← Chapters

အထက်ဘုံကမ္ဘာတွင် အရိပ်တစ်ခုပမာ

Vol. 85 Ch. 1195

အထက်ဘုံကမ္ဘာတွင် အရိပ်တစ်ခုပမာ

Vol. 85 Ch. 1195

အခန်း (၁၁၉၅) အထက်ဘုံကမ္ဘာတွင် အရိပ်တစ်ခုပမာ

နက္ခတ်ဧကရာဇ်၏မျက်ဝန်းများကိုကြည့်ရင်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ခပ်သဲ့သဲ့ ပြုံးလိုက်သည်။

“မင်း အဖြေကို သိပြီးလောက်ပြီထင်ပါတယ် တာအိုရောင်းရင်း’ချန်’... ဟုတ်တယ်မလား”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ခေါင်းတစ်ချက်ညိတ်ရင်း...

“မင်း ခန့်မှန်းတာ မှန်ပါတယ် ၊ သူ့အဖေ တာအိုရောင်းရင်း’ချူးဟွမ်’ ကို သတ်လိုက်တဲ့သူက မင်းပဲဆိုတာ မင်းတပည့်လေးကို ငါပြောပြလိုက်တာပဲ”

နက္ခတ်ဧကရာဇ်က ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို စူးစိုက်ကြည့်ရင်း အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသည်။

ဘေးနားတွင် သူတို့ပြောသည့်စကားများကိုနားထောင်နေသည့် ရန်ကျောက်ကဲက တွေးလိုက်သည်။

“တပည့်လေး... အဖေ ... တာအိုရောင်းရင်း’ချူးဟွမ်’ ... ကြည့်ရတာ ချူးလီလီရဲ့ အဖေပဲ ဖြစ်ရမယ်”

နက္ခတ်ဧကရာဇ်နှင့် မိန်းမပျိုဧကရာဇ်၏ စကားပြောဆိုမှုမှတစ်ဆင့် သူက ထိုအဖြစ်အပျက်များကို အနည်းငယ် သိရှိထားသည်။

ယခု ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် ချန်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့၏စကားကိုနားထောင်ပြီး သဲလွန်စများက အစိတ်စိတ်အမွှာမွှာဖြစ်နေသော်လည်း ကြိုးတစ်ချောင်းတွင်သွယ်ထားသောပုတီးစေ့များပမာ အချက်အလက်များ ဖြည်းဖြည်းချင်း ချိတ်ဆက်မိလာသည်။

ထိုအချိန်မှာပင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရန်ကျောက်ကဲရောက်ရှိနေသည်ကို သတိပြုမိသွားသည်။

“ဒီတစ်ယောက်က... တာအိုရောင်းရင်း’ရန်’ ရဲ့မြေးလား ၊ နာမည်က ရန်ကျောက်ကဲ ဖြစ်ရမယ်”

ရန်ကျောက်ကဲက နှိမ့်ချသည်လည်းမဟုတ် ၊ မောက်မာခြင်းလည်းမရှိသော ပုံမှန်ဟန်ပန်ဖြင့်ပင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ယင်ဟွမ်ဧကရာဇ်ကို ဂါရဝပြုပါတယ် ၊ ကျွန်တော် မယဉ်ကျေးမိတာရှိရင် ခွင့်လွှတ်ပေးပါ”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“မင်းတို့သားအဖအကြောင်း သတင်းတွေကြားကတည်းက တွေ့ချင်နေတာ ကြာပါပြီ ၊ ကံမကောင်းတာက ငါက တံခါးပိတ်ကျင့်ကြံနေတော့ ဒီနေ့အထိ ဆန္ဒအတိုင်းဖြစ်မလာသေးဘူး”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ကျွန်တော်လည်း ဒီနေ့ ဒီလိုအခြေအနေမျိုးမှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နဲ့ တွေ့ဆုံရမယ်လို့ ထင်မထားမိပါဘူး”

သူ့မျက်ဝန်းများက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် နက္ခတ်ဧကရာဇ်တို့ကြား ရွေ့လျားသွားသည်။

“စောစောက ပြောခဲ့တဲ့စကားအတိုင်းဆိုရင်... ဧကရာဇ်မင်းက နက္ခတ်ဧကရာဇ်ကို အထက်ဘုံကမ္ဘာအပြင်ဘက်နယ်မြေမှာ နှစ်ပေါင်းထောင်ချီကြာအောင် ရေခဲထဲပိတ်မိနေစေတဲ့သူပေါ့ ၊ ကျွန်တော် တကယ်ထင်မထားမိဘူး”

