ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကိုသွားရှာမည်
Vol. 85 Ch. 1193
အခန်း (၁၁၉၃) ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကိုသွားရှာမည်
ကောင်းရွှယ်ပေါ်၏စကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်သွားသည်။
ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့၏ အကြီးဆုံးသားဖြစ်သော ကောင်းရွှယ်ပေါ်က ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေ ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်တို့နှင့် ခေတ်ပြိုင်နီးပါး ဖြစ်သည်။
သူက မိဘများကိုယ်စား အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ကိစ္စရပ်များစွာကို တာဝန်ယူရသည်ဖြစ်ရာ ကောင်းရွှယ်ပေါ် ရရှိသည့်သတင်းအချက်အလက်များက သာမန်လူများနှင့် မတူညီပေ။
ယခု ရန်ကျောက်ကဲအပေါ် သူ၏သတိပေးချက်က အမှန်တကယ်ပင် သိမ်မွေ့သည်။
အထက်ဘုံကမ္ဘာမှ ဧကရာဇ်များဖြစ်သော တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏သဘောထားက ရှင်းလင်းပြတ်သားသည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲအား အမတခုံရုံးက အလိုရှိသည်ဆိုလျှင် ထိုဧကရာဇ်များက ကာကွယ်ပေးမည် မဟုတ်ပေ။ ထို့ပြင် ရန်ကျောက်ကဲ၏မိခင်ဖြစ်သူ ရွှယ်ချူးချင်ကိုလည်း အမတခုံရုံးက အလိုရှိနေသည် မဟုတ်ပါလား။
သို့သော် ကောင်းရွှယ်ပေါ်၏ စကားများအရ ရန်ကျောက်ကဲကိစ္စတွင် ပါဝင်ပတ်သက်နေသူများမှာ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့မျှသာ မဟုတ်ပေ။
“ဆရာဦးလေး’ကောင်း’... ဆိုလိုတာက...”
ရန်ကျောက်ကဲက မျက်လုံးများကို မှေးစင်းရင်း အထက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
ကောင်းရွှယ်ပေါ်က ဖြည်းညင်းစွာဖြင့်...
“အရင်တုန်းက တည်ထောင်သူဆရာဘွားဘွားဆီက ငါ ကြားခဲ့ဖူးတာ ၊ ဒါပေမဲ့ သိပ်တော့ မသေချာဘူး ၊ မင်း သတိထားဖို့ပဲလိုတယ်။"
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်းလေးနက်စွာဖြင့်...
“သတိပေးတာ ကျေးဇူးတင်ပါတယ် ဆရာဦးလေး’ကောင်း’”
ပြီးမှ သူက မေးလိုက်သည်။
“ကျွန်တော်က နက္ခတ်ဧကရာဇ်ကို ရှာဖွေဖို့ အလုပ်များနေတာနဲ့ သတင်းတွေနဲ့ အဆက်အသွယ်ပြတ်ကုန်တယ် ၊ လောလောဆယ် အမတခုံရုံးရဲ့ လှုပ်ရှားမှုကိုလည်း မသိရသေးဘူးဆိုတော့... တိဟွမ်မြေကမ္ဘာဧကရာဇ်ရော အထက်ဘုံကမ္ဘာကို ပြန်ရောက်နေပြီလို့ သတင်းကြားသေးလား ဆရာဦးလေး’ကောင်း’”
ကောင်းရွှယ်ပေါ်က စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့်...
“ဘာသတင်းမှတော့ မကြားသေးဘူး”
ပြောရလျှင် အထက်ဘုံကမ္ဘာတွင် ဝမ်ကျန်းချန် အသတ်ခံရသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် ထိုသတင်းကြားကြားချင်း အထက်ဘုံကမ္ဘာသို့ပြန်မည်ဆိုပါက ယခု ပြန်ရောက်နေလောက်ပေပြီ။
ထို့အတူ ဝမ်ဖူတို့အုပ်စုကလည်း ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေကို တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်ရန် ကြိုးစားမည်သာပင်။
သို့သော် အထက်ဘုံကမ္ဘာသို့ ယွဲ့ကျန့်ပေ ပြန်ရောက်သည့်သတင်းကိုလည်း ရန်ကျောက်ကဲ ကြားသိရခြင်း မရှိသေးပေ။
ကောင်းရွှယ်ပေါ်က...
“အမတခုံရုံးနဲ့ပတ်သက်တဲ့ သတင်းတွေရဖို့က အထက်ဘုံကမ္ဘာထက် ငါတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ပိုခက်တယ် ၊ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ သေချာမသိဘူး”
တကယ်တော့ အမတခုံရုံးနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ဆက်ဆံရေးက ပိုမိုတင်းမာသည်။
စန့်ချင်အဆက်အနွယ်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များနှင့် အမတခုံရုံးမှကျင့်ကြံသူများမှာ တွေ့သည်နှင့် သတ်ဖြတ်တိုက်ခိုက်ကြသည်ပဲ ဖြစ်သည်။
ကောင်းရွှယ်ပေါ်က...
