← Chapters

ဧကရာဇ်ကြယ် ထွက်ပေါ်လာပြီ

Vol. 143 Ch. 1999

ဧကရာဇ်ကြယ် ထွက်ပေါ်လာပြီ

Vol. 143 Ch. 1999

အသူရာတောင်တွင် ကောင်းကင်ဘုံခုံရုံးအတွက် ယှဉ်ပြိုင်ပွဲ ပြီးပြီးနောက် မိုးပြာမဟာဧကရာဇ်သည် လေ့ကျင်ရန်အတွက် မီးမိစ္ဆာပင်လယ်နှင့် မိုးကြိုးလျှပ်စီးလမ်းကြောင်းတို့သို့ သွားခဲ့၏။ ထိုကတည်းမှဆိုလျှင် တစ်လကျော်ကြာခဲ့ပေပြီ။ ထိုမျှကြာသောအချိန်အတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့ရန် လုံလောက်ပေသည်။

ဥပမာအားဖြင့် မိုးပြာမဟာဧကရာဇ်က မိုးကြိုးလျှပ်စီးလမ်းကြောင်းတွင် ပိတ်မိနေခဲ့သော အဘိုးကြီးသုံးယောက်ကို ကယ်ခဲ့ပြီး ကမ္ဘာဦးကောင်းကင်ဘုံသို့ လျှို့ဝှက်၍ ပြန်ခေါ်လာခဲ့သည်။ ထို့ပြင် မိုးပြာမဟာဧကရာဇ်သည် မျိုးနွယ်များကို တွင်းကြီးဆီသို့ တပ်ဖွဲ့များ စေလွှတ်ရန် စေခိုင်းခဲ့သည်။ သူ တွင်းထဲဝင်၍ ဧကရာဇ်‌ရွေကိုလည်း ကယ်ခဲ့ပေသည်။

မိုးပြာမဟာဧကရာဇ်က ဤနေရာတွင် ရှိနေသည်ဟု ကျန်းရီက အလွန်သေချာနေခြင်းမှာ မိုးကြိုးလျှပ်စီးလမ်းကြောင်းတွင် ပိတ်မိနေခဲ့သော အဘိုးကြီးသုံးယောက်က ရုတ်တရက် ထွက်ပေါ်လာ၍သာ မဟုတ်ပေ။ ယနေ့ ယန်မဟာဧကရာဇ်၏ လုပ်ရပ်များနှင့် မျိုးနွယ်များက သူနှင့် ဆန့်ကျင်ဘက်တွင် ပြတ်သားစွာ ရပ်တည်နေခြင်းကြောင့်လည်း ပါသည်။

ကျန်းရီဘက်တွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိသည်။ ပုံမှန်ဆိုလျှင် ကျန်းရီ၏ စကားများကို ကြားပြီးနောက်တွင် တစ်စုံတစ်ယောက်က သေချာပေါက် ရှေ့ထွက်လာသင့်ပေသည်။

သို့သော် မည်သူမှ ရှေ့ထွက်မလာခဲ့ပေ။

တစ်ယောက်မှ ထွက်မလာခြင်းဖြစ်သည်။ ယင်းမှာ ထိုမျိုးနွယ်ကြီးများသည် မိုးပြာမဟာဧကရာဇ်ထံတွင် လုံးဝ လက်‌အောက်ခံလိုက်ပြီဆိုသော အဓိပ္ပာယ်ပင်။ သူတို့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးကြောင်း သိနေလျှင်ပင် အရေးမစိုက်ကြပေ။ သူတို့က မိုးပြာမဟာဧကရာဇ်ကို သူတို့၏ သခင်အဖြစ် အသိအမှတ်ပြုပြီး ကြပေပြီ။

ကျန်းရီ ရင်ထဲတွင် အလွန်ဆိုးသောနမိတ်တစ်ခုကို ခံစားနေရသည်။ သို့သော် ထိုနမိတ်ကို သက်သေပြရန် မိုးပြာမဟာဧကရာဇ်ကို လိုအပ်ပေသည်။

ဝှစ်...

