← Chapters

တောင်ကြားကိုပိတ်ဆို့ထားသည့် “နက္ခတ်ဧကရာဇ်”

Vol. 85 Ch. 1197

တောင်ကြားကိုပိတ်ဆို့ထားသည့် “နက္ခတ်ဧကရာဇ်”

Vol. 85 Ch. 1197

အခန်း (၁၁၉၇) တောင်ကြားကိုပိတ်ဆို့ထားသည့် “နက္ခတ်ဧကရာဇ်”

အပြာရောင်နှင့် အနက်ရောင်အလင်းတန်းများက အဆက်မပြတ် တောက်ပနေပြီး ကောင်းကင်ထက်တွင် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်တည်လာသည်။

စူးရှအေးစက်သောလေထုက ဓားအလင်းတန်းကို စုပ်ယူမျိုချလိုက်ရာ အသံတစ်စက်မထွက်ဘဲ ပျောက်ကွယ်သွားသည်။

“ငါက သိုသိုသိပ်သိပ်နေတယ်ဆိုပေမယ့် ဒီနေရာမှာ ငါ့ဘက်က မြေပြင်အနေအထား အားသာချက်ရှိတယ် ၊ မင်း စောစောက ပြောခဲ့သလိုပဲ တာအိုရောင်းရင်း’ချန်’... မင်းမှာ ရေခဲလှိုင်းဓားကျိုးရှိတယ် ၊ ငါ့မှာ ကောင်းကင်လွှမ်းယပ်တောင်ရှိတယ်လေ...”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ စကားသံ ထွက်ပေါ်လာသည်။

“ငါ ဒီတောင်ကြားထဲကနေ ဘယ်ကိုမှထွက်မသွားဖို့ စီစဉ်ထားတယ် ၊ ပြီးတော့ မင်း အထဲကိုဝင်လာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး”

“မင်းတို့နှစ်ယောက် စူးစမ်းလေ့လာဖို့ အပြင်ဘက်ကမ္ဘာလောကကြီးက အရမ်းကျယ်ပြန့်လွန်းတယ် ၊ ငါကတော့ ဒီနေရာလေးမှာပဲ နေမြဲအတိုင်းနေမယ်”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ တုံ့ပြန်မှုက ရန်ကျောက်ကဲနှင့် နက္ခတ်ဧကရာဇ်တို့ (၂)ယောက်လုံးကို အံ့အားသင့်စေခဲ့သည်။

နက္ခတ်ဧကရာဇ်က မျက်မှောင်တစ်ချက်ကြုံ့ရင်း...

“ယန်ချဲ့... မင်း ဘာတွေကြံစည်နေတာလဲ”

သူက မေးခွန်းထုတ်လိုက်သော်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။

ကျောက်စိမ်းဖြူရောင်ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး နတ်ဘုရားအနားယူတောင်ကြားသို့ စူးစိုက်ကြည့်လိုက်သည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ခပ်တိုးတိုးရယ်မောလိုက်ရင်း...

“စိတ်မပူနဲ့... မင်းနဲ့တိုက်ဖို့ ငါ ဘယ်သူ့ကိုမှ အကူအညီတောင်းမှာ မဟုတ်ဘူး ၊ အစ်ကို’ကျန်း’ ပြန်လာရင်တောင် ငါတို့တိုက်ပွဲကို ဝင်မစွက်စေရဘူး”

“မင်းကို တိုက်ပွဲတစ်ပွဲ အကြွေးတင်နေတယ်လို့ မှတ်လိုက်ပေါ့ကွာ ၊ တစ်နေ့နေ့တော့ ငါ သေချာပေါက် အကြွေးဆပ်မှာပါ ၊ ဒါပေမဲ့ မင်းနဲ့ငါ တိုက်ပွဲဖြစ်တဲ့တစ်နေ့ကျရင် ဒီ’ယန်’ က အချိန်ကောင်းတွေဖြစ်အောင် မင်းကို သေချာပေါက် အဖော်ပြုပေးမှာပါ”

နက္ခတ်ဧကရာဇ်က နတ်ဘုရားအနားယူတောင်ကြားကို မျက်မှောင်ကြုံ့လျှက် စူးစိုက်ကြည့်နေပြီး မည်သည့်စကားမှ မဆိုပေ။

