← Chapters

မြစ်ပြင်ထက်တွင် လက်ဖက်ရည်ကြမ်း ဧည့်ခံခြင်း

Vol. 62 Ch. 825

မြစ်ပြင်ထက်တွင် လက်ဖက်ရည်ကြမ်း ဧည့်ခံခြင်း

Vol. 62 Ch. 825

လော့ဝူရွှမ်၏ သင်္ဘောလေး အဝေးသို့ ထွက်သွားသည့်အချိန်တွင် သူ၏အနောက်၊ မြစ်ပြင်ထက်၌ အလွန်တရာပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသည့် ယိုတုမိစ္ဆာနတ်ဆိုးချီများ ပျံ့နှံ့လာသည်။ လော့ဝူရွှမ် ပြန်လှည့်မကြည့်မိသော်လည်း သူ့အနောက်ရှိ တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းကြီးကို ကောင်းကောင်းစိတ်ကူးကြည့်နိုင်၏။

ကြောက်စရာအကောင်းဆုံး၊ အရက်စက်ဆုံး၊ အကြမ်းကြုတ်ဆုံး မိစ္ဆာနတ်ဘုရားကြီးတစ်ကောင်သည် အခြားကမ္ဘာမှ ထွက်လာပြီး သူ၏အဆုံးမဲ့သော ခွန်အားကြီးဖြင့် ဤကမ္ဘာထဲရှိ အရာရာတိုင်းကို ဖျက်စီးစုတ်ပြဲရင်း စား၍ရသည့်အရာမှန်သမျှ ဝါးမြိုပစ်နေသည့်အလား ဖြစ်နေလိမ့်မည်။

ယိုတုသားတော်နှင့်ပတ်သက်၍ ကျဲ့ဟွလီက မခြွင်းမချန် ပြောပြထားသောကြောင့် လော့ဝူရွှမ်လည်း ခံစားချက်မကောင်းတော့သည်နှင့် တစ်ချိုးတည်း ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

“ဆရာလော့၊ ကျဲ့ဟွလီက... “ သင်္ဘောအပေါ်ရှိ တပည့်တစ်‌ယောက်က အရိပ်အခြည်ကြည့်ကာ မေးသည်။

လော့ဝူရွှမ်၏မျက်နှာသည် ရေသေပမာ တည်ငြိမ်နေ၏။ သူက အင်္ကျီလက်အိုးမရှိတော့သည့် နေရာကို ကြည့်ပြီး လက်ပြတ်မှ နာကျင်မှုမှာ ပြန်လည်ထကြွလာသည်။ နာကျင်မှုက ရင်ထဲ၊ အသည်းထဲအထိ ရောက်လာလေသည်။

“လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက ချုံဧကရာဇ်လောကသခင်ခန္ဓာက ငါ့လက်တစ်ဖက်ကို ဖြတ်ခဲ့တယ်.... ဒီနေ့မှာလည်း ငါ့လက်ကို ထပ်ဖြတ်ခဲ့ပြန်ပြီ”

လော့ဝူရွှမ်က မျက်လုံးပိတ်ပြီး ပြန်ဖွင့်ကာ တိုးညှင်းစွာ ပြောသည်။ “ကျဲ့ဟွလီက သူ့လမ်းသူ လျှောက်နေပြီ... ငါတို့နဲ့အတူ လျှောက်တော့မှာ မဟုတ်ဘူး... အဲဒီအစား ငါတို့နဲ့ ဆန့်ကျင်ဘက်အရပ်ဆီ ပြေးနေပြီ... အဲဒီကောင်လေး ငါ့ရဲ့ ညာလက် ဖြစ်လာမယ် ထင်ခဲ့တာ... ဒီလိုဖြစ်လာမယ် ထင်ခဲ့ဘူး... ဒီနေ့ကစပြီး၊ မင်းတို့တွေ သူနဲ့ တွေ့ရင် သတိထားကြ... သူနဲ့ သူသေကိုယ်သေ တိုက်ခိုက်ကြရမယ်... သူ့ကို မညှာကြနဲ့... သူက ဓားမတာအိုနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်ထားတာမလို့ အင်မတန် အစွမ်းထက်တယ်... သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက သိပ်ကို ခမ်းနားနေလိမ့်မယ်”

မြစ်ရေလှိုင်းများ ငြိမ်သက်သွား၏။

ချိမင်နတ်ဘုရားသားတော်၊ ပထမလူသားဧကရာဇ်နှင့် ရွာလူကြီးတို့မှာ အနည်းငယ် ကြောက်လန့်နေကြသေးသည်။ စောစောက မြင်ကွင်းမှာ ချောက်ချားစရာကောင်းလွန်း၍ သုံးယောက်သား ရင်တဒိန်းဒိန်း တုန်နေကြလေသည်။

