တခြားသူကိုထွက်မတွေ့ရင်နေ ငါ့ကိုတော့ထွက်တွေ့ရမယ်
Vol. 85 Ch. 1194
အခန်း (၁၁၉၄) တခြားသူကိုထွက်မတွေ့ရင်နေ ငါ့ကိုတော့ထွက်တွေ့ရမယ်
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ က ခွန်လွန်အထင်ကရ (၉)ပါးမှ “လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်” ဖြစ်သည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးတွင် တစ်ပါးဖြစ်လာပြီး အစဉ်အမြဲ ဂုဏ်သိက္ခာရှိသူ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲ အပါအဝင် လူအများစုသည် သူ့အကြောင်းကိုသာကြားဖူးကြပြီး သူနှင့်ပတ်သက်ပြီး နက်နက်နဲနဲ မသိရှိကြပေ။
အချိန်အများစုတွင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သိုသိပ်စွာပင်နေထိုင်လေရာ အုပ်စိုးရှင် (၅)ပါးလောက်ပင် ကျော်ကြားခြင်းမရှိဟု ထင်မှတ်ရသည်။
သူက နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော်လည်း ရှေးယခင်အချိန်ကတည်းကပင် အထင်ကြီးလောက်စရာ မည်သည့်အလုပ်ကိုမှ မလုပ်ခဲ့ကြောင်း လူအများ အံ့အားသင့်ဖွယ် တွေ့ရှိနိုင်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားမှုကြောင့်သာ လူအများက သူ့ကို လေးစားကြခြင်း ဖြစ်၏။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ဆိုသည်က ခွန်လွန်အထင်ကရ (၉)ပါး ကမ္ဘာကိုအုပ်စိုးချိန်ကာလမှသည် ဧကရာဇ် (၃)ပါး အုပ်ချုပ်သည့်အချိန်ကာလအထိ သူ၏တည်ရှိမှုက အရိပ်တစ်ခုပမာသာ ဖြစ်သည်။
သူက လူတိုင်း၏နောက်ကွယ်တွင် အမြဲတမ်း တိတ်ဆိတ်စွာ ရပ်တည်နေခဲ့သလိုပင်။
ခွန်လွန်အထင်ကရ (၉)ပါး သို့မဟုတ် အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးအကြောင်း ပြောဆိုမှသာလျှင် ယန်ချဲ့ကို တန်ခိုးစွမ်းအားကြီးမားသည့် ကျင့်ကြံသူတစ်ယောက်ဟု တွေးတောမိကြမည် ဖြစ်၏။
ထိုအချက်မှလွဲပြီး သူ့တွင် အံ့သြဖွယ်ရာ အောင်မြင်မှု ၊ သို့မဟုတ် ခမ်းနားသည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကို တွေးကြည့်၍ပင် မရနိုင်ပေ။
“စစ်တိုက်တတ်သော်လည်း ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုမရှိ” ဆိုသော ရှေးဆိုရိုးအတိုင်းပင် ဖြစ်သည်။
သို့သော် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က နှစ်ထောင်ပေါင်းများစွာကြာအောင် လူမသိ သူမသိ သိုသိပ်စွာ နေထိုင်ခဲ့သည်။
လူအများက သူ့ကိုလေးစားကြသည့်တိုင် အချိန်အများစုတွင် တံခါးပိတ်ကျင့်ကြံနေတတ်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ်၏ လုပ်ဆောင်ချက်မှန်သမျှကို ထောက်ခံနေတတ်သည်။
