်နေရာပြောင်းရွှေ့အစီအရင်က တောက်ပစွာ လင်းလက်လာ၏။ မျိုးနွယ်သုံးခုမှ မရေမတွက်နိုင်သော တပ်သားများ တည်နေရာပြောင်းရွှေ့လာသည်။ ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့လည်း ကိုယ်တိုင် ရောက်လာကြပြီး တပ်သားသောင်းကျော်ကို ပြန်ခေါ်လာကြသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးလည်း ထွက်ပေါ်လာ၏။ ယန်မဟာဧကရာဇ်က အသိပေးချက်တစ်ခု ထုတ်ပြန်ထား၍ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေလေသည်။

ယန်မဟာဧကရာဇ်က ကြေညာချက်တစ်ခု ထုတ်ပြန်ထား၏။ ကျန်းရီ၊ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့က ရတနာများရှာရန် တွင်းကြီးထဲ ဆင်းသွားခဲ့ကြသည်။ ကျန်းရီသည် စကားတစ်ခွန်းမှ မပြောဘဲ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကို တိုက်ခိုက်ခဲ့သည်။ တောဆိတ်ရသေ့ကြီးက ကျန်းရီ၏ မညှာမတာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဧကရာဇ်ရွေကလည်း လိုက်သတ်ခံရသည်။ လက်ရှိတွင် ဧကရာဇ်ရွေက တွင်းထဲသို့ ထပ်၍ထွက်ပြေးရန် ဖိအားပေးခံထားရ၏။ ကျန်းရီကမူ သူ့စစ်တပ်ကို စုစည်းကာ ဧကရာဇ်ရွေကို ဝန်းရံသတ်ဖြတ်ရန် ကြံရွယ်နေပေသည်။

တမလွန်ဘုံမျိုးနွယ်က အင်အားကြီးသည်။ ထို့ကြောင့် လူသားမျိုးနွယ်မှာ ပျက်သုဉ်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သို့သော် ကျန်းရီသည် အတွင်းရေးပဋိပက္ခများဖြစ်အောင် လုပ်နေသေး၏။ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ လုပ်ရပ်ဖြစ်ကြောင်း နေ့ကဲ့သို့ ထင်ရှားပေသည်။

ထိုမကောင်းဆိုဝါးကို ရှင်းမပစ်လျှင် လူသားမျိုးနွယ် အန္တရာယ်ကြုံရပေလိမ့်မည်။ ထို့ကြောင့် ယင်းမကောင်းဆိုးဝါးကို သတ်ရန် ယန်မဟာဧကရာဇ်သည် လောကထဲမှ သူရဲကောင်းအားလုံးကို ဆင့်ခေါ်ထားသည်။ မဟုတ်လျှင် လူသားမျိုးနွယ် သေချာပေါက် ပျက်သုဉ်းသွားပေလိမ့်မည်။

ယန်မဟာဧကရာဇ်က ကြေညာချက် ထုတ်ပြန်ပြီးနောက် ရူးသွပ်မဟာဧကရာဇ်က ချက်ချင်း ရောက်လာခဲ့သည်။ သူသည် ကြမ်းတမ်းသော စကားလုံးတိုင်းနှင့် ကျန်းရီကို ပြစ်တင်ပြောဆိုခဲ့သည်။ ထို့ပြင် ဤတစ်ခေါက်၌ ကျန်းရီကို မဖိနှိပ်နိုင်လျှင် လူသားမျိုးနွယ်က မည်သည့်အခါတွင်မှ ထပ်မံစည်းလုံးတော့မည်မဟုတ်ဟုလည်း ပြောခဲ့ပေသည်။ လူသားမျိုးနွယ်မဟာမိတ်မှာ ပြိုကွဲရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကလည်း ကျန်းရီနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် မျိုးနွယ်သုံးခုမှ တပ်သားသန်းသုံးဆယ်ကို ဆင့်ခေါ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ ထို့ပြင် သူက နမိတ်ဖတ်မှုတစ်ခု ပြုကာ မိုးပြာမဟာဧကရာဇ်က ဧကရာဇ်ကြယ်ဖြစ်ပြီး ကျန်းရီက မိစ္ဆာကြယ်ဖြစ်ကြောင်း အတည်ပြုပေးလိုက်သေးသည်။

ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့၏ ကြေညာချက်များကပင် ကမ္ဘာဦးကောင်းကင်ဘုံထဲရှိ မျိုးနွယ်အသီးသီးကို တုန်လှုပ်နေစေပြီဖြစ်သည်။ ယခု မသေမျိုးတစ်ပိုင်း ရသေ့ကြီးကလည်း ကြေညာလိုက်ရာ လူသားမျိုးနွယ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ပြီးခဲ့သော နမိတ်ဖတ်မှုများက အလွန်မှန်ကန်ခဲ့သည်။ ယခင်တွင် သူသည် ဧကရာဇ်ကြယ်နှင့် မိစ္ဆာကြယ် ထွက်ပေါ်လာလိမ့်မည်ဟု နမိတ်ဖတ်ခဲ့သည်။ ဧကရာဇ်ကြယ်သည် မိစ္ဆာကြယ်နှင့် ယှဉ်၍ ထွက်ပေါ်တတ်သည်။ ယင်းကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။

နှစ်နာရီကြာပြီးနောက် တောက်မျိုးနွယ်ကလည်း ကြေညာချက်တစ်ခု ထုတ်ပြန်လာ၏။ တောက်နူသည် သူက တောက်မျိုးနွယ်၏ အင်အားတစ်သန်းစစ်တပ်နှင့် ဟေးဒေသသို့သွား၍ ကျန်းရီနှင့် သူသေကိုယ်သေ တိုက်ခိုက်မည်ဟု ပြောသည်။ မိစ္ဆာကြယ်ကိုသာ ရှင်းမပစ်နိုင်လျှင် ဧကရာဇ်ကြယ်က မည်သည့်အခါတွင်မှ တောက်ပနိုင်လိမ့်မည် မဟုတ်ဟုလည်း ပြောလိုက်သေးပေသည်။

ကုန်းယန်မျိုးနွယ်၊ လျှိုမျိုးနွယ်၊ လျန်မျိုးနွယ်၊ ဂူမျိုးနွယ်...

ကမ္ဘာဦးကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများစွာသည် တစ်ခုပြီးတစ်ခု ကြေညာချက်များ ထုတ်ပြန်လာကြသည်။ မရေမတွက်နိုင်သော သိုင်းသမားများကလည်း ဟေးဒေသအနီးတွင် စတင်စုဝေးလာကြသည်။

တစ်ရက်တည်းအတွင်းမှာပင် ဟေးဒေသအနီးတွင် စုဝေးနေသော တပ်သားအရေအတွက်မှာ ဆယ်သန်းအထိ ရှိလာခဲ့သည်။ မျိုးနွယ်သုံးခုမှ တပ်သားသန်းသုံးဆယ်မှာ တည်နေရာပြောင်းရွှေ့လာနေဆဲပင် ရှိသေးသည်။ ကမ္ဘာဦးကောင်းကင်ဘုံက ပေါက်ကွဲလုဆဲဆဲ ဗုံးတစ်လုံးကဲ့သို့ပင်။ အချိန်ကြာလာသည်နှင့်အမျှ တုံ့ပြန်သော မျိုးနွယ်များ ပို၍ ပို၍ များလာသည်။ သူတို့သည် သူတို့၏ စစ်တပ်များကို ခေါ်ကာ ဟေးဒေသသို့ တည်နေရာပြောင်းရွှေ့လာကြပေသည်။

အခိုက်အတန့်မျှ လောကထဲရှိ မျိုးနွယ်အားလုံးက လှုပ်ရှားလာ၏။ ကျန်းရီသည်လော တစ်လောကလုံး၏ရန်သူ ဖြစ်သွားလေသည်။