မြစ်ရေမှာ သွေးရောင်စွန်းထေးနေပြီး ကောင်းကင်နတ်ဘုံမှ ဧည့်သည်နှစ်ယောက်သည် ကြက်ကလေး၊ ငှက်ကလေးပမာ လျင်မြန်စွာ သေဆုံးသွားကြ၏။

ချင်မူကမူ အေးအေးဆေးဆေးသာ ရှိနေသည်။ သူက မိုးမခသစ်ရွက်ကို မျက်ခုံးနှစ်ကြားအပေါ်သို့ ပြန်ကပ်ပြီး မြစ်ကမ်းစပ်ဆီ ပြေးကာ လူသားဧကရာဇ်ချီကန်းနှင့် လူသားဧကရာဇ်ရီရှန်းတို့ မည်မျှတိုးတက်လာသလဲ သွားစစ်ဆေးနေသည်။

“ကျဲ့ဟွလီ၊ သင်္ဘောပေါ်က အဖြစ်အပျက်က တကယ် ဖြစ်ခဲ့တာလား” ရွာလူကြီး မေးလိုက်သည်။

ကျဲ့ဟွလီက ခေါင်းညိတ်၍ သင်္ဘောအပေါ်၌ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံအား အိတ်သွန်ဖာမှောက် ပြောပြနေသည်။ အားလုံး အံ့အားသင့်သွားကြပြီး ချိမင်နတ်ဘုရားသားတော်မှာ ကြောက်လန့်လာ၏။ သူက တစ္ဆေသင်္ဘော ပျောက်ကွယ်သွားသည့် မြစ်အောက်သို့ ငုံ့ကြည့်နေသည်။

‘ရှေးဟောင်းနဂါးမင်းနဲ့ ဖုန့်ချိုးယွင်က သင်္ဘောထဲ ဝင်သွားပြီ... သူတို့ သေလား၊ ရှင်လား မသိရတော့ဘူး’

ရွာလူကြီးမှာ ရင်ထဲတွင် နွေးထွေးနေသည်။ ‘မူအာက ငါ့အသက်ကို ကယ်ဖို့ နတ်မင်းလေးပါးတောင် မဖြေရှင်းနိုင်တဲ့ အရာကို ဖြေရှင်းနိုင်ခဲ့တယ်... ဒီကောင်လေး တကယ် အရွယ်ရောက်လာပြီပဲ... အင်မတန်လည်း ယုံကြည်ချက် ရှိနေပြီ... လောကသခင်ခန္ဓာကိစ္စကတော့ အဲဒီလောက် အရေးမကြီးတော့ပါဘူး’

သူက လောကသခင်ခန္ဓာ၏ ဒဏ္ဍာရီကို သူ တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ပထမလူသားဧကရာဇ်ဆီ ပြောရန် ပြင်လိုက်သော်လည်း အမှန်အတိုင်း ပြောလိုက်သည်နှင့် အထုအထောင်းခံရမည်ဟု ခံစားလိုက်ရသည်။ လူသားဧကရာဇ်ဟောင်းများသာ သူ့ကို ဝိုင်းသမကြမည်မဟုတ်၊ ပထမလူသားဧရာဇ်လည်း မီးပုံယမ်းကျ ပေါက်ကွဲလိမ့်မည်။ ဤသို့ဖြင့် ရွာလူကြီးမှာ သူ့ရင်ထဲတွင်သာ မြိုသိပ်ထားလိုက်၏။

သူတို့အားလုံး မြစ်ကမ်းဘေးသို့ ပြန်သွားကြသည်။ လူသားဧကရာဇ်များအတွက် ချင်မူတို့ ထွက်သွားသည်မှာ တခဏသာ ကြာသေးသော်လည်း ချင်မူ့အတွက်မူ တစ်လကျော် ကြာခဲ့ချေပြီ။

နေထွက်သည့်အခါ လူသားဧကရာဇ်ချီကန်းနှင့် လူသားဧကရာဇ်ရီရှန်းသည် ကောင်းကင်နတ်မြစ်၏ စွမ်းအားကို ခံစား၍ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်နိုင်သွားကြ၏။ အားလုံး စိတ်လှုပ်ရှားလာတော့သည်။

သူတို့ အောင်မြင်သွားပြီဖြစ်ရာ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာအား ကောင်းကင်တံတား‌ကောင်းကင်ရတနာ နေရာတွင် အစားထိုး၍ ခုနစ်ခုမြောက် ကောင်းကင်ရတနာအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဟု ဆိုလိုလေသည်။

