← Chapters

နက္ခတ်ဧကရာဇ်ထွက်လာပြီ

Vol. 85 Ch. 1190

နက္ခတ်ဧကရာဇ်ထွက်လာပြီ

Vol. 85 Ch. 1190

အခန်း (၁၁၉၀) နက္ခတ်ဧကရာဇ်ထွက်လာပြီ

အနက်ရောင်နတ်ဘုရားရုပ်တုကြီး ပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲအသွင် ပြန်လည်ထွက်ပေါ်လာသည်။ သူ၏ရုပ်သွင်က သွေးရေကန်ဘေးနားတွင် ထွက်ပေါ်လာခြင်းပင်။

ရန်ကျောက်ကဲက စိတ်ထဲမှ မငြိမ်သက်သောအတွေးများကို မျိုသိပ်ထားရင်း သွေး‌ရေကန်ထဲမှ ဖြည်းညင်းစွာထွက်ပေါ်လာသော သွေးနီရောင်ဓားကို ကြည့်လိုက်သည်။

နက္ခတ်ဧကရာဇ် လက်တစ်ဖက်လှုပ်ရှားလိုက်သည်နှင့် ညစ်ညမ်းသော သွေးရည်များထဲမှ ဓားအလင်းတန်းတစ်ခု ပျံသန်းထွက်ခွာလာပြီး သူ့လက်ထဲသို့ ကျရောက်သွားသည်။

ထို့နောက် နက္ခတ်ဧကရာဇ်က ဓားဖြင့် ထပ်မံခုတ်ပိုင်းချလိုက်သည်။

ဓားအလင်းတန်းက ဒြပ်ထုမရှိဘဲ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။

သွေးနီရောင်အလင်းတန်းက ရေခဲပြင်ကိုဖြတ်သွားပြီး အပြင်ဘက်ရှိ နတ်ဆိုးရုပ်အလောင်းများကြား ဖြတ်သန်းသွားသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

ဓားအလင်းတန်းက အရှေ့သို့ ဆက်လက်ရွေ့လျားသွားပြီး နောက်ဆုံးတွင် ဤ အေးစိမ့်စမ်းချောင်းနယ်မြေကို ဖြတ်ကျော်သွားသည်။

ရေခဲပြာရောင်မိစ္ဆာအလင်းများက အဖြူရောင်စည်းတံဆိပ်ထက်တွင် တောက်ပနေဆဲဖြစ်ပြီး သွေးနီရောင်ဓားအလင်းတန်းနှင့် ရောယှက်သွားသည်။

ထို့နောက် သွေးနီရောင်ဓားအလင်းတန်းက ဗလာနယ်ကိုဖြတ်ကျော်ပြီး အဖြူရောင်စည်းတံဆိပ်အား ခုတ်ပိုင်းချလိုက်သည်။

ငရဲကိုးထပ်နယ်မြေတွင်ရှိနေသော မိန်းမပျိုဧကရာဇ်က မြင်ကွင်းကို တောက်ပသည့်မျက်ဝန်းများဖြင့် ကြည့်နေသည်။

ထို့နောက် သူမက လက်ကိုလှည့်ကာ အလင်းဒြပ်ထုစက်ဝန်းကြီးကို တည့်တည့်မတ်မတ် ရိုက်ချလိုက်သည်။

အလင်းဒြပ်ထုစက်ဝန်း အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး လေထုထဲမျ အဖြူရောင်စည်းတံဆိပ်က ရုတ်တရက် ကျယ်ပြန့်လာသည်။

တစ်ချိန်တည်းပင် အပြာရောင်အလင်းတန်းက ပိုမိုလျှင်မြန်စွာ တောက်ပလာပြီး ပတ်ပတ်လည်တွင်ရှိနေသော သွေးစီးကြောင်းများ ကျိုးပျက်သွားသည်။

