← Chapters

မိစ္ဆာကြယ်

Vol. 143 Ch. 1998

မိစ္ဆာကြယ်

Vol. 143 Ch. 1998

“မျိုးနွယ်ခေါင်းဆောင်...”

အော်သံများ ဆူပွက်သွား၏။ တောဆိတ်မျိုးနွယ်က တပ်သားဆယ်သန်း စေလွှတ်လိုက်သည်။ ထိုသူများထဲတွင် လင်းဖေးရှန်းလည်း ပါသည်။ တောဆိတ်ရသေ့ကြီးက အသတ်ခံလိုက်ရသည်ကို တွေ့လိုက်သောအခါ လူများစွာ တုန်လှုပ်သွားကြပြီး လဲပြိုကျမလို ဖြစ်သွားကြသည်။ တပ်သားများ စိတ်မထိန်းနိုင်ကြတော့ဘဲ အရှေ့သို့ ပြေးကာ အလင်းတန်းများကို ကောင်းကင်ပြည့် ပစ်လွှတ်လိုက်ကြလေသည်။

“ပြန်တိုက်ကြ...”

ကောင်းကင်ဘုရင်ဝေသည် တောဆိတ်မျိုးနွယ်မှ တပ်သားများက ဦး‌ဆောင်၍ ပြေးဝင်လာသည်ကို တွေ့လိုက်သောအခါ တုံ့ဆိုင်းခြင်း မရှိဘဲ အမိန့်ပေးလိုက်၏။ အစောတွင် အရေးကြီးပုဂ္ဂိုလ်များ၏ စကားများကြောင့် ယန်ကိုးပါးစစ်တပ်၏ စိတ်ဓာတ်မှာ ကျဆင်းခဲ့သည်။ သို့သော် ကောင်းကင်ဘုရင်ဝေမှ လုံးဝ တုံ့ဆိုင်းမနေပါ။ ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက ဤနေရာတွင် ရှိနေပေသည်။

ယန်ကိုးပါးစစ်တပ်မှာ ကောင်းကင်ဧကရာဇ်၏ ကိုယ်ပိုင်စစ်တပ်ဖြစ်သည်။ အကယ်၍ ကောင်းကင်ဧကရာဇ်က ယန်ကိုးပါစစ်တပ်တစ်တပ်လုံးကို ရှင်းပစ်ရန် အမိန့်ပေးမည်ဆိုလျှင်ပင် ကောင်းကင်ဘုရင်ဝေက တုံ့ဆိုင်းနေမည် မဟုတ်ပါ။ အခြားကောင်းကင်ဘုရင်သုံးဆယ့်ငါးပါးမှာလည်း ထိုအတိုင်းသာ လုပ်ပေလိမ့်မည်။

ဝှစ်...ဝှစ်...

တစ်ချိန်တည်းမှာပင် မိစ္ဆာသစ်ပင်များလည်း လှုပ်ရှားလိုက်သည်။ သောင်းချီသော မိစ္ဆာသစ်ပင်များက တောဆိတ်မျိုးနွယ်စစ်တပ်ဆီ ဦးတည်ပျံသန်းသွားလိုက်သည်။ ကောင်းကင်ထဲတွင် သစ်ရွက်များ ပြည့်နှက်သွားပြီး တောဆိတ်မျိုးနွယ်စစ်တပ်ပေါ် မိုးသီးမိုးပေါက်များအလား ကျဆင်းသွားလေသည်။ ထိုစဉ်က ကျန်းရီကလည်း အော်ပြောလိုက်သည်။

“တောဆိတ်မျိုးနွယ်က အရင်စတိုက်တာနော်။ ကျွန်တော်တို့က ပြန်တိုက်ဖို့ ဖိအားပေးခံရတာ။ ရန်ငြိုးတိုင်း၊ မတရားမှုတိုင်းမှာ အကြွေးရှင်နဲ့ အကြွေးသမားဆိုပြီးရှိတယ်။ အဲ့တော့ တိုက်ရဲတဲ့သူတိုင်းကို ကျွန်တော်တို့ သတ်ပစ်မယ်”

