← Chapters

နှစ်ထောင်ပေါင်းများစွာကြာရှည်သော နောင်တတရား

Vol. 85 Ch. 1191

နှစ်ထောင်ပေါင်းများစွာကြာရှည်သော နောင်တတရား

Vol. 85 Ch. 1191

အခန်း (၁၁၉၁) နှစ်ထောင်ပေါင်းများစွာကြာရှည်သော နောင်တတရား

နက္ခတ်ဧကရာဇ် လွတ်မြောက်သွားရန်မှာ မိန်းမပျိုဧကရာဇ် အမြဲတမ်းမက်ခဲ့သော အိပ်မက်ဖြစ်လေသည်။

သို့သော် လုပ်ချင်ရာလုပ်ပြီးသွားသည့်နောက် သူမအနေဖြင့် ဆရာဖြစ်သူကို မျက်နှာမပြရဲ ၊ ရင်မဆိုင်ရဲသလို ခံစားရသည်။

လက်ရှိအခြေအနေက ယခင်သူမစီစဉ်ထားသည်နှင့် အတော်လေး ကွာခြားသည့်တိုင် ကျဲ့မင်ခုန်အနေဖြင့် ချန်ရွှမ်ကျုန်း၏မျက်ဝန်းများကို ရဲရဲရင်ဆိုင်ဝံ့ခြင်း မရှိသေးပေ။

ချန်ရွှမ်ကျုန်း၏မျက်ဝန်းများထဲတွင် သူမအပေါ် ဒေါသနှင့် မုန်းတီမှုများ တွေ့မြင်ရလျှင်တောင်မှ ကျဲ့မင်ခုန် အနည်းငယ် စိတ်သက်သာရာရဦးမည် ဖြစ်သည်။

မိန်းမပျိုဧကရာဇ် ထွက်ခွာသွားသည်ကိုကြည့်ရင်း နက္ခတ်ဧကရာဇ် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သည်။

သူမ၏ပုံရိပ် လုံးဝ ပျောက်ကွယ်သွားတော့မှ သူက တိုးသဲ့စွာ သက်ပြင်းချလိုက်လေသည်။

ဘေးနားတွင်ရှိနေသော ရန်ကျောက်ကဲက တိုးတိတ်သည့်လေသံဖြင့်...

“ဧကရာဇ်မင်း... ကျွန်တော်တို့ အောင်မြင်သွားပြီ ၊ နောက်ပြန်လှည့်လို့မရတဲ့ အနေအထားကို ရောက်မသွားဘူး ၊ ကျန်တဲ့ကိစ္စတွေကို ဖြည်းဖြည်းချင်းဖြေရှင်းလို့ ရနိုင်သေးတယ်”

ကျဲ့မင်ခုန်၏ မူလအစီအစဉ်အတိုင်းသာ ဆက်သွားမည်ဆိုလျှင် ချူးလီလီ နတ်ဆိုးတစ်ပါးဖြစ်လာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တန်ခိုးစွမ်းအားရှင်များ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အရာအားလုံး ပြီးဆုံးသွားပေမည်။

နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...

“ငါ မင်ခုန်ကို အပြစ်မတင်ပါဘူး”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“တကယ်တော့ ငါကသာ သူ့အပေါ် အကြွေးတင်နေခဲ့တာပါ...”

“အရာရာတိုင်းက ငါ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်ခဲ့တာပဲ ၊ အကျိုးဆက်အတွက် ငါပဲ တာဝန်ယူရမယ် ၊ မင်ခုန်ကိုရော လီလီကိုပါ ငါ အပြစ်မတင်ပါဘူး”

“ဒါပေမဲ့ ဒီနေ့ မင်ခုန် ဒီလိုလုပ်လိမ့်မယ်လို့ ငါ တကယ် ထင်မထားမိဘူး ၊ အရင်က အဖြစ်အပျက်တွေက သူ့အပေါ် အတော်လေးထိခိုက်ခံစားသွားရစေတယ် ထင်တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်လုံးပြူးသွားသည့်တိုင် ပညာရှိစွာပင် မည်သည့်မေးခွန်းမှ မမေးမြန်းဘဲ နေလိုက်သည်။

သူ အလွန်သိချင်နေသော်လည်း မေးခွန်းမေးမိလျှင် ပြဿနာတစ်ခုခုဖြစ်မည်ကို စိုးရိမ်မိသည်။

နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...

