ကျန့်ဟွမ်ဓားဧကရာဇ်ထံမှ သတင်းစကား
Vol. 85 Ch. 1198
အခန်း (၁၁၉၈) ကျန့်ဟွမ်ဓားဧကရာဇ်ထံမှ သတင်းစကား
အခြားကိစ္စများပြောဆိုပြီးနောက် နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲအားလှမ်းကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့်...
“မင်း အမတခုံရုံးနယ်မြေကို ရောက်ဖူးတာလား”
အမတခုံရုံးနယ်မြေတည်ရှိကြောင်း ရန်ကျောက်ကဲသိရှိသည်ကို နက္ခတ်ဧကရာဇ် သိရှိထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးမည်ဟု တွေးထင်မထားခဲ့ပေ။
နက္ခတ်ဧကရာဇ် ဝါဒတောင်တွင် နေထိုင်စဉ်ကလည်း ရန်တိက သူ့ကို ထိုအကြောင်းများ ပြောမပြခဲ့ပေ။
အမတခုံရုံး၏ထူးခြားချက်နှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အမည်နာမကြောင့် ဝါဒတောင်မှ လူအများစုမှာလည်း ရန်ကျောက်ကဲ အမတခုံရုံးနယ်မြေသို့ သွားရောက်ခဲ့ဖူးကြောင်း မသိရှိခဲ့ကြပေ။ ထို့ပြင် သူတို့အနေဖြင့် နက္ခတ်ဧကရာဇ်နှင့် တွေ့ဆုံရန်လည်း အခွင့်အရေး နည်းပါးခဲ့သည်။
နက္ခတ်ဧကရာဇ် ပြန်လည်ရောက်ရှိလာသောသတင်း ကြားသိသည့်အခါ ကျောက်စိမ်းကောင်းကင်တောင်ထွတ်မှ တပည့်များအားလုံး လာရောက်တွေ့ဆုံဂါရဝပြုကြသော်လည်း မိန်းမပျိုဧကရာဇ် မည်သည့်နေရာတွင် ရောက်ရှိနေသည်လဲ ပဟေဠိ ဖြစ်ခဲ့ကြသည်။
သို့သော် သူတို့၏ကျင့်ကြံခြင်းအဆင့်က လူသားအထွတ်ထိပ်အဆင့်အောက် ရှိနေဆဲဖြစ်သဖြင့် ယခင်က ရန်ကျောက်ကဲ အမတခုံရုံးနယ်မြေသို့ရောက်ဖူးကြောင်း မည်သူမှ မသိခဲ့ကြပေ။
ထို့ကြောင့် ထိုအကြောင်းကို ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ဖွင်ပြောသည့်အချိန်ထိ နက္ခတ်ဧကရာဇ်က သိရှိခြင်း မရှိသေးပေ။
ရန်ကျောက်ကဲက...
“ဟုတ်ပါတယ်...”
“ဒါပေမဲ့ ထူးခြားတဲ့အကြောင်းတစ်ခုကြောင့်... ကျွန်တော်က ပိုးသားဧကရာဇ်ရဲ့သမီး မိန်းကလေး ‘ဖုထင်’ လိုမျိုး မဖြစ်ခဲ့ဘူး”
နက္ခတ်ဧကရာဇ်က...
“ထူးခြားတဲ့အကြောင်းတစ်ခု ဟုတ်လား...”
ရန်ကျောက်ကဲ၏ဦးခေါင်းထက် လေထုထဲတွင် ဝေဝါးသောအသွင်အပြင်ရှိသော်လည်း စူးရှစွာ တောက်ပနေသည့် ယိုးမင်ဂမ္ဘီရစက်ဝန်း ပေါ်လာသည်။
နက္ခတ်ဧကရာဇ်က...
“ဒါက အရင်တုန်းက ယင်ထျန်းရှ သန့်စင်ခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းလား”
တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုစက်ဝန်းထဲမှ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်နှင့် သိုင်းပညာသန္ဓေတည်မှုကို ချန်ရွှမ်ကျုန်း အာရုံခံလိုက်မိပြီး နားလည်သဘောပေါက်သွားသည်။
နက္ခတ်ဧကရာဇ်က တစ်ချက်စဉ်းစားလိုက်ရင်း...
