← Chapters

မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး

Vol. 143 Ch. 1996

မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး

Vol. 143 Ch. 1996

လက်တွေ့တွင် ဆယ်ရက်ပင် မကြာလိုက်ပေ။ ရှစ်ရက်အတွင်းမှာပင် ဟေးဒေသ၏ မြို့တော်ပတ်ပတ်လည်တွင် တပ်သားသန်းငါးဆယ် စုဝေးပြီးသွားသည်။

အနည်းဆုံး ကမ္ဘာဦးကောင်းကင်ဘုံထဲရှိ မျိုးနွယ်ကြီး တစ်ရာလောက် ရောက်လာခဲ့သည်။ မျိုးနွယ်ငယ်များ၏ အရေအတွက်မှာမူ ရေတွက်၍ပင် မရနိုင်ပေ။ အနည်းဆုံး တစ်သောင်းလောက်ရှိသည်။ သို့သော် ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ တောက်နူနှင့် အခြားသူများက သူတို့ကိုယ်သူတို့ လူလုံးထွက်မပြကြသေးပေ။ သူတို့က ပို၍ စွမ်းအားကြီးသော သိုင်းသမားများ စုဝေးပြီးသည်ကို စောင့်နေပုံပင်။

ယန်ကိုးပါးစစ်တပ်မှ တပ်သားသန်းနှစ်ဆယ်လည်း ရောက်ရှိလာသည်။ ကောင်းကင်ဘုရင်သုံးဆယ့်ခြောက်ပါးလုံး စုဝေးနေကြသည်။ ကောင်းကင်ဘုရင်မူကို မောင်းထုတ်ထားပြီးဖြစ်သည်။ ကောင်းကင်ဘုရင်ဝေသည် ကျန်းရီနောက်သို့လိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ကျန်းရီ၏ အမိန့်များကို လုံးဝ မေးခွန်းမထုတ်ခဲ့ပါ။ သူသည် ချက်ချင်းပင် ကောင်းကင်ဘုရင်မူနှင့် မူမျိုးနွယ်ကို ယန်ကိုးပါးစစ်တပ်ထဲမှ မောင်းထုတ်ခဲ့သည်။ ထို့နောက် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်‌ယောက်ကို ကောင်းကင်ဘုရင်မူနေရာတွင် အစားထိုးစေလိုက်ပေသည်။

လျှိုဒေသရှိ တွင်းကြီးကို ဖို့ပြီးပေပြီ။ အနီးမှ တောင်အားလုံးလည်း ပြားကပ်နေပြီဖြစ်သည်။ ကောင်းကင်ဘုရင်ဝေသည် တပ်သားငါးသန်းကို အသုံးပြု၍ တောင်များကို ရွှေ့ကာ တွင်းကြီးကို ဖို့ခဲ့ခြင်းဖြစ်သည်။ ထိုတွင်းကြီးက အလွန်ကျယ်ကာ အလွန်နက်သော်လည်း တွင်းတစ်တွင်းသာ ဖြစ်သည်။

ထိုတွင်းကြီးကို ဖို့ပြီးနောက် တပ်သားအားလုံးသည် ဟေးဒေသရှိ တွင်းကြီးဆီသို့ ချီတက်လိုက်ကြသည်။ သူတို့ ဟေးဒေသရှိ တွင်းကြီ၏ ကီလိုမီတာတစ်သိန်းပတ်လည်ကို ဝန်းရံလိုက်ကြလေသည်။

ထိုအ‌တောအတွင်း ကျန်းရီသည် မည်သည်ကိုမှ မလုပ်ဘဲ ကောင်းကင်ဘုံခုံရုံးထဲတွင်သာ နေနေခဲ့၏။ မျိုးနွယ်အသီးသီးက ယန်ကိုးပါးစစ်တပ်ထဲတွင် သူလျှိုများထည့်ထားသော်လည်း မည်သည့်သူလျှိုက ကောင်းကင်ဘုံခုံရုံးအနီး ကပ်ဝံ့မည်နည်း။ မည်သူကရော ကောင်းကင်ဘုံခုံရုံးထဲ ဝင်နိုင်မည်နည်း။

ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများက ကောင်းကင်ဘုံခုံရုံးအပြင်တွင် ရှိနေကြ၏။ ကျန်းရီသည် သူတို့ကိုလည်း မဆင့်ခေါ်ပေ။ ထို့ကြောင့် သူတို့သည် ကျန်းရီက မည်သည်ကိုလုပ်ရန် ကြံရွယ်နေကြောင်းကို မသိရပါ။ သူတို့ တိတ်တဆိတ်သာ စောင့်နေရပေသည်။

ကိုးရက်မြောက်နေ့...

