တာအိုဂိုဏ်းခွဲ
Vol. 62 Ch. 826
နတ်ဘုရားပိုင်ရှီမှာ အံ့ဩဝမ်းသာသွားသော်လည်း ခေါင်းခါသည်။ “ဒီ ဆည်းဆာနေရောင်တောင်ရဲ့ နောက်ခံကို သခင်ကြီး မသိသေးဘူး... ဒီတောင်ပေါ်မှာ မိုင်တစ်သောင်းကျော် ရှည်လျားတဲ့ နတ်ဘုရားနိုင်ငံတော် တည်ထောင်ထားတယ်... အဲဒီနိုင်ငံထဲက နတ်ဘုရားတွေက သခင်ကြီးရဲ့စကားကို နားထောင့်ပါမလား... ဒီတောင်တန်းကို သိမ်းဖို့က မဖြစ်နိုင်လောက်အောင် ခက်ပါတယ်”
ချင်မူက မြစ်ကမ်းစပ်ရှိ တိကျန်းစီရင်စုဆီသို့ ဝင်လိုက်သည်။ သူက စာတစ်စောင် ရေး၍ နတ်ဘုရားပိုင်ရှီထံ ပေးလိုက်၏။ “ကျွန်တော့်စာကို ယူ၊ ဒီတောင်ရဲ့ တောင်နတ်မင်းဆီ သွားပြီး မနက်ဖြန် ကျွန်တော် လာမယ့်အကြောင်း ပြောလိုက်ပါ... ဒီတောင်ရဲ့ တောင်နတ်မင်းက မနေ့ညက ကျွန်တော့်ရဲ့ တိုက်ပွဲကို သေချာပေါက် မြင်ခဲ့လိမ့်မယ်... စာကို မြင်ရင် ခင်ဗျားကို အန္တရာယ်ပေးမှာမဟုတ်ဘူး”
နတ်ဘုရားပိုင်ရှီ တောင်ပေါ်တက်ရန် ပြင်လိုက်စဉ် တိကျန်းစီရင်စုအပြင်မှ ရှင်းလင်းပြတ်သားသောအသံတစ်သံ ပျံလွင့်လာသည်ကို ကြားလိုက်သည်။ “ဆည်းဆာနေရောင်တောင်၊ ခုနစ်ဆယ့်နှစ်ပါးသော ဂူတောင်နတ်မင်းတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အထက်နတ်ဘုရား လောကသခင်ခန္ဓာချင်ကို အရိုအသေပေးပါတယ်”
ချင်မူ အံ့အားသင့်သွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်မိသည်။ “ဒီတောင်နတ်မင်းတွေက မြန်ချက်ပဲ... ကောင်းကင်နတ်မြစ်ရဲ့ အဲဒီနဂါးဘုရင်တွေထက် မနှေးဘူး... ဝင်လာခိုင်းလိုက်”
နတ်ဘုရားပိုင်ရှီက မြို့ထဲမှ ချက်ချင်း ထွက်၍ သူတို့ကို ကြိုသည်။ တခဏကြာသော် တောင်အမျိုးမျိုးမှ တောင်နတ်မင်းတို့သည် နောက်လိုက်များနှင့်အတူ ဝင်လာကြ၏။ တလက်လက် တောက်ပြောင်နေသော ရတနာများကိုလည်း တန်းစီလျက် သယ်လာကြသည်။
တောင်နတ်မင်းတချို့တွင် သမင်ချိုများ ရှိကြပြီး တချို့က ကျားခေါင်းဖြစ်၏။ ခေါင်းတွင် သစ်ကိုင်းသစ်ခက်များ ပေါက်နေသည့် နတ်မင်းတချို့လည်း ပါသည်။ တစ်ပါးနှင့်တစ်ပါး ပုံပန်းသွင်ပြင်၊ အမျိုးအနွယ်များ မတူညီကြပေ။