မိန်းမပျိုဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဧကရာဇ် (၂)ပါးကို လုံးဝ အရေးမစိုက်ဘဲ ရေခဲပြာရောင်အလင်းတန်းအဖြစ်ပြောင်းလဲပြီး ဗလာနယ်ကိုထိုးခွင်းကာ မိုးနှင့်မြေကို ပိုင်းခြားမည့် ဓားသွားပမာ အဖြူရောင်စည်းတံဆိပ်ဆီသို့ ပျံသန်းသွားသည်။

သူက အေးစက်စွာ ကြုံးဝါးလိုက်ပြီး ဓားဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းချလိုက်သည်။ သူမ၏ဓားသွားကျရောက်သည့်နေရာတိုင်း တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ထိုအချိန်တွင် စကြဝဠာတစ်ခုလုံး အေးစက်တိတ်ဆိတ်သောကမ္ဘာတစ်ခု ဖြစ်လာသည့်ပမာပင်။

မိန်းမပျိုဧကရာဇ်က ဤတိုက်ခိုက်မှုအတွက် သူမ၏တန်ခိုးစွမ်းအားကုန် အသုံးချခဲ့သည်မှာ ထင်ရှားသည်။

မြင်ကွင်းကိုကြည့်ရင်း ဟုန်တိဧကရာဇ်နှင့် ငြိမ်သက်ဧကရာဇ်တို့ တုန်လှုပ်သွားကြသည်။

“သူသာ ငါတို့ကို ဒီလိုမျိုး တိုက်ခိုက်ခဲ့မယ်ဆိုရင်...”

သို့သော် မိန်းမပျိုဧကရာဇ် မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားပါစေ တစ္ဆေတစ်ကောင်နှင့်ဆင်တူသည့် သွေးနီရောင်ဓားအလင်းတန်းကိုတော့ ရပ်တန့်နိုင်ခြင်း မရှိခဲ့ပေ။

‌ရေခဲပြာရောင်ဓားအလင်းတန်းက ဗလာနယ်ထဲတွင် ဖြတ်သန်းတောက်ပသွားပြီး သွေးနီရောင်အလင်းတန်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သို့သော် မိန်းမပျိုဧကရာဇ်၏ဓားက မည်မျှအစွမ်းထက်သည်ဆိုစေကာမူ ပုံရိပ်ယောင်သက်တံ့တစ်ခုပမာဖြစ်နေသည့် သွေးနီရောင်ဓားအလင်းတန်းအား ထိုးနှက်နိုင်ခြင်းမရှိသလို ရပ်တန့်နိုင်ခြင်းလည်း မရှိပေ။

ပုံရိပ်ယောင်သက်တံ့ဖြစ်၍သာ တော်တော့သည်။ တကယ့်သက်တံ့အစစ်ဆိုလျှင် မိန်းမပျိုဧကရာဇ်သည်ပင် ထိုဓားအလင်းတန်းကြောင့် ချက်ချင်းအေးခဲပြီး ပျောက်ကွယ်သွားနိုင်သည်။

သို့သော် နက္ခတ်ဧကရာဇ်၏ဓားက အခြားကမ္ဘာမှဓားတစ်လက်ပမာဖြစ်ပြီး မိန်းမပျိုဧကရာဇ်မှာ မည်သို့မှ တတ်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် အဖြူရောင်စည်းတံဆိပ်ထက်သို့ အသဲအသန်ထိုးနှက်နေသည့် သွေးနီရောင်ဓားအလင်းတန်းကို မည်သို့မှ မတတ်နိုင်စွာ စောင့်ကြည့်နေခဲ့ရသည်။

သွေးနီရောင်စီးကြောင်းများက သွေးနီရောင်ဓားအလင်းတန်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပိုမိုထူထပ်လာကာ နက်ရှိုင်းသည့်အက်ကွဲကြောင်းများပမာ ဖြစ်ပေါ်လာသည်။

ထို့နောက် ထိုသိပ်သည်းသောအက်ကွဲကြောင်းများ အတူတကွ ပေါင်းစည်းသွားပြီး အဖြူရောင်စည်းတံဆိပ် ကြေမွပျက်ဆီးသွားလေသည်။

“ရွှမ်ကျုန်း...”