ပတ်ပတ်လည်မှ သန်းဆယ်ချီသည့် တပ်သားများက တဖြည်းဖြည်း ချုံ့လာကာ တွင်းကြီးဆီသို့ ချဉ်းကပ်လာကြသည်။ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများ စိတ်လှုပ်ရှားလာကြသည်။ သူတို့ ကျန်းရီကို အကြိမ်ပေါင်းများစွာ တွေ့ခွင့်တောင်းခဲ့သည်။ သို့သော် ကျန်းရီက ငြင်းခဲ့ပေသည်။ သူတို့သည် သူတို့ဘက်မှ တပ်သားသန်းနှစ်ဆယ်ကိုသာ တိုက်ပွဲအတွက် အသင့်ပြင်ခိုင်းထားရလေသည်။

ဆယ်ရက်မြောက်နေ့...

အင်အားသန်းငါးဆယ်ရှိသော စစ်တပ်ကြီးသည် တွင်းကြီးနှင့် ကီလိုမီတာငါးသောင်းကျော်အကွာသို့ ရောက်နေပေပြီ။ သူတို့ ယန်ကိုးပါးစစ်တပ်နှင့် ထိပ်တိုက်ဆုံမိပြီဖြစ်သည်။ ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံးကလည်း လှုပ်ရှားလာ၏။ ကောင်းကင်ဘုံခုံရုံးက တောက်ပစွာ လင်းလက်ကာ အောက်ဘက်သို့ လည်ပတ်၍ ဆင်းသွားပြီး တွင်းကို အပြည့်ကာလိုက်သည်။

တွင်းဝက ပိတ်သွား၏။ ကောင်းကင်ဘုံခုံရုံးမှာ တွင်းထက် ပိုကြီးသည်။ မဟုတ်လျှင် ယခင်အခေါက်က ကောင်းကင်ဘုံခုံရုံး တွင်းထဲတွင် ညပ်သွားခဲ့မည် မဟုတ်ပေ။ ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံးက အကြီးဆုံး အရွယ်အစား ဖြစ်လာပြီး တွင်းဝကို ရုတ်ခြည်းအတွင်း ပိတ်ဆို့လိုက်ပေသည်။

ယန်မဟာဧကရာဇ် တုန်လှုပ်သွားသည်။ ကျန်းရီက ကောင်းကင်ဘုံခုံရုံးထဲမှနေ၍ တွင်းကြီးထဲသို့ အချိန်မရွေး ဝင်သွားနိုင်သည် မဟုတ်ပါလား။ အကယ်၍ ကျန်းရီက တွင်းထဲ ဆင်းသွားပြီး ဧကရာဇ်ရွေကို သတ်လိုက်မည်ဆိုလျှင် အပြင်ကလူများက သိပင် သိလိုက်မည် မဟုတ်ချေ။

စစ်မိန့်များစွာ ထုတ်ပြန်လိုက်သည်။ တပ်သားသန်းငါးဆယ်က တစ်ညီတစ်ညာတည်း ချီတက်ကာ တွင်းကြီးကို ဝန်းရံလိုက်ကြသည်။ တပ်သားသန်းငါးဆယ်၏ ကိုယ်များမှနေ၍ သတ်ဖြတ်အရှိန်အဝါများ မပြတ်ထွက်နေသည်။ အကယ်၍ ယန်ကိုးပါးစစ်တပ်က ခုခံမည်ဆိုလျှင် သူတို့ တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ပို၍ စိတ်လှုပ်ရှားလာကြသည်။ တိုက်ပွဲက စတော့မည်ဖြစ်သော်လည်း ကျန်းရီက ထွက်မလာသေးပေ။ သူတို့နှစ်ယောက်ထံသို့လည်း တိုက်ရတော့မည်လောဆိုသော မေးခွန်းများ အဆက်မပြတ် ဝင်ရောက်လာပေသည်။