မြောက်ဘက်မှနေ၍ လူတစ်ယောက် ခပ်ဖြည်းဖြည်း ပျံသန်းလာ၏။ သူ မည်သည့်အရှိန်အဝါမှ မထုတ်လွှတ်သော်လည်း အားလုံး၏ မျက်လုံးများက သူ့အပေါ် ကျရောက်သွားကြသည်။ ထိုအခိုက်တွင် သူက လောကကြီး၏ ဗဟိုချက် ဖြစ်သွားပုံပင်။ သူက လောက၏ အုပ်စိုးသူ၊ လူသားမျိုးနွယ်၏ အရှင်သခင်၊ ဗုဒ္ဓရောင်ခြည် လွှတ်နေသည့် ဗုဒ္ဓတစ်ပါးကဲ့သို့ပင်။ ထိုအခိုက်တွင် လူများစွာသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်လိုစိတ် ပေါ်လာကြသည်။ ယန်ကိုးပါးစစ်တပ်မှ တပ်သားများစွာပင် သူ့ကို မြင်သောအခါ ဒူးထောက်လိုစိတ် ‌ပေါက်သွားကြလေသည်။

“ထင်ထားသလိုပဲ...”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ ဟယ်နုန်ယင်း၏ မျက်လုံးများ မှေးမှိန်သွားသည်။ ကျန်းရီ အစိုးရိမ်ဆုံးအရာက ဖြစ်လာပေတော့မည်။ မိုးပြာမဟာဧကရာဇ်က နောက်ဆုံး အဆင့်ဝက်ကို တက်လှမ်းနိုင်လိုက်ပြီး ယခုတွင် ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သွားပေပြီ။

ကျန်းရီ၏ သံသယအားလုံး ပြေလည်သွားသည်။

အဘယ်ကြောင့် မျိုးနွယ်အားလုံးက ကျန်းရီကို ဆန့်ကျင်ရန် အလွန် ဆုံးဖြတ်ချက် ပြတ်သားနေကြသနည်း။ အဘယ်ကြောင့် ယန်မဟာဧကရာဇ်က ဤပွဲကို ကပြနေသနည်း။ အရာအားလုံးမှာ မိုးပြာမဟာဧကရာဇ်က အဆင့်တက်သွား၍ဖြစ်သည်။ သူ၏ တိုက်ခိုက်စွမ်းအားက ပြီးခဲ့သော ကောင်းကင်ဧကရာဇ်၏ အဆင့်သို့ ရောက်သွားပြီဖြစ်သည်။ သူ ပလ္လင်ထက်သို့ တက်လိုနေပေပြီ။

မျိုးနွယ်အားလုံးက ကျန်းရီနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေကြခြင်းမှာ ကောင်းကင်ဧကရာဇ်အသစ်အပေါ် သစ္စာရှိလို၍ ဖြစ်ကြသည်။

ကျန်းရီ၏ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဆိုသည်မှာ မှန်၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးသည်ဆိုသည်မှာလည်း မှန်၏။ သို့သော် မိုးပြာမဟာဧကရာဇ်မှာ ကောင်းကင်ဧကရာဇ်တစ်ပါးကဲ့သို့ စွမ်းအားကြီးနေပြီဖြစ်သည်။ သူ အဘိုးကြီးသုံးယောက်ကိုလည်း မိုးကြိုးလျှပ်စီးလမ်းကြောင်းမှနေ၍ ကယ်ခဲ့သဖြင့် သူ့ထံ လက်အောက်ခံမည့် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား အရေအတွက်မှာလည်း များလာပေပြီ။ ကျန်းရီက အနိုင်ရနိုင်ရန် အခွင့်အရေး မရှိတော့ပေ။ ထို့ကြောင့် ရှန်ကွေ့က အဘယ်ကြောင့် ထိုစကားများ ပြောခဲ့ကြောင်း နားလည်နိုင်ရန် အလွန်လွယ်ကူသွားပြီဖြစ်သည်။

ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ တောက်နူနှင့် အခြားသူများက ယနေ့တွင် ကျန်းရီကို ဒေါသထွက်အောင် လုပ်ရန် ပွဲတစ်ပွဲ ကပြခဲ့သည်။ သူတို့သည် ကျန်းရီက တောဆိတ်ရသေ့ကြီးနှင့် တောဆိတ်မျိုးနွယ်စစ်တပ်မှ တပ်သားတစ်သိန်းကို သတ်ပစ်အောင် လုပ်ခဲ့ခြင်းပင်။ ယင်းမှာ မိုးပြာမဟာဧကရာဇ် ပလ္လင်ထက်သို့ တက်နိုင်ရန် လမ်းကြောင်းတစ်ခု ဖော်ပေးခြင်းပင်ဖြစ်သည်။ ကျန်းရီက မိစ္ဆာကြယ်ဖြစ်ကြောင်း သက်သေပြရန် ဖြစ်လေသည်။

အကယ်၍ ကျန်းရီက မိစ္ဆာကြယ်ဆိုလျှင် မိုးပြာမဟာဧကရာဇ်က ဧကရာဇ်ကြယ်သာ ဖြစ်လိမ့်မည်။ မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားကလည်း ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်က ဧကရာဇ်ကြယ် မဟုတ်လျှင် မည်သူက ဧကရာဇ်ကြယ် ဖြစ်နိုင်ဦးမည်နည်း။

“အဲ့ဒါက...”

ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် အခြားသူများ အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စတင် တုန်လှုပ်လာကြ၏။ ကြည့်ရသည်မှာ ယန်ကိုးပါးစစ်တပ်မှ တပ်သားသန်းနှစ်ဆယ်လုံး ယနေ့ ဤနေရာတွင် သေရတော့မည့်ပုံပင်။

သို့သော် ထိုအခိုက်တွင်ပင် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ နောင်တမရကြသေးပါ။ သူတို့နှစ်ယောက်သည် အလွန် ဆုံးဖြတ်ချက်ပြတ်သားနေသည်။ ကျန်သော ကောင်းကင်ဘုရင်များမှာလည်း ကျန်းရီနောက်သို့လိုက်ရန် ဆုံးဖြတ်ထားဆဲပင်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့၏ ရင်ထဲတွင် ကျန်းရီက တရားဝင် အုပ်စိုးသူ ဖြစ်နေဆဲဖြစ်သည်။ သူက ဧကရာဇ်ကြယ်ဖြစ်ပြီး မိုးပြာမဟာဧကရာဇ်မှာ မိစ္ဆာကြယ်ဖြစ်ပေသည်။

“မိုးပြာမဟာဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”

မိုးပြာမဟာဧကရာဇ် ပျံသန်းလာသောအခါ ယန်မဟာဧကရာဇ်သည် ရှေ့ဆုံးမှ ဦးဆောင်၍ ဒူးထောက်နှုတ်ဆက်လိုက်၏။ သူက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်ပြီး ဒေသတစ်ခု၏ အရှင်သခင်လည်း ဖြစ်သည်။ သို့သော် သူက မိုးပြာမဟာဧကရာဇ်၏ အရှေ့တွင် ဒူးထောက်နေသည်လော။ သူ့စကားလုံးများ အနောက်မှ အဓိပ္ပာယ်က ထင်ရှားသည်။ သူက မိုးပြာမဟာဧကရာဇ်ကို ကောင်းကင်ဧကရာဇ်ဖြင့် တင်မြှောက်လိုနေခြင်းပင်။

“မိုးပြာမဟာဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”

ရူးသွပ်မဟာဧကရာဇ်၊ တောက်နူနှင့် အခြားသူများလည်း ဒူးတစ်ဘက်ထောက်၍ အော်ပြောလိုက်ကြသည်။ သန်းဆယ်ချီသော တပ်သားအားလုံးလည်း ဒူးထောက်လိုက်ကြသည်။ ထို့နောက် စိတ်လှုပ်တရှား အော်လိုက်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး တိမ်များအကြားတွင် ပဲ့တင်ထပ်သွားလေသည်။