သို့သော် အားနည်းသည်ဟုထင်မှတ်ရသော ထိုဧကရာဇ်ကို ရန်ကျောက်ကဲက ဘယ်သောအခါမှ လျစ်လျူမရှုခဲ့ပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်လေရာ သူ၏တည်ရှိမှုကပင် အဟန့်အတားနှင့် တန်ခိုးစွမ်းအားကို ရိုးရှင်းစွာ ပြသနိုင်သည်။
ရန်ကျောက်ကဲ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အကြောင်းတွေးနေရင်း အတိတ်မှ အကြောင်းအရာများ သူ့စိတ်ထဲ ပေါ်လာသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်၏ ရန်သူဖြစ်သော နေသူတော်စင်ဂိုဏ်းတွင် “နေဘုရင် (၇)ပါး” ဟုခေါ်သော အမာခံကျင့်ကြံသူ (၇)ယောက် ရှိခဲ့ဖူးသည်။
နေဘုရင် (၇)ပါးတွင် ပထမအဆင့်ရှိသူမှာ “ကမ္ဘာအလင်းအရှင်” ဖြစ်ပြီး အစွမ်းထက်ဆုံး ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်သည်။
ထိုအချိန် ဒုတိယနေရာတွင်ရှိသော ဆည်းဆာအရှင်သည် မထင်မရှားဖြင့် သိုသိုသိပ်သိပ်နေထိုင်သူ ဖြစ်သည်။
ဆည်းဆာအရှင် သိုသိုသိပ်သိပ်နေထိုင်ရသည့်အကြောင်းရင်းမှာ နောက်ကွယ်မှ ပြုလုပ်နေသည့် မကောင်းသည့်အလုပ်များစွာကို လုပ်ကိုင်နေသည့်အတွက် ဖြစ်သည်။ သူက နေသူတော်စင်ဂိုဏ်းလက်အောက်တွင် အမှောင်ဘက်ခြမ်းကိုတာဝန်ယူရသည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်သည်။
ထို့ကြောင့် အများအမြင်တွင် သိုသိုသိပ်သိပ်နေထိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နောက်ကွယ်မှ မကောင်းသည့် လုပ်ရပ်များစွာကို ကောင်းကောင်းကိုင်တွယ်နိုင်လျှင် သြဇာအာဏာနှင့် အခွင့်အရေးက ထင်ထင်ပေါ်ပေါ်နေသူများနှင့် အတူတူပင် ဖြစ်၏။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ဆည်းဆာအရှင်ကဲ့သို့ ပြုလုပ်နေသည်လား မသေချာပေ။
သူသိသလောက် ခွန်လွန်အထင်ကရကိုးပါးတွင် မကောင်းသည့်လုပ်ရပ်များ ၊ ဇာတ်လမ်းဆင်ခြင်းများ ၊ လှည့်စားခြင်းများကိုပြုလုပ်သူမှာ ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ သာ ဖြစ်သည်။
သို့သော် လျှို့ဝှက်ခြင်းထက်ယံအရှင်သခင် ‘ယန်ချဲ့’ ဆိုသည်က ကိုင်တွယ်ရခက်သူတစ်ယောက်ဖြစ်သည်မှာ အငြင်းပွားဖွယ် မရှိပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို ခွန်လွန်အထင်ကရ (၉)ပါးတွင် အိမ်ဖြည့်သဘောမျိုး ထည့်သွင်းစဉ်းစားမည်ဆိုပါက ကောင်းဟန် ၊ ကျန်းရှန်နှင့် ရန်ရှင်းထန်တို့ကဲ့သို့ အခြားသော ထင်ရှားကျော်ကြားသူများကိုပါ မထီမဲ့မြင်ပြုသလို ဖြစ်ပေမည်။
ရန်ကျောက်ကဲ မြင့်မားလှသော ခွန်လွန်တောင်တန်းဆီသို့ ခရီးနှင်လာပြီး တစ်နေရာအရောက် သူလှမ်းကြည့်လိုက်တော့ တောင်ကြားတစ်ခုကို တွေ့ရသည်။
