← Chapters

ပေးနိုင်သည်

Vol. 144 Ch. 2000

ပေးနိုင်သည်

Vol. 144 Ch. 2000

ကောင်းကင်ဘုံခုံရုံးသည် ယန်ကိုးပါးစစ်တပ်၏ တပ်သားသန်းနှစ်ဆယ်ကို ခေါ်သွင်းနိုင်ပါသည်။ သို့သော် ယန်ကိုးပါးစစ်တပ်တွင် တပ်သားသန်းနှစ်ဆယ်သာ ရှိသည် မဟုတ်ပေ။ ယန်ကိုးပါးမြို့၌ တပ်သားသန်းခြောက်ဆယ်ကျော် ရှိနေသေးသည်။ ထို့ပြင် ကောင်းကင်ဘုရင်သုံးဆယ်ခြောက်ပါး၏ မိသားစုဝင်များနှင့် မျိုးဆက်များကလည်း ယန်ကိုးပါးမြို့ထဲတွင် ရှိနေကြသည်။

မိုးပြာမဟာဧကရာဇ်က ပလ္လင်ထက်တက်ကာ ကောင်းကင်ဧကရာဇ်အသစ် ဖြစ်လာနိုင်ရေးအတွက် အရာအားလုံးကို စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ယန်ကိုးပါးစစ်တပ်က ကျန်းရီနောက်ကို ဆက်လိုက်မည်ဆိုလျှင် မိုးပြာမဟာဧကရာဇ်သည် သေချာပေါက် ယန်ကိုးပါးစစ်တပ်ကို သာဓကတစ်ခုအဖြစ် ဖျက်ဆီးပစ်ပေလိမ့်မည်။ အနည်းဆုံးတော့ ယန်ကိုးပါးမြို့ထဲရှိ မည်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

မိုးပြာမဟာဧကရာဇ်က သဘောထားသေးသိမ်သူတစ်ယောက်ပင်။ သူက ကောင်းကင်ဧကရာဇ်ဖြစ်လာပြီး ယခင် မိုးပြာမဟာဧကရာဇ်၏ နောင်တကို ဖြေပေးလိုခြင်းဖြစ်သည်။ သို့သော် ကိစ္စတစ်ခုမှာ သေချာသည်။ ယခုတွင် သူက လူသားမဟာမိတ်၏ ခေါင်း‌ဆောင်တစ်ယောက် ဖြစ်နေပေပြီ။ သူ တမလွန်ဘုံမျိုးနွယ်ကိုလည်း တိုက်ခိုက်ကာ လူသားမျိုးနွယ်၏ ဂုဏ်ကို ပြန်ဆယ်ပေးမည်ဖြစ်သည်။

လူသားအားလုံးက တမလွန်ဘုံမျိုးနွယ်ကို ရှင်းပစ်လိုသည်။ ထို့ကြောင့် ယန်ကိုးပါးစစ်တပ်က ကျန်းရီနောက် လိုက်သည်ဖြစ်စေ၊ မိုးပြာမဟာဧကရာဇ်နောက် လိုက်သည်ဖြစ်စေ ကွဲပြားမှု မရှိပါ။

ကျန်းရီသည် ယခင်က သူ တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်မည်ဆိုလျှင် မိုးပြာမဟာဧကရာဇ်အား ကောင်းကင်ဧကရာဇ်နေရာ ပေးမည်ဟု ပြောခဲ့သည်။ သူသည် ဘဝတစ်လျှောက်လုံး မည်သည့်ဩဇာအာဏာကိုမှ မမက်မောခဲ့ပါ။ အတိတ်တွင် သူ စီရင်စုနယ်အရှင်တစ်ပါး ဖြစ်ခဲ့စဉ်ကလည်း အခြားသူများကိုသာ တာဝန်ယူစေခဲ့ပေသည်။