သို့သော် ကောင်းကင်ရတနာ အစားထိုးမည့် လုပ်ငန်းစဉ်သည် အလွန်ကြာမြင့်လောက်၏။

“ဂိုဏ်းသခင်ချင်၊ ဒီကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို မင်း တီထွင်ခဲ့တာလား” ကျဲ့ဟွလီက လူသားဧကရာဇ်နှစ်ယောက် ဖွင့်ခဲ့သည့် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို အကဲခတ်ကာ အံ့အားသင့်နေသည်။

ချင်မူမှာ အလွန်ကျေနပ်နေပြီး ပြုံးလျက် ပြောသည်။ “ငါနဲ့ရှုရှန်းဟွာက ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဘယ်သူအရင်ဖွင့်နိုင်မလဲ လောင်းထားတာလေ... အနိုင်ရတဲ့သူက လောကသခင်ခန္ဓာအစစ် ဖြစ်ပြီး ရှုံးတဲ့သူက အတုဖြစ်မယ် ဆိုပြီးတော့ပေါ့... အစတုန်းကတော့ ငါ သူ့ကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိခဲ့ဘူး.. ဒါမဲ့ အမိကမ္ဘာမြေက ငါ့ကို ကမ္ဘာမြေမှုန်တာအိုသစ်သီး ပေးခဲ့မယ်လို့ ဘယ်သူထင်ပါ့မလဲ... အဲဒီသစ်သီးကြောင့် ငါ သေခြင်းရှင်ခြင်းနံရံကို ချိုးဖျက်ပြီး သေခြင်းရှင်ခြင်းအဆင့်ဆီ တန်းရောက်သွားတယ်... ရှုရှန်းဟွာက အင်မတန် ပါရမီထက်သန်တယ်၊ ငါတွေးနိုင်တာမှန်သမျှ လိုက်တွေးနိုင်တယ်... ဒါပေမဲ့ သိုင်းအဆင့်မှာ ငါ့အောက် နိမ့်သွား‌တော့ ငါက သူ့ထက် အလျင် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်နိုင်သွားတာပဲ”

ကျဲ့ဟွလီ စိတ်ဝင်စားသွားသည်။ “အဲဒီလို ပြိုင်ဖော်ပြိုင်ဖက် မိတ်ဆွေတစ်ယောက် ရှိတာ ... အင်မတန် ကံကောင်းတဲ့အရာပဲ”

ကျဲ့ဟွလီက ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာအကြောင်း နားလည်အောင် လုပ်နေစဉ် ချင်မူသည် အထုတ်အပိုးများ ထုတ်၍ မြစ်၏တစ်ဖက်ကမ်းသို့ ထွက်သွား၏။

ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်နိုင်ပြီဖြစ်သည့်အတွက် ကျန်ကိစ္စများအား ချင်မူ စိတ်ပူစရာမလိုတော့ပေ။ ဧကရာဇ်ယန်ဖုန်းက ဤကောင်းကင်ရတနာကျင့်စဉ်ကို ဖြန့်ဝေပေးပြီး ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများလည်း ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွဲ့တည်နိုင်အောင် တောင်ကောင်းကင်မုခ်ဝပိတ်နည်း ဖန်တီးပေးလိမ့်မည်။

မြစ်ထဲတွင် ချင်မူက နဂါးချီလင်ကို ခေါ်လာပြီး နဂါးထိန်းဧကရာဇ်၏ ခေါင်းပေါ် တက်ထိုင်လိုက်သည်။ နဂါးထိန်းဧကရာဇ်သည် တိမ်တိုက်များကို ထိန်းချုပ်၍ တစ်ဖက်ကမ်းရှိ နှစ်တစ်ရာတောင်ဆီသို့ ပျံသန်းသွား၏။

စိမ်းပြာရောင် ကောင်းကင်ရေနဂါးမင်းလည်း ပေါ်လာပြီး သူတို့နောက်မှ လိုက်လာသည်။ သူ့အမြန်နှုန်းကလည်း အတိုင်းထက်အလွန် မြန်လေသည်။

ယမန်နေ့က တိုက်ပွဲပြီးနောက် နဂါးထိန်းဧကရာဇ်က မာန်အပြည့်ဖြင့် ခေါင်းကို မော့ထားတော့သည်။ သူသည် တန်ခိုးကြီးမားသော ဘုရင်တစ်ပါးဖြစ်သည့်အကြောင်း မြစ်ထဲရှိ နဂါးဘုရင်များနှင့် နတ်ဘုရားတစ်ပါးများအား သိစေချင်နေ၏။