ကျန်းရီ၏ အသံတွင် သတ်ဖြတ်အရှိန်အဝါ ပြည့်နှက်နေသည်။ ထို့ပြင် ထျန်းဖုန့်ဧကရာဇ်ကလည်း ခေါင်းပြတ်အလောင်းတစ်လောင်းကို သယ်ထားသည်။ အခြားမျိုးနွယ်အားလုံး မှင်တက်သွားပေသည်။

မှင်တက်သွားရသည့် အဓိကအကြောင်းမှာ မိစ္ဆာသစ်ပင်တစ်သန်းက အလွန်ကြောက်မက်ဖွယ်ကောင်းနေ၍ပင်။ ၎င်းတို့က ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အယောက်တစ်သန်းပင်။ ထို့ပြင် ယန်ကိုးပါးစစ်တပ်က အလွန်အင်အားကြီးသည်။ သူတို့ တိုက်ပွဲကို နိုင်မည်ဆိုလျှင်ပင် တပ်သားသန်းအနည်းငယ်လောက်သာ ကျန်ခဲ့ပေလိမ့်မည်။

တောဆိတ်မျိုးနွယ်စစ်တပ်၏ အခြေအနေက ဆိုးဝါးနေ၏။ သူတို့၏ တိုက်ခိုက်မှုများ၏ တစ်ဝက်ကျော်လောက်ကို မိစ္ဆာသစ်ပင်များက ကာလိုက်သည်။ ယန်ကိုးပါးစစ်တပ်ကလည်း တိုက်ကွက်ဆင်ထားသည်။ တပ်စုများကို ဒိုင်များက ကာထားကြသည်။ ထို့ကြောင့် သူတို့၏ ပထမအချီ တိုက်ခိုက်မှက တပ်သားထောင်ဂဏန်းအနည်းငယ်လောက်ကိုသာ သတ်နို်ငခဲ့ပေသည်။

အခြားတစ်ဘက်တွင်မူ မိစ္ဆာသစ်ပင်များနှင့် ယန်ကိုးပါးစစ်တပ်၏ တိုက်ခိုက်မှုများက များစွာပို၍ ခက်ထန်နေကြသည်။ မိစ္ဆာသစ်ပင်များ၏ သစ်ရွက်များက တပ်သား နှစ်သောင်းကျော်၊ သုံးသောင်းလောက်ကို သတ်ပစ်လိုက်သည်။ တိုက်ခိုက်မှုတစ်ချီအတွင်းမှာပင် တောဆိတ်မျိုးနွယ်မှ တပ်သားငါးသောင်းကို သတ်နိုင်လိုက်သည်။ ကျဆုံးမှုမှာ ရန်သူဘက်က ဆယ်ဆပိုများပေသည်။

အရေးအကြီးဆုံးအရာမှာ သောင်းချီသော မိစ္ဆာသစ်ပင်များက ရန်သူ၏ ဖွဲ့စည်းပုံထဲ တိုးဝင်နိုင်ခြင်းပင်။ မိစ္ဆာသစ်ပင်များသည် ဖျက်ဆီးခံရမည်ကို လုံးဝမကြောက်ပေ။ ၎င်းတို့သည် စစ်တပ်ထဲ တိုးဝင်ကာ သစ်ကိုင်းများကို ဝှေ့ယမ်းနေကြသည်။ တပ်သားများမှာ သေလျှင်သေ၊ မသေလျှင် လွင့်ပျံထွက်ကုန်ကြလေသည်။

အင်အား သန်းဆယ်ချီရှိသော စစ်တပ်မှာ ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် သူတို့၏ တိုက်ခိုက်စွမ်းအားမှာ သိပ်မကြီးပေ။ ထိုတပ်သားများထဲတွင် နတ်ဘုရားဘုရင်များ၊ နတ်ဘုရားဧကရာဇ်များနှင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ များစွာ ပါဝင်သည် မဟုတ်ပါလား။ သူတို့က မည်သို့ မိစ္ဆာသစ်ပင်များနှင့် ယှဉ်နိုင်မည်နည်း။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု...