ချင်မူက သူတို့အားလုံး အချိန်လာဆွဲနေမှန်း သိသည့်အတွက် အပြုံးတစ်ခုဖြင့် ကြိုဆိုရင်း နတ်ဘုရားပိုင်ရှီကို လက်ဆောင်ပဏ္ဍာများ လက်ခံခိုင်းလိုက်သည်။ “တောင်နတ်မင်းတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တောင်တွေကို စောင့်ရှောက်ပြီး အင်ပါယာကို ကာကွယ်ပေးနေတဲ့သူတွေပါ... သစ္စာမဖောက်သရွေ့ ကျွန်တော် နတ်မင်းတို့ကို မျက်နှာလွှဲခဲပစ် မလုပ်ပါဘူး.... ကျွန်တော်က ဒီတောင်ရဲ့ နာမည်ကို နှစ်တစ်ရာတောင်လို့ ပြောင်းပြီး နတ်ဘုရားပိုင်ရှီကို ဆည်းဆာနေရောင်တောင်ထွတ် ခုနစ်ဆယ့်နှစ်ခုရဲ့ အဓိကနတ်မင်းအဖြစ် ခန့်အပ်မလို့ တွေးနေတာ.... နတ်မင်းတို့ ဘယ်လိုထင်လဲ”
ဆည်းဆာနေရောင်တောင်၏ ခုနစ်ဆယ့်နှစ်ပါးသော ဂူတောင်နတ်မင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်ပြီး အထင်သေးသော အမူအရာများဖြင့် နတ်ဘုရားပိုင်ရှီဆီသို့ လှမ်းကြည့်ကြသည်။
တောင်နတ်မင်းတစ်ပါးက ရှေ့သို့ ထွက်လာကာ ပြောသည်။ “ဆရာချင်က အဝေးက လာတာဆိုတော့ မသိလောက်ဘူး... တကယ်တော့ ငါတို့ ဆည်းဆာနေရောင်တောင်ရဲ့ ဂူတောင်နတ်မင်း ခုနစ်ဆယ့်နှစ်ပါးမှာ အရှင်သခင်တစ်ပါး ရှိပြီးသားပါ... ဆည်းဆာနေရောင်တောင်က ချင်းယွင်ကောင်းကင်ဘုံရဲ့ အာဏာစက်အောက်မှာ တည်တယ်... ကမ္ဘာဦးဘုံ ချိတ်ပိတ်ခံထားရတုန်းက ဆည်းဆာနေရောင်တောင်လည်း ချင်းယွင်ကောင်းကင်ဘုံနဲ့အတူ ချိတ်ပိတ်ခံခဲ့ရတယ်... ငါတို့တောင်နတ်မင်းတွေဟာ ငါတို့အရှင်သခင်အစား နယ်မြေကို စောင့်ရှောက်ပေးရုံသက်သက်ပဲ... ငါတို့က တောင်ပေါ်က နတ်ဘုရားနိုင်ငံတော်ဆီကနေ မြေငှားခ တောင်းခံပြီး လူသားတွေကို စောင့်ရှောက်ပေးတာပါ”
သမင်ချိုနှင့် တောင်နတ်မင်းတစ်ပါးက ယဉ်ကျေးစွာ ဝင်ပြော၏။ “ချုံဧကရာဇ်ခေတ်တုန်းက ကျုပ်တို့ဂူတောင်နတ်မင်းခုနစ်ဆယ့်နှစ်ပါးက ချင်းယွင်ကောင်းကင်ဘုံနဲ့ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ချုပ်ဆိုခဲ့ပါတယ်... ဒါကြောင့် အဲဒီပဋိညာဉ်ကို သွေဖီလို့မရဘူး... လောကသခင်ခန္ဓာချင်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးလို့ရမလား... ပဋိညာဉ်ကို ချိုးဖောက်လိုက်ရင် ကျုပ်တို့ သေရပါလိမ့်မယ်”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ဤတောင်နတ်မင်းများသည် ချင်းယွင်ကောင်းကင်ဘုံဖြင့် မြေအောက်ဘုံအရှင်သခင်ပဋိညာဉ် ချုပ်ဆိုထားသည့်အတွက် ဆူးညှောင့်ပြဿနာတစ်ခု ဖြစ်လာခဲ့ချေပြီ။
“ချင်းယွင်ကောင်းကင်ဘုံက ဘယ်မှာလဲ” သူက မေးလိုက်သည်။