မိန်းမပျိုဧကရာဇ် အော်ဟစ်လိုက်သည်။

အခြားသူများရှေ့တွင် ကျဲ့မင်ခုန် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုလွတ်သွားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူမက အေးစိမ့်စမ်းချောင်းနယ်မြေအား မျက်လုံးတစ်ချက်ဝေ့ကာ ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများက ဝမ်းနည်းမှုများဖြင့် ပြည့်နက်နေသည်။

အဖြူရောင်စည်းတံဆိပ် အပိုင်းပိုင်းကွဲအက်သွားသည့်အခါ ရေခဲမြစ်အောက်ခြေတွင်ရှိသော နက္ခတ်ဧကရာဇ်ထံမှ ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။

ကောင်းကင်ထိတိုင်မြင့်မားသော အေးခဲနေသည့်ရေခဲတိုင်လုံးကြီးသည် ဤအခိုက်အတန့်တွင် ပြင်းထန်စွာ လှုပ်ခါစပြုလာပြီး မရေမတွက်နိုင်သော ရေခဲအပိုင်းအစများက အောက်ဘက်ရှိ ရေခဲပင်လယ်အတွင်း ကျဆင်းကုန်ကြသည်။

ထိုအချိန် နက္ခတ်ဧကရာဇ်၏နဖူးထက်မှ နတ်ဆိုးအင်းသင်္ကေတက ကြောက်စရာကောင်းစွာ တွန့်လိမ်သွားပြီး များပြားလှသော နတ်ဆိုးချီစွမ်းအားများ ထွက်ပေါ်လာသည်။

ပြင်းထန်ပြီးသီးသန့်ဆန်သော နတ်ဆိုးချီစွမ်းအားများက ဘေးနားတွင်ထိုင်နေသော ရန်ကျောက်ကဲကိုပင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတော့လောက်အောင် ဖြစ်သွားစေသည်။

နောက်ဆုံးမှာတော့ ကြီးမားလှသော ရေခဲတိုင်လုံးကြီးအား နတ်ဆိုးချီစွမ်းအားများ ဖုံးလွှမ်းသွားပြီး အပိုင်းပိုင်းအက်ကွဲပြိုကျသွားသည်။

ရေခဲတိုင်လုံးကြီးပြိုကျသွားသည်နှင့် မိုးနှင့်မြေကြားတွင် မားမားမတ်မတ်ရပ်တည်နေသော နက္ခတ်ဧကရာဇ်၏ရုပ်သွင် ထွက်ပေါ်လာသည်။

ထို့နောက်သူက မျက်လုံးများကို မှေးမှိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

သူ၏နဖူးထက်မှ နတ်ဆိုးသင်္ကေတအမာရွတ်က တွန့်လိမ်နေပြီး တခါတရံ ကြီးလာလိုက် တခါတရံသေးသွားလိုက် ဖြစ်နေသည်။

မျှော်လင့်မထားသည့် အဖြစ်အပျက်များကြောင့် အေးစိမ့်စမ်းချောင်းနယ်မြေအပြင်ဘက်တွင်ရှိနေသော မိန်းမပျိုဧကရာဇ်က အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားသည်။

သူမက မျက်ခုံးများတွန့်ချိုးထားရင်း နက္ခတ်ဧကရာဇ်ကို ကြည့်လိုက်သည်။ ထို့နောက် လေထုထဲတွင် အပိုင်းပိုင်းကျိုးပဲ့သွားပြီး အလင်းတန်းများအဖြစ် ဖြည်းညင်းစွာစီးဆင်းနေသည့် အဖြူရောင်စည်းတံဆိပ်ကို လှမ်းကြည့်လိုက်သည်။

အဖြူရောင်ထဲတွင် ရေခဲပြာရောင်အလင်းတန်းများ ရောနှောနေသေးသော်လည်း အပြာရောင်မိစ္ဆာလင်းတန်းများကတော့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

အဖြစ်အပျက်များကိုကြည့်ရင်း မိန်းမပျိုဧကရာဇ် အံ့အားသင့်သွားပြီးနောက် ၊ အဆုံးသတ်မှာတော့ သဘောပေါက်သွားသည်။

