← Chapters

စတေးလိုက်

Vol. 143 Ch. 1997

စတေးလိုက်

Vol. 143 Ch. 1997

“ဟားဟားဟား...”

ရှန်ကွေ့၏ စကားများက ကျန်းရီကို ကျယ်လောင်စွာ ရယ်သွားစေ၏။ သူ့ရယ်သံထဲတွင် ခနဲ့မှု၊ လှောင်ပြောင်မှုများ ပါနေသည်။ အကယ်၍ ထိုစကားများကို အခြားတစ်ယောက်ကသာ ပြောခဲ့လျှင် ကျန်းရီ မည်သို့မှ ခံစားရမည် မဟုတ်ပါ။ သို့သော် ရှန်ကွေ့၏ စကားများက သူ့ကို နက်ရှိုင်းစွာ နာကျင်သွားစေသည်။

အတန်ကြာ ရယ်ပြီးနောက် ကျန်းရီသည် ရှန်ကွေ့ကို ထပ်ကြည့်ကာ မေးလိုက်၏။

“ရပ်လိုက်တာ ကောင်းမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ စံအိမ်အရှင်... ခင်ဗျားလည်း ကျွန်တော့်အကြောင်းကို သိတာပဲ။ ခင်ဗျား ဘာလို့ ဒီလိုရွေးချယ်မှုမျိုးကို လုပ်ရသလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ခင်ဗျားက ဒီကို ရောက်လာပြီး ဒီလိုစကားမျိုး ပြောလိုက်ပြီဆိုတော့၊ အခုကစပြီး... ကျွန်တော် ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး”

ဤနေရာရှိ မျိုးနွယ်ကြီးများမှ မျိုးနွယ်ခေါင်းဆောင်များနှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ဉာဏ်ကောင်းသူများဖြစ်ကြသည်။ သို့သော် သူတို့သည် အကြောင်းအရင်းကို မည်သို့ နားမလည်ဘဲ ရှိမည်နည်း။ ရှန်ကွေ့သည် ယခင်တွင် ကျန်းရီအတွက် အလွန်စိုးရိမ်ခဲ့သည်။ သို့ဖြစ်ရာ သူ ကျန်းရီ၏ အကျင့်စရိုက်ကို မည်သို့ မသိဘဲ နေမည်နည်း။

ထို့ကြောင့် ရှန်ကွေ့က ထိုစကား ပြောလိုက်သောအခါ ကျန်းရီ လုံးဝနာကျင်သွားရသည်။ ရှန်ကွေ့ကပင် သူနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်နေသည်။ ယင်းမှာ ကြားနေခြင်းထက် ကျန်းရီကို ပိုနာကျင်စေသည်။

ကျန်းရီ၏ စကားများကို ကြားလိုက်ရသောအခါ ရှန်ကွေ့နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်မှ အကြီးအကဲဆယ်ယောက်တို့၏ မျက်နှာများ မည်းမှောင်သွား၏။ သူတို့ ဤသို့လာရန် ရွေးချယ်ခဲ့စဉ်က သူတို့နှင့် ကျန်းရီ၏ ဆက်ဆံရေးက ပြတ်သွားတော့မည်ဖြစ်ကြောင်း သိခဲ့သည်။ သို့သော် ထိုအခိုက်တွင် သူတို့ အလွန်နောင်တရသွားမိပေသေးသည်။

ရှန်ကွေ့သည် တစ်ခဏမျှ တွေးတောကာ သက်ပြင်းချလိုက်၏။

“ကျန်းရီ... ဆက်ပြီး အကျယ်အကျယ်ဖြစ်အောင် မလုပ်ပါနဲ့တော့။ လူသားမျိုးနွယ်ရဲ့ အခြေအနေက ဘယ်လိုလဲ။ ငါတို့အချင်းချင်း တိုက်ခိုက်နေတာ ဘာအကျိုးရှိမှာလဲ။ တမလွန်ဘုံဧကရာဇ်က ထွက်ပေါ်လာတော့မယ်။ အသိုက်ပျက်သွားရင် ဘယ်ဥမှ အကောင်းအတိုင်း ကျန်ခဲ့မှာ မဟုတ်ဘူး။ မင်း လူသားမျိုးနွယ်ကို မြန်မြန် ပျက်သုဉ်းသွားအောင် လုပ်မိသလိုပဲ ဖြစ်လို့မယ်”

“အဓိပ္ပာယ်မရှိလိုက်တာ...”

