← Chapters

အမတခုံရုံးလှုပ်ရှားလာမယ်ဆိုရင်

Vol. 85 Ch. 1192

အမတခုံရုံးလှုပ်ရှားလာမယ်ဆိုရင်

Vol. 85 Ch. 1192

အခန်း (၁၁၉၂) အမတခုံရုံးလှုပ်ရှားလာမယ်ဆိုရင်

ဤနှစ်များအတွင်း မိန်းမပျိုဧကရာဇ်အနေဖြင့် နက္ခတ်ဧကရာဇ်ထံ သွားရောက်တွေ့ဆုံသည်မှာ ရှားပါးသော်လည်း သူတို့နှစ်ယောက်ကြား ယခင်ကပင် အဆက်အသွယ် အနည်းငယ် ရှိခဲ့သည်။

ထို့ပြင် ကျန့်ဟွမ်ဓားဧကရာဇ်သည်လည်း နက္ခတ်ဧကရာဇ်အကြောင်း သိရှိခဲ့သည်။

ဆိုတော့ နက္ခတ်ဧကရာဇ်က အဘယ့်ကြောင့် သူတို့ကို အကူအညီမတောင်းခဲ့ဘဲ ငရဲကိုးထပ်နှင့်ထိစပ်နေသည့် အေးစိမ့်စမ်းချောင်းနယ်မြေတွင် တစ်ယောက်တည်း ရှိနေခဲ့ပါသနည်း။

ထိုသို့တွေးမိတော့ ရန်ကျောက်ကဲ ရုတ်တရက် သဘောပေါက်သွားသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့သည်လည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေရပေမည်။

တိဟွမ်မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာတွင်မရှိကြောင်း ရန်ကျောက်ကဲက သတင်းပေးသည့်တိုင် နက္ခတ်ဧကရာဇ်က အထက်ဘုံကမ္ဘာသို့ ပြန်သည်ဆိုကတည်းက သူ ရှာဖွေမည့်သူမှာ သေချာပေါက် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ဖြစ်ရပေမည်။

ရန်ကျောက်ကဲ သိချင်စိတ်ဖြစ်မိသည့်တိုင် ထပ်မမေးတော့ပေ။

ယခုလောက်သိရသည်က ကျေနပ်စရာကောင်းနေပေပြီ။

ယခု နက္ခတ်ဧကရာဇ်၏ခန္ဓာကိုယ်ထဲတွင် ရေပလ္လင်ကိုပိုင်ဆိုင်သော မဟာနတ်ဆိုးကို ချိတ်ပိတ်ထားဆဲဖြစ်သောကြောင့် တိုက်ခိုက်ရာတွင် အားနည်းချက်ရှိနိုင်သည့်တိုင် သူ၏တန်ခိုးစွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းနေဆဲ ဖြစ်သည်။

ထို့ပြင် နက္ခတ်ဧကရာဇ်တွင် ‘ငြိမ်သက်ခြင်းအဆင့်ရှိသော’ အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသည်ကို ပြောနေစရာ မလိုတော့ပေ။

ထို အမတမှော်ဝင်ပစ္စည်းက အထင်ကြီးစရာ တစ်စက်မှမရှိသော ဓားကျိးတစ်လက် ဖြစ်သည်။ သို့သော် ထိုဓားကျိုးက အထက်ဘုံကမ္ဘာတစ်ခွင် အကျော်ကြားဆုံးများထဲမှတစ်ခုဖြစ်သော ‘ရေခဲလှိုင်းဓားကျိုး’ ပင် ဖြစ်၏။

ယခင်ကတော့ ထိုဓားက အရှည် (၃)ပေ ရှိသော ဓားရှည်တစ်လက်ဖြစ်ပြီး ‘ရေခဲလှိုင်းဓား’ ဟု ခေါ်ဆိုသည်။

နောက်ပိုင်းတွင် နက္ခတ်ဧကရာဇ်က ထိုဓားကို တစ်ပေတိတိ ချိုးပစ်လိုက်သည်။ ထိုအချိန်မှစပြီး ထိုဓား၏အမည်က ရေခဲလှိုင်းဓားကျိုး ဖြစ်သွားခဲ့၏။