“နတ်ဆိုးအင်းသင်္ကေတ နှစ်ပိုင်းကွဲသွားပြီ”

သူမ ခေါင်းခါယမ်းရင်း မယုံကြည်နိုင်ဖြစ်သွားရသည်။

ထို့နောက် သူမက ပြန်လည်တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး အခြားအရာများကို ဘေးဖယ်ထားကာ လက်ရှိကိစ္စကို အာရုံစိုက်ရန် ဆုံးဖြတ်လိုက်၏။

မိန်းမပျိုဧကရာဇ် ရေခဲနှင့် ဆီးနှင်းများဖုံးလွှမ်းနေဆဲဖြစ်သော အေးစိမ့်စမ်းချောင်းနယ်မြေဆီသို့ လျှင်မြန်စွာ ထွက်ခွာသွားသည်။

ထိုအခိုက်အတန့်မှာပင် တိုင်းတာမရနိုင်လောက်အောင် မိုင်ပေါင်းရာနှင့်ချီ ရှည်လျားကြီးမားသည့် ရေခဲမြစ်က ရုတ်ချည်းဆိုသလို အရည်ပျော်ကျသွားခဲ့သည်။

နက္ခတ်ဧကရာဇ်က တန်ခိုးစွမ်းအားမြင့်မားလှသဖြင့် သတိထားနေကြသော ပတ်ဝန်းကျင်မှ နတ်ဆိုးများမှာ ထိုခဏတွင် ရူးသွပ်ရှုတ်ထွေးသွားကြသည်။

သို့သော် မိန်းမပျိုဧကရာဇ်က သူတို့ထက်ပို၍ပင် ရူးသွပ်ရှုတ်ထွေးသွားတော့သည်။

ကျိုးပျက်နေသည့် ရေခဲမြစ်ထက်တွင် သူမက နတ်ဆိုးများကို တစ်ယောက်တည်း အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

သွေးစွန်းတိုက်ပွဲကြီးက အလွန်တရာ လူမဆန်ရက်စက်ကြမ်းတမ်းသဖြင့် ဗလာနယ်ထဲမှ အလင်းရောင်များသည်ပင် မှိန်ဖျော့သွားသည့်အလား ထင်မှတ်ရသည်။

တစ်ချိန်တည်းမှာပင် ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့က သူတို့ရှေ့တွင် ဖြစ်ပျက်နေသမျှကို သံသယအပြည့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။

“ဟို အဖြူရောင်စည်းတံဆိပ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ချူးလီလီဆီကို ဦးတည်တာပဲ ၊ အခု ပျက်ဆီးသွားပြီဆိုတော့ အကျပ်အတည်းကနေ လွတ်မြောက်သွားပြီလို့ ပြောလို့ရနိုင်မလား”

ဧကရာဇ် (၂)ပါး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့နှစ်ယောက် တပြိုင်တည်းရေရွတ်လိုက်ကြသည်။

“ဒါမှမဟုတ် ... အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ တစ်ခုခု ဖြစ်နေပြီလား”

သူတို့ မျက်ခုံးများ တွန့်ချိုးထားကြသည်။

နှစ်ယောက်လုံး ဒဏ်ရာများလည်းရရှိထားပြီးဖြစ်ရာ ဤနေရာတွင် ဆက်လက်တိုက်ခိုက်ရန်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အလျှင်အမြန်ပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပြန်သွားကြတော့သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ထူးခြားကိစ္စမဖြစ်ခဲ့ဘူးဆိုလျှင်တောင်မှ သူတို့အနေဖြင့် အရေးပေါ်အခြေအနေကို ဖြေရှင်းရန် အမြန်ပြန်ရမည် ဖြစ်၏။ မဟုတ်ပါက ချင်းဖိန်တောင်အနေဖြင့် မည်သည့်ကြိုတင်ပြင်ဆင်မှုကိုမှ ပြုလုပ်ထားနိုင်မည် မဟုတ်ပေ။