ကျန်းရီ အလိုရှိသည်မှာ လူသားမျိုးနွယ် အဓွန့်ရှည်ပြီး အေးချမ်းသက်သာစွာ နေရစေရန် ဖြစ်သည်။ မည်သူကမှ သူ့မိသားစု၊ သူ့မိတ်ဆွေများနှင့် သူ့မျိုးနွယ်ဝင်များကို မခြိမ်းခြောက်နိုင်စေရန်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီသည် ယန်ကိုးပါးစစ်တပ်ကို သူ့အပေါ် သစ္စာဖောက်စေ၍ မိုးပြာမဟာဧကရာဇ်ထံ လက်အောက်ခံစေလိုက်ခြင်း ဖြစ်သည်။ သူ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို မိုးပြာမဟာဧကရာဇ်အား ပေးမည်ဟု ပြောသောအခါတွင်လည်း နောက်နေခြင်း မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော်...

မိုးပြာမဟာဧကရာဇ်တို့ကို နှင်မလွှတ်နိုင်လျှင် ကျန်းရီတို့ ကမ္ဘာဦးကောင်းကင်ဘုံထဲမှ ထွက်နိုင်ရန် ခက်ပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နေပြီဖြစ်သည်။ ထို့ပြင် အဘိုးကြီးသုံးယောက်၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ဧကရာဇ်ရွေနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ သူတို့ ကောင်းကင်ဘုံခုံရုံးကို အဆက်မပြတ် တိုက်ခိုက်နေမည် ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို ကော်းကင်ဘုံခုံရုံးက စွမ်းအင်ကုန်ကာ ၎င်း၏ အကာအရံများ ပျက်သွားပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံး၏ အကာအရံများက အချိန်တစ်ခု ခံနိုင်၍ ကျန်းရီတို့ ထွက်ပြေးနိုင်သည်။ သို့သော် ပြဿနာမှာ ကမ္ဘာဦးကောင်းကင်ဘုံအပြင်၌ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ ရှိနေခြင်းပင်။ ကောင်းကင်ဘုံခုံရုံးက ပျံမထွက်နိုင်ပါ။

အကယ်၍ ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို သိမ်းလိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို ထွက်တိုက်စေလိုက်လျှင် မိုးပြာမဟာဧကရာဇ်သည် ထျန်းဖုန့်ဧကရာဇ်ကို ချက်ချင်း သတ်ပစ်ပေလိမ့်မည်။ ယန်ကိုးပါးမြို့သို့ တည်နေရာပြောင်းရွှေ့သွားလျှင်လည်း ကျန်းရီ ကောင်းကင်ဘုံခုံရုံးထဲမှ ထွက်လာသည်နှင့် မိုးပြာမဟာဧကရာဇ်က ချက်ချင်းသတ်မည်ဖြစ်သည်။

ယခုတွင် မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်သွားပြီဖြစ်၍ စွမ်းအားလည်း ကြီးလာကာ အမြန်နှုန်းလည်း ပိုမြန်လာသည်။ ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းက လျင်မြန်သော်လည်း မိုးပြာမဟာဧကရာဇ်က အမီလိုက်လာနိုင်လောက်သည်။ ကျန်းရီတွင် ပြေးစရာမြေ မရှိချေ။

ထို့ကြောင့်...

ကျန်းရီသည် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို စွန့်လွှတ်ရန် ကြံစည်လိုက်ခြင်းဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးကိုမူ ပေး၍ မဖြစ်ပေ။ မဟုတ်လျှင် ကျန်းရီ၊ ရီဖျောင်ဖျောင်၊ စုလောရွှယ်နှင့် အခြားသူများအားလုံး မြှပ်စရာမြေမရှိဘဲ သေရပေလိမ့်မည်။ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်မှာမူ မတူပေ။ ၎င်းက ကျန်းရီ၏ လက်ထဲတွင် ရှိနေလျှင် အစွမ်းကုန် ထုတ်နိုင်မည် မဟုတ်ပါ။ သို့သော် မိုးပြာမဟာဧကရာဇ်၏ လက်ထဲတွင်ဆိုလျှင်ပင် လောကကို အမိန့်ပေးနိုင်ကာ သူ၏တိုက်ခိုက်စွမ်းအားကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ကျန်းရီ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လိုက်၍လည်း ပါသည်။ ကျန်းရီသည် ထိုအကြောင်းကို သေ‌သေချာချာ တွေးပြီးနောက် ယင်းက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