“မင်း အရမ်းလည်း စိတ်ရှုတ်မသွားပါနဲ့...”

ထို့နောက် သူက ခေါင်းတစ်ချက်ခါယမ်းရင်း တည်ငြိမ်စွာဖြင့်...

“တချို့ ဓလေ့ထုံးတမ်း စည်းမျဉ်းတွေက အကြောင်းမရှိဘဲ ထုတ်ထားတာ မဟုတ်ဘူး ၊ ဥပမာ... ယောကျ်ားလေးဆရာတွေက မိန်းကလေးတပည့်တွေ လက်မခံရသလို မိန်းကလေးဆရာတွေကလည်း ယောကျ်ားလေး တပည့်လက်မခံရဘူးဆိုတဲ့ စည်းကမ်းမျိုးပေါ့...”

ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။

နက္ခတ်ဧကရာဇ်၏ ဆရာတပည့်များကြားမှ အတိတ်အကြောင်းအရာများကို သူ သိပ်မသိသော်လည်း သူတို့ (၃)ယောက်ကကြားတွင် ထူးဆန်းသောသဘောထားများ ရှိနေမည်ကို မှန်းဆထားပြီးသားပင်။

“ငါ မင်ခုန်ကို အပြစ်မတင်ပါဘူး ၊ တကယ်တော့ ငါကသာ သူ့အပေါ် အကြွေးတင်နေခဲ့တာပါ...”

နက္ခတ်ဧကရာဇ်၏ ထိုစကားများနှင့် ဆက်စပ်တွေးတောကြည့်လိုက်လျှင် ရန်ကျောက်ကဲစိတ်ထဲ တစ်စုံတစ်ခုကို နားလည်သွားသည်။

ချန်ရွှမ်ကျုန်းက ချူးလီလီအတွက် ဤနေရာတွင် နှစ်ထောင်ပေါင်းများစွာ တစ်ယောက်တည်းပိတ်မိနေပြီး ဒုက္ခခံနေခဲ့သည်။

သို့သော် သူက တပည့်ငယ်လေး ချူးလီလီနှင့်ပတ်သက်ပြီး ဆရာ-တပည့် ဆက်ဆံရေးသာရှိခဲ့ပြီး သူမကိုကယ်တင်ပေးရမည်ဆိုသော ခံယူချက်နှင့် ဝတ္တရားသာလျှင် ရှိပေသည်။

နက္ခတ်ဧကရာဇ် အမှန်တကယ်ခံစားချက်ရှိခဲ့သူမှာ သူ၏အကြီးဆုံးတပည့် မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ သာလျှင် ဖြစ်သည်။

နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး တိုးတိတ်စွာသက်ပြင်းတစ်ချက်ချရင်း မည်သည့်စကားမှ ထပ်မပြောတော့ပေ။

နက္ခတ်ဧကရာဇ်က စကားများစွာပြောဆိုတတ်သူမဟုတ်သော်လည်း ယနေ့ကြုံတွေ့ရသည့် အဖြစ်အပျက်ကတော့ သူ့ကို အတော်လေး တုန်လှုပ်စေသည်။

ရန်ကျောက်ကဲက သူ၏မိတ်ဆွေရင်း၏မြေးဖြစ်သည့်အပြင် ယနေ့လည်း သူ့ကို များစွာကူညီပေးခဲ့သည်။ ထို့ကြောင့် နက္ခတ်ဧကရာဇ်က ဤလူငယ်လေးရှေ့တွင် အနည်းငယ် သတိလက်လွတ်ဖြစ်သွားခဲ့သည်။

သူ ရန်ကျောက်ကဲကို စကားများစွာပြောမိသည်က ပိုမိုလေးနက်သည့် အကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။

အရင်နှစ်များက ရန်ကျောက်ကဲ၏ အဘိုးနှင့်အဘွားဖြစ်သော ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ တစ်ယောက်အပေါ်တစ်ယောက် ထားရှိသည့် နက်ရှိုင်းသောအချစ်က ချန်ရွှမ်ကျုန်း၏နှလုံးသားကို အတော်လေး လှုပ်ခတ်စေသည်။