ထိုအချိန်မှာပင် ရေခဲမြစ်အောက်တွင်ရှိနေသော နက္ခတ်ဧကရာဇ်က မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

သူ့နဖူးထက်မှ နတ်ဆိုးသင်္ကေတအမာရွတ်က တည်ငြိမ်သွားပြီး အေးစက်သော နတ်ဆိုးစွမ်းအား အပြာရောင်အလင်းတန်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

အပြာရောင်အလင်း မှိန်ဖျော့သွားသည်နှင့် နတ်ဆိုးအမာရွတ်မှ ကြောက်မက်ဖွယ်ရာ အတွေးတစ်ခု ထွက်ပေါ်လာသည်။

ထိုအတွေးက ထောင်ပေါင်းများစွာသော နတ်ဆိုးများ ဟိန်းဟောက်လိုက်သည့်ပမာ ဆူညံသောအသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံတွင် မလိုလားခြင်း ၊ နာကျည်းခြင်း ၊ အေးစက်ခြင်း ၊ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။ ထိုအသံထွက်ပေါ်လာသည်နှင့် လေထုကမြင့်တက်လာပြီး စကြာဝဠာတစ်ခုလုံး ပြောင်းပြန်လန်သွားတော့မည့်အလား ထင်မှတ်ရသည်။

အပြာရောင်နတ်ဆိုးအလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ထိုကြုံးဝါးသံများသည်လည်း ငြိမ်သက်သွားသည်။

သို့သော် နက္ခတ်ဧကရာဇ်၏နဖူးထက်မှ နတ်ဆိုးအမာရွတ်ကတော့ ရှိနေဆဲဖြစ်ပြီး လွင့်ပျံနေသည့် ငွေရောင်ဆံနွယ်ရှည်များကြားတွင် သာမန်အမာရွတ်တစ်ခုပမာ ထင်မှတ်ရသည်။

သူ မတ်တတ်ရပ်လိုက်သည်နှင့် အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုလုံးအား အေးခဲနေစေသော ရေခဲမြစ်မှာ သက်တမ်းကုန်ဆုံးသွားသည့်အလား အရှိန်အဟုန်ဖြင့် ပြိုကျစပြုလာသည်။

ရေခဲမြစ်အပြင်ဘက်မှ နတ်ဆိုးများက ကြောက်ရွံ့မှု ၊ ဒေါသတရားများနှင့်အတူ ကြုံးဝါးသံများ ပြုလုပ်လိုက်ကြသည်။ နောက်ဆုံးမှာတော့ သူတို့စိတ်ထဲမှ မခံချင်မှုနှင့် အငြင်းပွားမှုများကို ရပ်တန့်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ဆုတ်ခွာသွားကြသည်။

ကံမကောင်းသည်မှာ သူတို့ ထွက်ခွာသွားချင်သည့်တိုင် နက္ခတ်ဧကရာဇ်က သူတို့အား ခွင့်မပြုတော့ခြင်းပင်။

အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုလုံး ရုတ်တရက် ဆီးနှင်းများဖြင့် ပြည့်နက်သွားပြီး လမ်းများ ပိတ်ဆို့သွားသည်။

ရေခဲနှင့် ဆီးနှင်းများက ကြောက်မက်ဖွယ်ရာ ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး သေမင်းခံတွင်းထဲရောက်ရှိသည့်ပမာ နတ်ဆိုးကြီးများအားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။

နက္ခတ်ဧကရာဇ်၏ ငွေရောင်ဆံနွယ်ရှည်များက လေထဲတွင် လွင့်ပျံနေပြီး ရေခဲနှင့်ဆီးနှင်းများကမ္ဘာက သူနှင့် တသားတည်းပေါင်းစပ်နေသည့်အလား ထင်မှတ်ရသည်။

သူက နှင်းမုန်တိုင်းအလယ် လမ်းလျှောက်လာရင်း နတ်ဆိုးများကို တစ်ယောက်ပြီးတစ်ယောက်သုတ်သင်ပစ်နေသည်။ နတ်ဆိုးများမှာ ရေခဲမှုံများအဖြစ် ခဏအတွင်း ပြောင်းလဲသွားတော့၏.