သူတို့က အဆင့်တူပင် မတူကြပေ။ မိစ္ဆာသစ်ပင်များက အရှေ့မှ လမ်းရှင်းပေးနေပြီး ယန်ကိုးပါးစစ်တပ်က နောက်မှ ထောက်ပံ့နေရာ သူတို့ ထိုတိုက်ပွဲကို မတိုက်နိုင်စရာ အကြောင်းမရှိချေ။

တစ်ခဏအတွင်းမှာပင် တောဆိတ်မျိုးနွယ်စစ်တပ်ဘက်မှ အကျအဆုံး အရေအတွက်က တစ်သိန်းအထိ ရောက်လာ၏။ သတ်ဖြတ်မှုက ထိုအတိုင်း ဆက်သွားလျှင် နှစ်နာရီ မပြည့်ခင်အတွင်း အကျအဆုံးမှာ သန်းချီသွားပေလိမ့်မည်။

“ကျန်းရီ ရပ်လိုက်။ မဟုတ်ရင်... ငါတို့အကုန်လုံး အတူတိုက်ခိုက်လိုက်မယ်”

ယန်မဟာဧကရာဇ်က အော်ပြောလိုက်သည်။ ရူးသွပ်မဟာဧကရာဇ်၏ အရှိန်အဝါလည်း ထိုးထွက်လာသည်။ တောက်နူနှင့် ကျန်သော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများလည်း လေထဲသို့ ပျံတက်လိုက်၏။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများ ရုတ်ခြည်း ထွက်လာကြသည်။ ယန်မဟာဧကရာဇ်က အမိန့်ပေးလိုက်သည်နှင့် သူတို့ စတင်သတ်ဖြတ်ကြတော့မည်ဖြစ်သည်။

“ပြန်ဆုတ်ကြ”

ကျန်းရီက လေသံတိုးတိုးနှင့် အော်ပြောလိုက်၏။ ထိုအခါ ယန်ကိုးပါးစစ်တပ်က ညီညီညာညာ ဆုတ်လိုက်ကြသည်။ မိစ္ဆာသစ်ပင်များလည်း လျင်မြန်စွာ ဆုတ်လိုက်ကြလေသည်။

ကျန်းရီက ပြတ်ပြတ်သားသား တိုက်ခိုက်ပြီး ပြတ်ပြတ်သားသားလည်း ဆုတ်သည်။ ထို့ကြောင့် ရန်သူများက အချိန်မီ မတုံ့ပြန်နိုင် ဖြစ်သွားကြသည်။ သူတို့ ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံလိုက်သောအခါ တောဆိတ်မျိုးနွယ်မှ တပ်သားများ၏ အလောင်းများကို တောင်ပုံရာပုံ တွေ့လိုက်ကြရ၏။ ယင်းမှာ ဆိုးဝါးသော မြင်ကွင်းပင်။

“ကြည့်..ကြည့်...”

ယန်မဟာဧကရာဇ်သည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ပူဆွေးမှုများ ပြည့်သွားသည်။ သူ ဝမ်းနည်းစွာ ပြောလိုက်သည်။

“အားလုံး အဲ့ဒါကို မြင်တယ်နော်။ ကျန်းရီက တောဆိတ်ရသေ့ကြီးနဲ့ တောဆိတ်မျိုးနွယ်ဝင် သိန်းချီကို သတ်ပစ်လိုက်တာ။ ကျုပ် သူ့လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး ဆက်ပြောစရာ လိုသေးလား။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဧကရာဇ်ကြယ်နဲ့ မိစ္ဆာကြယ် ထွက်ပေါ်လာလိမ့်မယ်လို့ ပြောခဲ့တယ်။ ကျန်းရီက မိစ္ဆာကြယ်ဆိုတာ ရသေ့ကြီးက အတည်ပြုပေးပြီးပြီ။ ကျန်းရီရဲ့လုပ်ရပ်တွေကလည်း ရသေ့ကြီးရဲ့ နမိတ်ဖတ်မှုကို သက်သေပြလိုက်ပြီ”

“မိစ္ဆာကြယ်၊ မိစ္ဆာကြယ်၊ မိစ္ဆာကြယ်...”