သို့သော် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ဖြစ်‌သော မီးနဂါးဓားကို မိုးပြာမဟာဧကရာဇ်အား အလွယ်တကူ ပေး၍တော့ မဖြစ်ပေ။ သူတို့ ညှိနှိုင်းစရာရှိသည်များကို ညှိနှိုင်းရပေဦးမည်။ ကျန်းရီသည် မိုးပြာမဟာဧကရာဇ်က စတင်ကမ်းလှမ်းလာမည်ကို တိတ်တဆိတ်စောင့်နေလိုက်ပေသည်။

အပြင်တွင် ယန်ကိုးပါးစစ်တပ်က မိုးပြာမဟာဧကရာဇ်ဘက်သို့ ဆုတ်သွားပြီဖြစ်သည်။ ယန်မဟာဧကရာဇ်သည် ယန်ကိုးပါးစစ်တပ် ပြန်ဆုတ်နိုင်ရန်အတွက် မြောက်ဘက်တွင် နေရာတစ်နေရာ ရှင်းပေးထားသည်။ ထို့ပြင် သူသည် ယန်ကိုးပါးစစ်တပ်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ကာ တစ်ခုခု ဖြစ်လာလျှင် ချက်ချင်းတုံ့ပြန်နိုင်ရန် အသင့်ပြင်ထားပေသည်။

“ယန်ကိုးပါးစစ်တပ်.. မြောက်ဘက်ကို ကီလိုမီတာငါးထောင် ဆုတ်ပြီး အမိန့်တွေကို စောင့်နေပါ”

နောက်ဆုံးတွင် မိုးပြာမဟာဧကရာဇ် ပြောလာ၏။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ကောင်းကင်ဘုံခုံရုံးကို တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် တုံ့ဆိုင်းမှုမရှိဘဲ ယန်ကိုးပါးစစ်တပ်ကို မြောက်ဘက်သို့ ဦး‌ဆောင်ခေါ်သွားလိုက်သည်။ သန်းဆယ်ချီသော တပ်သားများက ယန်ကိုးပါးစစ်တပ်အတွက် လမ်းဖယ်ပေးကြ၏။ ထို့နောက် သူတို့ ပြန်စုစည်းကာ ကောင်းကင်ဘုံခုံရုံးကို ဝန်းရံလိုက်ကြလေသည်။

မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်ဘုံခုံရုံးအထက်ရှိ ကျန်းရီ၏ ဝိညာဉ်ပုံရိပ်ကို ထပ်မံကြည့်လိုက်၏။ ယန်မဟာဧကရာဇ်က မိုးပြာမဟာဧကရာဇ်ကို ကြည်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ... မင်းက မကောင်းမှုတွေအများကြီး ကျူးလွန်ခဲ့တယ်။ အခု အကုန်လုံးက မင်းကို သစ္စာဖောက်သွားပြီ။ ဒါကိုတောင် မင်းက ထွက်လာပြီး အညံ့ခံဖို့ ငြင်းဆန်နေတုန်းပဲလား။ မင်းက ငါတို့ ကောင်းကင်ဘုံခုံရုံးထဲ ဖောက်ဝင်လာပြီး မင်းကို သတ်မှာကို ‌စောင့်နေတာလား”

“ပါးစပ်ပိတ်ထား”

ကောင်းကင်ဘုံခုံရုံးအထက်မှ ကျန်းရီ၏ ဝိညာဉ်ပုံရိပ်က အော်ပြောလိုက်သည်။ သူ၏ ဧရာမမျက်လုံးကြီးများက ယန်မဟာဧကရာဇ်ကို ကြည့်ကာ အေးစက်စက် ဆက်ပြောလိုက်သည်။

“ဒီနေရာမှ ခင်ဗျားက စကားပြောခွင့် ရှိလို့လား။ ခင်ဗျားက အရှင်သခင်တစ်ပါးပဲ၊ ဘာလို့ ခွေးတစ်ကောင်လို ဟောင်ချင်နေရတာလဲ။ ခင်ဗျားရဲ့ သခင်က ဘာမှ မပြောသေးတာကို ခင်ဗျားက ဘာလို့ ဟောင်နေတာလဲ”

“မင်း...”