အရှေ့အရပ်မှ နေရောင်ခြည်တန်းများ ဖြာကျလာသည်။ ချင်မူက အရှေ့အရပ်သို့ ကြည့်လိုက်သည့်အခါ နေကြီးသည် ကောင်းကင်နတ်မြစ်ထဲမှ ခုန်ထွက်လာတော့မည်ပမာ ထင်ရ၏။ ရွှေရောင်လှိုင်းကြက်ခွပ်များက ရွှေရောင်မြွေများ ကူးခတ်နေသကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေသည်။

ချင်မူနှင့် နဂါးချီလင်မှာ လှပနေသော မြင်ကွင်းကြောင့် တအံ့တဩ စုပ်သပ်နေမိကြသည်။

ထို့နောက် ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ အရှေ့အရပ်မှ ထွက်ပေါ်လာသော နေကြီးမှာ တွန့်လိမ်ရှုံမဲ့နေ၏။

ကမ္ဘာဦးဘုံ ပေါ်လာကတည်းက ကောင်းကင်မှာ မိုင်တစ်သောင်းကျော် ဆန့်ထွက်သွားသောကြာင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအား ကောင်းမွန်စွာ မအုပ်မိုးနိုင်တော့ပေ။ နက္ခတ်တာရာများအတွက် တာဝန်ရှိသော နတ်ဘုရားများကလည်း တစ်နေ့ထက်တစ်နေ့ ပျင်းရိလာကြသည်။

သူတို့ကိုလည်း အပြစ်တင်၍မရပေ။ ကောင်းကင်သည် မိုင်တစ်သိန်းမြင့်မားပြီး ကိုက်တစ်ထောင်ထူ၏။ ယခုတွင် ကမ္ဘာဦးဘုံ ပေါ်လာသည့်အခါ ကောင်းကင်ထက်ပင် မြင့်မားသည့် တောင်တန်းကြီးများ ထွက်လာခဲ့သည်။ ၎င်းတို့က ကောင်းကင်ကို ထိုးဖောက်သွား၍ ကောင်းကင်အနေအထားမှာ မညီမညာ ဖြစ်ကုန်တော့သည်။ ဤအခြင်းအရာမှတစ်ဆင့် ကြယ်တာရာလှည့်ပတ်မှုလည်း ရှုပ်ယှက်ခတ်ကုန်ရာ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ စိတ်ညစ်နေကြခြင်း ဖြစ်လိမ့်မည်။

ချင်မူ အကြည့်လွှဲပြီး ဆက်မကြည့်တော့ပေ။ ရုတ်တရက် မြစ်ရေများ ဆူပွက်လာပြီး နဂါးခေါင်းနှင့်အဘိုးအိုတစ်ဦးက တောင်ဝှေးနှင့်အတူ ရေထဲမှ ဖြည်းဖြည်းချင်း ထွက်လာနေသည်ကို မြင်လိုက်ရ၏။ အဘိုးအိုသည် မြစ်ပြင်ထက်၌ ရပ်နေပြီး သူ့အနောက်၌ သူ၏သား၊မြေးများ ရှိနေကြသည်။ အားလုံး ချင်မူတို့လမ်းကို ပိတ်ထားကြလေသည်။

ကောင်းကင်အလင်းတန်းများက ကောင်းကင်ထက်သို့ ရိုက်ခတ်လျက် မြစ်ပြင်ထက်သို့ အလင်းရောင်ဖြာကျနေသည်။

နဂါးမနှစ်ကောင်က လူအသွင်ပြောင်းထားကြသည်။ တစ်ယောက်သည် တောက်ပြောင်နေသော ရတနာမျိုးစုံ သယ်ဆောင်ထားပြီး တစ်ယောက်က လက်ဖက်ရည်ကြမ်းများနှင့် စားသောက်ဖွယ်ရာများ သယ်ထား၏။

ချင်မူ နဂါးထိန်းဧကရာဇ်ကို ရပ်လိုက်ကာ မေးလိုက်သည်။ “အကြီးအကဲ ဘာကြောင့် ကျွန်တော့်လမ်းကို ပိတ်ထားတာပါလဲ”

နဂါးဘုရင်အိုကြီးက ကပျာကယာ နှုတ်ဆက်သည်။ “ကျွန်တော် နဂါးလေးက ကောင်းကင်နတ်မြစ်ရဲ့ ဒီအပိုင်းမှာ နဂါးဘုရင်ပါ... နဂါးဟန်ကောင်းကင်နတ်ဘုံခေတ်ကနေ ယနေ့ထက်ထိ ဒီနေရာကို စောင့်ရှောက်နေခဲ့တာ နှစ်တစ်သန်း တိုင်ပါပြီ... မနေ့ညက အထက်နတ်ဘုရားရဲ့ ကောင်းကင်ခွန်အားကို မြင်တွေ့ခဲ့ရပြီး ဒီနေ့ ဒီနေရာကနေ အထက်နတ်ဘုရား ဖြတ်သွားမှာကြားလို့ လက်ဆောင်လေးတွေ ပြင်ထားတာပါ”