တောင်နတ်မင်းများက ကောင်းကင်ဆီသို့ လက်ညှိုးထိုးပြ၍ ချင်မူ မော့ကြည့်လိုက်သည်။ ဆည်းဆာနေရောင်တောင်၏ ကောင်းကင်ထဲတွင် ဆယ်မိုင်ကျော် ဆန့်တန်းနေသော သက်တံရှည်တစ်စင်းသဖွယ် အစိမ်းရောင်အလင်း တောက်ပနေ၏။ အလင်းရောင်က မလှုပ်ရှားဘဲ တောင်ပေါ်တွင် ပျံဝဲနေခြင်း ဖြစ်သည်။
အစိမ်းရောင်အလင်း၏ အရှည်မှာ ကြောက်စရာကောင်းလွန်း၍ အဝေးမှ လှမ်းကြည့်လျှင် ကောင်းကင်ဘုံတစ်ဘုံ ဖြစ်ကြောင်း မည်သူမှ ပြောနိုင်မည်မဟုတ်ပေ။
“ဆည်းဆာနေရောင်တောင်မှာ ပိုင်ရှင်လည်း ရှိ၊ ခင်ဗျားတို့အနေနဲ့လည်း မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ချုပ်ဆိုထားရတော့ ကျွန်တော် ဒုက္ခပေးရင် ဘယ်ကောင်းတော့မလဲ”
ချင်မူက တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေပြီးနောက် ပြော၏။ “ဒီလိုဖြစ်လာမှတော့ ခင်ဗျားတို့ကို သတ်ဖို့ပဲ ရှိတော့တယ်....”
ခုနစ်ဆယ့်နှစ်ခုသော ဂူတို့၏ တောင်နတ်မင်းများမှာ အကြီးအကျယ် မျက်နှာပျက်ကုန်ကြပြီး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်နေကြသည်။ ထိုစဉ် ကောင်းကင်ထက်မှ တဟားဟား ရယ်သံ ထွက်ပေါ်လာကာ အစိမ်းရောင်ဝတ်ရုံနှင့် ရသေ့ပျိုတစ်ယောက်သည် အစိမ်းရောင်အလင်းကို နင်း၍ ကောင်းကင်ထက်မှ ဆင်းသက်လာ၏။
“အင်ပါယာက သေးငယ်ပေမယ့် မာန်ကတော့ မချဘူး... အင်အားနည်းပေမယ့် အားကြီးသူကို မကြောက်ဘူး... အိမ်နီးချင်းတွေအပေါ် ရိုင်းပျပြီး ပျက်ရယ်ပြု၊ လောဘကြီးပြီး ခေါင်းမာတဲ့ အဲဒီလူတွေဟာ သေကို သေသင့်တယ်...
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုမှာ သူရဲကောင်းသုံးယောက် ရှိတယ်ကြားတယ်... ပထမတစ်ယောက်က အမြော်အမြင်ကြီးမားပြီး အရည်အချင်းပြည့်ဝတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ယန်ဖုန်း... ဒုတိယတစ်ယောက်က တစ်လောကလုံးကို ဉာဏ်ပညာနဲ့ စိုးမိုးပြီး နယ်မြေအသစ်တွေ ဖွင့်လှစ်နိုင်တဲ့ ပါရမီရှင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ... တတိယတစ်ယောက်က သူတော်စင်တန်ခိုးရှင်လမ်းစဉ်ကို တစ်ယောက်တည်း ရှေ့တွန်းပို့နေတဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ လောကသခင်ခန္ဓာချင်မူ ... ငါ မင်းတို့သုံးယောက်ရဲ့ ဂုဏ်သတင်းတွေ ကြားဖူးပေမယ့် ဒီနေ့ လောကသခင်ခန္ဓာချင်နဲ့ တွေ့မှပဲ ကြားထားရတဲ့ ဂုဏ်သတင်းတွေနဲ့ တခြားဖြစ်နေမှန်း သိတော့တယ်...”
