လမ်းမတူသူများအပေါ် ကရုဏာထားမည်မဟုတ်
Vol. 85 Ch. 1196
အခန်း (၁၁၉၆) လမ်းမတူသူများအပေါ် ကရုဏာထားမည်မဟုတ်
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ သို့မဟုတ် ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ နောက်သို့ လိုက်နေကြသူများနှင့် နှိုင်းယှဉ်ပါက အထက်ဘုံကမ္ဘာက အမတခုံရုံးနှင့် ဆက်ဆံရေးပိုမိုချောမွေ့သည်။
သို့သော် သူတို့က မဟာမိတ်များ မဟုတ်ကြလေရာ သူတို့ကြားတွင် သူလျှိုများ ၊ သစ္စာဖောက်များ များပြားစွာ ရှိကြသည်ပင်။
ယခု ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ၏ အဖြစ်အပျက်က ထင်ရှားသည့် ဥပမာတစ်ခု ဖြစ်သည်။ အမတခုံရုံးဘက်မှ ဤသို့သော ညစ်ပတ်သည့်လှည့်ကွက်များနှင့် လိမ်လည်လှည့်ဖြားမှုများကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းအား ပါဝင်ပတ်သက်သူများမှလွဲပြီး အခြားသူများ မသိနိုင်ပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်ရင်း ပြုံးလျှက်...
“ပိုးသားဧကရာဇ် နှစ်ယောက်ကွဲသွားတာကတော့ ငါမျှော်လင့်မထားတဲ့ကိစ္စပဲ”
သို့သော် ရန်ကျောက်ကဲကတော့ ထိုစကားကြားရသည့်တိုင် မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာပင် ရှိနေသည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေသည့်တိုင် သတင်းအချက်အလက်များ ၊ ပြင်ပကိစ္စများနှင့် ပြတ်တောက်နေခြင်း မရှိပေ။ ထို့ကြောင့် ပိုးသားဧကရာဇ်နှင့်ပတ်သက်သည့်ကိစ္စကို ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် သိရှိနေခြင်းအား ရန်ကျောက်ကဲ မအံ့သြပေ။
သို့သော် ယခုတော့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သတင်းအချက်အလက်များကို သိရှိနေရုံသာမက နောက်ကွယ်မှ ကြိုးကိုင်ကြံစည်သူပင် ဖြစ်နေခဲ့သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ပြုံးလိုက်ရင်း...
“ဒါပေမဲ့ ဖုယွင်ချီ နှစ်ယောက်ဖြစ်သွားရင်လည်း စိတ်ပူစရာ မရှိပါဘူး ၊ ဒါပြီးရင်တော့ သူ့အတွက် နောက်ပိုင်းဖြစ်လာမယ့် ဘေးအန္တရယ်ကို ဟန့်တားနိုင်မှာပါ”
“ပြီးတော့ ပိုးသားဧကရာဇ်ရဲ့ ခံစားချက်ရှိတဲ့ဘက်ခြမ်းနဲ့ ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်း ကျင့်ကြံခြင်းမှာ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ ဖြစ်နိုင်ခြေကတော့ ငါတို့စိတ်ပူရမယ့်အလုပ် မဟုတ်ပါဘူး”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်ရင်း...
“ခံစားချက်ကင်းမဲ့တဲ့ပိုးသားဧကရာဇ်အတွက်တော့ သိပ်ပြောနေစရာမလိုဘူး ၊ ခံစားချက်ရှိတဲ့ ပိုးသားဧကရာဇ်နဲ့ပတ်သက်ရင်တော့ ငါ အစီအစဉ် ဆွဲထားပြီးသားပဲ...”
“ပိုးသားဧကရာဇ်ရဲ့ ဒုတိယသမီးမွေးဖွားလာတော့... ထိုက်ယိလက်သီးသိုင်းနဲ့ ထိုက်ယိဟွာတိမ်တိုက်ကို ဘယ်မှာရှာဖွေရမလဲဆိုတာ ငါ မသိဘူး ၊ ဒါကြောင့် ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်းအတွက် အနာဂတ်က မသေချာဘူး ၊ ဒါကြောင့် သူ့နောက်ကွယ်က လျှို့ဝှက်အန္တရယ်ကိုဖယ်ရှားပြီးရင် ခံစားချက်ရှိတဲ့ဘက်ခြမ်းအတွက် လမ်းကြောင်းကို ငါ ပြင်ဆင်ထားခဲ့တယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်ဝန်းများကို မှေးစင်းလိုက်ရင်း...