ထိုတောင်ကြား၏ပုံပန်းသဏ္ဌန်က ထင်ထင်ရှားရှား မရှိသော်လည်း တောင်ကြားအတွင်းမှ ဝိညာဉ်စွမ်းအားများက ဒီရေအလား အဆက်မပြတ် စီးဆင်းနေသည်ကို ခံစားရနိုင်သည်။
ထိုနေရာက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ ကျောက်ဂူအိမ်တော်တည်ရှိရာ အထက်ဘုံကမ္ဘာ၏ အထွတ်ထိပ်နေရာ (၃)ခုအနက် တစ်ခုဖြစ်သော ‘နတ်ဘုရားအနားယူတောင်ကြား’ ပင် ဖြစ်သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တွင် တပည့်တစ်ယောက်မှမရှိလေရာ သူနေထိုင်ရာ ‘နတ်ဘုရားအနားယူတောင်ကြား’ က အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေပြီး အခါကြီးရက်ကြီးများတွင် လာရောက်ဂါရဝပြုသော ကျင့်ကြံသူ အနည်းငယ်သာလျှင် ရှိတတ်သည်။
သို့သော် ယနေ့တော့ ဤနေရာတွင် အေးဆေးငြိမ်သက်သည်ဟု ပြော၍မရတော့ပေ။
ငွေရောင်ဆံပင်များကိုပိုင်ဆိုင်သော လူငယ်တစ်ယောက် တောင်ကြားအဝင်ဝတွင် မတ်တတ်ရပ်နေပြီး သူ့အရှေ့မှ တောင်ကြားကို စူးစိုက်ကြည့်နေသည်။
ထိုသူက နက္ခတ်ဧကရာဇ် ချန်ရွှမ်ကျုန်းပင် ဖြစ်၏။
တောင်ကြားအဝင်ဝတွင်ရှိနေသော လူငယ်လေးတစ်ယောက်က အခက်တွေ့နေဟန်ဖြင့် နက္ခတ်ဧကရာဇ်ကို ဂါရဝပြုလိုက်သည်။
“ကျွန်တော်တို့ နတ်ဘုရားက တံခါးပိတ်ကျင့်ကြံနေပါတယ် ၊ ဧည့်သည်လက်ခံတွေ့ဆုံမှာ မဟုတ်ဘူး ၊ ဧည့်သည်တွေအနေနဲ့...”
နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“တံခါးပိတ်ကျင့်ကြံနေလည်း ထွက်လာလို့ရတာပဲလေ...”
သူက ဆက်ပြောသည်။
“တခြားသူဆိုရင် တာအိုရောင်းရင်း’ယန်’ ထွက်မတွေ့လည်း ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ ငါရောက်လာတာဆိုတော့ မျက်နှာထွက်ပြသင့်တယ် ၊ ငါက သူနဲ့တွေ့ဖို့ နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းနေခဲ့ရတာ”
“မင်း သတင်းသွားပို့စရာမလိုဘူး ကောင်လေး ၊ ငါရောက်လာတာကို တာအိုရောင်းရင်း’ယန်’ သိပါလိမ့်မယ်”
ထို့နောက် လူငယ်လေး၏မျက်လုံးရှေ့တွင် နှင်းပွင့်များကျဆင်းလာပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီရှိသော ‘နတ်ဘုရားအနားယူတောင်ကြား’ မှာ ရေခဲနှင့် ဆီးနှင်းကမ္ဘာကြီးအဖြစ်ပြောင်းလဲသွားသည်။
ရေခဲနှင့်ဆီးနှင်းများ ပြည့်နက်နေသော်လည်း လူငယ်လေးမှာ အေးစိမ့်မှုကို မခံစားရပေ။
သို့သော် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သစ်ပင်ပန်းမန်များအားလုံး ရေခဲပန်းပုရုပ်များပမာ ပြောင်းလဲသွားသည်ဖြစ်ရာ ဤသည်က မှားယွင်းသော လှည့်စားမှုတစ်ခု မဖြစ်နိုင်ပေ။
ရေခဲနှင့် ဆီးနှင်းများမှ အအေးဓာတ်ထွက်ပေါ်မလာသော်လည်း ဤသည်က ပုံရိပ်ယောင်ဟု မဆိုလိုပေ။
ထိုအချိန်မှာပင်...