ချင်မူက ကျယ်လောင်စွာ ရယ်လိုက်ပြီး ထရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “နောင်တော်က ငါ့ကို အပြစ်တင်နေတာပဲ... နောင်တော် ဘယ်ကလာတာလဲ သိခွင့်ရှိမလား”
အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်သည် မြို့ထဲသို့ ဆင်းသက်လာကာ ချင်မူ့ကို နှုတ်ဆက်၏။ “ချင်းယွင်ကောင်းကင်ဘုံက... ငါက ချင်းယွင်ကောင်းကင်ဘုံရဲ့ ယွီချိန်... တွေ့ရတာ ဝမ်းသာပါတယ်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်... ငါ့ချင်းယွင်ကောင်းကင်ဘုံက တာအိုဂိုဏ်းရဲ့ အခွဲတစ်ခွဲပါ... ချင်းယွင်ကောင်းကင်ဘုံရဲ့ လက်အောက်မှာ နတ်ဘုရားနိုင်ငံ နှစ်ဆယ့်လေးနိုင်ငံ ရှိတယ်... ဒီဆည်းဆာနေရောင်တောင်က အဲဒီနိုင်ငံတွေထဲက တစ်နိုင်ငံပဲ”
ချင်မူ ချက်ချင်း မျက်နှာပျက်သွားပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒါက တာအိုသခင်လင်းရွှမ်ရဲ့ ပိုင်နက် ဖြစ်သွားပြီပေါ့... ငါ အခု သိမ်းလို့ မကောင်းတော့ဘူး’
သို့သော် ချင်မူ အနည်းငယ် စိတ်သက်သာရာရသွား၏။
သူ ဆည်းဆာနေရောင်တောင်ကို သိမ်းရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းသည် အမိကမ္ဘာမြေ၏ အမိန့်ကြောင့် ဤတောင်နတ်မင်းများ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူတို့ကို သတ်မည်စိုး၍ ဖြစ်၏။
ယခုတွင် ဆည်းဆာနေရောင်တောင်က တာအိုဂိုဏ်း၏ ပိုင်နက်ဖြစ်နေချေရာ အခြေအနေများ ပိုမိုရှိးရှင်းသွားချေပြီ။
နတ်ဘုရားပိုင်ရှီမှာတော့ ဒုက္ခခံ၍ နှစ်တစ်ရာတောင်ပို့လေး၏ တောင်နတ်မင်းတစ်ပါး ဆက်လုပ်ရုံသာ ရှိလိမ့်မည်။
အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်က မြင်းမြီးယပ်ကို တံတောင်ကွေးအပေါ်တွင် တင်လျက် ပြောသည်။ “လောကသခင်ခန္ဓာချင်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကိုယ်စားပြုပြီး ဒီကို လာတာလား... ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကိုယ်စားပြုတာလား”
ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။
ယွီချိန်က ပြောသည်။ “မင်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကိုယ်စားပြုရင် ကွန်ဖြူးရှပ်ဒဿနပြိုင်ပွဲ လုပ်မယ် ... ငါ့ချင်းယွင်ကောင်းကင်ဘုံက ချင်းယွင်ဂိုဏ်းပဲ ... ဒါကြောင့် ငါတို့ ဂိုဏ်းစာပေချင်း ပြိုင်မယ်၊ မှော်အစီအရင်၊ ကောင်းကင်နတ်သိုင်းချင်း ပြိုင်မယ်... မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကိုယ်စားပြုရင် ငါ့ချင်းယွင်ဂိုဏ်းက ငါတို့နတ်ဘုရားနိုင်ငံတော် နှစ်ဆယ့်လေးနိုင်ငံဆီက စစ်သည်တော်တွေကို စုစည်းမယ်... စစ်တပ်နှစ်ခု စစ်ရေးအခင်းအကျင်းချင်း ပြိုင်မယ်”