“မိုးပြာမဟာဧကရာဇ်”

ယခုမှ ထွက်ပေါ်လာခဲ့သော အဘိုးကြီးသုံးယောက်လည်း ဦးညွှတ်လိုက်ကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် လေးစားမှုများ ပြည့်နှက်နေသည်။

ယင်းမှာ အားလုံး အလိုရှိသောအရာပင်။

ကျန်းရီ၏ စစ်တပ်နှင့် စွမ်းအားကြီး သိုင်းသမားများမှ လွဲ၍ ကျန်လူများအားလုံး ဦးညွှတ်ထားကြပြီး သူတို့၏ မိုးပြာမဟာဧကရာဇ်အပေါ် သစ္စာစောင့်သိမှုကို ပြနေကြသည်။ ယန်ကိုးပါးစစ်တပ်ထဲမှ တပ်သားများစွာသည် ဒူးထောက်လိုကြ၏။ သို့သော် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က ကောင်းကင်ဘုံခုံရုံးဘေးတွင် မျက်နှာသေနှင့် ရပ်နေကြပြီး အခြား ကောင်းကင်ဘုရင်များကလည်း မလှုပ်ကြသဖြင့် တပ်သားများမှာ မလှုပ်ဝံ့ကြပါ။

“အားလုံး ထကြပါ”

မိုးပြာမဟာဧကရာဇ်က နူးညံ့စွာ ပြောလိုက်၏။ သူ့အရှိန်အဝါက ပို၍ပင် ကြီးကျယ်ထည်ဝါနေသည်။ သူ့အသံမှာလည်း အလွန်တည်ငြိမ်နေသည်။ သို့သော် သူက စွမ်းအားကြီးသူတစ်ယောက်ဟူသော အငွေ့အသက်ကိုလည်း ပေးနေလေသည်။

မိုးပြာမဟာဧကရာဇ်က စကားပြောပြီးနောက် ခပ်လှမ်းလှမ်းရှိ ကျန်းရီ၏ ဝိညာဉ်ပုံရိပ်ကို လှမ်းကြည့်လိုက်၏။ ယန်မဟာဧကရာဇ်ကလည်း ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများကို ဝေ့ဝဲကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။

“ဝေပင်းပင်း... မင်းက အခုထိ အသိတရား မရသေးဘူးလား။ မိုးပြာမဟာဧကရာဇ်ရဲ့ တိုက်ခိုက်စွမ်းအားက ပြီးခဲ့တဲ့ ကောင်းကင်ဧကရာဇ်တွေရဲ့ အဆင့်ကို ရောက်သွားပြီ။ သူက နောက်ဆုံးအဆင့်ကို အချိန်မ‌ရွေးတက်ပြီး မသေမျိုးဘုံရဲ့ တံခါးကိုဖွင့်ပြီး မသေမျိုးတစ်ပါး ဖြစ်လာတော့မှာ...”

“ဧကရာဇ်ကြယ် ထွက်ပေါ်လာပြီ။ သူက လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်၊ လူသားမျိုးနွယ်ရဲ့ ကယ်တင်ရှင်၊ ကာကွယ်သူပဲ။ တမလွန်ဘုံမျိုးနွယ်က အင်အားကြီးတယ်၊ လူသားမျိုးနွယ်ကလည်း အန္တရာယ်ထဲ ရောက်နေပြီ။ အဲ့လိုအချိန်မျိုးမှာ ဧကရာဇ်ကြယ် ထွက်ပေါ်လာတာ ကောင်းကင်ရဲ့ သနားကြင်နာမှုပဲ။ ကောင်းကင်က လူသားမျိုးနွယ်ကို မပျက်သုဉ်းစေချင်ဘူး။ မင်း အသိတရား မရသေးရင် ဒီတိုက်ပွဲကနေ ယန်ကိုးပါးစစ်တပ်က ဘယ်သူမှ အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူး”

ဝှစ်...ဝှစ်...ဝှစ်...