နောက်ဆုံးတွင် ကောင်းကင်ဘုရင်ဝေက အံကြိတ်ကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ချိန်၌ ကျန်းရီ၏အမိန့် ရောက်ရှိလာ၏။ ယန်ကိုးပါးစစ်တပ်က ချက်ချင်း ဆုတ်လိုက်ပြီး ကောင်းကင်ဘုံခုံရုံးအနီးတွင် စုဝေးလိုက်ကြသည်။

တပ်သားသန်းနှစ်ဆယ်မှာ များပြားသည်။ သူတို့ကို ပြွတ်သိပ်၍ ထားမည်ဆိုလျှင်ပင် နေရာများစွာ လိုမည်ဖြစ်သည်။ တပ်သားသန်းနှစ်ဆယ် ဆုတ်လာသောအခါ ကောင်းကင်ဘုံခုံရုံး၏ မိုင်တစ်ရာပတ်လည်အတွင်းတွင် လူများပြည့်နှက်သွားသည်။

အဝေးမှနေ၍ ညီညာသော တပ်စုများ ပျံသန်းလာကာ အင်အားသန်းနှစ်ဆယ်စစ်တပ်ကို ဝန်းရံလိုက်ကြသည်။

“တိုက်ကွက်ဆင်ကြ”

ကောင်းကင်ဘုရင်ဝေ၏ အော်သံ ထွက်ပေါ်လာ၏။ တပ်သားသန်းနှစ်ဆယ်က ထူးဆန်းသောပုံစံ ရပ်လိုက်ကြ၏။ ရန်သူ၏ စစ်တပ်က အင်အားနှစ်ဆကျော် ကြီးသော်လည်း ကောင်းကင်ဘုရင်ဝေ မကြောက်ပါ။ ယန်ကိုးပါးစစ်တပ်၏ တိုက်ကွက်ပုံစံများမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ် သင်ပေးခဲ့သော တိုက်ကွက်ပုံစံများဖြစ်သည်။ ထိုတိုက်ကွက်ပုံစံများနှင့်ဆိုလျှင် သူတို့၏ တိုက်ခိုက်စွမ်းအားက ဆနှင့်ချီ၍ ကြီးသွားသည်။ ရန်သူဘက်မှ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက မတိုက်ခိုက်သ၍ ယန်ကိုးပါးစစ်တပ်က သေချာပေါက် ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။

ဝန်းရံမှု ပြီးရန် နှစ်နာရီကြာခဲ့သည်။ ရန်သူ၏ စစ်တပ်တစ်ခုလုံးကို မြင်ရပေပြီ။ အမှန်တွင် အင်အားက သန်းခြောက်ဆယ်ရှိပေသည်။

တပ်သားသန်းခြောက်ဆယ်က ကီလိုမီတာအနည်းငယ်သာ ဝေးသည်။ ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများက အမိန့်ပေးလိုက်လျှင် တပ်သားသန်းခြောက်ဆယ်က သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်ကြတော့မည်ဖြစ်သည်။ ထိုအခါ တွင်းကြီး၏ ပတ်ပတ်လည် ဧရိယာက ငရဲဖြစ်သွားပေလိမ့်မည်။

“ကျန်းရီ... ထွက်လာပြီး ငါတို့နဲ့ တွေ့လိုက်”

နောက်ဆုံးတွင် ယန်မဟာဧကရာဇ် လူလုံးထွက်ပြလာ၏။ သူ ဤနေရာသို့ လျှပ်တစ်ပြက် ပြောင်းရွှေ့လာခြင်းဖြစ်သည်။ သူ ထိုအတတ်ကို သုံးတိုင်း ပေသုံးထောင် ရွေ့လျားနိုင်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ စစ်တပ်နှစ်တပ်ကြား ရောက်သွားလေသည်။

ယန်မဟာဧကရာဇ်သည် လေထဲတွင် ဝံ့ကြွားစွာရပ်၍ အော်ပြောလိုက်၏။

“မိစ္ဆာကျန်းရီ... မင်း ထွက်မလာရင် ငါ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တော့မယ်။ အဲ့ကျရင် သွေးချောင်းစီးသွားလိမ့်မယ်။ မင်းလည်း လူသားမျိုးနွယ်ရဲ့ အပြစ်သား ဖြစ်သွားလိမ့်မယ်”

“ကျွန်တော်က ဘာလို့ ထွက်လာရမှာလဲ”