ချင်မူ သမ်းလိုက်ပြီး ပြုံးလိုက်၏။ “နောင်တော်ယွီချိန်၊ တာအိုဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း ရှိပါတယ်... တာအိုဂိုဏ်းရဲ့ တာအိုသခင်လင်းရွှမ်က ကျွန်တော့်ရဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းပဲ... တစ်မိသားစုတည်းပဲဟာ ပြိုင်စရာမလိုပါဘူး”
ယွီချိန်က ခေါင်းယမ်းသည်။ “အောက်ဘုံရဲ့ တာအိုဂိုဏ်းက ဂိုဏ်းအစစ်မဟုတ်ဘူး... ကောင်းကင်နတ်ဘုံထဲက တာအိုဂိုဏ်းကမှ တကယ့်တာအိုဂိုဏ်းပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုဂိုဏ်းအနေနဲ့ ဂိုဏ်းခွဲအဖြစ်တောင် ဘောင်မဝင်ဘူး... လမ်းမှန်ကနေ သွေဖီသွားတဲ့ ခြေသလုံးအိမ်တိုင် ဂိုဏ်းသားတွေ တည်ထောင်ထားတဲ့ ဂိုဏ်းသာသာပဲ ရှိတယ်”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားကာ မေးလိုက်သည်။ “တာအိုသခင်လင်းရွှမ်ကို အသိအမှတ်မပြုရင် တာအိုဂိုဏ်းရဲ့ တာအိုဘိုးဘေးကြီးကိုရော အသိအမှတ်ပြုလား”
ယွီချိန်က လေးနက်တည်ကြည်စွာ ပြော၏။ “တာအိုဘိုးဘေးကြီးက တာအိုဂိုဏ်းရဲ့ မူလအစ၊ တာအိုအားလုံးရဲ့ ဘိုးဘေးကြီးပဲ... ငါတို့ အသိအမှတ်ပြုတာပေါ့”
“တာအိုဘိုးဘေးကြီးက ချင်းယွင်ကောင်းကင်ဘုံမှာလား” ချင်မူ မေးလိုက်သည်။
ယွီချင်သည် ခေါင်းခါပြပြီး အနည်းငယ် စိတ်မရှည်ဖြစ်နေ၏။ “ဒါဆို လောကသခင်ခန္ဓာချင်၊ ပြိုင်မှာလား၊ ငြိမ်းချမ်းရေးယူမှာလား”
ချင်မူက တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေပြီးနောက် အပြုံးတစ်ခုဖြင့် ခေါင်းယမ်းသည်။ “နောင်တော်က တာအိုရသေ့တစ်ပါး ဖြစ်ပြီး စိတ်ဆတ်လွန်းတယ်... တာအိုဂိုဏ်းက အမူအကျင့်ကို အလေးထားပြီး စိတ်ကို ကျင့်ကြံတယ်... နောင်တော်ရဲ့ အမူအကျင့်တွေ ဘယ်ရောက်သွားမှန်း ငါ မသိဘူး... တာအိုဘိုးဘေးကြီးက ချင်းယွင်ကောင်းကင်ဘုံမှာလား”
ယွီချိန် မျက်မှောင်ကြုတ်သွားပြီး စကားပြောတော့မည့်အချိန် မင်္ဂလာတိမ်တိုက်များက ကောင်းကင်ထဲမှ လွင့်မျောလာသည်။ တိမ်တိုက်ထဲတွင် ပျံသန်းနေသော နဂါးဖြူတစ်ကောင် ရှိနေ၏။ တိမ်တိုက်က ရုတ်တရက် ရပ်သွားပြီး နဂါး၏ကျောပေါ်မှ တာအိုသခင်လင်းရွှမ်၏အသံ ထွက်လာသည်။ သူက တအံ့တဩ လှမ်းခေါ်သည်။ “ဂိုဏ်းသခင်ချင်၊ ဘာလို့ ဒီရောက်နေတာတုန်း”