အားလုံး ကောင်းကင်ဘုရင်ဝေကို ကြည့်လိုက်ကြ၏။ ယန်ကိုးပါးစစ်တပ်မှ တပ်သားသန်းနှစ်ဆယ်ကလည်း ကောင်းကင်ဘုရင်ဝေကို ကြည့်ကာ သူ့ဆုံးဖြတ်ချက်ကို ‌စောင့်နေလိုက်ကြသည်။

မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးသည်။ ထို့ပြင် အဘိုးကြီးသုံးယောက်၊ ဧကရာဇ်ရွေ၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့လည်း ရှိနေသေးသည်။ ထို့ကြောင့် တိုက်ပွဲရလဒ်မှာ သေချာသလို ဖြစ်နေပေပြီ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ထွက်ပေါ်လာလျှင်ပင် သူ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ပါ။

ကောင်းကင်ဘုရင်က တုံ့ဆိုင်းမနေပေ။ သူ အရှေ့သို့ ခြေနှစ်လှမ်းတိုးကာ ပြုံးလိုက်သည်။ ထို့နောက် သူ ဒူးတစ်ဘက်ထောက်၍ အော်ပြောလိုက်လေသည်။

“ဝေပင်းပင်း မိုးပြာမဟာဧကရာဇ်ရဲ့ အမိန့်တွေကို နာခံချင်ပါတယ်။ မိစ္ဆာကြယ်ကိုသတ်ပါမယ်။ ယန်ကိုးပါးစစ်တပ်... မြောက်ဘက်ကို ငါးကီလိုမီတာ ပြန်ဆုတ်လိုက်”

“အာ...”

ကောင်းကင်ဘုရင်ဝေ၏ စကားလုံးများက အလွန်ရှင်းလင်းကာ ဩဇာကြီး၏။ သို့သော် ထိုအခိုက်တွင် သန်းဆယ်ချီသော တပ်သားအားလုံး မှင်တက်သွားကြပေသည်။

ကောင်းကင်ဘုရင်ဝေ၏ သစ္စာဖောက်မှုက ရုတ်တရက် ဆန်လွန်းသည်။ သူက အလွန်ပြတ်သားနေလေသည်။

ဝှစ်...ဝှစ်...

ယန်ကိုးပါးစစ်တပ်သည် အမြဲ ခေါင်းဆောင်၏ အမိန့်များကို နာခံခဲ့ကြသည်။ တပ်သားအားလုံး မြောက်ဘက်သို့ လျင်မြန်စွာ ဆုတ်သွားလိုက်ကြသည်။ ကောင်းကင်ဘုရင်ယွင်နှင့် အခြားကောင်းကင်ဘုရင်များမှာမူ မှင်တက်နေကြ၏။ သူတို့သည် နားကြားမှားသည်ဟု တွေးမိနေကြပေသည်။

ကောင်းကင်ဘုရင်ဝေသည် ကောင်းကင်ဘုရင်ယွင်နှင့် အခြားသူများကို အေးစက်စက် ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်၏။

“မင်းတို့က ဘာတွေ စောင့်နေကြတာလဲ။ မိုးပြာမဟာဧကရာဇ်က သူ့ရဲ့ တာအိုကို သက်သေပြပြီးပြီ၊ သူက လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်ပဲ။ အခု သူက ကောင်းကင်ဧကရာဇ်အသစ် ဖြစ်သွားပြီ။ ယန်ကိုးပါးစစ်တပ်က အမြဲ ကောင်းကင်ဧကရာဇ်နောက်ကို လိုက်ခဲ့တာပဲ။ အားလုံး ငါ့အမိန့်ကို နားထောင်ပြီး ပြန်ဆုတ်ကြ”

ကောင်းကင်ဘုရင်ဝေသည် အော်ပြောပြီးနောက် မြောက်ဘက်သို့ ပျံသန်းသွားလိုက်၏။ ကောင်းကင်ဘုရင်ယွင်နှင့် ကောင်းကင်ဘုရင်ဝေတို့ အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ကောင်းကင်ဘုရင်ယွင်သည် အံကြိတ်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်လေတော့သည်။