“အမတခုံရုံးမှာ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့တော့ သတင်းကြားတယ် ၊ ဒါပေမဲ့ အတည်မပြုနိုင်ဘူး ၊ ဘာကြောင့်လဲဆိုတာလည်း မသိရဘူး”
ထိုစကာကြားတော့ ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။
“တကယ်လား... သုခဘုံကြောင့်လား ၊ ဒါမှမဟုတ် တခြားကိစ္စလား မသိဘူး”
ကောင်းရွှယ်ပေါ်က သတိထားသည့်လေသံဖြင့်...
“တခြားအသေးစိတ်ကို ဘာမှ မသိရသေးဘူး”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...
“ဒါက....”
ထို့နောက် သူက ကောင်းရွှယ်ပေါ်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“ဒါဆို ကျွန်တော် အထက်ဘုံကမ္ဘာကိုပြန်တော့မယ် ၊ နောက်တစ်ခေါက်မှပဲ ရွှမ်ဟွမ်ဧကရီနဲ့ လုန်ချွမ်ဧကရာဇ်ကို တွေ့ဆုံဂါရဝပြုပါတော့မယ်”
ကောင်းရွှယ်ပေါ်ကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲ ဝိညာဉ်သစ်ရွက်ဂူမှ ထွက်ခွာလာစဉ် ကောင်းချင်နှင့် ဆုံမိလေသည်။
သူမက ယခုအချိန်ထိ ထိတ်လန့်နေဆဲဖြစ်ပုံရကာ ရန်ကျောက်ကဲကိုတွေ့သည်နှင့် ချက်ချင်းရောက်လာပြီး သတင်းမေးသည်။
“ဆရာဦးလေးငယ်... အဘိုးနဲ့တွေ့ပြီးပြီလား... ‘လီ’ ဘွားဘွား ဘာဖြစ်သွားတာလဲ သိလားဟင်...”
သူမ စိုးရိမ်ပူပန်နေသည်ကိုမြင်တော့ ရန်ကျောက်ကဲ တိုးတိတ်စွာ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အင်း... သိတယ်”
ထို့နောက် သူက မိန်းကလေးကို နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့... အကြီးအကဲ’ချူး’ ကြီးကြီးမားမား ဘာမှမဖြစ်လောက်ပါဘူး ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ထွက်ခွာသွားတာပဲ ရှိတာပါ”
ကောင်းချင် စိတ်သက်သာရာရသွားဟန်ရှိသော်လည်း သူမမျက်နှာလေးထက်တွင် စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ ၊ ဒီနှစ်တွေတစ်လျှောက်လုံး အဆင်ပြေနေခဲ့တာပဲ”
ရန်ကျောက်ကဲမျက်ဝန်းများ နက်ရှိုင်းသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။
“ကြည့်ရတာ ချူးလီလီကိုယ်တိုင်လည်း သူ့အကြောင်းသူ မသိဘူးထင်တယ် ၊ သူ အထက်ဘုံကမ္ဘာကနေ အန္တရယ်ကင်းကင်းနဲ့ ထွက်ခွာလာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ပုန်းအောင်းနေနိုင်တာဟာ တစ်ယောက်ယောက်က လျှို့ဝှက်လမ်းပြပေးလို့ပဲ ဖြစ်ရမယ်”
စိတ်ပူပန်နေဟန်ရှိသော ကော်းချင်ကိုကြည့်ရင်း ရန်ကျောက်ကဲက သက်ပြင်းချလျှက် စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်စကားဆိုရင်း ရှင်းပြလိုက်သည်။ ထို့နောက် ကောင်းရွှယ်ပေါ်ကို သွားရောက်ရှာဖွေရန် သူမအား မှာကြားပြီး ထွက်ခွာသွားတော့သည်။
အထက်ဘုံကမ္ဘာသို့ သွားရာလမ်းတစ်လျှောက်တွင်လည်း ရန်ကျောက်ကဲ အတွေးထဲနစ်မျောလာသည်။
နောက်ဆုံးတော့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုကို ဖြတ်ကျော်ရင်း အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသည်။
သူ ပြန်ရောက်ရောက်ချင်း အခြားသူများနှင့် အဆက်အသွယ်လုပ်သည်နှင့် အထက်ဘုံကမ္ဘာ၏လေထုက ယခင် သူ ဤနေရာတွင် ရှိနေစဉ်ကနှင့် အတော်လေးကွာခြားသွားကြောင်း ခံစားမိသည်။
ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကို သတ်ဖြတ်လိုက်ပြီးနောက် အထက်ဘုံကမ္ဘာရှိလူတိုင်း အထိတ်တလန့် ဖြစ်ခဲ့ရပြီး အခြေအနေများက မရေမရာ ဖြစ်ခဲ့သည်။