တိမ်တိုက်က အောက်သို့ နိမ့်ဆင်းလာကာ မြို့ထဲသို့ ဆင်းသက်ပြီးနောက် ပြိုကွဲသွားသည်။ တာအိုသခင်လင်းရွှမ်နှင့် တာအိုသခင်ချာက နဂါးကျောပေါ်မှ ခုန်ဆင်းလာ၏။ လင်းရွှမ် နဂါးအမြီးကို ဆုပ်ကိုင်၍ ခါလိုက်သည့်အခါ နဂါးဖြူသည် မြင်းမြီးယပ်အသွင် ပြောင်း၍ သူ၏တံတောင်ကွေးပေါ်သို့ ညင်ညင်သာသာ တင်သွားသည်။
တာအိုရသေ့ချာက တောင်နတ်မင်းခုနစ်ဆယ့်နှစ်ပါးကို ကြည့်ပြီး ယွီချိန်ဆီသို့ ကြည့်သည်။ ထို့နောက် ချင်မူ့အနား ကပ်ကာ တိုးတိုးမေး၏။ “တိုက်ပွဲလား”
ချင်မူ အသာအယာ ခေါင်းခါလိုက်သည်။ “တိုက်ပွဲမဟုတ်ဘူး... ဆွေးနွေးပွဲပါ... ဒီတာအိုရသေ့က တာအိုဂိုဏ်းရဲ့ ချင်းယွင်ဂိုဏ်းကတဲ့... ဒီတောင်နတ်မင်းတွေကလည်း ချင်းယွင်ဂိုဏ်းရဲ့ ပိုင်နက်ကို ကူညီကြည့်ရှုပေးနေတာတဲ့... တာအိုသခင်လင်းရွှမ်၊ မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဆက်သတဲ့ အခွန်အခက နည်းလွန်းတယ် ထင်တယ်နော်.... တာအိုဂိုဏ်းခွဲလေးတစ်ခွဲမှာတင် နတ်ဘုရားနိုင်ငံတော် နှစ်ဆယ့်လေးနိုင်ငံ ရှိတယ်တဲ့... ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ”
တာအိုသခင်လင်းရွှမ်က ကျေနပ်စွာ ပြုံး၍ ခပ်တိုးတိုး ပြန်ပြောသည်။ “ငါ ဒီကို လာရတဲ့ အကြောင်းရင်းကလည်း တာအိုဂိုဏ်းခွဲ၊ ချင်းယွင်ဂိုဏ်းဆိုတာ ပေါ်လာတယ်ကြားလို့ တစ်ချက်လာကြည့်တာ”
တာအိုရသေ့ချာသည် ယွီချိန်ကို အကဲခတ်၍ စိတ်ရှုပ်ထွေးစွာ မေး၏။ “ချင်းယွင်ဂိုဏ်းက တကယ်ပဲ တာအိုဂိုဏ်းရဲ့ ဂိုဏ်းခွဲ ဟုတ်ရဲ့လား”
ယွီချိန်က ခေါင်းခါကာ ပြောသည်။ “ငါ့ချင်းယွင်ဂိုဏ်းက တာအိုဂိုဏ်းရဲ့ ဂိုဏ်းခွဲ ဟုတ်ပေမယ့် မင်းတို့တာအိုဂိုဏ်းရဲ့ အခွဲမဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက မင်းတို့ တာအိုဂိုဏ်းက ဂိုဏ်းအစစ်မဟုတ်ဘူး... တာအိုဂိုဏ်းအစစ်က ကောင်းကင်နတ်ဘုံမှာ ရှိတယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုဂိုဏ်းက အတုပဲ”
တာအိုသခင်လင်းရွှမ်က သူ၏စိတ်နေစိတ်ထားကို အထင်သေးသွားသည်။ “အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် အကုန်လုံး တာအိုဂိုဏ်းပါပဲ... ငါ ချင်းယွင်ကောင်းကင်ဘုံဆီ သွားပြီး တာအိုဂိုဏ်းရဲ့ နောင်တော်တွေနဲ့ တွေ့ခွင့်ရမလား... တာအိုဘိုးဘေးကြီးကိုလည်း အရိုအသေပေးချင်တယ်”
ယွီချိန် တခဏ တွန့်ဆုတ်သွားသည်။ “သွားလို့ရတယ်... ဒါပေမဲ့ ဘာမှ မျှော်လင့်မထားနဲ့... မင်းတို့တာအိုဂိုဏ်းက ဘာမှမဟုတ်တဲ့ ဂိုဏ်းလေး... မင်းတို့မှာ အစစ်အမှန်ပညာတွေ အသာထား၊ အစစ်အမှန်အခြေခံတောင် မရှိဘူး... ဒါ့အပြင် တာအိုဘိုးဘေးကြီးကလည်း ချင်းယွင်ကောင်းကင်ဘုံမှာ မဟုတ်ဘူး... ကောင်းကင်နတ်ဘုံမှာလို့ ကြားတယ်”