ဘဝတွင် တစ်ခါမှ လက်တွဲဖော်မရှာဖွေခဲ့သော ချန်ရွှမ်ကျုန်းက ရန်ရှင်းထန်နှင့် တိချင်းလျန်ကိုကြည့်ရင်း သူ့ဘဝတွင်လည်း တစ်စုံတစ်ယောက်အပေါ် မေတ္တာသက်ဝင်မိမည်လားဟု တွေးတောခဲ့ဖူးသည်။

ထိုအတွေးက ဝေးလွန်းသည့်အတွေး မဟုတ်ခဲ့ပေ။

အမှန်တော့ ချန်ရွှမ်ကျုန်း၏ နှလုံးသားကိုဖမ်းစားနိုင်သည့် မိန်းကလေး တစ်ယောက်တစ်လေမှ မရှိခဲ့ပေ။

သို့သော် သူ၏တပည့်လေးဖြစ်သော အဖြူရောင်မိန်းမပျိုလေး မျက်စိရှေ့မှာပင် အရွယ်ရောက်လာပြီကို ရုတ်တရက် နှစ်ခြိုက်ခံစားမိလိုက်သည်။

ချူးလီလီရောက်မလာခင်မှာပင် ကျဲ့မင်ခုန်အပေါ်ထားရှိသည့် ချန်ရွှမ်ကျုန်း၏ခံစားချက်များ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ချန်ရွှမ်ကျုန်းက ဘယ်သောအခါမှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိလေရာ ကျဲ့မင်ခုန်သည်လည်း ထိုအကြောင်းကို မသိခဲ့ပေ။

ချန်ရွှမ်ကျုန်းက သူ၏အချစ်ကို ဝန်မခံရသည့်အကြောင်းရင်းမှာ တပည့်မလေးအပေါ် မေတ္တာရှိမိသည့်ကိစ္စမှာ မှားလား မှန်လား မသေချာသောကြောင့် ဖြစ်သည်။

တပည့်အပေါ် မေတ္တာသက်ဝင်သည်ဆိုခြင်းက ကျင့်ဝတ်နှင့်မညီသည်မှာ သေချာသော်လည်း စိတ်ခံစားချက်က ရှိနေခဲ့သည်။

နတ်ဘုရားတစ်ပါးဖြစ်သော ချန်ရွှမ်ကျုန်းအနေဖြင့် အမြင့်ဆုံးအဆင့်တွင် ရပ်တည်နေပြီး ရှေ့ဆက်ရမည့်လမ်းကလည်း ဖြောင့်ဖြူးလျှက်ရှိလေရာ စိတ်ရှုပ်စရာဆို၍ မရှိသလောက်ပင်။

ယနေ့ကိစ္စများကို ကျဲ့မင်ခုန် ဖန်တီးလိုက်သည့်တိုင် ချန်ရွှမ်ကျုန်းက သူမကို အမှန်တကယ် စိတ်ဆိုးဒေါသထွက်ခြင်း မရှိပေ။

ထိုနှစ် ၊ ထိုနေ့ရက် ၊ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို သူ့နှလုံးသားထဲ အမှတ်ရနေဆဲ ဖြစ်သည်။

ထိုနေ့က ကျဲ့မင်ခုန်၏ မွေးနေ့ ဖြစ်သည်။

ချူးလီလီက ဆရာဖြစ်သူထံမှ နှစ်တိုင်းလိုလို မွေးနေ့လက်ဆောင် ရရှိလေ့ရှိသော်လည်း ကျဲ့မင်ခုန်အတွက်တော့ ဆရာဖြစ်သူထံ တပည့်ခံပြီးနောက်ပိုင်း ပထမဆုံး မွေးနေ့လက်ဆောင်ကို ရရှိခဲ့သည့်နေ့ရက် ဖြစ်သည်။