တပ်သားများစွာက စတင်၍ အော်လိုက်ကြ၏။ နောက်ဆုံးတွင် တပ်သားအားလုံးလည်း သံယောင်လိုက်လိုက်ကြသည်။ အားလုံးသည် ကောင်းကင်ဘုံခုံရုံးကို စိတ်ပျက်မှု၊ အမုန်းတရား၊ သတ်ဖြတ်အရှိန်အဝါတို့နှင့် ကြည့်နေကြလေသည်။

‘ယန်မဟာဧကရာဇ်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဘာလို့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ပေါ်မလာရသေးတာလဲ’

ကျန်းရီသည် အတွင်းခန်းမထဲရှိ ပလ္လင်ပေါ်တွင် ထိုင်ကာ လေထဲရှိ ပုံရိပ်ကို ကြည့်နေ၏။ သူ ဧကရာဇ်ကြယ်၊ မိစ္ဆာကြယ်များကို အရေးမစိုက်ပေ။ အခြားသူများက သူ့အပေါ် မည်သို့တွေးသည်ကိုလည်း သူ တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးပါ။ သူ လိပ်ပြာလုံလိုခြင်းသာ။ သူ ယန်မဟာဧကရာဇ်၏ လုပ်ရပ်များကို နားမလည်နိုင်။ ယန်မဟာဧကရာဇ်က မည်သည်ကို လုပ်ရန် ကြိုးစားနေခြင်းနည်း။

အရေးအကြီးဆုံးမှာ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မည်သည့်နေရာတွင်နည်း။

မသေမျိုးတစ်ပိုင်း ရသေ့ကြီး ပေါ်လာသည်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ၏ဟန်ဆောင်မှုကို ချက်ချင်း ဖောက်မြင်နိုင်မည်ဖြစ်သည်။ အကယ်၍ သူကသာ တမလွန်ဘုံဧကရာဇ် ပြန်ဝင်စားသူဆိုလျှင် ကျန်းရီသည် နည်းလမ်းအားလုံးသုံး၍ သူ့ကို ရအောင် သတ်ကာ လူသားမျိုးနွယ်အတွက် အချိန်ဆွဲပေးမည်ဖြစ်သည်။

‘မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တကယ်ပဲ တမလွန်ဘုံဧကရာဇ်လား။ သူက ကောင်းကင်ဧကရာဇ်ရဲ့ ဝိညာဉ်အပိုင်းအစ ရှိနေသေးတာကို သိလို့ သူ့အကြောင်းပေါ်သွားမှာစိုးပြီး လူလုံးထွက်မပြရဲတာလား’

ကျန်းရီ တွေးတောနေသည်။ သူ့ဘေးမှ ဟယ်နုန်ယင်းကလည်း တွေးနေသည်။ အစောတွင် ယန်မဟာဧကရာဇ်နှင့် အခြားသူများသာ ပူးပေါင်းတိုက်ခိုက်လျှင် ယန်ကိုးပါးစစ်တပ်မှ တပ်သားများစွာ ကျဆုံးသွားနိုင်သည်။ သူတို့ဘက်တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည် မဟုတ်ပါလား။ အခြေအနေက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်သည်။ ယန်မဟာဧကရာဇ်က မည်သည်ကို လုပ်ရန် ကြံနေခြင်းနည်း။

မကြာခင်တွင် အဖြေပေါ်လာလေ၏။

အရှေ့ဘက်မှနေ၍ လူတစ်ယောက် ပျံသန်းလာ၏။ ထိုလူသည် အဝေးမှာကတည်းက လှောင်ရယ်ရယ်ကာ အော်ပြောလို်ကသည်။

“နတ်ဆိုးလေးကျန်းရီ... ဒီဧကရာဇ် ထွက်လာပြီကွ။ မင်းက ငါ့နောက်ကို တရစပ်လိုက်ပြီး ငါ့ကို သတ်နိုင်တော့မလိုလိုတွေ ဖြစ်ခဲ့တယ်။ ဒီနေ့ ငါ မင်းနဲ့ အဲ့ရန်ငြိုးကို ရှင်းမယ်”

“ဧကရာဇ်ရွေလား”

ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများ အံ့ဩသွားကြ၏။ ထျန်းဖုန့်ဧကရာဇ်လည်း မျက်မှောင်ကြုတ်သွားသည်။ ဧကရာဇ်ရွေက ထိုမျှမြန်မြန် ထွက်လာနိုင်သည်လော။ လျှိုဒေသမှ တွင်းကြီးကို ဖို့ထားပြီးဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ရွေအနေနှင့် အကူအညီမရှိဘဲ ထွက်လာနိုင်ရန် ခက်ပေလိမ့်မည်။

