အလှသာကိုင်ထားရမည်
Vol. 144 Ch. 2001
“ဝိုး...”
အားလုံး ဆူညံပွက်သွားကြ၏။ ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများပင် မည်သည့်အရာများ ဖြစ်နေကြောင်း နားမလည်နိုင်ကြတော့ပေ။ ကျန်းရီက အမှန်ပင် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်နှင့် ကောင်းကင်ဘုံခုံရုံးတို့ကို အလွယ်တကူ ပေးတော့မည်လော။ ထိုပစ္စည်းနှစ်ခုက ကောင်းကင်ဧကရာဇ်၏ အမှတ်အသားများဖြစ်ကြသည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်သာ ၎င်းတို့ကို ရသွားလျှင် တရားဝင် ကောင်းကင်ဧကရာဇ် ဖြစ်သွားပေလိမ့်မည်။
ကျန်းရီထံတွင် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်နှင့် ကောင်းကင်ဘုံခုံရုံး မရှိတော့လျှင် သူ ပလ္လင်ပေါ် တက်နိုင်တော့မည် မဟုတ်ပါ။ သူ့ကိုယ်သူလည်း ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်နှင့် ကောင်းကင်ဘုံခုံရုံးကို ရသွားလျှင် ကျန်းရီကို အလွယ်တကူ သတ်ပစ်နိုင်သည် မဟုတ်ပါလား။
မိုးပြာမဟာဧကရာဇ်လည်း အတန်ငယ် အံ့အားသင့်နေ၏။ သို့သော် ကျန်းရီက ညှိနှိုင်းရန် ဆန္ဒရှိနေရာ သူ ထိုအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ မဟုတ်၍ ကျန်းရီက ရက်စက်ရန် ဆုံးဖြတ်လိုက်လျှင် အခြေအနေက သေရေးရှင်ရေး ဖြစ်သွားပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်က လက်ဝှေ့ယမ်းပြလိုက်ရာ ယန်မဟာဧကရာဇ်နှင့် အခြားသူများ နောက်ဆုတ်သွားကြသည်။ မိုးပြာမဟာဧကရာဇ်၏ လက်ရှိ တိုက်ခိုက်စွမ်းအားနှင့်ဆိုလျှင် မည်သူကမှ သူ့အသက်ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပါ။ ထို့ကြောင့် သူတို့ မစိုးရိမ်ကြပေ။
စစ်တပ်က လျင်မြန်စွာ ပြန်ဆုတ်သွားပြီး အရပ်မျက်နှာအနှံ့သို့ ဝံ့ဝံ့ကြွားကြွား ပျံသန်းသွားကြ၏။ အမွှေးတိုင်တစ်တိုင်စာ ကြာချိန်တွင် မည်သူ့ကိုမှ မမြင်ရတော့ချေ။
တစ်နာရီနီးပါး စောင့်ပြီးနောက် မိုးပြာမဟာဧကရာဇ်က ပြောလိုက်၏။
“ကောင်းပြီ၊ အားလုံး ပြန်ဆုတ်သွားကြပြီ။ မင်း ငါ့ကို မယုံရင် ကိုယ့်ဘာသာ အာရုံခံကြည့်နိုင်တယ်”
“မလိုပါဘူး”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံက ကျန်းရီ၏ ကောင်းကင်စိတ်အာရုံထက် ပိုအားကောင်း၏။ သူက အသံပို့လွှတ်မလာရာ အနီးတွင် ပုန်းအောင်းနေသော စွမ်းအားကြီး သိုင်းသမားများ မရှိဟူသော အဓိပ္ပာယ်ပင်။ ကျန်းရီ ပြောလိုက်သည်။
“မိုးပြာမဟာဧကရာဇ်... ခင်ဗျား အဆင့်တက်သွားတာကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့က ရန်သူတွေ ဆိုပေမဲ့ လူသားဘက်ကပဲလေ။ ကျွန်တော်တို့ရဲ့ အကြီးဆုံးရန်သူက တမလွန်ဘုံမျိုးနွယ်ပဲ။ ခင်ဗျား လူသားမျိုးနွယ်ကို ဦးဆောင်ပြီး တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ကျန်းရီ၏စကားများက အလွန်ရိုးသားသည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ် အတန်ငယ် မှင်တက်သွား၏။ ကျန်းရီ၏ ရိုးသားမှုကို သူ ခံစားနိုင်သဖြင့် မည်သို့မှ ကြားဖြတ်မပြောသေးဘဲ ကျန်းရီ ဆက်ပြောမည်ကိုသာ တိတ်တဆိတ် နားထောင်နေလိုက်သည်။
“မိုးပြာမဟာဧကရာဇ်...”