သူမမျက်နှာထက်မှ အံ့အားသင့်မှု ၊ စိုးရွံ့မှု ၊ ရှက်ရွံ့မှု ၊ ချီတုံချတုံဖြစ်မှုနှင့် ဆုံးရှုံးမည်ကို စိုးရိမ်ခြင်းများအား ချန်ရွှမ်ကျုန်းစိတ်ထဲ ယခုထိတိုင် ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ ဖြစ်သည်။

ကံမကောင်းသည်မှာ သူ ကျဲ့မင်ခုန်ကို ဖွင့်ပြောတော့မည့်ဆဲဆဲတွင် အနှောက်အယှက်က ဝင်ရောက်လာသဖြင့် ပြောချင်သည့်စကားများမှာ နှုတ်ဖျားမှ ထွက်ပေါ်လာနိုင်ခြင်း မရှိတော့ပေ။

သူ့ရင်ထဲမှခံစားချက်များကို ကျဲ့မင်ခုန်ထံသို့ ဘယ်တော့မှ ဖွင့်မပြောနိုင်ဖြစ်ရမည်ဟု....

မည်သူသိနိုင်ပါမည်လဲ...။

ထိုနေ့က ရေပလ္လင်ကိုပိုင်ဆိုင်သော မဟာနတ်ဆိုး ပြန်လည်မွေးဖွားလာခဲ့ပြီး ချူးလီလီက ရေခဲနတ်ဆိုးအသစ်တစ်ယောက် ဖြစ်လာလုနီးပါး ဖြစ်ခဲ့ရသည်။

ချူးလီလီ ဤသို့နှယ် အဆိုးဘက်သို့ရောက်သွားရခြင်းမှာ ချန်ရွှမ်ကျုန်းက သူမ၏မေတ္တာကို အကြိမ်ကြိမ် ငြင်းပယ်သောကြောင့် မဟုတ်ပေ။ သူမ၏ဖခင်ရင်း ချူးဟွမ်ကို သတ်ဖြတ်သူမှာ သူမ၏ဆရာ ချန်ရွှမ်ကျုန်းဖြစ်ကြောင်း သိရှိသွားသောကြောင့်ပင်။

ရလဒ်အနေဖြင့် ချန်ရွှမ်ကျုန်းအစိုးရိမ်ဆုံးကိစ္စ ဖြစ်ပျက်လာခဲ့သည်။

အခြားသော ဧကရာဇ် (၂)ပါးဖြင့် တိုင်ပင်ထားသည့် မူလသဘောတူညီမှုအတိုင်းဆိုလျှင် ဖြေရှင်းချက် တစ်ခုသာလျှင် ရှိသည်။

ရေခဲနတ်ဆိုးကို ဖျက်ဆီးပစ်ရပေမည်။

ထိုအလုပ်ကိုလည်း ချန်ရွှမ်ကျုန်းကိုယ်တိုင် ပြုလုပ်ရမည် ဖြစ်သည်။

ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာသည်နှင့် ချူးလီလီကို သတ်ဖြတ်လိုက်ခြင်းက ချန်ရွှမ်ကျုန်းအတွက် အလွန်လွယ်ကူသည့်ကိစ္စ ဖြစ်သည်။

သို့သော် တပည့်ငယ်အပေါ်တွင် သူ ထိုသို့ မရက်စက်နိုင်ပေ။

ချူးလီလီကို ခေါ်ယူလာခြင်းအတွက် သူ့တွင်တာဝန်ရှိသည်ဖြစ်ရာ သူမအပေါ်သို့ အရာအားလုံး ပုံမချသင့်ပေ။

အဆုံးသတ်မှာတော့ ချန်ရွှမ်ကျုန်းက ချူးလီလီထံမှ နတ်ဆိုးအင်းသင်္ကေတကို ကြားဖြတ်ရယူလိုက်ပြီး သူမကိုယ်စား ရေပလ္လင်ကိုပိုင်ဆိုင်သော မဟာနတ်ဆိုး လူပြန်ဝင်စားမည့်ခန္ဓာကိုယ်အဖြစ် သူကိုယ်တိုင် အစားထိုးဝင်ရောက်လိုက်သည်။