“အထက်နတ်ဘုရားဟုတ်လား”

ချင်မူ တဟားဟား အော်ရယ်ရင်း ခေါင်းယမ်းလိုက်၏။ “ကျွန်တော်က အထက်နတ်ဘုရား မဟုတ်သေးပါဘူး... ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်ထားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်လေးတစ်ယောက်ပါပဲ... နတ်ဘုရားအဆင့်နဲ့ အဝေးကြီး လိုပါသေးတယ်”

နဂါးဘုရင်အိုကြီးက ပြန်ဖြေသည်။ “အထက်နတ်ဘုရား ခရီးပန်းနေမှာစိုးတာနဲ့ ကျွန်တော် ဒီလက်ဆောက်တွေ အထူးတလည် ပြင်ထားပါတယ်... ဒါတွေအားလုံးက ကောင်းကင်နတ်မြစ်ရဲ့ ထွက်ကုန်တွေပါပဲ”

ချင်မူလည်း နဂါးထိန်းဧကရာဇ်၏ ကျောပေါ်မှ မြစ်ပြင်ပေါ်သို့ ဆင်းလိုက်သည်။ နဂါးအိုကြီး လက်ဝှေ့ယမ်းလိုက်သည့်အခါ ပုစွန်တပ်သားများနှင့် ဂဏန်းစစ်သူကြီးများက မှော်စွမ်းအင်များဖြင့် မြစ်ရေကို ထိန်းချုပ်၍ ချင်မူ ထိုင်ရန် နန်းတော်တစ်ဆောင် တည်ဆောက်လိုက်ကြသည်။

မြစ်ပြင်ထက်ရှိ နန်းတော်မှာ ကောင်းကင်နတ်မြစ်ရေဖြင့် ဖွဲ့တည်နေခြင်း ဖြစ်ပြီး စားပွဲ၊ ထိုင်ခုံများသည် ကျောက်စိမ်းဖြူအသားဖြင့် ထွင်းထားခြင်း ဖြစ်၏။ အထဲတွင် ထိုင်နေလျှင် နေအပူရှိန်ကိုသော်လည်းကောင်း၊ မြစ်လေကြမ်းကိုသ်ောလည်းကောင်း မခံစားရတော့ဘဲ ရှုခင်းများကို အေးအေးဆေးဆေး ခံစားနိုင်လိမ့်မည်။

ချင်မူ ထိုင်လိုက်ပြီး နဂါးဘုရင်အိုကြီးကလည်း သူ့ကို အဖော်ပြုပေးသည်။

နဂါးအမျိုးသမီးနှစ်ယောက်က ရတနာများနှင့် လက်ဖက်ရည်ကြမ်းများ အလျင်အမြန် ဆက်သကြသည်။

ချင်မူက လက်ဖက်ရည်ကြမ်းသောက်၍ ရတနာများဆီသို့ တစ်ချက်ကြည့်သည်။ “နဂါးထိန်းဧကရာဇ်၊ သိမ်းလိုက်ပါဦး”

နဂါးထိန်းဧကရာဇ်မှ ဝမ်းသာသွားပြီး ရတနာများအား သွက်သွက်လက်လက် သိမ်းလိုက်သည်။

ချင်မူက သူ့အရှေ့ရှိ နဂါးဘုရင်အိုကြီးကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “ကျွန်တော်က နဂါးထိန်းဧကရာဇ်ကို ကောင်းကင်နတ်မြစ်နဂါးဘုရင်ဘွဲ့ အပ်နှင်းထားပြီးပြီဗျ... ဒီတော့ သူ့နောက်သာ လိုက်ပါ... အကြီးအကဲတို့မျိုးဆက်တွေ ဒီမှာ အေးအေးချမ်းချမ်း နေရဖို့ ကျွန်တော် အာမ,ခံပါတယ်”

နဂါးအိုကြီးမှာ တွန့်သွားပြီး အရိပ်အကဲကြည့်၍ ပြောသည်။ “အထက်နတ်ဘုရား၊ နဂါးထိန်းဧကရာဇ်က ဉာဏ်အမြော်အမြင်ကြီးမားပြီး သန်မာအား‌ကောင်းပေမယ့် သွေးမသန့်ဘူး...”