ကျန်းရီ အေးစက်စက် ပြန်ပြောလိုက်၏။

“ကျွန်တော်တို့အချင်းချင်း တိုက်ခိုက်နေတာက တကယ်ပဲ အကျိူးမရှိပါဘူး။ ကျွန်တော်လည်း တတ်နိုင်ရန် လူတစ်ယောက်ကိုမှ မသတ်ချင်ပါဘူး။ ကျွန်တော် ခွမ်ဟူ၊ တောက်မင်နဲ့ တခြားသူတွေကို နှစ်ကြိမ်တောင် လွှတ်ပေးခဲ့တယ်။ အရင်တုန်းက ကျွန်တော့်အကျင့်နဲ့သာဆို သူတို့ အကြိမ်ကြိမ် သေပြီးနေလောက်ပြီ။ ဘာလို့ ကျွန်တော်က သူတို့ကို အကြိမ်ကြိမ် ပြန်လွှတ်ပေးခဲ့လဲ။ အသူရာတောင်ပေါ်မှာတုန်းက ကျွန်တော်သာ လူသတ်ချင်ခဲ့ရင် မိုးပြာမဟာဧကရာဇ်နဲ့ တခြားဧကရာဇ်တွေကလွဲပြီး ဘယ်သူ လွတ်နိုင်ခဲ့မလဲ။ ဒါပေမဲ့ ကျွန်တော် သတ်ခဲ့လား။ ကျွန်တော် ရှားယွီ၊ လင်းဖေးရှန်း၊ ဧကရာဇ်ငယ်ရွေနဲ့ တခြားသူတွေကို သတ်ခဲ့လား...”

“ဒါပေမဲ့ သူတို့က ဘာပြန်လုပ်ခဲ့လဲ...”

ရုတ်တရက် ကျန်းရီ၏ လေသံက ပြင်းလာသည်။ သူ ယန်မဟာဧကရာဇ်ကို ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။

“ကျွန်တော် တွင်းကြီးထဲ ဆင်းသွားချင်းချင်း ယန်မဟာဧကရာဇ်က ချက်ချင်းသတင်းရလိုက်လို့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို ဆက်သွယ်ခဲ့တယ်။ နောက်တော့ ဧကရာဇ်ရွေနဲ့ တောဆိတ်ရသေ့ကြီးတို့ ရောက်လာပြီး ကျွန်တော့်ကို သတ်ဖို့ တွင်းကြီးထဲက ကြောက်စရာ ဖြစ်တည်မှုကို နှိုးခဲ့တယ်။ မတိုက်ခိုက်ရဖို့ ကျွန်တော် အကြိမ်ကြိမ် ရှောင်ထွက်ခဲ့တယ်။ အရှက်ခွဲခံရတာတွေကို အကြိမ်ကြိမ် သည်းခံခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့က ဘာလုပ်ခဲ့လဲ။ ယန်မဟာဧကရာဇ်... ကျွန်တော့်ကို ပြောပါ။ ခွင့်လွှတ်လို့မရနိုင်တဲ့ မိစ္ဆာကောင်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အပြစ်သားဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်က အဲ့လို သမုတ်ခံရအောင် ဘာတွေများ လုပ်ခဲ့လို့လဲ...”