ယန်မဟာဧကရာဇ်သည် အလွန်ဒေါသထွက်သွား၍ တစ်ကိုယ်လုံး တုန်ယင်သွား၏။ ကျန်းရီ ဤအခြေအနေတွင်ပင် ထိုမျှမောက်မာနေလိမ့်ဦးမည်ဟု သူ ထင်မထားချေ။ သူ့လက်ထဲတွင် အနီရောင် ဓားတစ်ချောင်း ထွက်ပေါ်လာပြီး သူ ၎င်းနှင့် ကောင်းကင်ဘုံခုံရုံးကို ချိန်ကာ ပြောလိုက်သည်။

“ကျန်းရီ... ငါတို့က ကောင်းကင်ဘုံခုံရုံးထဲကို ဖောက်မဝင်နိုင်ဘူးလို့ မင်း တကယ်ပဲထင်လား”

“အဲ့လိုဆို ကြိုးစားကြည့်လေ”

ကျန်းရီက အေးစက်စက် ပြန်ပြောသည်။

“ကောင်းကင်ဘုံခုံရုံး ပေါက်မသွားခင် ကျွန်တော် ယန်မဟာဧကရာဇ်မြို့ကို ပျံသွားပြီး ယန်မျိုးနွယ်ဝင်တွေကို အကုန်လုံးကို သတ်ပစ်မယ်။ ကျွန်တော့်မှာ အဲ့လို လုပ်နိုင်တဲ့ အစွမ်းအစရှိတယ်ဆိုတာကို ခင်ဗျား ယုံလား”

ယန်မဟာဧကရာဇ်၏ မျက်နှာထား ပြောင်းသွား၏။ ရူးသွပ်မဟာဧကရာဇ်၊ တောက်နူနှင့် အခြားမျိုးနွယ်ကြီးများမှ မျိုးနွယ်ခေါင်းဆောင်များလည်း မျက်နှာထား ပြောင်းလဲသွားကြသည်။ မိုးပြာမဟာဧကရာဇ် ရှိနေလျှင် ကျန်းရီတို့ ကမ္ဘာဦးကောင်းကင်ဘုံထဲမှ ထွက်ပြေးရန် ခက်ခဲပေလိမ့်မည်။ သို့သော် ကောင်းကင်ဘုံခုံရုံးကို ဖောက်ရန်လည်း အချိန်အတော်ကြာလိုမည်ဖြစ်သည်။ ထို့ပြင် ကောင်းကင်ဘုံခုံရုံးက အလွန်မြန်သည်။ ကျန်းရီ ယန်မဟာဧကရာဇ်မြို့ဆီသို့ အမှန်ပင် အလွယ်တကူ ပျံသန်းသွားနိုင်သည်။ ကျန်းရီ၏ မိစ္ဆာသစ်ပင်တစ်သန်း ထွက်လာသည်နှင့် ယန်မဟာဧကရာဇ်မြို့က ပျက်စီးသွားမည်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်လည်း တားနိုင်မည် မဟုတ်ပါ။

“ဟားဟား...”