နတ်ဘုရားအနားယူတောင်ကြားပတ်ဝန်းကျင်တစ်ခုလုံး အပူချိန် သိသိသာသာ ကျဆင်းသွားပြီး တဖြည်းဖြည်း အေးစက်လာသည်ကို ခံစားရသည်။
တောင်ကြားတွင်ရှိနေသည့် လူငယ်လေးအချို့မှလွဲပြီး အသက်ဓာတ်အားလုံးချုပ်ငြိမ်းသွားကာ သေမင်းတမန်ဆန်စွာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကောင်းကင်ထက်မှ နေရောင်ခြည်သည်ပင် အေးခဲသွားသည့်အလား ထင်မှတ်ရ၏။
ဤအခိုက်အတန့်တွင် အထက်ဘုံကမ္ဘာ၏ အကျော်ကြားဆုံးသော နတ်ဘုရားနယ်မြေသည် အချိန်မရွေး အက်ကွဲသွားနိုင်သော နုနယ်သည် ရေခဲသလင်းတစ်ခုပမာ ပြောင်းလဲသွားသည်။
နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“တာအိုရောင်းရင်း’ယန်’... တံခါးပိတ်ကျင့်ကြံနေတယ်ဆိုရင်လည်း အခု ထွက်လာဖို့လိုပြီ...”
သူက ဆက်ပြောသည်။
“မင်းအတွက် စိတ်အနှောက်အယှက်ဖြစ်သွားရင် စိတ်မကောင်းပါဘူး ၊ ဒါပေမယ့် အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေက ငါ့စိတ်ထဲမှာ နှစ်ထောင်ချီပြီး စွဲနေခဲ့တာ ၊ ဒီနေ့တော့ ပြတ်ပြတ်သားသား သိရမှဖြစ်မယ်”
သူ ယနေ့ရောက်လာသည်က ပြဿနာရှင်းရန်ဖြစ်လေရာ တစ်ဖက်လူက တံခါးပိတ်ကျင့်ကြံနေသည်ကို အရေးစိုက်မည် မဟုတ်ပေ။
သူ့စကားဆုံးသွားသည်နှင့် တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းနေသော ရေခဲများနှင့် ဆီးနှင်းများက ရုတ်တရက် တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားသည်။
ရေခဲနှင့် ဆီးနှင်းများ အရည်ပျော်သွားခြင်းအား မမြင်ရသည့်တိုင် အဆက်မပြတ် အငွေ့ပျံပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။
ထို့နောက် မှိန်ဖျော့နေသည့် အနက်ရောင်နှင့်အပြာရောင်အလင်းတန်းတစ်ခု ဝင်ရောက်လာပြီး နတ်ဘုရားအနားယူတောင်ကြားကို ဖုံးလွှမ်းသွားသည်။
“တိုက်စားခြင်းတန်ခိုးစွမ်းအား...”
ထိုမြင်ကွင်းကိုတွေ့သည်နှင့် ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
“ဒီတန်ခိုးစွမ်းအားက ရာဟုကြယ်နေကြတ်ခြင်းတန်ခိုးစွမ်းအားနဲ့မတူဘူး ၊ နေနဲ့လနဲ့အတူ ဒီလောကရဲ့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အဖျက်စွမ်းအားတွေ ပါဝင်နေတယ်”
နက္ခတ်ဧကရာဇ်ကတော့ လှုပ်ရှားမှုမပြုဘဲ မြင်ကွင်းကို တည်ငြိမ်စွာကြည့်နေသည်။
ထို အနက်ရောင်နှင့် အပြာရောင်အလင်းတန်းများက နတ်ဘုရားအနားယူတောင်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး စကားသံတစ်သံလည်း ထွက်ပေါ်လာသည်။
“တာအိုရောင်းရင်း’ချန်’... မတွေ့တာ နှစ်တွေအရမ်းကြာနေပြီနော် ၊ မင်း အဆင်ပြေရဲ့လား”
“မဆိုးပါဘူး ၊ အဆင်ပြေပါတယ်”
နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာပင် ဆိုသည်။
အနက်ရောင်နှင့် အပြာရောင်အလင်းတန်းများ အားပျော့သွားပြီး လူတိုင်းရှေ့တွင် နတ်ဘုရားအနားယူတောင်ကြား ပြန်လည်ထွက်ပေါ်လာသည်။
အစောပိုင်းက ရေခဲနှင့် ဆီးနှင်းများကြောင့် တစ်နှစ်ပတ်လုံး နွေဦးရာသီပမာ သာယာလှပသော တောင်ကြားအတွင်းမှ သဘာတတရားများက ဆောင်းရာသီဝင်ရောက်သည့်ပမာ ခြောက်သွေ့ကုန်သည်။
ထိုအချိန်...