ထို့ပြင် ဝါဒတောင်မှလူများအားလုံးက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ကြပြီး သူတို့၏ဝိသေသလက္ခဏာကို “တာအိုဝါဒ၏ မရှိမဖြစ် သိုင်းဂိုဏ်း” အဖြစ် အတည်ပြုခဲ့လေရာ အထက်ဘုံကမ္ဘာတွင် အခြေအနေများ ပို၍ မရေမရာ ဖြစ်လာသည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်၏ ပြင်းထန်သောဖိအားကို ဝါဒတောင်က မည်သို့ရင်ဆိုင်မည်ကို လူအများစု စောင့်မျှော်နေကြသည်။
ထျန်းကျိခန်းမနှင့် ရန်ကျောက်ကဲ ဆက်စပ်နေမှုကို သိရှိသူများအားလုံးမှာလည်း စိတ်မသက်မသာ ခံစားကြရသည်။ ရလဒ်အနေဖြင့် ထျန်းကျိခန်းမ၏ စီးပွားရေးလည်း ကျဆင်းသွားသည်။
နိဂုံးချုပ်ရလျှင် လူတိုင်းက ဝါဒတောင် ကျရှုံးမည်ဟုသာ တွက်ချက်ထားကြသည်။
ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်က ဝါဒတောင်ကို ကူညီပေးရန် ရည်ရွယ်ချက်ရှိသော်လည်း ကျန့်ဟွမ်ဓားဧကရာဇ်အနေဖြင့် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့၏ ဖိအားများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အမှန်တော့ ကျန့်ဟွာဓားဧကရာဇ်က နောက်မှပေါက်သည့်ရွှေကြာပင်ဖြစ်လေရာ အစောပိုင်းတွင် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့၏ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပေ။
ကျန့်ဟွမ်ဓားဧကရာဇ်၏ ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန် ရန်ကျောက်ကဲ အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင် အထက်ဘုံကမ္ဘာကို တည်ထောင်ခဲ့သော ဂန္ထဝင်တန်ခိုးစွမ်းအားရှင်များဖြစ်သည့် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အား ကျန့်ဟွမ်ဓားဧကရာဇ်က ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသည့်တိုင် လူအများ၏အမြင်က ဝါဒတောင်အပေါ်တွင် အသာစီးမပေးဘဲ ဧကရာဇ် (၂)ပါးဘက်သို့သာ မှီခိုနေကြသည်။
သို့သော်...
မကြာသေးမီက တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီး အထက်ဘုံကမ္ဘာ၏ အခြေအနေသည်လည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။
ကျန့်ဟွမ်ဓားဧကရာဇ် ပေါ်ထွက်မလာခင် အထက်ဘုံကမ္ဘာ၏ မူလ ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့နှင့် ခေတ်ပြိုင်ကျော်ကြားသူဖြစ်သော နက္ခတ်ဧကရာဇ် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေရာမှ ပြန်ရောက်လာခြင်း ဖြစ်သည်။
ဤသည်က လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
နောက်ပိုင်းမျိုးဆက် လူငယ်ကျင့်ကြံသူများက နက္ခတ်ဧကရာဇ်ကို မသိကြသော်လည်း အကြီးပိုင်းများကတော့ မေ့လျော့သွားခြင်း မရှိကြပေ။
ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ‘ရေစင်ထက်ယံအရှင်သခင်’ ဟု လူသိများသည့် နက္ခတ်ဧကရာဇ် ‘ချန်ရွှမ်ကျုန်း’ ကို သူတို့ ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က အမြဲတမ်း သိုသိပ်စွာနေထိုင်သည်။ ထို့ကြောင့် နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာသည့်အခါ ယင်ဟွမ်ဧကရာဇ်ထက်ပိုပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားသည်။
နောက်ပိုင်းမျိုးဆက်ဖြစ်ပြီး သက်ဝင်လှုပ်ရှားစွာ ပြုမူနေထိုင်လေ့ရှိသော ကျန့်ဟွမ်ဓားဧကရာဇ်အနေဖြင့် သြဇာလွှမ်းမိုးနိုင်စွမ်း ကြီးမားသည် အမှန်ပင်။