ထူးဆန်းသည်မှာ ထိုအမတမှော်ဝင်ဓားသည် ကျိုးသွားပြီးနောက်ပိုင်းမှ ပို၍တန်ခိုးစွမ်းအား ထက်မြက်လာခြင်းပင်။ ထိုဒဏ္ဍာရီသည် အထက်ဘုံကမ္ဘာတွင် ကာလအတန်ကြာအောင် ပျံ့နှံ့ခဲ့ဖူးသည်။

နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာသို့ပြန်လာမည်ဆိုလျှင် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့အနေဖြင့် ဝါဒတောင်အား ဆက်လက်ဖိအားပေးသည်ကို ပိုပြီး သတိထားရမည် ဖြစ်သည်။

ထို့ပြင် နက္ခတ်ဧကရာဇ်က သူ၏မူလနေထိုင်ရာဖြစ်သော ခွန်လွန်တောင် ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ်တွင် သွားရောက်နေထိုင်မည်မဟုတ်ဘဲ အရှေ့ပိုင်းကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် နေထိုင်မည်ဖြစ်ကြောင်း ရန်ကျောက်ကဲအား ပြောပြခဲ့သည်။

နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်လာခြင်းက သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိသည့်တိုင် ယခုကဲ့သို့လုပ်ဆောင်ခြင်းက ဝါဒတောင်နှင့် ‘ရန်’ အိမ်တော်ဘက်မှ ရပ်တည်ပေးခြင်း ဖြစ်၏။

သို့ဖြစ်ရာ ရန်ကျောက်ကဲသည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ စိတ်ချလက်ချ သွားရောက်နိုင်ပေမည်။

ဟုတ်ပေ၏။

ဤသည်က အထက်ဘုံကမ္ဘာ လက်ရှိအခြေအနေကို ပြဆိုခြင်းသာ ဖြစ်သည်။

တကယ်တော့ လက်ရှိတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ သွားရောက်ရန်မှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ရန်ကျောက်ကဲ ခံစားနေရသည်။

ပထမအကြိမ် ချူးလီလီနှင့် တွေ့ဆုံစဉ်က ကိစ္စရပ်များက ဤသို့ဖြစ်လာမည်ဟု တစ်ခါမှ တွေးထင်မထားခဲ့ဖူးပေ။

ကောင်းရွှယ်ပေါ်နှင့် အခြားသော စန့်ချင်အဆက်အနွယ်များကတော့ ပို၍ပင် ခေါင်းကိုက်နေကြမည် ဖြစ်သည်။

ချူးလီလီက ပြဿနာကိုရှောင်ရှားရန် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်လာသည်ဟု ရန်ကျောက်ကဲ မှန်းဆခဲ့သည့်တိုင် ဤသို့သောပြဿနာမျိုးဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။

***

ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်ရှိလာပြီး ကောင်းရွှယ်ပေါ်နှင့် တွေ့ဆုံသည့်အခါ အဘိုးအိုနှင့်လူငယ်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မချိပြုံးသာ ပြုံးမိကြသည်။

ရန်ကျောက်ကဲက ကောင်းရွှယ်ပေါ်ကိုပြောပြရန် သင့်လျော်သည့် အသေးစိတ်အချက်အလက်များကို ရွေးချယ်ပြီး ဇာတ်လမ်းတစ်ခုလုံးကို အကြမ်းဖျင်းပြောပြလိုက်သည်။

ကောင်းရွှယ်ပေါ် နားထောင်ပြီးသည်နှင့် မျက်နှာက တည်ကြည်လေးနက်သွားပြီး...

“မိန်းမပျိုဧကရာဇ်က တကယ့်ကို တွက်ချက်မှုတော်တာပဲ ၊ သူက နက္ခတ်ဧကရာဇ်ကို အခက်အခဲကနေ ကယ်တင်ဖို့ကြိုးစားသလို ငါတို့ဘက်က အင်အားကိုအသုံးချပြီး သူ့အတွက်ဆူးညှောင့်ကို ဖယ်ရှားချင်တာပဲ ၊ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တဲ့ သဘောပဲ”

ရန်ကျောက်ကဲက နက်ရှိုင်းသည့်လေသံဖြင့်...