“ယင်ထျန်းရှရဲ့ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ရဲ့ နောက်ဆုံးပညာရပ်ဖြစ်တဲ့ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ပဲ ၊ ဒါပေမဲ့ အဲဒီပညာက မင်းကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ အမည်နာမအန္တရယ်ကနေ ကာကွယ်ပေးဖို့ မဖြစ်နိုင်ဘူး”
သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“မင်းဆိုလိုတာက.....”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒီရတနာပစ္စည်းကို ကျွန်တော် ပြုလုပ်ခဲ့တာ မဟုတ်ပေမယ့် တစ်ခဏအတွင်းမှာ ကျွန်တော်နဲ့ တစ်သားတည်းကျသွားသလို ခံစားရတယ် ၊ အဲဒီကနေမှ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ရဲ့ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ တန်ခိုးစွမ်းအားက ကျွန်တော့်အပေါ် သက်ရောက်သွားတာ ဖြစ်မယ်”
“ဒီကိစ္စကို ‘ဖု’ မိန်းကလေးနဲ့လည်း စကားပြောကြည့်ဖူးတယ် ၊ သူ့လိုမျိုး စိတ်ထဲမှာ မမြင်နိုင်တဲ့ မျိုးစေ့တစ်စေ့ မြှုပ်နှံထားသလို ခံစားချက်မျိုး ကျွန်တော် တကယ်ပဲ မခံစားရဘူး”
နက္ခတ်ဧကရာဇ်မျက်ခုံးများ ပြေလျော့သွားပြီး...
“ဒါပေမဲ့ ဒါကြောင့်နဲ့တော့ မင်းတကယ်ပဲ အဆင်ပြေတယ်လို့ ပြောလို့မရဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒါကတော့ နောင်ခါလာနောင်ခါရေးပဲပေါ့... ၊ အခုချိန်ထိတော့ ဘာမှားယွင်းတာမျိုးမှ မခံစားရသေးဘူးလေ”
နက္ခတ်ဧကရာဇ်က...
“ဘာပဲဖြစ်ဖြစ် မင်း သတိထားဖို့တော့လိုတယ် ၊ အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ အဆက်အသွယ် မလုပ်မိစေနဲ့”
သူက ဆက်ပြောသည်။
“ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ် လမ်းမှန်ကျင့်ကြံသူတွေက ပိုပြီးတန်ခိုးစွမ်းအားမြင့်မားတယ်ဆိုပေမယ့် ပြင်ပတာအိုကလူတွေနဲ့ တွေ့ဆုံတဲ့အခါ လှည့်စားခံရစမြဲပဲ”
ရန်ကျောက်ကဲ အနည်းငယ် ခေါင်းညိတ်ရင်း...
“အခုလိုသတိပေးတာ ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်း ၊ ကျွန်တော် သတိထားလိုက်ပါ့မယ်”
နက္ခတ်ဧကရာဇ်အား နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲ နတ်ဘုရားအနားယူတောင်ကြားမှ ထွက်ခွာလာခဲ့သည်။
သူ လည်ပြန်လှည့်ကြည့်လိုက်တော့ ခွန်လွန်တောင်တစ်ခွင် စီးဆင်းနေသော ကြီးမားသည့်ရေခဲမြစ်ကြီးနှင့်အတူ အေးခဲနေသည့် နတ်ဘုရားအနားယူတောင်ကြားကို တွေ့လိုက်ရသည်။
ထိုအချိန် ရန်ကျောက်ကဲစိတ်ထဲ အတွေးများစွာ ပေါ်လာသည်။
ယနေ့ နတ်ဘုရားအနားယူတောင်ကြားသို့ လာရောက်ခဲ့ခြင်းက သူ၏သံသယများစွာကို ဖြေရှင်းပေးခဲ့သည်။ သို့သော် သူ့ထံသို့ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံရင်း ရိုးရှင်စွာနေထိုင်သူတစ်ယောက် မဟုတ်ပေ။
ယခင်က နက္ခတ်ဧကရာဇ် ဖြစ်ပျက်ခဲ့သည်များကလည်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် သက်ဆိုင်နေသည်။ ထို့ပြင် ပိုးသားဧကရာဇ်၏အခြေအနေနှင့်ပတ်သက်၍လည်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တွင် တာဝန်ရှိသည်။