သို့သော် သူရင်ဆိုင်ရမည့်သူများက သူ့ထက် အဆင့်မြင့်မားပြီး ဝါစဉ်ကြီးသော တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ဖြစ်နေသည့်အခါ လူအများက ကျန့်ဟွမ်ဓားဧကရာဇ်အပေါ် မျှော်လင့်ချက် သိပ်မထားကြပေ။
ယခု နက္ခတ်ဧကရာဇ်က ထို ဧကရာဇ် (၂)ပါးနှင့် မျိုးဆက်တူညီသူဖြစ်လေရာ ပိုမိုယုံကြည်မှုရှိလာကြသည်။
ယနေ့အချိန်တွင် စင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ နှင့် ရေစင်ထက်ယံအရှင်သခင် ‘ချန်ရွှမ်ကျုန်း’ တို့မှာ ရေစင်ထက်ယံအရှင်သခင်တို့မှာ သွေးသောက်ညီအစ်ကိုများအဖြစ် သစ္စာပြုထားကြသော မိတ်ဆွေရင်းများဖြစ်ကြောင်း သိရှိသူ ခပ်ရှားရှားပင်။
နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာသို့ရောက်ရှိသည်နှင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်သို့ မပြန်ခဲ့ပေ။
သူက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ရှိ ဝါဒတောင်တွင်နေထိုင်ရန် ရွေးချယ်ခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူက မည်သူဘက်သို့ရပ်တည်ကြောင်း လူတိုင်း ရှင်းလင်းစွာ သိရှိသည်ပင်။
ကျန့်ဟွမ်ဓားဧကရာဇ်ကဲ့သို့ပင် နက္ခတ်ဧကရာဇ်သည်လည်း ဝါဒတောင်ဘက်မှ အခိုင်အမာ ရပ်တည်ခဲ့သည်။
ဤသို့ဖြင့် အထက်ဘုံကမ္ဘာ၏အခြေအနေသည်လည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာခဲ့ပြီး ထျန်းကျိခန်းမ၏ စီးပွားရေးလုပ်ငန်းများသည်လည်း ပြန်လည်မြင့်တက်လာသည်။
လူအများက အင်အားကြီးရာသို့ ဘက်လိုက်ရန် ရွေးချယ်ကြခြင်း မဟုတ်ပေ။ သို့သော် လူအများစုအမြင်တွင် နှစ်ဖက်အခြေအနေက ဟန်ချက်မညီဘဲ မရေမရာ ဖြစ်နေခြင်းသာပင်။
ယခု နက္ခတ်ဧကရာဇ်ရောက်လာပြီဖြစ်ရာ နှစ်ဖက်အခြေအနေ ဟန်ချက်ညီသွားပြီး တိုက်ပွဲများရှောင်ရှားနိုင်ကာ အပေးအယူဖြင့် ငြိမ်းချမ်းရေးယူဖွယ် ရှိသည်။
နက္ခတ်ဧကရာဇ်က ဝါဒတောင်တွင် ခဏမျှနေထိုင်ပြီးနောက် ခွန်လွန်တောင်သို့ ခရီးထွက်သွားခဲ့သည်။
သူ ဦးတည်သည်က ယခင် သူနေထိုင်ရာ ကျောက်စိမ်းကောင်းကင်တောင်ထွတ်သို့မဟုတ်ဘဲ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် သီးသန့်နေထိုင်ရာ ‘နတ်ဘုရားအနားယူတောင်ကြား’ သို့ ဖြစ်သည်။
ထိုဖြစ်ရပ်က လူပြောသူပြောအများဆုံး အကြောင်းအရာ ဖြစ်လာခဲ့သည်။
နက္ခတ်ဧကရာဇ်က ဝါဒတောင်အရေး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် သွားရောက်ဆွေးနွေးသည်ဟု အားလုံက ထင်မှတ်ကြသည်ဖြစ်ရာ အဖြေကို သိချင်နေကြသည်။
ထိုသတင်းကြားသည်နှင့် နက္ခတ်ဧကရာဇ်က ဝါဒတောင်ကိစ္စ သွားရောက်ဆွေးနွေးခြင်းမဟုတ်ကြောင်း ရန်ကျောက်ကဲ ချက်ချင်းသိလိုက်သည်။
နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးခြင်း မဖြစ်နိုင်သည့်အပြင် ပြဿနာရှာခြင်းပင် ဖြစ်နိုင်သည်ဟု ယောင်ဝါးဝါး ခံစားလိုက်မိသည်။
“အချိန်တွက်ကြည့်လိုက်ရင်... နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာကိုပြန်ရောက်ပြီး အခြေကျလောက်ပြီ ၊ ဒီတော့ သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးကိုဖိနှိပ်ပြီးရင် အရင်တုန်းက သူ့ကိုပြဿနာဖြစ်အောင်လုပ်တဲ့သူကို သေချာပေါက် သွားရှာမှာပဲ”
ရန်ကျောက်ကဲ ဝါဒတောင်သို့မပြန်တော့ဘဲ ခွန်လွန်တောင်ဆီသို့ ဦးတည်လိုက်သည်။
“သူ သွားရှာတဲ့သူက ယင်ဟွမ်ဧကရာဇ်ပဲ ဖြစ်ရမယ်”