“အကြီးအကဲ’ချူး’ ရော အခု အခြေအနေဘယ်လိုရှိလဲ”

ကောင်းရွှယ်ပေါ်က...

“သူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ထွက်သွားပြီ”

ထိုစကားပြောစဉ်တွင် သူ၏မျက်နှာထက်၌ မကျေနပ်မှုနှင့် ကူရာကယ်ရာမဲ့မှုများကို တွေ့မြင်ရသည်။

“ဆရာဘွားဘွားရော အဖေရော အမေပါ တံခါးပိတ်ကျင့်ကြံနေကြတော့ ယိုကျိုးနယ်မှာ ဖြစ်သွားတဲ့အဖြစ်အပျက်တွေကို ငါတို့တွေ အချိန်မီ မသိလိုက်နိုင်ဘူး”

“ချောင်ဟန်တောင်ကြားမှာ နတ်ဆိုးချီစွမ်းအားတွေ ပြည့်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာ အရမ်းနောက်ကျနေပြီ ၊ ပြီးတော့ ငြိမ်သက်ဧကရာဇ်နဲ့ ဟုန်တိဧကရာဇ်တို့ ပြန်ရောက်လာပြီး သတင်းပို့တာကလည်း အချိန်နောက်ကျနေပြီ”

ရန်ကျောက်ကဲက မျက်မှောင်ကြုံ့ရင်း...

“ချောင်ဟန်တောင်ကြားမှာ နတ်ဆိုးချီစွမ်းအားတွေ ပြည့်နေတယ် ဟုတ်လား ၊ ဒါဆို အကြီးအကဲ’ချူး’ နတ်ဆိုးဖြစ်သွားပြီလား”

ခဏမျှ စဉ်းစားပြီးမှ ကောင်းရွှယ်ပေါ်က ပြန်ဖြေသည်။

“ငါသိသလောက်တော့ မဖြစ်သေးဘူး”

ထို့နောက် သူက ဆက်ပြောသည်။

“အတော်လေး ရုန်းကန်ပြီးတဲ့နောက် သူ့ကိုယ်သူ ထိန်းချုပ်လိုက်နိုင်တယ်လို့ ယူဆရတယ် ၊ မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲက ရေပလ္လင်နတ်ဆိုးသာ ပြန်မွေးဖွားလာလို့ကတော့ အခြေအနေတွေက အခုလောက် အေးဆေးမနေနိုင်ဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း သက်ပြင်းတိုးတိတ်ချလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ”

အနာဂတ်တွင် ချူးလီလီနှင့် ကျဲ့မင်ခုန်တို့၏ ဘဝများက မည်သို့ဖြစ်လာမည်နည်း။

ရန်ကျောက်ကဲ သူ့ပခုံးများကိုအသာပွတ်သပ်ရင်း...

“လောလောဆယ်တော့ အကြီးအကဲ’ချူး’ ကို ထိပ်တန်းအဆင့်နတ်ဆိုးတွေ ဝိုင်းပြီးပစ်မှတ်မထားဖို့ပဲ မျှော်လင့်ရတာပေါ့ ၊ မဟုတ်ရင်တော့... သူ နတ်ဆိုးတစ်ပါး ဖြစ်လာမှာပဲ ၊ ပြီးတော့ သူ့ကို ဘယ်မှာ သွားရှာရမှန်းလည်း မသိဘူး”

ချူးလီလီကဲ့သို့ပင် ကျဲ့မင်ခုန်သည်လည်း ပျောက်ဆုံးလျှက် ရှိသည်။

သိပ်မသေချာသော်လည်း မိန်းမပျိုဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်လာမည်မဟုတ်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

ယခုအချိန်တွင် သူမအနေဖြင့် နက္ခတ်ဧကရာဇ်နှင့် ရင်ဆိုင်နိုင်မည် မဟုတ်သေးပေ။

မိန်းမပျိုဧကရာဇ်အကြောင်း စဉ်းစားမိတော့ ရန်ကျောက်ကဲက သူမကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်ကို သတိရသွားသည်။

“အခု ငြိမ်သက်ဧကရာဇ်နဲ့ ဟုန်တိဧကရာဇ်တို့ရော အခြေအနေကောင်းရဲ့လား”

ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းရင်း...