ထိုဖြစ်ရပ်ကြောင့် နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော ‘နက္ခတ်ဧကရာဇ်’ အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားခဲ့ရသည်။

ဤသည်က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ပြန်လည်ရှင်သန်လာသော တာအိုဝါဒအတွက် ကြီးမားသောဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်သည်။

ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ သာ ကျင့်ကြံခြင်းအဆင့်တက်ပြီး လစ်လပ်နေရာကို ဖြည့်မပေးခဲ့ပါက အထက်ဘုံကမ္ဘာရှိ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးဟူသော ဖွဲ့စည်းပုံကို ထိန်းသိမ်းရန် ခက်ခဲသွားနိုင်သည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ၏ရပ်တည်ချက်ကို ထုတ်ဖော်မပြောခဲ့သော်လည်း ၊ စန်းချင်း (၃)ပါး တာအိုလမ်းစဉ် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လာစေရန် ကတိပြုထားသည့် တိဟွမ်မြေကမ္ဘာဧကရာဇ်ကဲ့သို့ပင် တူညီသောလမ်းကြောင်းပေါ်တွင် အမြဲရှိနေခဲ့သည်။

သို့သော် ချူးလီလီကိစ္စဝင်ရောက်မွှေနှောက်ခြင်းကိုကြည့်မည်ဆိုလျှင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ၏ မူလခံယူချက်နှင့် ကွဲလွဲနေပုံရသည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က...

“ရေခဲထဲမှာ နှစ်ပေါင်းထောင်ချီအေးခဲပြီးပိတ်မိနေတာက ထာဝရပိတ်မိနေတာလည်းမဟုတ်သလို နတ်ဆိုးတစ်ယောက်ဖြစ်လာတာလည်း မဟုတ်ဘူးလေ”

သူက ဆက်ပြောသည်။

“မင်းအခြေအနေ စိုးရိမ်ရပြီဆိုတာနဲ့ ငါ မင်းကို အချိန်မရွေး ကူညီပေးနိုင်ပါတယ်”

နက္ခတ်ဧကရာဇ်က အေးစက်စွာဖြင့်....

“ဒါဖြင့် မင်ခုန်ကို အဲဒီထုံးတမ်းအစီအရင် သင်ပေးလိုက်တာ မင်းလား...”

ယခင်အချိန်များတုန်းက နက္ခတ်ဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့နှစ်ယောက်သာလျှင် နတ်ဆိုးကိုဖိနှိပ်ရန် ဦးဆောင်ပြီး သုတေသန လုပ်ခဲ့ကြသည်။

မိန်းမပျိုဧကရာဇ်က နက္ခတ်ဧကရာဇ်၏တပည့်ဖြစ်သော်လည်း ဤနယ်ပယ်တွင် ထဲထဲဝင်ဝင် ပတ်သက်ခဲ့ဖူးခြင်း မရှိပေ။

သို့ရာတွင် အေးစိမ့်စမ်းချောင်းနယ်မြေတွင် သူမပြုလုပ်ခဲ့သော ထုံးတမ်းအစီအရင်က အလွန်အစွမ်းထက်သည်ဖြစ်ရာ နတ်ဆိုးများကြောင့် အာရုံလွှဲခံလိုက်ရသော နက္ခတ်ဧကရာဇ်မှာ မည်သို့မှ မတတ်နိုင်အောင် ဖြစ်ရသည်။

နက္ခတ်ဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲကိုသာ မပြန်သေးရန် တိတ်တဆိတ် မတောင်းဆိုခဲ့ဘူးဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ချူးလီလီအနေဖြင့် နတ်ဆိုးအင်းသင်္ကေတကို တစ်ယောက်တည်း ခံယူသွားရမည် ဖြစ်သည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တွေးတွေးဆဆဖြင့်...

“တာအိုရောင်းရင်း ‘ချန်’... မင်းရဲ့မျက်နှာကိုမြင်ရတာ ငါထင်ထားသလို အတိအကျ ဖြစ်မလာဘူးလို့ ခံစားရတယ် ၊ ကြည့်ရတာ မိတ်ဆွေလေး’ချူး’ က နတ်ဆိုးအင်းသင်္ကေတကို ထိန်းထားပြီး နတ်ဆိုးဖြစ်မလာသေးဘူးလို့ ဆိုလိုတာလား”