***

ဟေးဒေသထဲရှိ တွင်းကြီး၏ အထက်တွင် ကောင်းကင်ဘုရင်ဝေးနှင့် ကောင်းကင်ဘုရင်ယွင်တို့က ကောင်းကင်ဘုံခုံရုံးထဲ ဝင်သွားကြ၏။ တွင်းကြီးအနီးတွင် ဧရာမစစ်တပ်ကြီးတစ်တပ် ရှိနေသည်။ အနည်းဆုံး တပ်သားငါးသန်း ရှိသည်။ ယင်းမှာ ယန်ကိုးပါးစစ်တပ်၏ ပထမအသုတ်သာ ရှိပေသေးသည်။

တစ်ချိန်တည်းမှာပင် လျှိုဒေသရှိ တွင်းကြီးကိုလည်း ယန်ကိုးပါးစစ်တပ်က ဝန်းရံထား၏။ တွင်းကြီးနှစ်တွင်း၏ ကီလိုမီတာငါးသန်းပတ်လည်အတွင်းကို ယန်ကိုးပါးစစ်တပ်က ထိန်းချုပ်ထားသည်။

“အရှင်ငယ်...”

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် အထဲရောက်သည်နှင့် ဒူးတစ်ဘက် ထောက်လိုက်ကြ၏။ သူတို့သည် အခြေအနေကို တင်ပြကာ တပ်သားများ ထပ်၍ ရောက်လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။ တင်ပြပြီးနောက် ကောင်းကင်ဘုရင်ဝေက ပြောလိုက်လေသည်။

“ကျုပ်တို့ရထားတဲ့ သတင်းအရ မျိုးနွယ်သုံးခုက တပ်သားသန်းသုံးဆယ် စေလွှတ်လိုက်ပါတယ်တဲ့။ သူတို့က ဟေးဒေသရဲ့အနောက်ဘက် မြစ်နီဒေသထဲမှာ စုဝေးနေကြပါတယ်။ သူတို့ ဟေးဒေသထဲကို အလွန်ဆုံး ငါးရက်အတွင်း‌ ရောက်ပါလိမ့်မယ်။ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ တောက်နုနဲ့ တခြားမျိုးနွယ်ကြီးတွေကလည်း သူတို့ရဲ့ စစ်တပ်တွေကို‌ ခေါ်လာကြတယ်။ သူတို့ ဆယ်ရက်အတွင်း ရောက်လာလောက်ပါတယ်”

“မိုးပြာမဟာဧကရာဇ်ကရော ဘယ်မှာလဲ”

ကျန်းရီသည် ထိုတပ်သားများကို များစွာအရေးမစိုက်ပါ။ သူသည် ဘေးမှ စားပွဲခုံကို ခေါက်ရင်း မေးလိုက်သည်။ ဟယ်နုန်ယင်းနှင့် ထျန်းဖုန့်ဧကရာဇ်တို့က သူ့ဘေးတစ်ဘက်စီတွင် ရပ်နေကြပေသည်။

“ဘာသတင်းမှ မရသေးပါဘူး။ သူက မီးမိစ္ဆာပင်လယ်နဲ့ မိုးကြိုးလျှပ်စီးလမ်းကြောင်းမှာ လေ့ကျင့်နေတုန်းပဲ ထင်တယ်”

ကောင်းကင်ဘုရင်ဝေက ပြန်ဖြေ၏။ ထို့နောက် သူ ဟယ်နုန်ယင်းကို ကြည့်ကာ ပြောလိုက်သည်။

“ချီလင်းဧကရီက ကောင်းကင်စကြဝဠာဘုံမှာပဲ ရှိပါသေးတယ်။ သူက ဒီကိစ္စတွေကို ကျုပ်တို့ဘာသာ ကိုင်တွယ်ပါလို့ ပြောလိုက်ပါတယ်။ သူ ဝင်မပါချင်ဘူးတဲ့။ ကောင်းကင်စကြဝဠာဘုံက သူ့ကို လိုအပ်နေတယ်”

“အွန်း...”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူ များစွာမအံ့ဩပါ။ ချီလင်းဧကရီက အမြဲ ကြားနေခဲ့သည်။ ဤတစ်ကြိမ်တွင် မည်သည့်ဘက်ကို ကူညီခြင်းကမှ မကောင်းပေ။ သူမ ကြားဝင်ဖျန်ဖြေရန်လည်း ကြိုးစားမည် မဟုတ်ပါ။ ထို့ပြင် ကောင်းကင်စကြဝဠာဘုံ၌လည်း စောင့်ကြပ်ရန် လူတစ်ယောက် အမှန်ပင် လိုအပ်ပေသည်။

“အရှင်ငယ်...”