ချင်မူ ရယ်မောလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “သွေးသာ အသုံးဝင်ရင် ကျွန်တော် မင်းသားချိုးမင်ကို ဓားတစ်လက်နဲ့ သတ်နိုင်ခဲ့ပါ့မလား... သွေးသာ အသုံးဝင်ရင် အမိကမ္ဘာမြေ ရှုံးခဲ့ပါ့မလား”

နဂါးအိုကြီး အဓွန့်မတက်ရဲတော့ပေ။

“အကြီးအကဲ ဒီနေရာကို မျိုးရိုးစဉ်ဆက် စောင့်ရှောက်ပေးခဲ့တာ ထောက်ထားပြီး ကျွန်တော် ဒုက္ခမပေးလိုပါဘူး... ကောင်းကင်နတ်မြစ်ရဲ့ ဒီအပိုင်းကို အကြီးအကဲတို့မျိုးဆက်တွေ ဆက်လက်အုပ်စိုးနိုင်ပါတယ် ... ဒီနေရာအတွက် လေ၊ မိုး အဆင်ပြေအောင် ကျွန်တော် လုပ်ပေးမယ်... အကြီးအကဲအနေနဲ့ မြစ်ကမ်းဘေးက လူသားတွေ အန္တရာယ်မဖြစ်ရအောင် မြစ်ရေကြီး၊ ရေလျှံတာမျိုးတွေ ထိန်းသိမ်းပေးပါ.. သူတို့ဆီက ပူဇော်ပသမှုတွေကိုလည်း လက်ခံနိုင်ပါတယ်... ဒါပေမဲ့ ဖမ်းဆီးပြီး ကျွန်မပြုရဘူး”

ချင်မူ လက်ဖက်ရည်ခွက်ကို ချပြီး ရေပေါ်နန်းဆောင်ထဲမှ ထွက်လိုက်သည်။ “နဂါးထိန်းဧကရာဇ်က အကြီးအကဲ မပုန်ကန်အောင် မြေအောက်ဘုံအရှင်သခင်လေးပဋိညာဉ် ချုပ်ဆိုပေးလိမ့်မယ်... ကျွန်တော် လက်ဖက်ရည်လည်း သောက်ပြီး လက်ဆောင်လည်း လက်ခံပြီးပြီဆိုတော့ အကြီးအကဲ အခု ပြန်လို့ရပါပြီ... နောင်ကျ နဂါးထိန်းဧကရာဇ် အကြီးအကဲကို လာရှာလိမ့်မယ်”

နဂါးအိုကြီးသည် သူ့စကားနားထောင်၍ ရေ‌ပေါ်နန်းဆောင်ကို ဖယ်ရှားလိုက်၏။ သူ၏မျိုးဆက်များလည်း ပျောက်ကွယ်သွားသည်။

“မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်မှာလား”

နဂါးထိန်းဧကရာဇ်မှာ မျက်တောင်ပုတ်ခတ်လျက် ဝမ်သာနေသည်။ သူက သူ့ဘာသာသူ တွေးနေ၏။ ‘မြေအောက်ဘုံအရှင်လေး ပဋိညာဉ်က မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ထက်တောင် ကြမ်းသေးတယ်... ငါ တကယ်ကြီး ကောင်းကင်နတ်မြစ်နဂါးဘုရင် ဖြစ်လာမယ်ထင်ပါရဲ့’

သူက ဝမ်းသာအားရဖြင့် ချင်မူနှင့် နဂါးချီလင်ကို သယ်ကာ ရှေ့ဆက်သွားသည်။ များစွာမကြာလိုက်ဘဲ နဂါးဘုရင်နောက်တစ်ပါးက ရတနာမျိုးစုံ သယ်လျက် မြစ်ပြင်ထက်တွင် ‌ပေါ်လာပြီး လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်သည်။

ချင်မူလည်း လက်ဖက်ရည်သောက်၍ စောစောအတိုင်း ပြောခဲ့ကာ ဆက်သွားသည်။

လမ်းတွင် နဂါးဘုရင်တစ်ယောက်ပြီးတစ်ယောက် ‌ပေါ်လာကြပြီး ရတနာများ ဆက်သကြသည်။ မနေ့ညတိုက်ပွဲသည် အတော်လေး အုတ်အော်သောင်းနင်းဖြစ်စေခဲ့၏။ မြစ်အထက်ပိုင်းနှင့် မြစ်အောက်ပိုင်းရှိ နဂါးဘုရင်များမှာ သူတို့လမ်းတွင် ကိုယ်ထင်ပြ၍ ဖော်ရွေပျူငှာစွာ ကြိုဆိုဧည့်ခံနေကြသည်။