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ သူက နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးပြီဆိုပေမယ့် ရေပလ္လင်ကိုပိုင်ဆိုင်တဲ့ မဟာနတ်ဆိုး ပြန်လည်မွေးဖွားလာတာကို တစ်ယောက်တည်းအင်အားနဲ့ တားဆီးနိုင်လောက်အောင် စွမ်းအားမကြီးမားသေးဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့... ချူးလီလီသာ နတ်ဆိုးအဖြစ်ပြောင်းလဲသွားပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တန်ခိုးစွမ်းအားရှင်တွေ သတ်ဖြတ်တာမခံရဘဲ လွတ်မြောက်သွားမယ်ဆိုရင်... မင်းပုံစံက ဒီလောက် စိတ်သက်သာရာရနေတဲ့ပုံမျိုး ဖြစ်နေမှာ မဟုတ်ဘူး”

စကားပြောနေရင်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က နက္ခတ်ဧကရာဇ်နဖူးထက်မှ အမာရွတ်ကို သတိပြုမိသွားသည်။

“မင်းရဲ့ ဒီအမာရွတ်က...”

နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“အခုကိစ္စက ပြီးသွားပြီ ၊ မင်းရဲ့ မူလအစီအစဉ်အတိုင်း ဖြစ်မလာနိုင်တော့ဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ငါ့စိတ်ထဲရှုပ်ထွေးနေတာတွေ မဖြေရှင်းနိုင်သေးဘူး ၊ မင်းနဲ့ငါက ရင်းနှီးတဲ့မိတ်ဆွေတွေ မဟုတ်ပေမယ့် ရဲဘော်ရဲဘက်တွေလို့ ယူဆထားခဲ့တာ ၊ ပြီးတော့ မင်းနဲ့ငါကြားမှာ နာကျည်းစရာတွေ ရန်ငြိုးတွေလည်း မရှိခဲ့ဘူး ၊ မင်း ဘာလို့ ငါ့ကို ဒီလို အကွက်ချကြံစည်ရတာလဲ”

“ရေပလ္လင်နတ်ဆိုးမွေးဖွားလာရင် လီလီကို သတ်စေချင်လို့ ဒီလိုလုပ်တာလား”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တစ်ချက်ပြုံးရင်း...

“မိတ်ဆွေလေး’ချူး’ ကို သတ်ချင်တယ်ဆိုရင် ဒီ ‘ယန်’ ကိုယ်တိုင်ပဲ လုပ်လိုက်တော့မှာပေါ့ ၊ အခွင့်အရေး မရှိတာမှ မဟုတ်တာ”

သူက ဆက်ပြောသည်။

“မင်းက ချူးဟွမ်ရဲ့သမီးကို ကာကွယ်ပေးချင်တာ ငါသိတယ် ၊ သူသာနတ်ဆိုးဖြစ်လာရင် မင်းက မင်းကိုယ်မင်းစတေးခံပြီး သူ့ကိုယ်စားခံယူဖို့ သေချာပေါက် ရွေးချယ်မှာပဲ ၊ ပြီးတော့ ရေပလ္လင်ကိုပိုင်ဆိုင်တဲ့မဟာနတ်ဆိုး ပြန်လည်မွေးဖွားလာဖို့ မင်းရဲ့ရုပ်ခန္ဓာက သူ့ရဲ့ရုပ်ခန္ဓာထက်တောင်ပိုပြီး သင့်တော်သေးတယ်လေ”

နက္ခတ်ဧကရာဇ်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ယန်ချဲ့ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်လိုက်သည်။

“ဒီတော့... မင်း အစကတည်းက ငါ့ကိုပစ်မှတ်ထားခဲ့တာပေါ့”

အတန်ကြာတိတ်ဆိတ်နေပြီးမှ ချန်ရွှမ်ကျုန်းက...

“အဲဒီအချိန်တုန်းက မင်း နည်းနည်းထူးဆန်းနေတယ်လို့ ငါထင်ခဲ့တာ ၊ တကယ်ပဲ ငါ့ကို မကောင်းကြံဖို့ စီစဉ်နေတာပဲ”

ခဏမျှ တိတ်ဆိတ်နေပြီးမှ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ပြုံးလိုက်ရင်း...