“ဧကရာဇ်မင်းက တကယ့်ကို အမြော်အမြင်ကြီးပါပေတယ်”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ပြုံးလိုက်ရင်း...
“တာအိုရောင်းရင်း’ချန်’ ပြောသလိုပဲ... ငါတို့ ယွိချင်အဆက်အနွယ်တွေနဲ့ ထိုက်ချင်အဆက်အနွယ်တွေကြားမှာ မတူညီတာတွေရှိပေမယ့် အားလုံးက စန်းချင်း (၃)ပါး အဆက်အနွယ်တွေပဲလေ ၊ ဒါပေမဲ့ ထိုက်ချင်အဆက်အနွယ်တွေက ငါတို့နဲ့လမ်းမတူတဲ့ စန့်ချင်အဆက်အနွယ်တွေလိုမျိုး မဟုတ်ဘူး ၊ ငါလည်း ဖုယွင်ချီလို အရည်အချင်းရှိတဲ့သူတစ်ယောက်ကို မဆုံးရှုံးချင်ပါဘူး”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏စကားအရ သူနှင့်လမ်းတူသည့်သူများကို မဆုံးရှုံးချင်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုစကားကို အခြားအဓိပ္ပါယ်ကောက်မည်ဆိုလျှင် သူနှင့်လမ်းမတူသူများအပေါ်တွင် ကရုဏာထားမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။
ချူးလီလီ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်ပုန်းအောင်းနေရန် ပါဝင်ကူညီပေးသူမှာ မည်သူဖြစ်ကြောင်း တွေးနေစရာပင် မလိုတော့ပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရန်ကျောက်ကဲကိုခဏမျှ ခြေဆုံးခေါင်းဆုံးအကဲခတ်ရင်း...
“ပွင့်ပွင့်လင်းလင်းပြောရရင် ဖုယွင်ချီထက် မင်းကိုပိုပြီး သနားမိတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။
“အခုလို စေတနာထားတာ ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်း”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သိချင်စိတ်ဖြင့်...
“တာအိုရောင်းရင်း’ချန်’ လွတ်မြောက်လာတယ် ၊ ဒါပေမဲ့ နောက်ဆုံးရလဒ်က ငါ မျှော်လင့်ထားတာနဲ့ နည်းနည်းလေး သွေဖယ်နေတယ် ၊ အဲဒါ မင်းလက်ချက်လား”
ရန်ကျောက်ကဲက...
“ကျွန်တော် တစ်ယောက်တည်းဆိုရင်တော့ လုပ်နိုင်မယ်မထင်ပါဘူး ၊ အခုက ကိုယ့်အပိုင်းနဲ့ကိုယ် လုပ်ဆောင်လိုက်တာပါ”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်ရင်း ပြုံးလျှက်...
“မိတ်ဆွေလေး ‘ချူးလီလီ’ နတ်ဆိုးအင်းသင်္ကေတကို တစ်ယောက်တည်း မခံယူရတဲ့အတါက် တာအိုရောင်းရင်း’ချန်’ အနေနဲ့ ဝမ်းသာကောင်းဝမ်းသာနိုင်ပေမယ့် ကျဲ့မင်ခုန်ကတော့ အတော်လေး စိတ်ပျက်သွားမှာပဲ”
“အင်း.... အထက်ဘုံကမ္ဘာမှာ မင်းနဲ့ ဝါဒတောင်ရဲ့ လက်ရှိအခြေအနေက ဘာမှမလုပ်လေ ကောင်းလေပဲ မဟုတ်ဘူးလား ၊ ဘာလို့ ဒီကိစ္စကို ဝင်စွက်ရတာလဲ”
ဘာမှမလုပ်ခြင်းဆိုသည်က အလုပ်များကို ရပ်တန့်လိုက်ခြင်းနှင့် မတူညီသလို အခြားသူများကို ကူညီပေးခြင်းနှင့်လည်း မတူညီပေ။