ကျန်းရီတွင် ထိုသို့လုပ်နိုင်သော အစွမ်းအစရှိကြောင်း သိသော်လည်း ယန်မဟာဧကရာဇ်သည် အံကြိတ်၍ အော်ပြောလိုက်သေး၏။

“ကျန်းရီ... မင်းက သေရတော့မှာကို စိတ်ကြီးဝင်နေတုန်းပဲလား။ ငါတို့ကရော မင်းရဲ့ ပုန်းနေတဲ့ မျိုးနွယ်ဝင်တွေကို မရှာနိုင်ဘူးလို့ ထင်လား။ ငါတို့က လူတွေခေါ်ပြီး မင်းရဲ့တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်ဆိုတာကို မင်းယုံလား”

ရွှီး...

ယန်မဟာဧကရာဇ်၏စကား ဆုံးသွားပြီးနောက် ကောင်းကင်ဘုံခုံရုံးက ရုတ်တရက် လှုပ်ရှားလာ၏။ ၎င်းသည် အထက်သို့ လည်ပတ်ပျံတက်ကာ အလင်းတန်းတစ်တန်းအလား ယန်မဟာဧကရာဇ်ဆီ ဦးတည်ပျံသန်းသွားလိုက်သည်။

“ပြန်ဆုတ်...”

ယန်မဟာဧကရာဇ် မျက်မှောင်ကြုတ်သွားပြီး အော်ပြောလိုက်၏။ သူ့အနောက်တွင် ယန်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများစွာရှိသည်။ သူတို့ကြားတွင် ယန်ချီနှင့် အခြားမျိုးဆက်သစ်များလည်း ပါသည်။ ကောင်းကင်ဘုံခုံရုံးမှာ မြို့တစ်မြို့ကဲ့သို့ဖြစ်သည်။ ၎င်း၏ လျင်မြန်စွာ ပျံသန်းလာပြီး ဝင်ဆောင့်သည့် အဟုန်က မည်မျှကြီးမည်နည်း။ ထို့ပြင် ကျန်းရီက မိစ္ဆာသစ်ပင်များကို ရုတ်တရက် ထုတ်လိုက်လျှင် မည်သို့ လုပ်မည်နည်း။

“အတင့်ရဲလိုက်တာ”

မိုးပြာမဟာဧကရာဇ်၏ မျက်လုံးများ အရောင်လက်လာ၏။ သူ့လက်ထဲတွင် ကောင်းကင်ခွင်းဓား ပေါ်လာပြီး သူ ထိုဓားနှင့် ကောင်းကင်ဘုံခုံရုံးကို ခုတ်ချလိုက်သည်။

ရွှက်...

ကောင်းကင်ခွင်းဓား လှုပ်ရှားသွားပြီး ပတ်ပတ်လည်မှ လေနှင့် တိမ်များ ရွေ့လျားသွား၏။ သဏ္ဍာန်မဲ့သော မိုးမြေစွမ်းအားက ဓားခုတ်လမ်းအတိုင်း ကောင်းကင်ဘုံခုံရုံးဆီ ပျံထွက်သွားသည်။ ထိုအခိုက်တွင် မိုးမြေတစ်ခုလုံးက ကောင်းကင်ဘုံခုံရုံးကို ဖိနှိပ်နေသကဲ့သို့ပင်။ သူတို့ထံ ပျံသန်းလာနေသော ကောင်းကင်ဘုံခုံရုံး၏ အားနှင့်အတွန်းခံလိုက်ရပြီး အရှိန် သိသိသာသာ နှေးသွားသည်။

ဝုန်း...

ကောင်းကင်ခွင်းဓား ကျဆင်းလာပြီး အစိမ်းရောင်အလင်းတန်းတစ်တန်း ထွက်သွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလင်းတန်းက ကောင်းကင်ဘုံခုံရုံးကို ထိမှန်သွားသည်။ ကောင်းကင်ဘုံခုံရုံး အတန်ငယ် တုန်ခါသွား၏။ ထို တုန်လှုပ်ဖွယ်ဓားချက်ကို ကောင်းကင်ဘုံခုံရုံး၏ စွမ်းအားကြီး အကာအရံက ကာလိုက်ပေသည်။