တောင်ကြားအတွင်းမှ လူတစ်ယောက် ခြေတစ်လှမ်းချင်းလှမ်းပြီး ထွက်လာသည်ကို တွေ့ရသည်။
သူ ခြေလှမ်းလိုက်သည်နှင့် အရာအားလုံးက ပြန်လည် အသက်ဝင်လာသည်။
သူဖြတ်သန်းသွားရာနေရာတွင် မြက်ပင်များက ပြန်လည်စိမ်းလန်းလာပြီး တောင်ပေါ်ပန်းများသည်လည်း ပြန်လည်ပွင့်လန်းလာသည်။
ရန်ကျောက်ကဲ ထိုသူကိုလှမ်းကြည့်လိုက်တော့ အသက် (၄၀)ကျော် လူရွယ်တစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူ၏မျက်နှာသွင်ပြင်က သူလိုကိုယ်လိုသာမန်မျှသာဖြစ်ပြီး အရပ်အမောင်းကလည်း သာမန်ပင်ဖြစ်ကာ မည်သည့်ထူးခြားချက်မှ မရှိပေ။
ပြောရသည်မှာ အားနာစရာကောင်းသော်လည်း လူအုပ်ထဲတွင် ရောနှောသွားလာနေလျှင် မည်သူမှ သတိထားမိမည်မဟုတ်သော ရွက်ကြမ်းရေကြို ရုပ်သွင်မျိုး ဖြစ်သည်။
သူ့မျက်နှာကို အချိန်အတန်ကြာအောင် စူးစိုက်ကြည့်သည့်တိုင် ကျောခိုင်းလိုက်သည်နှင့် မှတ်မိခြင်းမရှိတော့လောက်အောင် သာမန်ဆန်လွန်းသည်။
သို့သော် ထိုမျှသာမန်ဆန်သော လူတစ်ယောက်က နတ်ဘုရားအနားယူတောင်ကြား၏ အရှင်သခင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ ဖြစ်နေခဲ့သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ဆိုသည်က အတိတ်တစ်ချိန်တုန်းက ချန်ရွှမ်ကျုန်း ၊ ရန်ရှင်းထန် ၊ ရှောက်ကျွင်းဟွမ်နှင့် အခြားသူများကဲ့သို့ အထက်ဘုံကမ္ဘာကို ပြန်လည်တည်ထောင်ခဲ့သော ‘ခွန်လွန်အထင်ကရကိုးပါး’ တွင် တစ်ပါးအပါအဝင်ဖြစ်သော “လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်” ဖြစ်သည်။
ယခု အထက်ဘုံကမ္ဘာတွင် အရေးပါဆုံးနှင့် အာဏာအမြင့်ဆုံးထဲမှ တစ်ယောက်လည်း ဖြစ်၏။
“နှစ်ပေါင်းထောင်ချီတောင် စောင့်ခဲ့ပြီးပြီ ၊ အခုမှ ဘာလို့ လောနေတာလဲ”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ကရုဏာပြည့်ဝစွာ ပြုံးလျှက် တည်ငြိမ်နူးညံ့သည့်လေသံဖြင့် ဆိုသည်။
နက္ခတ်ဧကရာဇ်က သူ့ရှေ့မှလူကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးသည့်ပမာ တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေသည်။
အတန်ကြာမှ နက္ခတ်ဧကရာဇ်က ဖြည်းညင်းသည့်လေသံဖြင့်...
“ဘာလို့လောနေတာလဲဆိုတော့... အဲဒီနှစ်ထောင်ပေါင်းများစွာက မတတ်သာလို့ စောင့်ခဲ့ရတာလေ ၊ ဖြစ်နိုင်ရင် ငါက တစ်စက္ကန့်တောင်မှ စောင့်ချင်တာ မဟုတ်ဘူး ၊ နှစ်ပေါင်းထောင်ချီဆိုတာကတော့ ပြောမနေနဲ့တော့...”