ရန်ကျောက်ကဲက ဘာမှမလုပ်ဘူးဆိုလျှင်တောင် နက္ခတ်ဧကရာဇ်ကိုတော့ အပြစ်ပြုမည် မဟုတ်ပေ။
နက္ခတ်ဧကရာဇ်အနေဖြင့် သူ့ကိုကူညီပေးပါရန် ဘယ်သောအခါမှ ရန်ကျောက်ကဲကို အတင်းအကျပ် တောင်းဆိုမည် မဟုတ်ပေ။
အထူးသဖြင့် နက္ခတ်ဧကရာဇ်ကဲ့သို့ ကျိုးကြောင်းဆီလျော်သူတစ်ယောက်က ရန်ကျောက်ကဲထံမှ ဘယ်သောအခါမှ အများကြီးတောင်းဆိုမည် မဟုတ်ပေ။
ထို့ပြင် ရန်ကျောက်ကဲ အလုပ်လုပ်သည်မှာ အသုံးမကျလျှင်လည်း သူက ရန်ကျောက်ကဲအပေါ် ဒေါသပုံချမည် မဟုတ်ပေ။
သို့ပေသိ အေးစိမ့်စမ်းချောင်းနယ်မြေတွင် ရန်ကျောက်ကဲသာ မလှုပ်ရှားဘူးဆိုလျှင် မိန်းမပျိုဧကရာဇ်၏ အစီအစဉ်က သေချာပေါက် အောင်မြင်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ဒုက္ခရောက်ရမည်ဖြစ်သလို ရွှမ်ဟွမ်ဧကရီနှင့် နွယ်ပင်ဧကရီတို့သည်လည်း တံခါးပိတ်ကျင့်ကြံရာမှ အတင်းအကျပ် ထွက်ပေါ်လာရမည် ဖြစ်သည်။
ထိုဧကရီ (၂)ပါး အတူတကွ ထွက်ပေါ်လာပါက ယခုမှ နတ်ဆိုးအဖြစ် ပြန်လည်မွေးဖွားလာသော ချူးလီလီမှာ သေချာပေါက် သုတ်သင်ခံရပေမည်။
မည်သို့ပင်ဖြစ်စေ ထိုဖြစ်ရပ်ကိုမရပ်တန့်နိုင်ခဲ့သည့်အတွက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း ရန်ကျောက်ကဲအပေါ် အပြစ်တင်ရန် မဖြစ်နိုင်ပေ။
တကယ်တော့ နက္ခတ်ဧကရာဇ်ပင် မဖြေရှင်းနိုင်သောကိစ္စတစ်ခုကို သိုင်းသူတော်စင်တစ်ယောက် ဖြေရှင်းနိုင်မည်ဟု မည်သူက မျှော်လင့်နိုင်ပါမည်နည်း။
ရန်ကျောက်ကဲ ဝင်ပြီးရပ်တည်ပေးသည့်တိုင် မည်မျှအတိုင်းအတာအထိ သွားနိုင်မည်ကို မည်သူ သိနိုင်ပါမည်နည်း။
နက္ခတ်ဧကရာဇ်က သူ့အား နတ်ဆိုးအင်းသင်္ကေတအကြောင်း ပြောပြခဲ့ဖူးသဖြင့် ရန်ကျောက်ကဲက ထိုအင်းသင်္ကေတ၏လည်ပတ်မှုနှင့် စွမ်းဆောင်နိုင်မှုကို သိရှိခဲ့သည်။
အမှန်တော့ ထိုအချိန်က ရန်ကျောက်ကဲသည်လည်း အပြည့်အဝ မသေချာဘဲ စွန့်စားခဲ့ရခြင်း ဖြစ်သည်။
စိုးရိမ်စရာအခြေအနေတစ်ခု ရောက်နေသည့်တိုင် ဘာမှမလုပ်ဘဲ ဘေးမှထိုင်ကြည့်နေသည်ဟု အပြစ်တင်မခံလိုသဖြင့် ဝင်ကူညီခြင်းသာ ဖြစ်သည်။
အလုပ်များများလုပ်သူက အမှားများမည်ဖြစ်သလို အလုပ်နည်းနည်းလုပ်သူက အမှားနည်းမည်ဖြစ်ပြီး ဘာမှမလုပ်လျှင် ဘာမှမှားမည် မဟုတ်ပေ။
ထို့ကြောင့် အလုပ်လုပ်သည့် ရန်ကျောက်ကဲတစ်ယောက် မှားယွင်းသွားလျှင်လည်း မည်သူမှ အပြစ်တင်ခွင့်မရှိပေ။
နက္ခတ်ဧကရာဇ် အကျပ်အတည်းမှ လုံးဝလွတ်မြောက်သွားပြီး ချူးလီလီ နတ်ဆိုးဖြစ်လာသည့်တိုင် ရွှေစင်ထက်ယံအရှင်သခင်နှင့် ခင်မင်မှုကိုအကြောင်းပြုပြီး ချန်ရွှမ်ကျုန်းက ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို အမျက်ရှမည်မဟုတ်ဘဲ ဆက်လက်ကူညီပေးမည်သာပင်။