ရုပ်ပိုင်းဆိုင်ရာအရဆိုလျှင် သူသည်လည်း သူသည်လည်း ရေပလ္လင်ကိုပိုင်ဆိုင်သော မဟာနတ်ဆိုး ပြန်လည်မွေးဖွားလာရန် စံနှုန်းကိုက်ညီသူတစ်ယောက် ဖြစ်သည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောမဟာနတ်ဆိုးက သူ့ထံတွင် လူပြန်ဝင်စားရန် ရည်ရွယ်ချက်ရှိပါသည်လားဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း သေချာခြင်း မရှိပေ။

သို့သော် ချူးလီလီထံမှ ဝန်ထုပ်ဝန်ပိုးကို လွှဲပြောင်းယူပြီးနောက် ရေပလ္လင်ကိုပိုင်ဆိုင်သောမဟာနတ်ဆိုး ပြန်လည်မွေးဖွားမလာစေရန် တားဆီးနိုင်ခဲ့သည်။

ပေးဆပ်လိုက်ရသည်ကတော့ သေမျိုးလူသားလောကနှင့် ငရဲကိုးထပ်ကြားမှ အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုတွင် သူ့ကိုယ်သူ အေးခဲပိတ်လှောင်နေခဲ့ရခြင်းပင် ဖြစ်သည်။

ထိုစဉ်အချိန်က ကျဲ့မင်ခုန်သည်လည်း ချူးလီလီကို ကယ်တင်ရန် ကြိုးစားခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သူမ ဒဏ်ရာရရှိနေချိန် ချန်ရွှမ်ကျုန်း၏လုပ်ရပ်များကိုကြည့်ရင်း ဆရာဖြစ်သူကို ထာဝရဆုံးရှုံးရတော့မည်ကို နားလည်သွားကာ အလွန်အမင်း ပူဆွေးသောကရောက်ကာ အခြေအနေကို လက်မခံနိုင် ဖြစ်ခဲ့ရသည်။

ဆရာဖြစ်သူထံမှ မွေးနေ့လက်ဆောင်ရသဖြင့် ပျော်ရွှင်နေသည့်ခံစားချက်အတွက် အခွင့်အရေးမရှိတော့သည့်အပြင် အိပ်မက်လှလှလေးများသည်လည်း ပျက်ပြယ်သွားရကာ အဆုံးမရှိသော စိတ်ပျက်ခြင်းနှင့် ဝမ်းနည်းခြင်းများသာ ထင်ကျန်ခဲ့သည်။

မျှော်လင့်ချက်ကို တွေ့ရှိပြီး ပျော်ရွှင်မှုကို ခံစားရခါစရှိသေးသည် မျှော်လင့်ချက်က အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး အဆုံးမရှိသော မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ကြေကွဲစရာများသာ ကျန်ရှိခဲ့သည်။

ထိုအချိန်မှစတင်ပြီး အထက်ဘုံကမ္ဘာရှိ ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော နက္ခတ်ဧကရာဇ် ပျောက်ကွယ်သွားခဲ့သလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်သော ကျဲ့မင်ခုန်၏စိတ်နေစိတ်ထားသည်လည်း တစ်ခါတည်း ပျောက်ကွယ်သွားခဲ့သည်။

နောက်ပိုင်းတွင် အေးစက်ပြတ်သားသောစိတ်ထားရှိသည့် “နက်ရှိုင်းရေခဲဧကရီ” သာလျှင် ထွက်ပေါ်လာခဲ့သည်။

နက်ရှိုင်းရေခဲဧကရီဆိုသည်က မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ ပင် ဖြစ်ပေ၏။

“ဒီနေရာမှာ ကြာကြာနေလို့ မကောင်းဘူး”

နက္ခတ်ဧကရာဇ် သတိပြန်ဝင်လာပြီး ခေါင်းတစ်ချက်ခါယမ်းရင်း သိမ်မွေ့စွာဆိုသည်။

“ငါကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုသွားလို့ အဆင်မပြေဘူး ၊ ကျောက်ကဲ... မင်း အဆင်ပြေမယ်ဆိုရင် ငါ့အတွက် အဲဒီကိုသွားပေးနိုင်မလား”