“ဒီတစ်ခေါက် ကျွန်တော် တွင်းထဲကို ဆင်းပြီး ဧကရာဇ်ရွေကို အစောကတည်းက သတ်ပစ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်ခဲ့ဘူး။ ကျွန်တော် ဒီနေရာမှ ဆယ်ရက် စောင့်နေခဲ့တယ်.. ဘာလို့လဲ။ ကျွန်တော်ပြောမယ်၊ ကျွန်တော်က ကမ္ဘာဦးကောင်းကင်ဘုံမှာ အမှန်အမှားကို ခွဲခြားနိုင်တဲ့သူတွေ ရှိသေးလားဆိုတာ သိချင်လို့ပဲ။ ဘယ်သူကမှ ဘာမှ မပြောရဲဘူးဆိုရင် ဒီလူသားမျိုးနွယ်ကို ကယ်ဖို့လည်း မလိုတော့ဘူးလို့ ကျွန်တော်ထင်တယ်”

ကျန်းရီ၏ အသံက အလွန်ကျယ်လောင်ပြီး ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တပ်ထပ်ကာ မိုင်သောင်းချီအထိရောက်သွားသည်။ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူများစွာ၏ မျက်လုံးများ အရောင်လက်သွား၏။ သူတို့ တွေဝေကာ မသေမချာ ဖြစ်သွားကြသည်။ သို့သော် မည်သူကမှ မည်သို့မှ မပြောကြပေ။

“ဟားဟားဟား...”

ငါးမိနစ်ကြာ စောင့်နေပြီးနောက် ယန်မဟာဧကရာဇ်က ရယ်ကာ ပြောလိုက်၏။

“ကျန်းရီ... အားလုံးရဲ့ ရင်ထဲမှာ တရားမျှတမှုရှိတယ်။ အခု မင်းအတွက် ဘယ်သူ ပြောပေးတာကို မင်းမြင်လဲ။ လူတစ်ယောက် လှည့်စားခံရတာနဲ့ လူသန်းဆယ်ချီ လှည့်စားခံရမယ်လို့ ထင်လား။ မင်း လူတွေရဲ့ နှလုံးသားနဲ့ သဘောထားကို ကြည့်နိုင်တယ်။ မင်းရဲ့ စကားနည်းနည်းနဲ့ လူထုကို လှည့်စားနိုင်မယ်ထင်လား။ မင်း တောဆိတ်ရသေ့ကြီးကို သတ်ခဲ့ပြီး ဧကရာဇ်ရွေကို လိုက်သတ်ခဲ့တယ်။ အားလုံး အဲ့အကြောင်းကို သိတယ်။ မင်း ဘာပဲပြောပြော အဲ့အချက်ကို မပြောင်းလဲနိုင်ဘူး”

ရွှီး...

ကောင်းကင်ဘုံခုံရုံးက လင်းလက်လာပြီး လူတစ်ယောက် အပြင်ထွက်လာ၏။ ထိုလူက အခြားလူတစ်ယောက်ကို သယ်ထားသည်။ အသယ်ခံထားရသူမှာ တောဆိတ်ရသေ့ကြီးပင်။ ကျန်းရီ၏အသံ ထပ်မံထွက်ပေါ်လာသည်။

“ကျွန်တော်က တောဆိတ်ရသေ့ကြီးကို သတ်ခဲ့တယ်တဲ့လား။ အဲ့ဒါဆို ဒီလူက ဘယ်သူလဲ။ သူက တောဆိတ်ရသေ့ကြီး မဟုတ်ဘူးလား”

“ဝိုး...”

အားလုံး အုတ်အော်သောင်းနင်းဖြစ်သွား၏။ မျိုးနွယ်သုံးခုမှ တပ်သားအားလုံးသည် တောဆိတ်ရသေ့ကြီးကို သိကြ၏။ မျိုးနွယ်များစွာမှ မျိုးနွယ်ခေါင်းဆောင်များကလည်း သူ့ကို မြင်ဖူးကြသည်။ တောဆိတ်ရသေ့ကြီးက အသက်ရှင်နေသေးခြင်းမှာ ယန်မဟာဧကရာဇ်၏ စကားများက မှားသည်ဆိုသော အဓိပ္ပာယ်ပင်။