“ကျုပ်တို့ ခေါင်းဆောင်ဝေရဲ့ အမိန့်ကို နာခံပါမယ်”

“အတင့်ရဲလိုက်တာ”

ထျန်းဖုန့်ဧကရာဇ် ဒေါသထွက်သွားပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ သို့သော် ကောင်းကင်ဘုံခုံရုံးက ရုတ်တရက် အဖြူရောင်အလင်း လင်းလက်လာပြီး ထျန်းဖုန့်ဧကရာဇ်ကို အထဲ ဆွဲစုပ်လိုက်သည်။

မိစ္ဆာသစ်ပင်များကလည်း ကောင်းကင်ဘုံခုံရုံးဆီ ဆုတ်လာကြသည်။ သို့သော် ၎င်းတို့က ယန်ကိုးပါးစစ်တပ်မှ တပ်သားများကို အန္တရာယ်မပြုကြပါ။ မိစ္ဆာသစ်ပင်များသည် တစ်ပင်ပြီးတစ်ပင် ကောင်းကင်ဘုံခုံရုံးထဲသို့သာ စုပ်ယူခံနေရပေသည်။

“သခင်လေး... ယန်ကိုးပါစစ်တပ်က...”

ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်ဘုံခုံရုံး၏ အတွင်းခန်းမထဲတွင် ထွက်ပေါ်လာသည်နှင့် ကျန်းရီကို ကြည့်ကာ ပြောလိုက်၏။ သို့သော် ကျန်းရီက လက်ယမ်းပြ၍ ကြားဖြတ်ပြောလိုက်သည်။

“ဆက်မပြောနဲ့တော့။ ကျွန်တော်ကိုယ်တိုင် ယန်ကိုးပါစစ်တပ်ကို သစ္စာဖောက်ဖို့ အမိန့်ပေးလိုက်တာ။ မိုးပြာမဟာဧကရာဇ်က ပလ္လင်ကို လိုချင်မှတော့ ကျွန်တော် သူ့ကို ပေးလိုက်မယ်”

ဟယ်နုန်ယင်း၏ မျက်နှာထား မည်းမှောင်သွားသည်။ သို့သော် ထိုအခိုက်တွင် သူမ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ကျန်းရီ မှန်တယ်။ ယန်ကိုးပါးစစ်တပ်ကို ပျက်စီးခံလို့ မဖြစ်ဘူး။ ကျွန်မတို့သာ တမလွန်ဘုံမျိုးနွယ်ကို ဖျက်ဆီးနိုင်မယ်ဆိုရင် ကျန်းရီနောက်ကိုလိုက်လိုက်၊ မိုးပြာမဟာဧကရာဇ်နောက်ကိုလိုက်လိုက် ပြဿနာမဟုတ်ပါဘူး။ မိုးပြာမဟာဧကရာဇ်ကလည်း ယန်ကိုးပါစစ်တပ်ကို ပြဿနာရှာမှာ မဟုတ်ဘူး။ အခုပြဿနာက... မိုးပြာမဟာဧကရာဇ်က ပလ္လင်ကို လိုချင်တော့ သေချာပေါက် ကောင်းကင်ဘုံခုံရုံးနဲ့ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို လုမှာပ။ အဲ့ပစ္စည်းနှစ်ခု မရှိရင် သူ ပလ္လင်ပေါ်တက်နိုင်မှာ မဟုတ်ဘူး”

ကျန်းရီ ခပ်ရေးရေးပြုံးလိုက်ပြီး ဟယ်နုန်ယင်းနှင့် ထျန်းဖုန့်ဧကရာဇ်ကို ပြောလိုက်သည်။

“သူက အဲ့ဒါတွေကို လိုချင်ရင်လည်း ကျွန်တော်တို့က သူ့ကို ပေးရမှာပေါ့”

All Chapters