သို့ပင်လျှင် ကျန်းရီနှင့် အခြားသူများ တုန်သွားသေးသည်။ ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားပြီး ၎င်း အတန်ငယ်လည်း တုန်ခါသွားသည်။ အကယ်၍ ထိုဓားချက်သာ လူတစ်ယောက်အပေါ် ကျသွားခြင်းဆိုလျှင် မည်သို့လုပ်မည်နည်း။ မည်သူက ထိုဓားချက်ကို ကာနိုင်မည်နည်း။

ကောင်းကင်ဘုံခုံရုံးက ဆက်မပျံတော့ပေ။ ကျန်းရီသည် ခုံရုံးအပြင်ဘက်တွင် ဝိညာဉ်ပုံရိပ်တစ်ခု ထပ်မံဖန်တီး၍ မိုးပြာမဟာဧကရာဇ်ကို ကြည့်ကာ သူစကားပြောလာမည်ကို စောင့်နေလိုက်၏။

မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်ခွင်းဓားကို သိမ်း၍ ပြောလိုက်သည်။

“ကျန်းရီ... ကောင်းကင်ဘုံခုံရုံးနဲ့ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို လွှဲပေးလိုက်။ အဲ့လိုဆို ငါ မင်းကို လွှတ်ပေးမယ်။ ငါ မင်းနောက်ကို ဆက်မလိုက်ဘူးလို့လည်း ကတိပေးတယ်။ အသူရာတောင်ပေါ်က သဘောတူညီချက်က အကျုံးဝင်နေတုန်းပဲ”

“ဟားဟားဟား...”

ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်၏။

“အကျုံးဝင်နေတုန်းပဲတဲ့လား။ မိုးပြာမဟာဧကရာဇ် ခင်ဗျားမှာ အရှက်ရော ရှိသေးရဲ့လား။ အသူရာတောင်ပေါ်မှာတုန်းက ကျွန်တော်တို့ ဘာကို သဘောတူထားခဲ့လဲ။ ဘယ်သူကမှ ကျွန်တော်နဲ့ ကျွန်တော့်လူတွေကို ထိခိုက်အောင် မလုပ်ရဘူးလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ မျိုးနွယ်သုံးခုကိုလည်း နှင်ထုတ်မယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမဲ့ ခင်ဗျား ဘာလုပ်ခဲ့လဲ။ လူတစ်ယောက်က ယုံကြည်မှုမရှိဘဲ မရှင်သန်နိုင်ဘူး။ ခင်ဗျားက ကတိမတည်ရင် ဘယ်လိုလုပ် သောင်းချီတဲ့ မျိုးနွယ်တွေကို စုစည်းနိုင်မှာလဲ။ ဘယ်လိုလုပ် သမုဒ္ဒရာလေးစင်းကို ခင်ဗျားဆီ လက်အောက်ခံလာအောင် လုပ်နိုင်မှာလဲ...”

“ဒါပေမဲ့ မိုးပြာမဟာဧကရာဇ်... ခင်ဗျား ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်နဲ့ ကောင်းကင်ဘုံခုံရုံးကို လိုချင်ရင် ကျွန်တော် ခင်ဗျားကို ပေးနိုင်ပါတယ်”

ကျန်းရီ၏စကားကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွား၏။ ကျန်းရီ၏ ဝိညာဉ်ပုံရိပ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ဆက်ပြောလိုက်သည်။

“ခင်ဗျား တောင်းဆိုချက်တချို့ကိုတော့ လက်ခံရမယ်။ ခင်ဗျား အဲ့တောင်းဆိုချက်တွေကို သဘောတူရင် ကျွန်တော် အဲ့ပစ္စည်းတွေကို ခင်ဗျားဆီ လက်နှစ်ဘက်နဲ့ ပေးမယ်။ အရင်ဆုံး ဒီနေရာကို ရှင်းလိုက်တာပေါ့။ မိုးပြာမဟာဧကရာဇ်... အားလုံးကို ကီလိုမီတာငါးသိန်း ပြန်ဆုတ်ခိုင်းလိုက်ပါ”

***

All Chapters