ကောင်းကင်ဘုံခုံရုံးမှနေ၍ အသံတစ်သံ ထွက်လာ၏။ အသံက ကောင်းကင်ဘုံခုံရုံး၏ အစီအရင်များကြောင့် ကျယ်လောင်နေကာ ပတ်ပတ်လည်မှ ကြားနေရသည်။ ထိုအသံသည် ကောင်းကင်ထက်မှ လာသည်ဟု ထင်ရပြီး အသံတွင် ထူးဆန်းသော မိစ္ဆာစွမ်းအားပါသည်ဟုလည်း ထင်ရပေသည်။

ကျန်းရီ တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

“ခင်ဗျားတို့က ကျွန်တော့်ကို ခွင့်လွှတ်လို့မရနိုင်တဲ့ နတ်ဆိုးတစ်ကောင်လို့ ကြေညာထားတယ် မဟုတ်လား။ အဲ့တော့ ဘာတွေ ပြောစရာ ကျန်သေးလို့လဲ။ စတိုက်ကြတာပေါ့။ ဒါပေမဲ့ ခင်ဗျားတို့က လူနည်းနည်းလေး ခေါ်လာတာပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ အကုန်လုံးကို မသတ်နိုင်မှာ စိုးမိတယ်။ အဲ့တော့ လူတွေ ထပ်စုဖို့ ကျွန်တော် အကြံပေးချင်တယ်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ရူးသွပ်မဟာဧကရာဇ်၊ တောက်နူနဲ့ တခြားသူတွေရော ဘယ်မှာလဲ။ ဘာလို့ သူတို့က လူလုံးထွက်မပြကြသေးတာလဲ”

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီ စကားပြောလိုက်သည့်အခိုက်တွင် လူအနည်းငယ် ပျံထွက်လာ၏။ ရူးသွပ်မဟာဧကရာဇ်က လူတစ်စုကို ခေါ်၍ အရှေ့ဘက်မှနေ၍ ပျံသန်းလာနေ၏။ တောက်နူက တောက်နုနှင့် တောက်လန်တို့ကို ခေါ်ကာ အနောက်ဘက်မှ ပျံသန်းလာသည်။ အခြားလူတစ်စုကလည်း တောင်ဘက်မှ လာနေသည်။ ထိုလူစုမှာ ရှန်ကွေ့နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်မှ အကြီးအကဲများဖြစ်သည်။

ကျန်းရီသည် ရူးသွပ်မဟာဧကရာဇ်၊ တောက်နူနှင့် အခြားသူများ ရောက်လာခြင်းကို မအံ့ဩပါ။ သို့သော် ရှန်ကွေ့နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်မှ အကြီးအကဲများလည်း ရောက်လာသည်လော။ ယင်းက ကျန်းရီကို အလွန်အံ့အားသင့်သွားစေသည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်၏ စံအိမ်ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထို့ပြင် မိစ္ဆာသတ်ဖြတ်စံအိမ်က သူ့ကို မစွန့်ပစ်သ၍ သူကလည်း အမြဲ မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တစ်ယောက် ဖြစ်နေမည်ဟု ပြောခဲ့သေးသည်။

“ကျန်းရီ...”

ရူးသွပ်မဟာဧကရာဇ်သည် ခွမ်မျိုးနွယ်မှ အကြီးအကဲတစ်စုကို ဦးဆောင်၍ ပျံသန်းလာ၏။ သူသည် လက်ထဲတွင် ဧရာမပုဆိန်ကြီးကို ကိုင်ကာ ကောင်းကင်ဘုံခုံရုံးကို ရွယ်ကာ ပြောလိုက်သည်။

“ဒီတစ်ခေါက် ကမ္ဘာဦးကောင်းကင်ဘုံထဲက မျိုးနွယ်အကုန်လုံးနီးပါး လာခဲ့တာပဲ။ အခု မင်းက တစ်လောကလုံးရဲ့ ရန်သူ ဖြစ်နေပြီ။ မင်းရဲ့ လုပ်ရပ်တွေက အကုန်လုံးကို ဒေါသဖြစ်စေတယ်။ မင်းက ဘာတွေ စောင့်နေတာလဲ”

တောက်နူ၏ခါးက ကိုင်းနေ၏။ သူ့လက်ထဲတွင် ကိုင်ထားသော ဓားမှာ ကောင်းကင်ခွင်းဓား မဟုတ်ဘဲ သူ့ဓားဖြစ်သည်။ သူသည် ကောင်းကင်ဘုံခုံရုံးကို မကြည့်ဘဲ ကောင်းကင်ဘုရင်ဝေကို ကြည့်ကာ အော်ပြောလိုက်သည်။