ကျန်းရီ ဆက်ပြောသည်။
“တကယ်တော့... ကျွန်တော်တို့ရဲ့ ရန်ငြိုးက ဘယ်လိုစခဲ့တယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ။ ကျွန်တော်က ဘယ်လိုလူစားမျိုးလဲဆိုတာလည်း ခင်ဗျားသိပါတယ်။ ခင်ဗျား ပလ္လင်ပေါ်တက်ချင်ရင် ကျွန်တော် ခင်ဗျားကို တားမှာ မဟုတ်ဘူး။ အခု ကျွန်တော် ခင်ဗျားကို ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် ပေးလိုက်နိုင်တယ်။ ဒါပေမဲ့... နောက်ကျရင် ခင်ဗျား ကျွန်တော့်ကို ထပ်ပြီး ပစ်မှတ်မထားဖို့တော့ မျှော်လင့်ပါတယ်။ ခင်ဗျားက ယောက်ျားတစ်ယောက်ဆိုရင် ကျွန်တော့်ကို လိုက်သတ်ဖို့ပဲ တစ်နေကုန် စဉ်းစားမနေပါနဲ့။ တမလွန်ဘုံမျိုးနွယ်ကို သွားဖိနှိပ်ပါ။ ဘယ်သူကမှ ခင်ဗျားရဲ့ ကောင်းကင်ဧကရာဇ်နေရာကို လှုပ်ခတ်နိုင်မှာ မဟုတ်ပါဘူး။ ခင်ဗျားက လူသားမျိုးနွယ်ရဲ့ အရှင်သခင် ဖြစ်မှာပါ”
မိုးပြာမဟာဧကရာဇ် နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် သူ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ကျန်းရီ.. မင်းက တကယ့်ကောင်ပဲ။ မင်း ငါ့ကို ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်နဲ့ ကောင်းကင်ဘုံခုံရုံး ပေးမယ်ဆိုရင် ငါတို့ရဲ့ အတိတ်က ရန်ငြိုးတွေ အကုန်လုံးကို မေ့ပစ်လိုက်မယ်။ မင်း ပြဿနာမရှာသ၍ ငါ မင်းအတွက် အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး”
“ကျွန်တော် အခု ခင်ဗျားကို ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် ပေးနိုင်တယ်”
ကျန်းရီက ပြန်ပြောသည်။
“ကျွန်တော်က ပြဿနာရှာမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့သာ ကျွန်တော့်လူတွေနဲ့ မြေဘုံက မျိုးနွယ်တွေကို မထိဘူးဆိုရင် ကျွန်တော် ကမ္ဘာဦးကောင်းကင်ဘုံကို ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။ အခုလောလောဆယ်တော့ ကျွန်တော် ခင်ဗျားကို ကောင်းကင်ဘုံခုံရုံး မပေးနိုင်သေးဘူး။ ကျွန်တော်က အဲ့လောက် မတုံးပါဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုသေးတယ်။ ဒီလိုဆို ဘယ်လိုလဲ... ခင်ဗျား တမလွန်ဘုံမျိုးနွယ်ကို ဖျက်ဆီးပြီးရင် ကျွန်တော် အဲ့ဒါကို လက်နှစ်ဘက်နဲ့ ခင်ဗျားကို ပေးမယ်။ ကောင်းကင်ဘုံခုံရုံးက အမှတ်အသားတစ်ခုပဲ။ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် ရှိနေရင်ကို ခင်ဗျား လောကရဲ့ သူရဲကောင်းတွေကို အလွယ်တကူ ဆင့်ခေါ်နိုင်ပါပြီ။ ပြီးတော့ ခင်ဗျားဘာသာ ကောင်းကင်ဘုံခုံရုံအသစ်တစ်ခုကို တည်ဆောက်လို့ ရတာပဲ”
မိုးပြာမဟာဧကရာဇ် ထပ်မံ နှုတ်ဆိတ်သွား၏။ ကျန်းရီက သူ့ကို အလွန်ဆုံး လိုက်လျောနိုင်မှုကို ပြောနေခြင်းပင်။ ကျန်းရီ၏ စကားများကလည်း အလွန်ရိုးသားသည်။ အကယ်၍ သူသာ ယင်းတို့ကို သဘောမတူလိုက်လျှင် ကျန်းရီ၏ အကျင့်စရိုက်အရ သေချာပေါက် သူသေကိုယ်သေ တိုက်ခိုက်ပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်သည် ငါးမိနစ်မျှ နှုတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“ကောင်းပြီ ကျန်းရီ၊ ငါ သဘောတူတယ်”
ကောင်းကင်ဘုံခုံရုံးထဲရှိ ကျန်းရီတစ်ယောက် သက်ပြင်းလေးကြီး ချလိုက်၏။ သူ့လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ သူ့ မျက်ဝန်းများလည်း မှေးမှိန်သွားသည်။ ထိုမီးနဂါးဓား သူနှင့်အတူ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ သူ ၎င်း၏ အစိတ်အပိုင်းများကိုလည်း တစ်ခုချင်း ပေါင်းစည်းခဲ့သည်။ ယခုတွင် သူ ၎င်းကို ပေးပစ်ရတော့ပေမည်။ ထို့ကြောင့် သူ စိတ်ထဲတွင် မည်သို့မှ မခံစားရဟုဆိုလျှင် လိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရွှီး...