ဤကိစ္စများအားလုံးက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့်ပတ်သက်သည့် သူ၏ပဟေဠိများကို အဖြေညှိနိုင်ပါမည်လားဟု ရန်ကျောက်ကဲအား တွေးတောမိစေသည်။
အထက်ဘုံကမ္ဘာတွင် စစ်ခုန်ချင်းကဲ့သို့သော ရုပ်ချင်းဆင်တူသူများ ထူးဆန်းစွာ နည်းပါးနေသည့်ကိစ္စမျိုးက ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
ထိုသို့သော ဖြစ်ရပ်မျိုးသည်လည်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် သက်ဆိုင်နေလေမည်လား။
ရွှယ်ချူးချင်သာ ဟိုစဉ်အချိန်က မည်သည့်အမှားမှ မပြုလုပ်ခဲ့လျှင် ရှင်းလင်းချက်တစ်ခုသာ ကျန်တော့သည်။
တစ်စုံတစ်ယောက်က လျှို့ဝှက်ချက်ကိုသိရှိပြီး စစ်ခုန်ချင်းကဲ့သို့သောလူများကို တိတ်တဆိတ် စုဆောင်းခေါ်ယူနေခြင်း ဖြစ်နိုင်သည်။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က လျှို့ဝှက်ပြီး ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစများကို စုဆောင်းနေခြင်း ဖြစ်သည်။
ထိုသူက နတ်ဘုရားအနားယူတောင်ကြားမှ ဧကရာဇ်မင်း ဖြစ်နိုင်သည်လား။
ဤအတွေးက အနည်းငယ် အလျင်စလိုနိုင်ပြီး အခြေအမြစ် မရှိပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က လျှို့ဝှက်လုပ်ဆောင်တတ်သည့်အချက်တစ်ချက်တည်းဖြင့် အရာအားလုံး သူ့အပေါ် အပြစ်တင်၍ မရနိုင်ပေ။
သို့သော် ရန်ကျောက်ကဲ အလေးအနက်ထား တွေးကြည့်လေ တန်ခိုးစွမ်းအားမြင့်မားလှသော ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အပေါ် ပို၍ သံသယကြီးလာလေ ဖြစ်သည်။
“ပထမဆုံးအမြင်နဲ့တော့ ဝေဖန်လို့မရနိုင်ဘူး ၊ အခုချိန်ထိ ငါက ဖြစ်စဉ်တစ်ခုလုံးကို ပုံဖော်လို့ ရသေးတာ မဟုတ်ဘူး ၊ ဒီတော့ ငါ့ရဲ့ ဝေဖန်သုံးသပ်မှုမှာ တခြားလွှမ်းမိုးမှုတွေ ပါမနေသင့်ဘူး”
ရန်ကျောက်ကဲတွေးရင်း ခေါင်းခါယမ်းလိုက်ပြီး လှည့်ထွက်လာခဲ့သည်။
ခွန်လွန်တောင်သို့ ရောက်ရှိပြီဆိုမှတော့ ရန်ကျောက်ကဲက မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။
ရန်ကျောက်ကဲနှင့်တွေ့တော့ ဝမ်ဖူက စကားဆိုသည်။
“ဂိုဏ်းတူညီလေး’ရန်’... မင်းက အဆုံးမရှိ အစွမ်းထက်တယ်လို့ပဲ ပြောရမလား ၊ ကံကောင်းတယ်လို့ပဲ ဆိုရမလား... ၊ မင်း နက္ခတ်ဧကရာဇ်ကို အထက်ဘုံကမ္ဘာပြန်ခေါ်လာနိုင်တာ ငါ မယုံနိုင်ဘူး”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်ရင်း...
“ဂိုဏ်းတူအစ်ကို’ဝမ်’ က မြှောက်နေပြန်ပါပြီ ၊ ဒီတစ်ခေါက်ကတော့ ကံကောင်းသွားတာလို့ ပြောလို့ရတယ်ဗျ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကျွန်တော်ပြန်လာတာ သတင်းကောင်းချည်းပဲတော့မဟုတ်ဘူး ၊ သတင်းဆိုးတွေကတော့ စိတ်သက်သာရာရစရာတောင် မရှိပါဘူးဗျာ”
“ဒါနဲ့ ဆရာဦးလေး’ယွဲ့’ ဆီက ဘာသတင်းများကြားသေးလဲ”
ဝမ်ဖူက တည်ကြည်လေးနက်သောမျက်နှာထားဖြင့်...