“ဒါပေမဲ့...  မင်းနဲ့ငါ တိုက်ခိုက်တဲ့အခါ တခြားသူတွေ ဝင်မစွက်စေရဘူးလို့ ငါ အာမခံတယ်”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တည်ငြိမ်စွာ ဆိုသည်။

“ဒါပေမဲ့ တခြားသူတွေရဲ့ကိစ္စကိုတော့ ဒီ ‘ယန်’ က အာမခံပေးနိုင်မှာ မဟုတ်ဘူး”

ထိုအချိန် ရန်ကျောက်ကဲက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်... အခု နက္ခတ်ဧကရာဇ် အထက်ဘုံကမ္ဘာကို ပြန်ရောက်လာပြီဆိုတော့ ... ဧကရာဇ်မင်းက တကယ်ပဲ တိဟွမ်မြေကမ္ဘာဧကရာဇ်ကို ပြန်လာစေချင်တာလား”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ရယ်မောလိုက်ရင်း...

“ဒါပေါ့... ပြန်မလာစေချင်စရာ ဘာအကြောင်းရှိလို့လဲ”

နက္ခတ်ဧကရာဇ်က မနီးမဝေးမှ နတ်ဘုရားအနားယူတောင်ကြားကို စူးကြည့်နေပြီး သူ၏မျက်နှာအမူရာက တဖြည်းဖြည်း တည်ငြိမ်သွားသည်။

“ငါ အထက်ဘုံကမ္ဘာနဲ့ နှစ်တွေအကြာကြီး ဝေးကွာနေခဲ့တာ ၊ အခုတော့ ပြန်လာနိုင်ခဲ့ပြီ... ၊ လူတွေ အရာဝတ္ထုတွေ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ...”

“ဒါပေမဲ့ အခုတော့ ဒီနေရာမှာ တာအိုရောင်းရင်း ‘ယန်’ ကို အဖော်ပြုပေးပါ့မယ် ၊ မင်း တစ်ခုခုလှုပ်လှုပ်ရှားရှားလုပ်ရင်တော့ ငါ့ကို အပြစ်ပြုတယ်လို့ မမှတ်ယူပါနဲ့”

ပြောပြီးသည်နှင့် သူက ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး နတ်ဘုရားအနားယူတောင်ကြားအထက် လေထုထဲသို့ ရောက်ရှိသွားသည်။

ထိုနောက် နက္ခတ်ဧကရာဇ်ကို ဗဟိုပြုပြီး ရေလိုက်ကာတစ်ခုဖြစ်တည်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး နတ်ဘုရားအနားယူတောင်ကြားတစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။

ထိုရေလိုက်ကာက လျှင်မြန်စွာပင် ရေခဲအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဘုရားအနားယူတောင်ကြားတဝိုက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ကြီးမားသည့်ရေခဲမြစ်ကြီးပမာ အေးခဲသွားစေသည်။

ရေခဲမြစ်ထဲတွင်ရှိနေသော နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာပင် တင်ပျဉ်ခွေ ထိုင်နေသည်။

နက္ခတ်ဧကရာဇ်၏လုပ်ရပ်ကြောင့် ခွန်လွန်တောင်တန်းတစ်ခုလုံး၏ ဝိညာဉ်စွမ်းအားစီးဆင်းမှု သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

တစ်နှစ်ပတ်လုံး နွေဦးရာသီပမာ သာယလှပသော နတ်ဘုရားအနားယူတောင်ကြားသည် ယခုတော့ အေးစိမ့်သည့် ဆောင်းရာသီအဖြစ်သို့ ပြောင်းလဲသွားခဲ့ပေပြီ။

“မင်း အဲဒီလိုအရမ်းလုပ်ချင်နေရင်လည်း လုပ်ပေါ့ ၊ ငါ့ဘက်က စိတ်မရှိပါဘူး တာအိုရောင်းရင်း’ချန်’”

တောင်ကြားအတွင်းမှ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏အသံ ထွက်ပေါ်လာသည်။

ထို့နောက် နတ်ဘုရားအနားယူတောင်ကြားတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲက ရေခဲမြစ်ထက်သို့ ခုန်တက်လိုက်ပြီး နက္ခတ်ဧကရာဇ်ကို ဦးညွှတ်ဂါဝရဝပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် နက္ခတ်ဧကရာဇ်”

နက္ခတ်ဧကရာဇ် ဤနေရာတွင် ရှိနေခြင်းအားဖြင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် နတ်ဘုရားအနားယူတောင်ကြားထဲတွင်သာနေထိုင်ရန် အတင်းအကျပ် ဖိအားပေးခံရမည် ဖြစ်သည်။