တာအိုရသေ့ချာက သရော်တော်တော် ဝင်ပြော၏။ “ငါတို့က ဘာမှမဟုတ်တဲ့ဂိုဏ်းလေး ဟုတ်လား... ငါ တာအိုဘိုးဘေးကြီး အတူကျင့်ကြံခဲ့တုန်းက မင်း မွေးတောင်မမွေးသေးဘူး... အနည်းဆုံးတော့ ငါတို့တာအိုဂိုဏ်းကလည်း ခိုင်ဧကရာဇ်ခေတ်မှာ ထင်ရှားကျော်ကြားခဲ့မှန်း မင်း သိသင့်တယ်”
ယွီချိန်က ခေါင်းခါသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုဂိုဏ်းကလည်း အစထဲက အတုပဲ... တာအိုဂိုဏ်းရဲ့ အစွန့်ပစ်ခံဂိုဏ်းသားတွေ တည်ထောင်ထားတာ... ဂိုဏ်းအစစ်မဟုတ်ဘူး”
တာအိုရသေ့ချာသည် ဒေါသများဖြင့် ရယ်လိုက်ပြီး ခွန်းတုံ့ပြန်တော့မည့်အချိန် တာအိုရသေ့လင်းရွှမ်က ခေါင်းယမ်းပြသည်။ “အတု၊ အစစ် ငြင်းနေစရာမလိုပါဘူး... တာအိုက အစစ်ဖြစ်တာကြောင့် တာအိုဂိုဏ်းက အတုမဖြစ်နိုင်ဘူး”
တာအိုရသေ့ချာ တခဏ မှင်သက်သွားပြီးနောက် ချီူးကျူးလိုက်သည်။ “တာအိုသခင်က အမြင်ကျယ်ပြီး စိတ်ထားမြင့်မြတ်ပါပေတယ်... တာအိုသခင် ဖြစ်နေတာ အံ့ဩစရာမရှိဘူး”
တာအိုသခင်လင်းရွှမ်က ချင်မူ့ကို ပြန်ရန် ပြောသည့်အခါ ချင်မူသည် ကပျာကယာ ပြော၏။ “ငါလည်း တာအိုဘိုးဘေးကြီးနဲ့ မိတ်ဆွေဟောင်းတွေပဲ... ခဏလောက်စောင့်... ငါ့ညီလေးယွီကို လှမ်းခေါ်ခိုင်းလိုက်ဦးမယ်... ပြီးရင် မင်းနဲ့ ချင်းယွင်ကောင်းကင်ဘုံဆီ လိုက်ခဲ့မယ်.. ငါက နာမည်ကြီးပြီး မျက်နှာလည်း ကြီးတော့ ငါပါရင် ဘယ်သူမှ မင်းတို့ကို ပြဿနာမရှာရဲပါဘူး”
တာအိုသခင်လင်းရွှမ် ကြိတ်၍ ညည်းတွားနေပြီး တာအိုရသေ့ချာကလည်း မျက်စပစ်ပြကာ ချက်ချင်း ထွက်သွားရန် အချက်ပြနေသည်။
သို့သော် လင်းရွှမ်မှာ တာအိုသခင်ဖြစ်သည့်အလျောက် အရှက်ကြီးသည်။ ထို့အပြင် ချင်မူနှင့်လည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ချေရာ မည်သို့လုပ်ရမည်မှန် မသိတော့ပေ။
‘ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ ရောက်တဲ့နေရာမှာ ဖျက်စီးတတ်တဲ့ ဖျက်စီးရေးသမားချင်၊ သူ ဘယ်သွားသွား ကပ်ဘေးတွေ လိုက်လာလို့ ကပ်ဘေးချင်လို့လည်း ခေါ်ကြတယ်....... ရောက်ရာအရပ်မှာ လူတွေကို ရိုက်တတ်လွန်းလို့ လက်သီးသမားချင်လို့လည်း ခေါ်ကြသေးတယ်’
တာအိုသခင်လင်းရွှမ် ဆုံးဖြတ်ရခက်နေသည်။ ‘ငါ သူ့ကို ငြင်းသင့်လား... သူက အရှက်မှ မရှိတာ၊ ငြင်းလို့လည်း မရဘူးထင်ပါတယ်..’