“ငါလည်း မင်းကိုပြောမလို့ပဲ ၊ မကြာခင်ကပဲ ဆရာ့ဆီက သတင်းစကားကြားရတယ်”
ရန်ကျောက်ကဲက ဝမ်းသာအားရဖြင့်...
“တကယ်လား... သူက ဘာပြောလိုက်သလဲ”
ဝမ်ဖူက...
“သိပ်တော့အများကြီးမပြောဘူး... မြေကမ္ဘာထိပ်တန်းအရှင်သခင်ကိစ္စ သူသိတယ်လို့ ပြောတယ် ၊ ပြီးတော့ အချိန်တိုအတွင်း ပြင်ပဗလာနယ်ထဲက ပြန်လာနိုင်မှာ မဟုတ်သေးဘူးလို့လည်း ပြောတယ်”
သူက ဆက်ပြောသည်။
“သူ့လိုပဲ တိဟွမ်မြေကမ္ဘာဧကရာဇ်လည်း ပြန်လာနိုင်မှာမဟုတ်သေးဘူးတဲ့... ၊ ဒါကြောင့် ငါတို့ ချီလင်ကမ်းပါးအနေနဲ့ စိတ်ပူစရာမရှိသေးတဲ့အတွက် နတ်ဘုရားအနားယူတောင်ကြားကိုပဲ ပိုပြီးအာရုံစိုက်ထားဖို့လိုတယ်လို့ ဆရာက မှာလိုက်တယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲစိတ်ထဲတစ်မျိုးဖြစ်သွားသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်ရှိစဉ်က ကောင်းရွှယ်ပေါ်ပြောခဲ့သည့် စကားများကို ပြန်သတိရသွားမိသည်။
သက်သေသာဓကမပြနိုင်သလို အမှန်တရားကို မည်သူမှ မသိနိုင်သော်လည်း အမတခုံရုံးတွင် အမှားအယွင်းတစ်ခု ဖြစ်နေသည်ဟု ထင်ရဖွယ်ရှိသည်။
ယခု ဝမ်ဖူပြောပြသည့် ယွဲ့ကျန့်ပေ၏ သတင်းစကားနှင့် ဆက်စပ်ကြည့်မည်ဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ရရှိသော သတင်းအချက်အလက်များက မှန်ကန်နိုင်သည်။
ဝမ်ဖူက လူသားအထွတ်ထိပ်အဆင့်သို့ မရောက်သေးသည့်အတွက် ကျန့်ဟွမ်ဓားဧကရာဇ်က မရေမရာ သတင်းစကားကိုသာ ပေးပို့ခဲ့သည်။
ကျန့်ဟွမ်ဓားဧကရာဇ်က ပြင်ပဗလာနယ်ထဲမှ ပြန်မလာနိုင်သေးဟု ဆိုသည့်အခါ ရန်ကျောက်ကဲ ခန့်မှန်းမှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်။ ထိုအချက်က အမတခုံရုံးနှင့် သေချာပေါက် ဆက်စပ်နေရပေမည်။
ယခုဆိုလျှင် ရန်ကျောက်ကဲက ရွှယ်ချူးချင်နှင့် နက္ခတ်ဧကရာဇ်တို့ထံမှ လျှို့ဝှက်ဇာတ်လမ်းများစွာကို ကြားသိထားပြီး ဖြစ်၏။
ဥပမာအားဖြင့် - ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့က အထက်ဘုံကမ္ဘာတွင် အချိန်ကြာမြင့်စွာနေထိုင်လေ့မရှိဆိုသောအချက်ကို သိရှခဲ့ရသည်။
သူတို့ အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားလျှင် ပြန်လာရန် အတော်လေး အချိန်ကြာပေလိမ့်မည်။ တစ်ခါတစ်ရံ နှစ်အနည်းငယ်ကြာတတ်သော်လည်း တစ်ခါတစ်ရံမှာတော့ ဆယ်စုနှစ်နှင့်ချီရုံသာမက ထို့ထက်ပင်ပိုပြီး ကြာမြင့်တတ်သည်။
သူတို့က ပြင်ပဗလာနယ်ထဲတွင် လှည့်လည်စူးစမ်းကြသည့်အပြင် အခြားကိစ္စများစွာကိုလည်း အားစိုက်ထုတ်လေ့ရှိကြသည်။