လောလောဆယ် ချူးလီလီအခြေအနေ မည်သို့ရှိသည်ကို မသိရသေးပေ။

ဤကဲ့သို့သောကိစ္စများဖြစ်ပေါ်လာပြီးနောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့် သူမကို လက်ခံထားနိုင်တော့မည် မဟုတ်ပေ။ သူမက ဆက်ပြီးနေထိုင်မည်ဆိုလျှင်တောင်မှ လိပ်ပြာသန့်သန့် စိတ်ရှင်းရှင်းဖြင့် ဆက်လက်နေထိုင်နိုင်မည် မဟုတ်ပေ။

သို့သော် ချူးလီလီ၏ လက်ရှိအခြေအနေအရ သူမသာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားမည်ဆိုလျှင် မဟာနတ်ဆိုးကြီးများ၏ မျက်စိကျခြင်းကို ခံရနိုင်သည်။

ဤ အေးစိမ့်စမ်းချောင်းနယ်မြေသို့ ရောက်ရှိလာသော နတ်ဆိုးများအားလုံးကို နက္ခတ်ဧကရာဇ်က သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။ သို့ပေသိ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများက နတ်ဆိုးများအလယ် သတင်းပေါက်ကြားသွားခဲ့ပေပြီ။

“ကိစ္စမရှိပါဘူး ဧကရာဇ်မင်း ၊ အခုပဲ ကျွန်တော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားလိုက်ပါ့မယ်”

ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်ကို ဦးညွှတ်ဂါရဝပြုရင်း ဆိုလိုက်သည်။

ပြီးမှ...

“ဒါပေမဲ့ ဧကရာဇ်မင်းနဲ့ မိန်းမပျိုဧကရာဇ်...”

နက္ခတ်ဧကရာဇ်က သက်ပြင်းချရင်း ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။

“မင်ခုန်... သူ...”

သူ့အနေဖြင့် မိန်းမပျိုဧကရာဇ်ကို အပြစ်မတင်သည့်တိုင် သူမ၏လုပ်ရပ်ကို သဘောတူခဲ့ခြင်းတော့ မရှိပေ။

ထိုအချက်ကို မိန်းမပျိုဧကရာဇ်သည်လည်း သိရှိလေသည်။ ထို့ကြောင့် နက္ခတ်ဧကရာဇ်အား မည်သည့်စကားမှမဆိုဘဲ ထွက်ခွာသွားခြင်း ဖြစ်၏။

ဤအရာများအားလုံးကို အချိန်က ကုစားပေးနိုင်မည် မဟုတ်ပေ။

ထိုနေ့က ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် အဖြေရှာနိုင်ခဲ့သည့်တိုင် ရလဒ်က သူတို့အားလုံးကို စိတ်ကျေနပ်စေမည်မဟုတ်ပေ။

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။

နက္ခတ်ဧကရာဇ်က ပေါ့ပါးသည့်လေသံဖြင့်...

“ငါ အထက်ဘုံကမ္ဘာကို ပြန်မယ်”

သူက ဆက်ပြောသည်။

“အဲဒီနေ့က အဖြစ်အပျက်တွေက အရမ်းမြန်လွန်းတယ် ၊ ငါလည်း ရေပလ္လင်နတ်ဆိုးကို အမြန်တားဆီးလိုက်ရတဲ့အတွက် ဘာမှဆက်မလုပ်လိုက်နိုင်ဘူး ၊ ဒါပေမဲ့ ငါ နားမလည်တဲ့အရာတွေ အများကြီးရှိနေတယ် ၊ နှစ်ထောင်ပေါင်းများစွာကြာပြီဆိုပေမယ့် ငါ့ရင်ထဲမှာ သံသယတွေ ရှိနေဆဲပဲ”

ယခုဆိုလျှင်...

ကျဲ့မင်ခုန်က မည်သည့်နေရာသို့ ရောက်ရှိသွားသည်လဲ မသိနိုင်သလို ယွဲ့ကျန့်ပေသည်လည်း အထက်ဘုံကမ္ဘာတွင် မရှိပေ။

ပြီးတော့ ထိုနေ့ကဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ထိုသူကို မေးခွန်းထုတ်ရန် အရည်အချင်းပြည့်မီသူဆို၍ နက္ခတ်ဧကရာဇ်တစ်ယောက်သာလျှင် ရှိလေသည်။

All Chapters