ချင်မူသည် အပြုံးပန်းများ ဝေဆာစွာဖြင့် နတ်ဘုရားပိုင်ရှီကို နဂါးထိန်းဧကရာဇ်ဆီ သွား၍ အကြောင်းကြားစေပြီး ကောင်းကင်နတ်အရှင်ယွီအား ခေါ်လာခိုင်းလိုက်သည်။
နတ်ဘုရားပိုင်ရှီလည်း အလျင်အမြန် ထွက်သွားပြီး တစ်နာရီကြာသော် နဂါးထိန်းဧကရာဇ်သည် ကောင်းကင်နတ်အရှင်ယွီကို သယ်၍ တိကျန်းစီရင်စုသို့ ရောက်လာ၏။ ချင်မူကား စိတ်အားတရှိန်းရှိန်း တက်ကြွနေပြီး ကောင်းကင်နတ်အရှင်ယွီဆီသို့ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ မင်းကို မိတ်ဆွေဟောင်းကြီးတစ်ယောက်နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်... အဲဒီတာအိုရသေ့အိုကြီးက ငယ်ငယ်တုန်းက ငါနဲ့မင်းဆီကနေ အကျိုးအမြတ်တွေ ရခဲ့တာသိလား.. အခု အတိုးနဲ့အရင်းပေါင်းပြီး သိမ်းဖို့ အချိန်ကျပြီ”
ကောင်းကင်နတ်အရှင်ယွီမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ “မိတ်ဆွေဟောင်းဟုတ်လား”
ချင်မူက လောနေသည်။ “တာအိုသခင်၊ နောင်တော်ယွီချိန် သွားစို့၊ ချင်းယွင်ကောင်းကင်ဘုံဆီ မြန်မြန်သွားစို့... မှောင်တော့မယ်”
တာအိုရသေ့ယွီချိန်လည်း မျက်မှောင်ကြုတ်သွားသည်။ ‘ဘာလို့ လောကသခင်ခန္ဓာချင် ရင်းနှီးသလို လုပ်နေတာလဲ’
သူတို့ ထွက်သွားတော့မည့်အချိန် နတ်ဘုရားပိုင်ရှီသည် အားတုံ့အားနာ ပြုံး၍ မေး၏။ “သခင်ကြီး၊ နှစ်တစ်ရာတောင်....”
ချင်မူ တခဏတွေးကာ ပြောလိုက်သည်။ “ဆည်းဆာနေရောင်တောင်က တာအိုဂိုဏ်းရဲ့ ပိုင်နက်ဆိုတော့ ဒီမှာ ခဏတဖြုတ်လောက် ဒုက္ခခံလိုက်ပါဦး... ဗိုက်ဆာရင် နဂါးထိန်းဧကရာဇ်ဆီက တောင်းစားကြည့်... နဂါးထိန်းဧကရာဇ်က ကောင်းကင်နတ်မြစ်နဂါးမင်း ဆိုတော့ လက်ဖျားငွေသီးနေပြီ.....”
နတ်ဘုရားပိုင်ရှီမှာ ငိုချင်သော်လည်း ကျစရာ မျက်ရည်မရှိပေ။ နဂါးထိန်းဧကရာဇ်ဆီသို့ သူ လှမ်းကြည့်သည့်အခါ နဂါးထိန်းဧကရာဇ် အတော်လေး ကျေနပ်နေကြောင်း မြင်လိုက်ရသည်။
ချင်မူက နဂါးချီလင်၏ကျောပေါ်တွင် တက်ထိုင်လိုက်ပြီး နဂါးချီလင်၏ ခြေထောက်အောက်၌ မီးလျှံတိမ်တိုက်များ ဖွဲ့တည်လာသည်။ နဂါးချီလင်က မီးတိမ်တိုက်များကို နင်းလျက် တာအိုရသေ့ယွီချိန်၊ တာအိုသခင်လင်းရွှမ်နှင့် ကျန်ရှိသူများနောက် လိုက်သွားသည်။
ချင်မူ့ဘေး၌ ကောင်းကင်နတ်အရှင်ယွီသည် ရေချီလင်အပေါ်တွင် ထိုင်ကာ ချီတုံချတုံ ဖြစ်နေသည်။ နောက်ဆုံးတော့ သူက စိတ်ပိုင်းဖြတ်လိုက်ပြီး မေးလေသည်။ “အစ်ကိုကြီး၊ ဒီမိတ်ဆွေဟောင်းကြီးက ကျွန်တော့်အကြောင်း သိလောက်လား... ကျွန်တော့်ကို ကောက်ရခဲ့တာမှန်းတော့ သိပေမယ့် မိဘအရင်းတွေ ဘယ်ရောက်နေလဲ သိချင်လို့ပါ...”