“မင်းက အာရုံခံနိုင်စွမ်း အရမ်းကောင်းလွန်းတယ် တာအိုရောင်းရင်း’ချန်’... ၊ ဒါကြောင့် ငါလည်း ရွေးချယ်စရာမရှိလို့ မင်းကို အထက်ဘုံကမ္ဘာက ခဏလောက်ထွက်သွားအောင် ပ ထုတ် လိုက်ရတာပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။

သူ ချန်ရွှမ်ကျုန်းအား လှမ်းကြည့်လိုက်စဉ် နက္ခတ်ဧကရာဇ်က ဖြည်းညင်းစွာ စကားဆိုလာသည်။

“တာအိုဆရာ ‘ရွှမ်ကျုန်း’ ရဲ့တပည့် မြောက်ဖေးတောင်ထွတ်က ဖုယွင်ချီ ဘာဖြစ်သွားတယ်ဆိုတာ ငါသိပြီးသွားပြီ”

သူက ဆက်ပြောလိုက်သည်။

“အရင်ကတည်းက ငါ သံသယဝင်နေခဲ့မိတာ ၊ ဒါပေမဲ့ အခုတော့ သေချာသွားပြီ... ၊ မင်းက ထိုက်ချင်အဆက်အနွယ်တေါကို ဒုက္ခပေးဖို့ အချိန်အကြာကြီးကတည်းက ပြင်ဆင်နေခဲ့တာပဲ ၊ အခု ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ဒီလိုဖြစ်သွားတာလည်း မင်းလက်ချက် မဟုတ်လား”

“တာအိုဆရာ ‘ရွှမ်ကျုန်း’ ရဲ့ အဆက်အနွယ်တွေက ငါတို့လိုမျိုး ယွိချင်အဆက်အနွယ်မဟုတ်ပေမယ့် စန်းချင်း (၃)ပါး လမ်းမှန်တာအိုက ထိုက်ချင်အဆက်အနွယ်တွေပဲလေ ၊ ပြီးတော့ ဖုယွင်ချီက သူတို့အဆက်အနွယ်ထဲမှာ အထူးချွန်ဆုံးပဲ ၊ မင်း ဘာလို့သူ့ကို မကောင်းကြံရတာလဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ သူ့စိတ်ထဲမှ ကာလရှည်ကြာပဟေဠိအတွက် အဖြေရသွားပြီ မဟုတ်ပါလား။

ပိုးသားဧကရာဇ်က အမှန်တကယ်ပင် လုပ်ကြံခံရခြင်း ဖြစ်သည်။

ကျင့်စဉ်လမ်းကိုလျှောက်လှမ်းရာတွင် ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ သည် ဤမျှကြီးမားသော မဟာအမှားကြီးကို အဘယ့်ကြောင့် ပြုလုပ်ခဲ့ရပါသနည်းဟု ရန်ကျောက်ကဲ အမြဲတမ်း စဉ်းစားခဲ့မိသည်။

ပန်းပွင့်များစွာကြားတွင် လှည့်လည်နေပြီးမှ နောက်ဆုံးအကြိမ်တွင် လူတစ်ယောက်အတွက် နှင်းအပ်သောပြောင်းလဲခြင်းဖြစ်စဉ်တွင် ‘ဖုထင်’ က တစ်ဦးတည်းသောသမီးအဖြစ် မွေးဖွားလာခဲ့သည်။

သို့သော် ‘ဖုထင်’ အပြင် အခြားသော သမီးတစ်ယောက်ဖြစ်သည့် ‘မန်ဝမ်’ ထွက်ပေါ်လာသည့်အခါ ပိုးသားဧကရာဇ်၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။

ပိုပြီးထူးဆန်းသည်မှာ ပိုးသားဧကရာဇ်သည် မန်ဝမ်ထွက်ပေါ်မလာခင်အထိ သူ၏အမှားကို လုံးဝ သတိပြုမိခဲ့ခြင်း မရှိပေ။

သူ၏လမ်းကြောင်းမှားယွင်းနေသည်သာမက ၊ ထိုအချက်ကို သူကိုယ်တိုင်ပင် သတိမထားခဲ့မိပေ။

ဤသည်က ရိုးရှင်းသည့် ကျင့်ကြံခြင်းအမှားတစ်ခုဖြစ်ကြောင်း ယုံကြည်နိုင်စရာ မရှိပေ။

နတ်ဘုရားတံခါးဖွင့်လှစ်ပြီးသည့် အစစ်အမှန်နတ်ဘုရားတစ်ပါးက သူကိုယ်တိုင်ပင် မသိရှိဘဲ နောက်ထပ်သမီးတစ်ယောက် မွေးဖွားခြင်းမှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ပိုးသားဧကရာဇ်ကိုမဆိုထားနှင့် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ဤသို့သောကိစ္စမျိုးတွင် သူတို့မျိုးဆက်မကျန်စေရန် ထိန်းချုပ်နိုင်ခြင်း ရှိကြသည်။