“အားလုံးပဲ ကြည့်ကြပါ၊ ကြည့်ကြပါ”

ယန်မဟာဧကရာဇ်၏ ဒေါသသံ ထွက်ပေါ်လာ၏။

“အားလုံးပဲ ကောင်းကင်စိတ်အာရုံနဲ့ အာရုံခံကြည့်လိုက်ကြပါ။ တောဆိတ်ရသေ့ကြီးရဲ့ နတ်ဘုရားအမြုတေက ဖျက်ဆီးခံထားရပြီ။ လူသားမျိုးနွယ်မှာ စွမ်းအားကြီး သိုင်းသမားတွေ ဘယ်နှစ်ယောက်ပဲ ရှိလဲ။ အဲ့ထဲမှာမှ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေက ဘယ်နှစ်ယောက်ပဲ ရှိသလဲ။ ကျန်းရီက ကျုပ်တို့ရဲ့ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေထဲက တစ်ယောက်ကို ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် ဖျက်ဆီးပစ်လိုက်ပြီ။ သူ့လုပ်ရပ်တွေက တမလွန်ဘုံမျိုးနွယ်ရဲ့ လုပ်ရပ်တွေထက်တောင် ရွံစရာကောင်းတယ်။ သူက မိစ္ဆာတစ်ကောင်နဲ့ ဘာမှမကွာဘူး”

“မျိုးနွယ်ခေါင်းဆောင်...”

“အဲ့မိစ္ဆာကျန်းရီကို သတ်”

“ကျန်းရီက ရူးနေပြီ။ သူက တမလွန်ဘုံမျိုးနွယ်ရဲ့ လက်ပါးစေပဲ။ အဲ့မိစ္ဆာကို မသတ်ရင် လူသားမျိုးနွယ်က အေးအေးချမ်းချမ်းနေနိုင်မှာ မဟုတ်ဘူး”

“အားလုံး အတူတိုက်ကြ။ ကောင်းကင်ဘုံခုံရုံးကို ဖောက်ဝင်ပြီး ကျန်းရီကို သတ်ကြ”

“...”

လူတစ်ယောက် စ၍ အော်လိုက်ရာ မကြာခင်မှာပင် သန်းဆယ်ချီသော တပ်သားများလည်း လိုက်၍အော်လာကြသည်။ အားလုံး စိတ်ကြွသွားကြသည်။ အထူးသဖြင့် မျိုးနွယ်သုံးခုမှ တပ်သားများ၏ ကိုယ်များထဲတွင် သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသည်။ တောက်နူ၊ ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများ၏ လက်နက်များလည်း လင်းလက်လာ၏။ သူတို့ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပေပြီ။

“ဝေပင်းပင်း... မင်းက အသိမဝင်သေးဘူးလား”

ယန်မဟာဧကရာဇ်သည် ကောင်းကင်ဘုရင်ဝေကို ကြည့်၍ ဒေါတသကြီး အော်ပြောလိုက်၏။

“ယန်ကိုးပါးစစ်တပ်က သေတဲ့အထိ မိစ္ဆာတစ်ကောင်နောက်ကို လိုက်တော့မှာလား။ ခင်ဗျားက တစ်လောကလုံးနဲ့ ရန်သူ ဖြစ်ချင်တာလား”

တောက်နူကလည်း သူ့ဓားကို မြှောက်၍ အော်ပြော၏။

“ယန်ကိုးပါးစစ်တပ်က တပ်သားအားလုံး နား‌ထောင်ကြ။ မင်းတို့ ပြန်မဆုတ်ရင် သက်ညှာမှုမရှိ အသတ်ခံရမယ်”

“သတ်ညှာမှုမရှိ အသတ်ခံရမယ်”