“ငြိမ်သက်ဧကရာဇ်ကတော့ အခြေအနေမဆိုးလှပါဘူး ၊ သူ့ကိုကာကွယ်ပေးတဲ့ နဂါးကျားရွှေရောင်သံချပ်ကာ ရှိတယ်လေ”

သူက ဆက်ပြောသည်။

“ဟုန်တိဧကရာဇ်ကတော့ အခြေအနေ တော်တော်ဆိုးတယ် ၊ နတ်ဘုရားတံခါးဖွင့်လှစ်ပြီးတဲ့နောက် မပျက်ဆီးနိုင်တဲ့ ရုပ်ခန္ဓာရထားတယ်ဆိုပေမယ့် သူ့လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့အတွက် တန်ခိုးစွမ်းအားတွေ အပြင်းအထန် ပျက်ဆီးသွားတယ်”

“သူက ‌ဖြောင့်မတ်ခြင်းချီစွမ်းအားကို အခြေခံပြီး ကျင့်ကြံခဲ့တာ ၊ ဒါကြောင့် တော်ရုံနဲ့ ဒဏ်ရာမရနိုင်ဘူး ၊ ဒါပေမဲ့ အရေးကြီးတဲ့အပိုင်းမှာ ဒဏ်ရာရပြီဆိုရင်လည်း ပြန်ကောင်းဖို့ ခက်ခဲတယ်”

အမတချီစွမ်းအား (၅)မျိုး ရှိလေသည်။

ဖြောင့်မတ်ခြင်းချီစွမ်းအား ၊ ပြောင်းလဲခြင်းချီစွမ်းအား ၊ တောက်ပခြင်းချီစွမ်းအား ၊ မိစ္ဆာချီစွမ်းအားနှင့် နက်ရှိုင်းချီစွမ်းအားတို့ဖြစ်ပြီး ထိုချီစွမ်းအားများက တစ်ခုနှင့်တစ်ခု မတူညီကြပေ။

နတ်ဘုရားတစ်ပါးကိုဖွင့်လှစ်ပြီးသည့် အစစ်အမှန်နတ်ဘုရားများအားလုံးသည် အမတချီစွမ်းအားတစ်မျိုးကို ကျင့်ကြံကြရမည် ဖြစ်သည်။ သူတို့၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အမတချီစွမ်းအားအဖြစ် ပြောင်းလဲပြီးနောက် ယိုစိမ့်ခြင်းမရှိသော နတ်ဘုရားခန္ဓာကို ရရှိမည် ဖြစ်၏။

မည်သို့သော အမတချီစွမ်းအားကို ကျင့်ကြံမည်လဲဆိုသည်ကတော့ ကျင့်ကြံသူတစ်ယောက်ချင်းအလိုက် ကွဲပြားသည်။ ပုံမှန်အားဖြင့် အမတချီစွမ်းအားဆိုသည်က လူတစ်ယောက်၏ ကျင့်ကြံခြင်းသန္ဓေတည်ခြင်းနှင့် ကိုက်ညီသည်။

အချို့သော ကျင့်ကြံသူများက သူတို့၏ကျင့်ကြံခြင်းစွမ်းအားနှင့် ကိုက်ညီသော အမတချီစွမ်းအားကို ရွေးချယ်ကြပြီး အချို့ကတော့ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို ဖြည့်စွက်ပေးနိုင်သည့် အမတချီစွမ်းအားကို ရွေးချယ်ကြသည်။