မိန်းမပျိုဧကရာဇ်က နက္ခတ်ဧကရာဇ်နှင့် ရင်ဆိုင်ရသောအခါ စကားပြောနိုင်ခြင်း မရှိပေ။ ဆရာနှင့်တပည့်အကြား အကွဲအပြဲက လုံဝ ရင်ကြားစေ့နိုင်ဟန် မရှိတော့ပေ။
သို့သော် ဤသည်က သူတို့ကြားမှကိစ္စဖြစ်ပြီး ရန်ကျောက်ကဲအပေါ် သက်ရောက်မှု မရှိပေ။
ထို့အတူပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း ရန်ကျောက်ကဲအား အပြစ်တင်၍ မရပေ။
အခြေအနေအရပ်ရပ်က ပြီးပြည့်စုံသည်ဟု ပြောနိုင်သည်။ ထိုပြဿနာအား နက္ခတ်ဧကရာဇ်မှ လွယ်လွယ်ဖြေရှင်းနိုင်မည်ဆိုလျှင်လည်း ရန်ကျောက်ကဲဘက်မှ ဝင်ရောက်ူညီရန် မလိုအပ်ပေ။
ယခုတော့ ကံကောင်းပြီး ဟန်ချက်ညီသွားခြင်း ဖြစ်သည်။ သို့သော် ရလဒ်ကတော့ ရန်ကျောက်ကဲတွေ့မြင်ချင်သည့် ရလဒ်မျိုး မဟုတ်ပေ။
အခြားနည်းလမ်းသာရှိလျှင် သူ့အနေဖြင့် ဤသို့ပြုလုပ်ရန် ရွေးချယ်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကိုကြည့်လျှက် လက်နှစ်ဖက် ဖြန့်ကားလိုက်ရင်း...
“ကျွန်တော်က ကိုယ်ကျိုးကြည့်တတ်တဲ့သူဆိုတာ ဝန်ခံပါတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ လုပ်တဲ့အလုပ်တိုင်းမှာတော့ ကိုယ်ကျိုးတစ်ခုတည်းကြည့်ပြီး လုပ်မှာ မဟုတ်ပါဘူး”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တစ်ချက်ပြုံးရင်း...
“မင်းပြောတာ မှန်ပါတယ် ၊ ဒါကြောင့်လည်း လူတွေရဲ့စိတ်က မှန်းဆလို့မရဘူးလို့ ပြောကြတာပေါ့”
နက္ခတ်ဧကရာဇ်က ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကိုကြည့်ရင်း ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။
“တာအိုရောင်းရင်း’ယန်’ ... ငါ့စကားနောက်လိုက်ပြီး ရူးသလိုကြောင်သလို ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့”
သူက ဆက်ပြောသည်။
“အရင်ကတည်းက မင်းနဲ့ပတ်သက်ပြီး ထူးဆန်းတာတွေ အများကြီး ရှိခဲ့တယ် ၊ မြောက်ဖေးတောင်ထွတ်က ထိုက်ချင်အဆက်အနွယ်တွေကို စောင့်ကြည့်နေတာက အသိသာဆုံးအချက်ပဲ ၊ ဒါကြောင့်လည်း ငါ သဲလွန်စကို ခြေရာခံမိတာပဲ”
“မင်းပြောသလိုမျိုး ပိုးသားဧကရာဇ်က တစ်ခုခုမှားနေတယ်ဆိုရင်တောင်မှ ဒီလိုအစွန်းရောက်နည်းလမ်းကို သုံးလို့မရဘူးလေ ၊ ဘာပဲဖြစ်ဖြစ် မင်း ဆွေးနွေးလို့ရတာပဲ မဟုတ်လား”
နက္ခတ်ဧကရာဇ်၏မျက်ဝန်းများက ပိုမိုစူးရှလာပြီး...
“ပြီးတော့ မင်းပြောတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ငါ့တပည့်နှစ်ယောက်ကို ဒုက္ခပေးခဲ့တာ မဖြစ်နိုင်ဘူး ၊ တခြားအကြောင်း ရှိရဦးမယ် မဟုတ်လား”
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ပြုံးလိုက်ရင်း...