ဖုယွင်ချီ၏သုက်ပိုးကို ကာယကံရှင်မသိရှိအောင် ရယူပြီး ကလေးရရှိစေခြင်းမဟုတ်ပါက လျိုရွှမ့်ထင်အနေဖြင့် ပိုးသားဧကရာဇ်၏ရင်သွေးကို မည်သည့်နည်းနှင့်မှ ရရှိမည် မဟုတ်ပေ။

ယခုတော့ ဤကိစ္စတစ်ခုလုံး၏နောက်ကွယ်မှ ကြိုးကိုင်သူမှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပေပြီ။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“ဖုယွင်ချီက ရှားပါးပါရမီရှင်တစ်ယောက်ဆိုတာ မှန်ပါတယ် ၊ ဒါပေမဲ့ သူက အစကတည်းက လမ်းမှားလိုက်နေတဲ့သူပဲ”

သူက ဆက်ပြောသည်။

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြောင့် သူက နတ်ဘုရားတံခါးကိုဖွင့်ဖို့ အရမ်းစိတ်လောနေခဲ့တာ ၊ အောင်မြင်မှုလည်း အရမ်းလိုချင်ခဲ့တယ် ၊ သူ အောင်မြင်မှုရဖို့အတွက် တခြားသူတွေအပေါ် အမြတ်ထုတ်ခဲ့တယ် ၊ ဒီတော့ တခြားသူတွေကလည်း သူ့အပေါ် အမြတ်ပြန်ထုတ်သွားတာပေါ့”

“ပိုးသားဧကရာဇ် နတ်ဘုရားအဆင့်ကိုတက်လှမ်းခဲ့တာ ဘယ်လောက်မြန်သလဲဆိုတာ ငါတို့အားလုံး သိတာပဲလေ... ၊ တကယ်တော့ အဲဒီနောက်ကွယ်မှာ လျှို့ဝှက်ချက် ရှိနေတယ်”

ပြောပြီးသည်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရယ်မောလိုက်သည်။

နက္ခတ်ဧကရာဇ်က...

“တခြားသူတွေက သူ့အပေါ် အမြတ်ထုတ်တယ် ဟုတ်လား ၊ မင်း ဆိုလိုတာက...”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရန်ကျောက်ကဲကိုတစ်ချက်လှမ်းကြည့်ကာ ရယ်မောလိုက်ရင်း...

“ဘာမှ ဖုံးကွယ်ထားစရာမရှိပါဘူး ၊ မိတ်ဆွေလေး’ရန်’ နဲ့ ပိုးသားဧကရာဇ်ရဲ့ သမီးကြီး ‘ဖုထင်’ တို့နှစ်ယောက်က အမတခုံရုံးနယ်မြေကို အတူတူရောက်သွားပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့နာမည်ကို ကြားခဲ့ဖူးတာပဲလေ ၊ ဟုတ်တယ်မလား”

ထိုစကားကြားတော့ နက္ခတ်ဧကရာဇ် မျက်နှာပျက်သွားသည်။

ရန်ကျောက်ကဲက ချန်ရွှမ်ကျုန်းကို တည်ငြိမ်စွာကြည့်ရင်း...

“ဧကရာဇ်မင်း စိတ်မပူပါနဲ့ ၊ နောက်ကျ ကျွန်တော် အသေးစိတ် ရှင်းပြပါ့မယ်”

ထိုအချိန် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က စကားဆက်ပြောလာသည်။

“မင်းထင်တာမှန်ပါတယ် တာအိုရောင်းရင်း’ချန်’... ၊ ဒီကိစ္စနောက်ကွယ်မှာ အမတခုံရုံးရှိနေတယ် ၊ ဖုယွင်ချီ အချိန်တိုတိုနဲ့ နတ်ဘုရားတစ်ပါးဖြစ်သွားတာဟာ သူတို့ကူညီပေးခဲ့လို့ပဲ ၊ ကံမကောင်းတာက... ဖုယွင်ချီက အတော်လေး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတယ် ၊ အမတခုံရုံးက ကူညီပေးတာကိုမသိဘဲ သူ့ကိုယ်သူ ကံကောင်းလှပြီထင်နေတာ”

“ဒါပေမဲ့... သူ ကျင့်ကြံခြင်း သွေဖယ်သွားတဲ့နောက်မှာ သူ့စိတ်ဝိညာဉ်ထဲက မှတ်ဉာဏ်တိုင်းကို ရောင်ပြန်ဟပ်သိမြင်ခဲ့တယ် ၊ ဒီတော့မှ အရင်တုန်းက သူ ကံကောင်းခဲ့တာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတာ”

All Chapters