တောက်မျိုးနွယ်စစ်တပ်ကလည်း လိုက်အော်လိုက်သည်။ မကြာခင်မှာပင် အင်အားသန်းခြောက်ဆယ်စစ်တပ် တစ်တပ်လုံး တစ်ညီတည်း အော်လိုက်ကြလေသည်။ သူတို့၏အသံများက မိုးမြေကို တုန်သွားစေ၏။ တပ်သားသန်းခြောက်ဆယ်၏ သတ်ဖြတ်အရှိန်အဝါများလည်း ထိုးထွက်လာကြသည်။

ယန်ကိုးပါးစစ်တပ်၏ တပ်သားသန်းနှစ်ဆယ်မှာမူ မျက်လုံးကလယ်လယ်နှင့် စိတ်ဓာတ်ယိမ်းယိုင်နေကြလေသည်။

“တစ်ခုခု မှားနေပြီ...”

ကောင်းကင်ဘုံခုံရုံးထဲတွင် ဟယ်နုန်ယင်း မျက်နှာထား မည်းမှောင်သွား၏။ ကျန်းရီသည် မျိုးနွယ်အားလုံးကို ဤနေရာတွင်စုဝေးစေ၍ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ‌တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့၏ ပုံစံအမှန်ကို ဖော်ထုတ်ကာ မျိုးနွယ်သုံးခုကို ဖိနှိပ်လိုခဲ့ခြင်းဖြစ်သည်။

သို့သော် ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် အခြေအနေက ဤသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကမ္ဘာဦးကောင်းကင်ဘုံမှ မျိုးနွယ်များက အလွန်စည်းလုံးနေပြီး ယန်မဟာဧကရာဇ်တို့ဘက်တွင်သာ ရပ်တည်နေကြသည်။

မျိုးနွယ်ကြီးများထဲတွင် အမှန်တရားကို မသိသူ မည်သူရှိသနည်း။ အဘယ်ကြောင့် အားလုံးက တစ်ဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်နေရသနည်း။ အဘယ်ကြောင့် အားလုံးက ကျန်းရီကို သတ်ရန် ဆုံးဖြတ်ချက် ခိုင်မာနေကြရသနည်း။ မျိုးနွယ်အားလုံးက ကျန်းရီကို ဆန့်ကျင်သည်လော။

ကျန်းရီ နားမလည်နိုင်ပေ။ သို့သော် ယခုတွင် သူ့၌ တွေးတောနေရန် အချိန်မရှိပါ။ သူ့မျက်ဝန်းများ လင်းလက်သွားပြီး ကောင်းကင်ဘုံခုံရုံးအထက်ရှိ ဝိညာဉ်ပုံရိပ်ကြီးက အော်ပြောလိုက်သည်။

“ခင်ဗျားတို့ တိုက်ခိုက်ချင်ရင် ကျွန်တော် ခင်ဗျားတို့နဲ့ တိုက်ခိုက်မယ်။ ဒါပေမဲ့ ဒီနေ့တိုက်ပွဲကို စတဲ့သူက ခင်ဗျားတို့ပဲ။ နောက်နှစ်တစ်သောင်းကြာတဲ့အခါ ခင်ဗျားတို့ အကုန်လုံးက လူသားမျိုးနွယ်ရဲ့ အပြစ်သားတွေ ဖြစ်သွားလိမ့်မယ်”

ရွှီး...ရွှီး...

ကျန်းရီ စကားပြောပြီးနောက် ကောင်းကင်ဘုံခုံရုံးက လင်းလက်လာပြီး ၎င်းပတ်ပတ်လည်တွင် မိစ္ဆာသစ်ပင်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းတို့က ထက်ရှသောဓားများအလား အရှေ့သို့ ပျံထွက်သွားကြသည်။ ကောင်းကင်ဘုရင်ဝေသည် ကျန်းရီ၏အမိန့်ကို ရထားပြီးဖြစ်၍ ယန်ကိုးပါးစစ်တပ်၏ တိုက်ကွက်ပုံစံကို ပြောင်းကာ မိစ္ဆာသစ်ပင်များအတွက် လမ်းဖွင့်ပေးလိုက်လေသည်။

သစ်ပင်တစ်သောင်း၊ သစ်ပင်တစ်သိန်း၊ သစ်ပင်တစ်သန်း...