“ဝေပင်းပင်း... ကျန်းရီက စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ အပြစ်သားပဲ။ ခင်ဗျားက ဘယ်လိုလုပ် အကောင်းနဲ့အဆိုးကို မခွဲခြားနိုင်ရတာလဲ။ ခင်ဗျား အဲ့လိုမိစ္ဆာနောက်ကို ဆက်လိုက်နေရင် ယန်ကိုးပါးစစ်တပ်ကို သေစေချင်တာလား။ ယန်ကိုးပါစစ်တပ်ကို မိစ္ဆာစစ်တပ်လို့ သမုတ်ခံရစေချင်တာလား။ ယန်ကိုးပါစစ်တပ်က တပ်သားတွေ အကုန်လုံး... မင်းတို့ ကျန်းရီနောက်ကိုလိုက်ရင် တစ်လောကလုံးရဲ့ ရန်သူတွေ ဖြစ်သွားလိမ့်မယ်။ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ရန်သူတွေ ဖြစ်သွားလိမ့်မယ်။ အခု နိုးထလာဖို့ နောက်မကျသေးဘူး။ မဟုတ်လို့ကတော့... မင်းတို့ သေသွားရင်တောင် အပြစ်သားဆိုတဲ့ နာမည်ကို သယ်သွားရလိမ့်မယ်။ မင်းတို့ သေပြီးရင် ဘယ်သူကမှ မင်းတို့အလောင်းကို ကောက်မှာ မဟုတ်ဘူး”

တောက်နူ၏‌ လေသံနှင့် မျက်နှာထားက ခက်ထန်နေသည်။ သူ့စကားများက ယန်ကိုးပါစစ်တပ်ထဲမှ တပ်သားများစွာကို တွေဝေသွားစေသည်။ သူတို့၏ စိတ်ဓာတ်လည်း ယိမ်းယိုင်သွားသည်။

ကောင်းကင်ဘုရင်ဝေက မည်သို့မှ ပြန်မပြောပေ။ သူ ကောင်းကင်ဘုံခုံရုံးကိုသာ ကြည့်နေသည်။ သူ့ရင်ထဲတွင် ကျန်းရီက သူ့အရှင်ငယ်ဖြစ်သည်။ သူ့အရှင်က မပြောလျှင် သူက မည်သို့ ပြောနိုင်မည်နည်း။

“ခင်ဗျား ပြောလို့ပြီးပြီလား”

တစ်ခဏမျှ ကြာပြီးနောက် ကျန်းရီ၏အသံ ထွက်ပေါ်လာ၏။ ကောင်းကင်ဘုံခုံရုံးက လင်းလက်လာပြီး ၎င်းအပြင်ဘက်တွင် ဧရာမဝိညာဉ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝိညာဉ်ပုံရိပ်ကြီးက ကျန်းရီ၏ပုံရိပ်ဖြစ်ပြီး မူလအရွယ်ထက် အဆတစ်ရာ ပိုကြီးသည်။ ကျန်းရီသည် ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် တောက်နူတို့ကို မကြည့်ဘဲ တောင်ဘက်ရှိ ရှန်ကွေ့ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

“စံအိမ်အရှင်... ခင်ဗျားမှာ ဘာပြောစရာရှိလဲ”

ကျန်းရီသည် ရှန်ကွေ့ကို အမည်မမှတ်မိသဖြင့် လေးစားမှုပြရန် စံအိမ်အရှင်ဟုသာ ခေါ်လိုက်သည်။ ကျန်းရီသည် တောက်နူ၊ ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများ ပြောသည်များကို လျစ်လျူရှုနိုင်၏။ သို့သော် ရှန်ကွေ့ပြောမည့် စကားများကို ကြားလိုသေးပေသည်။

ရှန်ကွေ့သည် ကောင်းကင်ဘုံခုံရုံးအထက်ရှိ ကျန်းရီ၏ ဧရာမဝိညာဉ်ပုံရိပ်ကြီးကို ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် တုံ့ဆိုင်းမှုများ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူ သက်ပြင်းချကာ ပြောလိုက်သည်။

“ကျန်းရီ... မင်း ရပ်လိုက်တာ ကောင်းမယ်။ ဒီအတိုင်းဆက်သွားရင် ဘယ်သူမှ မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး”

***

All Chapters