နဂိုကတည်းကပင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံခြင်းကို ဟန်ပြအဖြစ် အသုံးပြုနေကြောင်း ရန်ကျောက်ကဲ သံသယဝင်မိသည် အမှန်ပင်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် တောင်ကြားမှခိုးထွက်လျှင်လည်း မည်သူမှ မသိနိုင်ပေ။ သူက ဤနည်းအားဖြင့် လျှို့ဝှက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ပေသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့သည်ပင် သူတို့၏နေထိုင်ရာနေရာများဖြစ်သော ချီလင်ကမ်းပါး ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ်နှင့် ကျောက်စိမ်းကျောက်ဆောင်များတွင်သာ တံခါးပိတ်နေထိုင်မည်ဆိုပါက မည်သည့်သတင်းအချက်အလက်နှင့် ကိစ္စရပ်ကိုမှ ခြေရာခံနိုင်မည် မဟုတ်ပေ။

သို့သော် ယခု နက္ခတ်ဧကရာဇ်ကိုယ်တိုင် နတ်ဘုရားအနားယူတောင်ကြားကို ပိတ်ဆို့ထားသဖြင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် ထွက်ခွာသွားရန် မဖြစ်နိုင်တော့ပေ။

နက္ခတ်ဧကရာဇ် ဤသို့ပြုလုပ်ရသည့်အဓိပ္ပါယ်က အလွန်ရှင်းလင်းသည်။

သူသာ ထွက်ခွာသွားမည်ဆိုလျှင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် နတ်ဘုရားအနားယူတောင်ကြားတွင် ဒီအတိုင်းနေထိုင်ပြီး မည်သည့်နေရာမှ မသွားဘဲနေမည်ကို အယုံအကြည်မရှိပေ။

ထို့ကြောင့် နက္ခတ်ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“မင်းပြောသလိုပဲ တောင်ကြားထဲမှာနေပေါ့... ဘာလျှို့ဝှက်လှုပ်ရှားမှုမှ လုပ်ဖို့မစဉ်းစားနဲ့ ၊ မဟုတ်လို့ကတော့ မင်းနဲ့တိုက်ရလိမ့်မယ်”

နက္ခတ်ဧကရာဇ်တွေးလိုက်သည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ့ကို သဘောမကျသောကြောင့် ဒုက္ခပေးရသည်ဆိုသော ဆင်ခြေက အလွန်ရယ်စရာကောင်းလှသည်။

ရန်ကျောက်ကဲရော နက္ခတ်ဧကရာဇ်ပါ ထိုအကြောင်းပြချက်ကို အတည်ယူကြမည် မဟုတ်ပေ။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် ဤနှစ်များအတွင်း လျှို့ဝှက်လှည့်ကွက်များစွာကို ပြုလုပ်ခဲ့ရပေမည်။ ထိုက်ချင်အဆက်အနွယ်ဖြစ်သော ပိုးသားဧကရာဇ်ကို လုပ်ကြံဇာတ်လမ်းဆင်ခြင်းက သူ၏လုပ်ရပ်များထဲမှတစ်ခုကို နက္ခတ်ဧကရာဇ်က သိရှိခဲ့ခြင်းသာ ဖြစ်သည်။

ပိုးသားဧကရာဇ်ကိစ္စကို နက္ခတ်ဧကရာဇ် ရိပ်မိသည်မှာလည်း သူက သဲလွန်စများကို အစကတည်းက ရှာတွေ့ထားသည့်အတွက် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ အစီအစဉ်ကို ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်သည်။

နက္ခတ်ဧကရာဇ်က ထိုသို့ ခြေရာခံကောင်းသည့်အတွက် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ့ကိုပျောက်ကွယ်သွားစေရန် ကြံစည်ခဲ့ခြင်းလားဟု တွေးတောနိုင်သည်။

ထိုသို့ဆိုလျှင် မေးရမည့်‌ မေးခွန်းတစ်ခု ရှိလာသည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က မည်သူ့ထံမှ လျှို့ဝှက်ပြီး ဤအလုပ်များကို လုပ်ဆောင်နေပါသနည်း။