မိစ္ဆာသစ်ပင်တစ်သန်းသည် ကောင်းကင်ဘုံခုံရုံးထဲမှ ထွက်လာပြီး အင်အားသန်းခြောက်ဆယ်စစ်တပ်ဆီသို့ ဦးတည်သွားလိုက်ကြ၏။ ၎င်းတို့သည် ယန်ကိုးပါးစစ်တပ်ကို ဝန်းရံက အင်အားသန်းခြောက်ဆယ်စစ်တပ်နှင့် မျက်နှာချင်းဆိုင်လိုက်ကြသည်။

ထိုစစ်တပ်ထဲတွင် ခွမ်ဟူ၊ တောက်မင်နှင့် အခြားသူများ ရှိနေသည်။ သူတို့သည် ထိုမိစ္ဆာသစ်ပင်များကို မြင်သောအခါ ပင့်သက်ရှိုက်လိုက်ကြလေသည်။

ထိုမိစ္ဆာသစ်ပင်တစ်ပင်စီက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့် ယှဉ်နိုင်၏။ တစ်နည်းဆိုရသော် ကျန်းရီဘက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် လက်‌အောက်ငယ်သား အယောက်တစ်သန်း ရှိနေသကဲ့သို့ပင်။ ထို့ပြင် ၎င်းတို့က သေရမည်ကို မကြောက်သော စွမ်းအားကြီး ရုပ်သေးရုပ်များဖြစ်သည်။

“အဲ့မိစ္ဆာသစ်ပင်တွေက အသူရာတောင်ပေါ်ကနဲ့ ‌ကောင်းကင်ဘုံခုံရုံးရဲ့ စတုတ္ထထပ်က သစ်ပင်တွေပဲ”

ရူးသွပ်မဟာဧကရာဇ်နောက်ရှိ ခွမ်ဟူနှင့် အခြားသူများ အံကြိတ်လိုက်ကြ၏။ ကောင်းကင်ဘုံခုံရုံးက အမှန်ပင် လောကထဲရှိ နံပါတ်တစ်ရတနာဖြစ်ပေသည်။ ထိုမိစ္ဆာသစ်ပင်တစ်သန်းနှင့်ပင် စွမ်းအားကြီး သိုင်းသမားအားလုံးကို မနာလိုဖြစ်သွားအောင် လုပ်ရန် လုံလောက်ပေသည်။

“ထျန်းဖုန့်ဧကရာဇ်... တောဆိတ်ရသေ့ကြီးကို သတ်လိုက်၊ သူ့ကို စတေးမယ်”

ကျန်းရီ၏ အလွန်အေးစက်သော အသံက အရပ်မျက်နှာအနှံ့မှနေ၍ ထွက်လာ၏။

“ယန်ကိုးပါးစစ်တပ် နားထောင်။ တကယ်လို့ ရန်သူက စတိုက်လာရင် အစွမ်းကုန်သုံးတိုက်ပြီး တပ်သားသန်းခြောက်ဆယ်လုံးကို သတ်ပစ်လိုက်ကြ”

ဝုန်း...

ထျန်းဖုန့်ဧကရာဇ်၏ ထက်ရှသော လက်သည်းများက တောဆိတ်ရသေ့ကြီး၏ ဦးခေါင်းကို ကုတ်ဖြဲလိုက်၏။ တောဆိတ်ရသေ့ကြီး လွင့်ထွက်သွားပြီး လေထဲတွင် ခေါင်းပြတ်ထွက်သွားသည်။ အားလုံး၏ အရှေ့တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို သတ်ပြခြင်းမှာ ကျန်းရီ၏ သွေးအေးမှုနှင့် အညှာအတာမဲ့သော သတ်ဖြတ်အရှိန်အဝါကို ပြသခြင်းပင်။

တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့ပေမည်။

***

All Chapters