ကျင့်ကြံသူအနည်းငယ်သာလျှင် မိမိတို့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ဆန့်ကျင်ဘက် သဘောသဘာဝရှိသော အမတချီစွမ်းအားကို ရွေးချယ်ပြီး မျှခြေတစ်ခုခုကိုရှာဖွေရန် လုံးဝ မတူကွဲပြားသည့် လမ်းကြောင်းကိုလျှောက်လှမ်းကြသည်။

ထို့ကြောင့် အစစ်အမှန်နတ်ဘုရားများ ၊ သို့မဟုတ် ဧကရာဇ်များသည် အချင်းချင်း တိုက်ခိုက်သည့်အခါ မတူညီသော လှုပ်ရှားမှုတိုက်ကွက်များကို ထုတ်ဖော်ပြသကြခြင်း ဖြစ်သည်။

သာမန်အားဖြင့်ဆိုလျှင် -

နက်ရှိုင်းချီစွမ်းအားကို ကျင့်ကြံသူသည် အရာရာတိုင်းတွင် ထင်ရှားပေါ်လွင်နေမည် မဟုတ်ပေ။ သို့သော် သူတို့အနေဖြင့် ဒုတိယ အမတချီစွမ်းအားကို ကျင့်ကြံရန် အခြေခံအုတ်မြစ် ရရှိနိုင်သည်။

ပြောင်းလဲခြင်းချီစွမ်းအားကို ကျင့်ကြံသူများကတော့ ပို၍ လိုက်လျောညီထွေရှိပြီး ကျင့်ကြံခြင်းတွင် ချို့ယွင်းချက်မရှိသလောက်ဖြစ်ကာ နောက်တစ်ဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်သည်။

တောက်ပခြင်းချီစွမ်းအားကို ကျင့်ကြံသူများကတော့ ခံစစ်တိုက်စစ်ကောင်းမွန်ပြီး အမြဲတမ်း အသက်ဝင်တက်ကြွနေတတ်သည်။ သူတို့၏ခန္ဓာကိုယ်က အမတချီစွမ်းအားများကို အမြန်ဆုံးနည်းဖြင့် စုပ်ယူနိုင်စွမ်းရှိသလို အမတချီစွမ်းအားများကိုလည်း သိုလှောင်သိမ်းဆည်းထားနိုင်သောကြောင့် ရေရှည်တိုက်ပွဲများကို ကျွမ်းကျင်ပိုင်နိုင်သည်။

ဖြောင့်မတ်ခြင်းချီစွမ်းအား ကျင့်ကြံသူကတော့ တိုက်စစ်စွမ်းအားပြင်းထန်ပြီး ခိုင်မာသော ခံစစ်ကို ပိုင်ဆိုင်သည်။ ထိုချီစွမ်းအားက ကျင့်စဉ်လမ်းအတွက် အတည်ငြိမ်ဆုံးဟုထင်ရသော်လည်း ဖြောင့်မတ်ခြင်းချီစွမ်းအားကို ကျ့င်ကြံသူများအနေဖြင့် ဒုတိယ အမတချီစွမ်းအားကို ကျင့်ကြံရာတွင် အခက်တွေ့လေ့ ရှိရတတ်သည်။

မိစ္ဆာချီစွမ်းအားကို ကျင့်ကြံသူကတော့ ပုံမှန်အားဖြင့် မည်သည့်တိုးတက်မှုမှ ရှိလာမည် မဟုတ်ပေ။ သို့သော် သူတို့ကိုယ်သူတို့ ထိန်းချုပ်မှု ဆုံးရှုံးသွားပါက မိစ္ဆာလမ်းစဉ်သို့ ကျရောက်သွားဖွယ် ရှိ၏။

သို့သော် နတ်ဘုရားတံခါးဖွင့်လှစ်ပြီး အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက်ပိုင်းတွင်မှ မိစ္ဆာချီစွမ်းအားကို ကျင့်ကြံမည်ဆိုပါက ထိုသူများအနေဖြင့် ရန်သူကို သေစေလောက်သည့် တိုက်ကွက်များဖြင့် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

အထက်ဖော်ပြပါအချက်များအားလုံးက ကျင့်ကြံသူတစ်ဦးချင်းစီအတွက်သာ သက်ဆိုင်သည်။

အမှန်တော့ ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအားကို လွှမ်းမိုးနိုင်သည့်အရာများမှ အမတချီစွမ်းအား တစ်ခုတည်းမဟုတ်ဘဲ အခြားသောအချက်များစွာ ရှိပါသေးသည်။

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းရင်း...