“အားလုံး မိစ္ဆာကြယ်ကို သတ်ခွင့်ရှိတယ်”

မြောက်ဘက်မှနေ၍ ကျယ်လောင်သော အသံတစ်သံနှင့် အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ စစ်တပ်တစ်တပ်လုံး လှမ်းကြည့်လိုက်၏။ ရုတ်ခြည်းပင် သူတို့၏ မျက်နှာများပေါ်တွင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ရောက်လာသူမှာ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်နေ၍ပင်။ သူက အရေတွန့်နေသော အဘိုးကြီးတစ်ယောက်ပင်။ သို့သော် ထိုနေရာရှိ မည်သည့်တပ်သားကမှ သူ့ကို မသိကြပါ။

“သူကဘယ်သူလဲ”

ကျန်းရီ ဟယ်နုန်ယင်းကိုကြည့်ကာ မေးလိုက်၏။ ဟယ်နုန်ယင်းလည်း မသိဖြစ်နေသည်။ သူမ ထို ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားကို လုံးဝ မမှတ်မိပါ။

“မိစ္ဆာကြယ်ကို သတ်မှာဆိုရင် ငါ့ကိုလည်း ထည့်တွက်လိုက်”

နောက်ထပ် တုန်လှုပ်ဖွယ်အသံတစ်သံ ထွက်ပေါ်လာပြီး အ‌ရှေ့ဘက်မှနေ၍ အခြား ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ပျံသန်းလာပြန်သည်။ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် ထိုသူကိုလည်း မသိသဖြင့် ပို၍ တုန်လှုပ်သွားကြသည်။

“ငါရောပဲ”

အနောက်ဘက်မှနေ၍ နောက်ထပ် အဘိုးအိုတစ်ယောက် အော်ပြောကာ ပျံသန်းလာသည်။

ပထမဆုံး ရောက်လာသော အဘိုးအိုက နောက်မှ ရောက်လာသည့် အဘိုးအိုနှစ်ယောက်ကို ကြည့်၍ ရယ်ကာ ပြောလိုက်၏။

“ငွေမဟာဧကရာဇ်၊ ခွမ့်မဟာဧကရာဇ်၊ ကျုပ်တို့သုံးယောက် ထွက်မလာတာ နှစ်တစ်ထောင်ကျော်တောင် ကြာသွားပြီ။ ကမ္ဘာဦးကောင်းကင်ဘုံက ဘယ်သူကမှ ကျုပ်တို့ မမှတ်မိလောက်တော့ဘူးထင်တယ်”

“ငွေမဟာဧကရာဇ်နဲ့ ခွမ့်မဟာဧကရာဇ်တဲ့လား”

ဟယ်နုန်ယင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ရေရွတ်လိုက်သည်။

“အဲ့အဘိုးကြီးသုံးယောက်က အသက်ရှင်နေသေးတာလား။ သူတို့က... မိုးကြိုးလျှပ်စီးလမ်းကြောင်းမှာ သေသွားပြီ မဟုတ်ဘူးလား။ နှစ်တစ်ထောင်တောင် ကြာခဲ့ပြီ၊ သူတို့က အသက်ရှင်နေတုန်းပဲလား”

“မိုးကြိုးလျှပ်စီးလမ်းကြောင်းလား”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ ထိုအခိုက်တွင် ယန်မဟာဧကရာဇ်က အဘယ်ကြောင့် ထိုသို့ ပြုမှုနေခဲ့ကြောင်း သူ ခပ်ရေးရေးနားလည်သွားသည်။

ကောင်းကင်ဘုံခုံရုံးအထက်မှ ကျန်းရီ၏ ဝိညာဉ်ပုံရိပ်က ရုတ်တရက် အော်ပြောလိုက်သည်။

“အားလုံးက ဒီကို ရောက်နေမှတော့၊ မိုးပြာမဟာဧကရာဇ်နဲ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီး.. ခင်ဗျားတို့က ဘာလို့ လူလုံးထွက်မပြကြသေးတာလဲ”

***

All Chapters