အထူးသဖြင့် အမတခုံရုံးနှင့် ဗုဒ္ဓဘာသာမှ သုခဘုံအကြားတိုက်ပွဲတွင် သူတို့က အမတခုံရုံးဘက်မှ ကူညီပေးလေ့ ရှိကြသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် သူ၏နောက်လိုက်များ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှလူများနှင့် နှိုင်းယှဉ်ပါက အထက်ဘုံကမ္ဘာရှိလူများက အမတခုံရုံးနယ်မြေမှ ပြင်ပတာအိုကျင့်ကြံသူများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကိုယ်တိုင်သည်ပင် တိုက်ပွဲဝင်ပေးခဲ့ကြောင်း ကောလဟလများ ရှိခဲ့ဖူးသည်။
ဟုတ်ပေ၏။ ဤသည်က ရှားပါးအခြေအနေများတွင်သာ ဖြစ်လေသည်။
အထက်ဘုံကမ္ဘာနှင့် အမတခုံရုံးကြားတွင် အခြေအနေတင်းမာမှု မရှိသော်လည်း မြောက်ပိုင်းကြယ်စင်ဧကရာဇ်အနေဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို အချိန်တိုင်း စောင့်ကြည့်သတိထားနေခဲ့သည် အမှန်ပင်။
ဤသည်က အထက်ဘုံကမ္ဘာ၏ အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်ဖြစ်နိုင်သည်ဟု ရန်ကျောက်ကဲ ခံစားရသည်။
သို့သော် တိဟွမ်မြေကမ္ဘာဧကရာဇ်ကဲ့သို့သော ပုဂ္ဂိုလ်များ ဤလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခြင်းဖြင့် အထက်ဘုံကမ္ဘာအတွက် အကျိုးအမြတ်ရှိရမည်ဟု သူ သေချာပေါက် ယုံကြည်သည်။
နှစ်ဖက်လုံးက အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရင်း အပြန်အလှန်စောင့်ကြည့်လေ့လာနိုင်ကြသည်။ တစ်ဖက်နှင့်တစ်ဖက် လျှို့ဝှက်ထောက်လှမ်းသည်များက တစ်လျှောက်လုံး ရပ်တန့်သွားမည် မဟုတ်ပေ။
နှစ်ထောင်ပေါင်းများစွာ ရှည်လျားလှသည့်ဂန္ထဝင်ဖြစ်ရပ်များဆိုသည်က အမှောင်ထဲတွင် မည်သည့်အရာများဖြစ်ပျက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတင်ထားမည် မဟုတ်ပေ။
“ဒါပေမဲ့... ဆရာဦးလေး’ယွဲ့’ နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ် ပြန်မလာနိုင်ရလောက်အောင် အမတခုံရုံးမှာ ဘာတွေဖြစ်ပျက်နေခဲ့လို့လဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
အဆုံးသတ်မှာတော့ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့က အမတခုံရုံးနှင့် ဘယ်သောအခါမှ သက်ဆိုင်သူများ မဟုတ်ကြပေ။
အမတခုံရုံးကို ကူညီရန်အတွက် သူတို့ဘက်မှ အစပျိုးလုပ်ဆောင်ခြင်း ဖြစ်နိုင်သည့်တိုင် အမတခုံရုံး၏ပြဿနာများနှင့် ဖရိုဖရဲအခြေအနေကို ဖြေရှင်းပေးရန် သူတို့အပေါ် ဖိအားပေးမည် မဟုတ်ပေ။
“ဒါမှမဟုတ်....”
ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်သည်။
“ဒီ ဖရိုဖရဲအခြေအနေတွေဖြစ်လာတာက ဗုဒ္ဓဘာသာရဲ့ သုခဘုံနဲ့ မပတ်သက်ဘဲ... ငါတို့ စန်းချင်း (၃)ပါး အဆက်အနွယ်တွေနဲ့များ ပတ်သက်နေမလားပဲ...”