“မိန်းမပျိုဧကရာဇ်ကို ဖြောင့်မတ်ခြင်းချီစွမ်းအား ကျင့်ကြံထားတဲ့သူလို့ ထင်ခဲ့တာ ၊ ဒါပေမဲ့ သူ မျက်လုံးဖွင့်လိုက်တော့မှ မိစ္ဆာချီစွမ်းအားကျင့်ကြံထားတာ သိလိုက်ရတယ်”

ကောင်းရွှယ်ပေါ်က...

“အထက်ဘုံကမ္ဘာက သတင်းတွေလည်း ငါကြားထားပါတယ်”

သူက ဆက်ပြောသည်။

“နက္ခတ်ဧကရာဇ်ပြန်ရောက်လာပြီဆိုတော့... သူက ရွှေစင်ထက်ယံအရှင်သခင်နဲ့ သွေးသောက်ညီအစ်ကိုတွေဆိုတော့... မင်းတို့မိသားစုကို ကာကွယ်ပေးမယ်လို့ ငါယုံကြည်တယ် ၊ ဒီတော့ မင်းတို့ အထက်ဘုံကမ္ဘာမှာ ပိုပြီးစိတ်အေးလက်အေး နေနိုင်တာပေါ့”

လိုအပ်ပါက သူတို့ဝါဒတောင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရွှေ့ပြောင်းလာနိုင်ကြောင်း လမ်းဖွင့်ပေးထားသည့် ကောင်းရွှယ်ပေါ်၏သဘောထားကို ရန်ကျောက်ကဲ နားလည်ပြီးသားပင်။

သူက...

“ကျေးဇူးတင်ပါတယ် ဆရာဦးလေး’ကောင်း’...”

ရွေးချယ်စရာနည်းလမ်းများရှိနေသရွေ့ ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရွှေ့ပြောင်းရန် ဆန္ဒမရှိပေ။ သို့သော် ကောင်းရွှယ်ပေါ်၏စေတနာကိုတော့ သူ တန်ဖိုးထားမြဲ ဖြစ်သည်။

“ကျောက်ကဲ... အားနာနေစရာမလိုပါဘူးကွာ”

ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းရင်း ဆိုသည်။

“ပြောရရင်... ငါတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက မင်းကိုကျေးဇူးတင်ရမှာ ၊ မင်းသာ နက္ခတ်ဧကရာဇ်ကို မကူညီခဲ့ဘူးဆိုရင် ဒီနေရာတော့ မုန်တိုင်းထန်နေလောက်ပြီ”

ထို့နောက် အဘိုးအိုက ရန်ကျောက်ကဲကိုကြည့်ရင်း လေးနက်စွာဖြင့်...

“ပြီးတော့ မင်းအာရုံစိုက်ရမယ့် ကိစ္စတစ်ခု ရှိသေးတယ်”

သူက ဆက်ပြောသည်။

“နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဖြစ်နေတဲ့ အမတခုံရုံးနဲ့ သုခဘုံ အခြေအနေက အခု ငြိမ်သက်သွားပြီ ၊ ဒီတော့ သူတို့က ငါတို့ စန်းချင်း(၃)ပါး အဆက်အနွယ် ကျင့်ကြံသူတွေကို အာရုံစိုက်လာလိမ့်မယ် ၊ ဒီတော့ အမတခုံရုံးက လှုပ်ရှားလာမယ်ဆိုရင် မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့လိုအပ်တယ် ၊ အထက်ဘုံကမ္ဘာက မင်းကိုကာကွယ်ပေးမှာ မဟုတ်ဘူးလေ”

All Chapters