ကောင်းကင်ဘုရင်ဝေသည် ကျန်းရီက နှုတ်ဆိတ်သွားသည်ကို မြင်သောအခါ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ပြောလိုက်လေသည်။

“ဒီတစ်ခေါက် ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နဲ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတို့က ကမ္ဘာဦးကောင်းကင်ဘုံရဲ့ မျိုးနွယ်တစ်ဝက်ကျော်လောက်ကို စည်းရုံးနိုင်ခဲ့တယ်။ တပ်သားအရေအတွက်က သန်းခြောက်ဆယ်လောက် ရှိမယ်။ သူတို့က ဖြောင့်မတ်ချင်ယောင်‌ဆောင်ပြီး အရှင်ငယ်ကို ဖိနှိပ်ဖို့ လုပ်နေတာပဲ။ အရှင်ငယ် ပြန်မတိုက်ရင် သူတို့က အရှင်ငယ်ကို သတ်ပစ်မှာပါ။ ဒါပေမဲ့ ပြန်တိုက်လိုက်ရင်လည်း... အရှင်ငယ်က တကယ်ပဲ မိစ္ဆာကြယ်ဖြစ်သွားမှာ။ အရှင်ငယ် လူတွေရဲ့ နှလုံးသားကို လုံးဝ ဆုံးရှုံးလိုက်ရလိမ့်မယ်”

“ကျွန်တော်သိပါတယ်”

ကျန်းရီ အေးစက်စက် ပြုံးလိုက်ပြီး ခေါင်းခါကာ ပြန်ပြော၏။

“မသေမျိုးတစ်ပိုင်းမျိုးနွယ်က လူတွေက အလိမ်အညာတွေကို ဘယ်လိုဖြန့်ရမလဲဆိုတာ ကျွမ်းကျင်တယ်။ သူတို့က လူတွေရဲ့ နှလုံးသား၊ ကိုယ်ကျင့်သိက္ခာနဲ့ ဖြောင့်မတ်မှုကို အသုံးချပြီး မျိုးနွယ်တွေကို လှည့်စားနေတာပဲ။ ဒီတစ်‌ခေါက် ကျွန်တော် ခင်ဗျားတို့ကို စုဝေးခိုင်းရတာက သူတို့ကို ကြီးကြီးမားမားလုပ်ခွင့် ပေးချင်လို့။ ကျွန်တော် မသေမျိုးတစ်ပိုင်း ရသေ့ကြီးရဲ့ မျက်နှာဖုံးကို ခွာချပြီး သူက ဘယ်လိုလူစားမျိုးလဲဆိုတာ လူတွေကို ပြပေးချင်တယ်”

ကျန်းရီက အလွန်ယုံကြည်မှုရှိနေ၍ ကောင်းကင်ဘုရင်ဝေ မည်သို့မှ ထပ်မပြောတော့ပေ။ သူ လက်ဆုပ်၍သာ ဆိုလိုက်သည်။

“အရှင်ငယ်၊ ဒီတစ်ခေါက် ကျုပ် တပ်သားသန်းနှစ်ဆယ်ကို ဆင့်ခေါ်ထားပါတယ်။ ကျုပ် ယန်ကိုးပါးစစ်တပ်တစ်တပ်လုံးကို ဆင့်ခေါ်လိုက်ရမလား”

“မလိုပါဘူး။ သန်းနှစ်ဆယ်ဆို လုံလောက်ပါပြီ။ ဒီတစ်‌ခေါက် ကျွန်တော် တစ်တပ်လုံးကို သတ်ဖြတ်ဖို့လည်း မရည်ရွယ်ထားပါဘူး”

ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ဝေတို့ အကြည့်ချင်ဖလှယ်ကာ စိတ်သက်သာရာရသွားကြ၏။ သူတို့နှစ်ယောက်သည် ကျန်းရီက တိုက်ပွဲကြီးတစ်ပွဲ နွှဲရန် ပြင်ဆင်နေသည်ဟု ထင်ခဲ့ကြပေသည်။

အကယ်၍ လူသားမျိုးနွယ်က အတွင်းပဋိပက္ခဖြစ်လျှင် တမလွန်ဘုံမျိုးနွယ်က ဝမ်းသာအားရ ဖြစ်သွားပေလိမ့်မည်။ လူသားမျိုးနွယ်အတွက် စွမ်းအားကြီး သိုင်းသမားများ ပျိုးထောင်ရန်မှာ မလွယ်ကူပါ။ အကယ်၍ အတွင်းရေးပဋိပက္ခများကြောင့် လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများစွာ သေဆုံးသွားရလျှင် တမလွန်ဘုံမျိုးနွယ်က လူသားမျိုးနွယ်ကို ရှင်းပစ်နိုင်သွားပေလိမ့်မည်။

“ဟုတ်သား...”

ကျန်းရီ ရုတ်တရက် ထရပ်ကာ ပြောလိုက်၏။

“ချက်ချင်း ထွက်သွားပြီး စစ်တပ်ကို လျှိုဒေသထဲက တွင်းကြီးကို ဖို့ခိုင်းလိုက်ပါ။ အနီးက တောင်တွေကိုသုံး။ တွင်းကြီးကို သုံးရက်အတွင်း ဖို့နိုင်ဖို့ ကြိုးစားပါ”

“ဖို့ရမှာလား...”

ထျန်းဖုန့်ဧကရာဇ် နှာခေါင်းပွတ်လိုက်၏။ တွင်းကြီးမှာ အလွန်ကြီးမားပြီး အလွန်နက်ရှိုင်းသည်။ ကျန်းရီသာ ထိုကဲ့သို့သော ရူးသွပ်သည့်ကိစ္စတစ်ခုကို လုပ်နိုင်လိမ့်မည် မဟုတ်လော။

“ဟုတ်ကဲ့ပါ”

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က လုံးဝ တုံ့ဆိုင်းမှု မရှိပေ။ သူတို့သည် ဤတစ်ခေါက်တွင် တပ်သားများစွာ ဆင့်ခေါ်ထားသည်။ တွင်းကြီးက အောက်ခြေမဲ့တွင်းတစ်တွင်း ဖြစ်နေလျှင်ပင် သူတို့ ဖို့နိုင်လောက်ပေသည်။

“ထျန်းဖုန့်ဧကရာဇ်...”

ကောင်းကင်ဘုရင်ဝေနှင့်‌ ကောင်းကင်ဘုရင်ယွင်တို့ ထွက်သွားပြီးနောက် ကျန်းရီက ထပ်မံအမိန့်ပေးလိုက်၏။

“ဒီထဲမှာ အကြာကြီး နေမနေနဲ့။ အပြင်ထွက်ပြီး အနီးက အခြေအနေကို ထောက်လှမ်းလိုက်ပါ။ တကယ်လို့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးတို့နဲ့ ဆုံရင် စမတိုက်ပါနဲ့၊ ပြန်လာခဲ့ပါ”

“ဟုတ်ကဲ့ပါ”

ထျန်းဖုန့်ဧကရာဇ် ကောင်းကင်ဘုံခုံရုံးထဲမှ ထွက်သွားပြီးနောက် ကျန်းရီသည် မျက်မှောင်ကြုတ်နေသည့် ဟယ်နုန်ယင်းကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ဒီကိစ္စက ကြီးလာပေမဲ့ မခက်ပါဘူး။ ဆယ်ရက်... ဆယ်ရက်ကြာပြီးရင် ဒီကို ရောက်လာမဲ့သူတွေက ရောက်မလာမှာ မဟုတ်လား။ ကိုယ် သူတို့ကို ပွဲကောင်းတစ်ပွဲ ကြည့်ခိုင်းလိုက်မယ်”

***

All Chapters