“မင်းရဲ့တပည့်နှစ်ယောက်ကို ငါ ဒုက္ခပေးခဲ့တာ မရှိပါဘူး ၊ မင်းရဲ့အရည်အချင်းကို ငါအမြဲတမ်း ယုံကြည်ပါတယ် တာအိုရောင်းရင်း’ချန်’ ၊ ပြီးတော့ အခု အခြေအနေက ငါမျှော်လင့်ထားသလို ဖြစ်မလာပေမယ့်... မင်းတို့ ဆရာတပည့် (၃)ယောက်လုံး အန္တရယ်ကင်းတာပဲ မဟုတ်လား”"
နက္ခတ်ဧကရာဇ်က ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“ဒါတွေအားလုံးက အကြောင်းတရားတွေပဲ... ငါက ဝေ့လည်ကြောင်ပတ်လုပ်ပြီး ပြောနေတာ မဟုတ်ဘူး ၊ ဒါပေမဲ့ မင်းကို ဘာလို့ ဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းအရင်း အတိအကျကို မင်းဘက်က မေးချင်နေတယ်ဆိုရင်တော့.......”
ထိုနေရာတွင် စကားကိုရပ်နားကာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ဟားတိုက်ရယ်မောလိုက်၏။
“မင်းကိုငါ သဘောမကျဘူး ၊ ကြည့်မရဘူး... ဒါကြောင့် မင်းကို ပျောက်ကွယ်သွားစေချင်ခဲ့တာ... ‘စိတ်ထဲကရော မျက်လုံးထဲကရော ပျောက်ကွယ်သွားစေချင်တာ’ ဆိုတဲ့ စကားပုံ ကြားဖူးတယ်မဟုတ်လား ၊ ကဲ... ဒီအကြောင်းပြချက်က လုံလောက်ပြီလား”
ထိုစကားကြားတော့ နက္ခတ်ဧကရာဇ်က အတန်ကြာငြိမ်သက်နေပြီးမှ ခေါင်းညိတ်လိုက်ရင်း...
“ဒါက မင်းပြောနိုင်တဲ့ အကောင်းဆုံးအကြောင်းပြချက်ဆိုရင်တော့ ငါ ဘာမှထပ်ပြောစရာ မလိုတော့ပါဘူး”
သူက လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ (၂)ပေရှည်သောဓားကျိုးက လက်ထဲတွင် ထွက်ပေါ်လာသည်။
“မင်းမှာ ကောင်းကင်လွှမ်းယပ်တောင်ရှိတယ် ၊ ငါ့မှာ ရေခဲလှိုင်းဓားကျိုးရှိတယ်... တိုက်ကြတာပေါ့”
နက္ခတ်ဧကရာဇ်က သူ၏ဓားကျိုးကို တည်ငြိမ်စွာပင့်မြှောက်လိုက်ပြီး ကျောက်စိမ်းဖြူရောင်တောက်ပနေသည့် ဓားအလင်းတန်းဖြင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အား ထိုးညွှန်ထားလိုက်သည်။
ဓားအလင်းတန်း လှုပ်ရှားသွားသည်နှင့် ‘နတ်ဘုရားအနားယူတောင်ကြား’ တစ်ခုလုံး အေးခဲသွားသည်။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကတော့ ပြန်လည်တိုက်ခိုက်ရန် ဆန္ဒရှိပုံ မပေါ်ပေ။
“တာအိုရောင်းရင်း’ချန်’ က အခုမှ အကျပ်အတည်းကလွတ်မြောက်လာတာ ၊ အရမ်းလည်း ဒေါသထွက်နေပုံရတယ် ၊ ဒီ ‘ယန်’ က နားလည်ပေးနိုင်ပါတယ် ၊ ဒါပေမဲ့ ဖြစ်သမျှအကြောင်းက ကံတရားအတိုင်းပါပဲ ၊ အထက်ဘုံကမ္ဘာရဲ့ အခြေအနေတွေလည်း ပြောင်းလဲနေတယ်ဆိုတော့... လက်ရှိအချိန်က မင်းနဲ့ငါ တိုက်ခိုက်ရမယ့်အချိန် မဟုတ်သေးဘူး”
ထို့နောက် သူက နက္ခတ်ဧကရာဇ်ကို ပြုံးလျှက်ကြည့်ရင်း နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ထို့နောက် နတ်ဘုရားအနားယူတောင်ကြားအတွင်း အနက်ရောင်နှင့်အပြာရောင်အလင်းတန်းများ တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး လောကတစ်ခုလုံးအား ဖုံးလွှမ်းသွားလေတော့၏။