သူ မသိစေချင်သူက နက္ခတ်ဧကရာဇ် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ရန်ကျောက်ကဲ စိတ်ပူသည်မှာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ၏လုပ်ရပ်များကို တိဟွမ်မြေကမ္ဘာဧကရာဇ်မသိအောင် ဖုံးကွယ်ထားလေသည်လားဆိုသော အချက်ပင်။

ရန်ကျောက်ကဲနှင့် ဝါဒ‌တောင်အတွက် တိဟွမ်မြေကမ္ဘာဧကရာဇ် ပြန်မလာခင် ကြိုတင်စီစဉ်ထားရန် လိုအပ်သည့်အရာ များစွာရှိသည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အတွက်လည်း အလားတူအခြေအနေမျိုး ဖြစ်နိုင်ပါသလား။

ရန်ကျောက်ကဲ၏ခန့်မှန်းချက် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နက္ခတ်ဧကရာဇ်ကတော့ ဤနေရာတွင်နေထိုင်ပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို ပိတ်ဆို့ထားပြီ ဖြစ်သည်။

ဤနည်းအားဖြင့် ရန်ကျောက်ကဲနှင့် ဝါဒတောင်အနေဖြင့် ကိစ္စရပ်များကို ပိုမိုသတိထားပြီး အတားအဆီးလျော့နည်းစွာ လှုပ်ရှားနိုင်မည်ဖြစ်သလို အစီအစဉ်များကို ပိုပြီး သတိရှိရှိ ရေးဆွဲနိုင်ပေမည်။

ရေခဲမြစ်ထဲတွင်ရှိနေသော နက္ခတ်ဧကရာဇ်က...

“အခုချိန်ကစပြီး ငါ ဒီမှာနေမယ် ၊ အရေးတကြီးကိစ္စမရှိသရွေ့ ထွက်သွားမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“မင်း အပြင်မှာ မင်ခုန်နဲ့ လီလီကိုတွေ့ရင် ငါ့မျက်နှာထောက်ပြီး သူတို့ကို တတ်နိုင်သမျှ ကူညီပေးလိုက်ပါ”

ထိုစကားများကို ရန်ကျောက်ကဲအား ပြောဆိုရာတွင် နက္ခတ်ဧကရာဇ်က အသံပို့လွှတ်စနစ်ဖြင့်ပြောဆိုသည်ဖြစ်ရာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် သိရှိနိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“စိတ်မပူပါနဲ့ ဧကရာဇ်မင်း... ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်”

နက္ခတ်ဧကရာဇ်က...

“မင်းရဲ့တူလေးနဲ့ သူ့အမေကို ငါ‌တွေ့ပြီးပြီ... မင်း တောင်ပေါ်ပြန်တဲ့အခါ မင်းအဖေကို အသေးစိတ်မေးမြန်းကြည့်လိုက်ပါ”

“ပြီးတော့ ယန်ချဲ့က အများကြီးလိမ်ညာလျှို့ဝှက်တဲ့အလုပ်တွေလုပ်ထားခဲ့တယ် ၊ သူ့မှာ တခြားအစီအစဉ်တွေ ရှိကောင်းရှိနေနိုင်တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော် နားလည်ပါပြီ”

ထို့နောက် သူက မျက်ခုံးများကိုတွန့်ချိုးရင်း...

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ရဲ့စကားတွေက အမှန်အတိုင်းလားဆိုတာ ပြောရခက်တယ် ၊ ဖုံးကွယ်ထားတဲ့အရာတွေလည်း ရှိနေနိုင်တယ်”

ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်ကို ကြည့်ရင်း...

“ကြည့်ရတာ တိဟွမ်မြေကမ္ဘာဧကရာဇ်က...”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အနေဖြင့် တိဟွမ်မြေကမ္ဘာဧကရာဇ်အား ပြန်လာစေချင်နေသည်ဆိုလျှင် ကိစ္စမရှိပေ။

သို့သော် သူ၏လျှို့ဝှက်လုပ်ရပ်များအား တိဟွမ်မြေကမ္ဘာဧကရာဇ်မသိအောင် ဖုံးကွယ်ထားချင်လျှင်တော့ တိဟွမ်မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာသို့ပြန်လာခြင်းက ရန်ကျောက်ကဲနှင့် ဝါဒတောင်ကဲ့သို့ပင် သူ့အတွက်လည်း သတင်းဆိုးတစ်ခု ဖြစ်ရပေမည်။

နက္ခတ်ဧကရာဇ်က ခေါင်းညိတ်ရင်း...