ချင်မူက သွားလိုက်ရပ်လိုက်ဖြင့် လက်ဖက်ရည်သောက်ရင်း ဗိုက်တင်းလာတော့၏။ သူ ကောင်းကင်နတ်မြစ်၏ တစ်ဖက်ကမ်းသို့ ‌ရောက်သည့်အခါ မွန်းလွဲနေပြီဖြစ်သည်။

နဂါးချီလင်က ခပ်တိုးတိုး ပြောလေသည်။ “ဂိုဏ်းသခင်ချင်၊ ရှေးဟောင်းနဂါးမင်း ပျောက်သွားလို့သာ ဒီနဂါးဘုရင်တွေက ကျောထောက်နောက်ခံ မရှိတော့တာနဲ့ လာအညံ့ခံကြတာနော်... အမိကမ္ဘာမြေ အမိန့်ပေးလိုက်ကြည့်ပါလား ဒီနဂါးဘုရင်အားလုံး ပုန်ကန်ကြလိမ့်မယ်... နဂါးထိန်းဧကရာဇ်ရဲ့ အစွမ်းအစတွေက အားမနည်းပေမယ့် ကောင်းကင်နတ်မြစ်တစ်ခုလုံးကို သူ မချုပ်ကိုင်နိုင်သေးဘူး... သူတို့ ငြိမ်ဝပ်နေအောင် နဂါးရွာက အဘိုးချင်းဟွမ်ကို ဖိတ်ခေါ်လို့ လိုတယ်”

နဂါးထိန်းဧကရာဇ်မှာ ဘဝင်မကျသော်လည်း နဂါးချီလင်၏ စကားက မှန်သည်။ အကြီးအကဲချင်းဟွမ်သည် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ နံပါတ်နှစ်ကောင်းကင်နတ်မင်း ဖြစ်ပြီး နံပါတ်တစ်ကောင်းကင်နတ်မင်း တိရီယွဲ့အောက် အနည်းငယ်သာ နိမ့်ကျ၏။ သူ့ထက် အများကြီး သာလေသည်။

အကြီးအကဲချင်းဟွမ်၏အစွမ်းအစများက ရှေးဟောင်းနဂါးမင်းထက်ပင် အားကောင်းသောကြောင့် ကောင်းကင်နတ်မြစ်ကို အုပ်ချုပ်ရန် အသင့်တော်ဆုံး ဖြစ်သည်။

“အဘိုးချင်းဟွမ် ရွာက ထွက်လာရင်တောင် ဒီမြစ်ကို အုပ်ချုပ်နိုင်မှာမဟုတ်ဘူး”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “အမိကမ္ဘာမြေ အမိန့်ပေးလိုက်တာနဲ့ ငါတို့ကို အညံ့ခံထားတဲ့ နဂါးဘုရင်တွေ နတ်ဘုရားတစ်ပိုင်းတွေအားလုံး ပုန်ကန်ကြလိမ့်မယ်.... ဘယ်သူမှ ငါတို့ဆီမှာ စိတ်လိုလက်ရ အညံ့ခံခဲ့ကြတာ မဟုတ်ဘူး”

နဂါးချီလင်မှာ ဆွံ့အသွားပြီးနောက် မေး၏။ “ဒါြဖင့် ဘာကြောင့် ဂိုဏ်းသခင်က သူတို့အညံ့ခံတာကို လက်ခံခဲ့သေးတာလဲ... ဒီနဂါးဘုရင်တွေ ပုန်ကန်ပြီး ကောင်းကင်နတ်မြစ်ကို ထိန်းချုပ်ရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရေဘေးလွှတ်လိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး ရေအောက်အင်ပါယာ ဖြစ်မသွားဘူးလား... လူတွေအားလုံး ပုစွန်တွေ၊ ငါးတွေ ဖြစ်မသွားဘူးလား”

ချင်မူက မြစ်ရေပြင်ထက်၌ ထကြွနေသော လှိုင်းလုံးများဆီသို့ လှည့်ကြည့်၍ အေးအေးလူလူ ပြောသည်။ “ငါ သိတယ်... ငါက အမိကမ္ဘာမြေရဲ့ အမိန့်ကိုပဲ စောင့်နေတာ”

“အမိကမ္ဘာမြေ အမိန့်ပေးလိုက်ရင် ဒီနဂါးဘုရင်တွေ၊ နတ်ဘုရားတစ်ပိုင်းတွေ ပုန်ကန်ကြလိမ့်မယ်... သူတို့ ပုန်ကန်တာနဲ့ မြေအောက်ဘုံအရှင်လေး ပဋိညာဉ်ကို ဖောက်ဖျက်မိလိမ့်မယ်”

ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ “မပုန်ကန်ရင် ဘာမှမဖြစ်ဘူး... ပုန်ကန်လို့ကတော့ တစ်ညတည်းနဲ့ နဂါးအ‌လောင်းတွေ ကောင်းကင်နတ်မြစ်အပေါ်မှာ ပေါလောမျောနေကြလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အမိကမ္ဘာမြေရဲ့ အကြီးမားဆုံးအန္တရာယ်က ဒီနေရာမှာ ဖြေရှင်းပြီးသွားလိမ့်မယ်... ဒီနေ့ကစပြီး ကောင်းကင်နတ်မြစ်မှာ အန္တရာယ်မရှိတော့ဘူး... ဒီနေ့ကစပြီး မြေအောက်ဘုံအရှင်လေးပဋိညာဉ်က ကြောက်မက်ဖွယ်ရာ အရှိန်အဝါနဲ့ ကမ္ဘာလောကကြီးကို လှုပ်ခတ်စေလိမ့်မယ်”

နဂါးထိန်းဧကရာဇ်မှာ တုန်လှုပ်သွားပြီး ထိုမြင်ကွင်းကို မတွေးရဲတော့ပေ။

ချင်စာလုံးမြေပြင်ထဲတွင် ခေါင်းကြီးကြီးကလေးကြီးက အလွန်စိတ်လှုပ်ရှားစွာဖြင့် ကျောက်စားပွဲ၌ ထိုင်စောင့်နေသည်။

ချင်မူ သူ့အရှေ့ရှိ နှစ်တစ်ရာတောင်သို့ ကြည့်ကာ ပြောလိုက်သည်။ “နဂါးထိန်းဧကရာဇ်၊ ပြန်ပြီး သူတို့နဲ့ မြေအောက်ဘုံအရှင်လေး ပဋိညာဉ်ချုပ်လိုက်.... ကောင်းကင်နတ်မြစ်ထဲက နတ်ဘုရားတစ်ပိုင်းတွေအနေနဲ့ နတ်ဘုရားဖြစ်နေသရွေ့ မြေအောက်ဘုံအရှင်လေး ပဋိညာဉ် မဖြစ်မနေ ချုပ်ဆိုရမယ်... သွားတော့”

“အမိန့်အတိုင်းပါ”

နဂါးထိန်းဧကရာဇ်က ရေထဲ ငုပ်လျှိုးကာ ပျောက်ကွယ်သွား၏။

ညှို့မှိုင်းနေသော ချင်မူ့မျက်နှာသည် ပြန်လည်ကြည်လင်သွားပြီး တောင်ပို့လေးအပေါ်ရှိ နတ်ဘုရားပိုင်ရှီကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “နတ်ဘုရားပိုင်ရှီ၊ ကျွန်တော် ခင်ဗျားကို လာတွေ့တာပါ”

နတ်ဘုရားပိုင်ရှီက ကမန်းကတန်း အရိုအသေပေးပြီး ပူပူညံညံ မပြောရဲပေ။ သို့သော် သူ့တွင်လည်း မကျေနပ်ချက် အနည်းငယ် ရှိနေသည်။ “သခင်ကြီး၊ စောစောက နဂါးထိန်းဧကရာဇ်လား.. အခု မာန်ဟုန်မြစ် မဟားတရား ကြီးလာတော့ သူက အချီကြီးပွနေပြီ... သခင်ကြီး၊ ငါ့ဘေးက တောင်တွေ မြင့်တယ်ထင်လား”

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ နှစ်တစ်ရာတောင်၏ဘေးတွင် ခမ်းနားမြင့်ထည်သော တောင်ထွတ်များဖြင့် မိုင်တစ်သောင်းအရှည် တောင်တန်းကြီးအား မြင်လိုက်ရသည်။ တောင်အပေါ်၌ ကျောင်းဆောင်များ၊ ဘုရားကျောင်းများစွာ တည်ဆောက်ထားပြီး ဆန်းကြယ်သားရဲကြီးများကိုလည်း တွေ့မြင်ရ၏။ တိမ်တိုက်များအထက်၌ ခုန်ပေါက်ပျံသန်းနေသော သမင်ကြီးများပင် ရှိကြသည်။

ချင်မူ နွေးထွေးစွာ ပြုံးလိုက်သည်။ “ဒီနေ့ကစပြီး ဒီတောင်ကို နှစ်တစ်ရာတောင်လို့ နာမည်ပြောင်းမယ်... ဘယ်လိုထင်လဲ”

All Chapters