ထိုအချိန် မိန်းမပျိုဧကရာဇ်က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး မှောင်မှိုင်းသည့် အေးစိမ့်စမ်းချောင်းနယ်မြေ၏ လေထုအလယ်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

ယခု သူမက မျက်လုံးများကို ပြန်လည်မှေးမှိတ်လိုက်ပေပြီ။

နက္ခတ်ဧကရာဇ် သူမအနားရောက်လာသည့်တိုင် ကျဲ့မင်ခုန်က တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ပြီးမှ သူမက ဖြည်းညင်းသည့်လေသံဖြင့်...

“ဆရာ... အခု...”

နက္ခတ်ဧကရာဇ်က မိန်းမပျိုဧကရာဇ်ကိုကြည့်ရင်း....

“အခု ငါနဲ့ လီလီ နတ်ဆိုးအင်းသင်္ကေတ တစ်ခုတည်းကို မျှဝေထားရတယ် ၊ ဒါပေမဲ့ အညီအမျှတော့ မဟုတ်ဘူး ၊ အဲဒါကြောင့် ငါတို့နှစ်ယောက်လုံးက ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာတဲ့ ရုပ်ခန္ဓာတွေ ဖြစ်လာနိုင်တယ်”

သူက ဆက်ရှင်းပြသည်။

“ဒါပေမဲ့ အခုလောလောဆယ်တော့ ငါတို့နှစ်ယောက်လုံး အဆင်ပြေကြတယ် ၊ အထူးသဖြင့် ငါပဲ ၊ အခုဆို လွတ်လွတ်လပ်လပ် သွားလာလို့ရပြီ ၊ ဒါပေမဲ့ သတိတစ်ချက်လွတ်သွားတာနဲ့ ထိန်းချုပ်မှုဆုံးရှုံးပြီး နတ်ဆိုးရဲ့ထောင်ချောက်ထဲကို ကျသွားရလိမ့်မယ်”

“ဒီတော့ ငါ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်မယ်ဆိုရင် အတော်လေး ဂရုစိုက်ဖို့လိုတယ် ၊ အရမ်းပြင်းထန်တဲ့တိုက်ပွဲတွေ ၊ အရမ်းကြာရှည်မယ့်တိုက်ပွဲတွေဆိုရင် ရေပလ္လင်ကိုပိုင်ဆိုင်တဲ့မဟာနတ်ဆိုးက ပြန်လာဖို့ အခွင့်အရေးရသွားနိုင်တယ်”

“လီလီက ငါ့ထက်ကျင့်ကြံခြင်းအဆင့် နိမ့်ပါးတယ် ၊ ပြီးတော့ စိတ်ကလည်း အမြဲတမ်း သက်ဝင်လှုပ်ရှားလွယ်တဲ့သူဆိုတော့ သူက ငါ့ထက်ပိုပြီး အန္တရယ်များတယ်”

ချန်ရွှမ်ကျုန်းလေသံက အေးဆေးလှပြီး ကျဲ့မင်ခုန်ကို အပြစ်တင်ခြင်း အလျဉ်းမရှိပေ။ သို့သော် သူမကိုကြည့်နေသော သူ၏မျက်ဝန်းများကတော့ အဓိပ္ပါယ်များ ရှုပ်ထွေးလျှက် ရှိသည်။

ကျဲ့မင်ခုန်က မှေးမှိတ်ထားသော မျက်ဝန်းများဖြင့် နက္ခတ်ဧကရာဇ်ကို လှမ်းကြည့်ရင်း အိပ်မက်ထဲရောက်နေသူပမာ ခံစားနေရသည်။

အချိန်အတန်ကြာမှ သူမက ချန်ရွှမ်ကျုန်းအား တိတ်တဆိတ် ဦးညွှတ်ဂါရဝပြုလိုက်ပြီး လှည့်ထွက်သွားကာ သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့၏။

All Chapters