“မင်း ဘာကိုဆိုလိုတယ်ဆိုတာ ငါသိပါတယ် ၊ ပြီးတော့ မင်းထင်တာကို ငါ သဘောတူတယ်”

သူက ဆက်ပြောသည်။

“နှစ်ပေါင်းများစွာကြာနေပြီဆိုတော့ တာအိုရောင်းရင်း’ကျန်း’ သာ အမတချီစွမ်းအား (၅)ခုကို ပေါင်းစည်းနိုင်ပြီဆိုရင် အဆက့်အသစ်တစ်ခုကို တက်ရောက်နိုင်တော့မယ်”

“သူ ဒီတစ်ခေါက် ပြန်လာရင်… ငါတို့တွေ့ရမယ့်သူက တိဟွမ်မြေကမ္ဘာဧကရာဇ် ဟုတ်တော့ဘူး ၊ မြေကမ္ဘာကြယ်စင်နတ်ဘုရား ဖြစ်နေလိမ့်မယ်”

နက္ခတ်ဧကရာဇ်က ဖြည်းညင်းစွာဖြင့်...

“ငါတို့တွေ သူ့ကို မြေကမ္ဘာကြယ်စင်နတ်ဘုရား ဒါမှမဟုတ် ကျန့်ရှင်းထျန်းကျွင်း ဒါမှမဟုတ် ကျန့်ရှင်းမြေကမ္ဘာကြယ်စင်နတ်ဘုရားသခင်လို့ခေါ်ကြရမှာပေါ့”

ထိုစကားကြားတော့ ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်ထိကိုင်လိုက်ရင်း...

“ထိုက်ရွှီးမူလနတ်ဘုရားအဆင့်... ကောင်းကင်ဘုံအရှင်ဆိုတဲ့ ထျန်းကျွင်းဘွဲ့ကို ခံယူနိုင်ပြီပေါ့”

သူက မချိပြုံးပြုံးရင်း နက္ခတ်ဧကရာဇ်ကို ကြည့်လိုက်သည်။

“ဧကရာဇ်မင်း... ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိတယ်... မေးရမလား မမေးရဘူးလားတော့ မသိပါဘူး”

နက္ခတ်ဧကရာဇ်က...

“မေးသာမေးပါ... အားနာမနေနဲ့...”

ရန်ကျောက်ကဲက...

“ကျင့်ကြံသူတစ်ယောက်က အမတချီစွမ်းအား (၄) မျိုး စုဆောင်းထားနိုင်ပေမယ့် အမတချီစွမ်းအား (၅)မျိုး တစ်ခါတည်း မစုဆောင်းနိုင်သေးဘူးဆိုရင်... သူသာ ကျင့်ကြံခြင်းအဆင့်တက်ဖို့ မရမနေကြိုးစားမယ်ဆိုရင် မူလသမ္မာတရားကပ်ဘေးကြောင့် သေဆုံးသွားနိုင်သလား”

ရန်ကျောက်ကဲ မေးသည့်အဓိပ္ပါယ်ကိုနားလည်လိုက်သဖြင့် နက္ခတ်ဧကရာဇ်က ပွင့်လင်းစွာပင် ပြန်ဖြေလိုက်သည်။

သူက ရေခဲများဖြင့် အေးခဲနေသော နတ်ဘုရားအနားယူတောင်ကြားသို့ တစ်ချက်လှမ်းကြည့်ရင်း...

“ငါ ယန်ချဲ့နဲ့ မတိုက်ခိုက်ရသေးပေမယ့် သူ အဲဒီအဆင့်ကို အချိန်တိုအတွင်း မရောက်နိုင်သေးဘူးဆိုတာ အာရုံခံမိတယ်”

သူက ဆက်ပြောသည်။

“ဒါနဲ့... အရင်တုန်းက တာအိုရောင်းရင်း’စော’ ကိုသွားရှာဖို့ မင်းကို အကြံပေးခဲ့ဖူးတယ် မဟုတ်လား ၊ အဲဒီကိစ္စကို စဉ်းစားပေးစေချင်တယ်”

နက္ခတ်ဧကရာဇ်ပြောသည့် တာအိုရောင်းရင်း’စော’ ဆိုသည်မှာ ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘မီးလျှံထက်ယံအရှင်သခင်’ “စောမင်ကျန့်” ပင် ဖြစ်ပေ၏။

All Chapters