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက မီးနဂါးဓားထဲမှ ထွက်လာ၏။ ချီဟုန်လည်း နိုးထလာသည်။ ကျန်းရီသည် အပြစ်ရှိဟန် မျက်နှာထားနှင့် ဒူးတစ်ဘက်ထောက်ကာ ပြောလိုက်လေသည်။
“ကောင်းကင်ဧကရာဇ်၊ အရှင်ချီဟုန်.. ကျန်းရီက အသုံးမကျပါဘူး။ ကျွန်တော် မီးနဂါးဓားကို မကာကွယ်နိုင်လိုက်ဘူး။ ကျွန်တော်...”
“မင်းက ယောက်ျားတစ်ယောက်ပဲ။ ဘာလို့ အားလျော့တဲ့စကားတွေ ပြောနေရတာလဲ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အေးစက်စက် ပြောလိုက်၏။
“ပြီးတော့... ဒီ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်က ယာယီပဲ မိုးပြာမဟာဧကရာဇ်အပိုင် ဖြစ်နေမှာပဲ။ ငါ အဲ့ဒါကို မင်းအတွက် အချိန်မရွေး ပြန်ယူပေးနိုင်တယ်။ နောက်ဆုံးအစိတ်အပိုင်းကို မပေါင်းစည်းနိုင်သေးဘး။ တကယ်လို့ ချီဟုန်ပါ လိုက်မသွားရင် မိုးပြာမဟာဧကရာဇ်က ဒီဓားကို အလှပဲကိုင်ထားရမှာ”
“အာ... အရှင်ချီဟုန်က လိုက်မသွားဘူးလား”
ကျန်းရီ မှင်တက်သွား၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ထံ အသံပို့လွှတ်၍ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို မိုးပြာမဟာဧကရာဇ်အား ပေးရန် ပြောခဲ့၍ ချီဟုန်လည်း လက်နက်နှင့်အတူ လိုက်သွားလိမ့်မည်ဟု ကျန်းရီ တွေးခဲ့သည်။ သို့သော် ကောင်းကင်ဧကရာဇ်ထံတွင် အစီအစဉ်ရှိထားပြီးပုံပင်။
“ဟွန်း...”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က နှာမှုတ်၍ ပြောလိုက်၏။
“ချင်နီရဲ့ဆရာ ချင်ယန်ကလည်း အရင်တုန်းက သစ္စာဖောက်တစ်ယောက်ပဲ။ ငါက ဘယ်လိုလုပ် ချင်နီကို တကယ် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် ပေးနိုင်မှာလဲ။ သူ အဆင့်တက်သွားကတော့ လူသားမျိုးနွယ်အတွက် ကောင်းချီးပါ။ သူ လောကကြီးကို အမိန့်ပေးနိုင်အောင် သူ့ကို ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် ယာယီပေးထားမှာ။ သူ လူသားမျိုးနွယ်ကို ပေါင်းစည်းပြီး တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်ရင်လည်း ကောင်းတာပါပဲ။ တကယ်လို့ သူသာ တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်မယ်ဆိုရင် သူ့ကို ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် တကယ်ပေးလိုက်နိုင်တယ်။ သူ မဖိနှိပ်နိုင်ရင်တော့... နောက်ဆုံးကျရင် လူသားမျိုးနွယ်က မင်းအပေါ် မှီခိုရမှာပဲ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထိုသို့ ပြောလိုက်ပြီဖြစ်၍ ကျန်းရီ တုံ့ဆိုင်းမနေတော့ပေ။ သူ မီးဝိညာဉ်ပုလဲထဲမှနေ၍ နောက်ဆုံးအစိတ်အပိုင်းနှင့် ကောင်းကင်ဝါးမျိုသားရဲလေးကို ထုတ်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံခုံရုံး လင်းလက်လာသည်။ ပြီးလျှင် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်က ကျန်းရီ၏လက်ထဲမှနေ၍ ပျောက်ကွယ်သွားလေသည်။
ဝှစ်...
မီးနဂါးဓားသည် မိုးပြာမဟာဧကရာဇ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွား၏။ မိုးပြာမဟာဧကရာဇ်က ၎င်းကို လက်တစ်ဘက်နှင့် ဖမ်းလိုက်၏။ သူ့မျက်ဝန်းများ တပ်မက်မှုနှင့် လင်းလက်သွားသည်။ မီးနဂါးဓားကို အတုမလုပ်နိုင်ပါ။ သူ တစ်ချက်ကြည့်လိုက်ရုံနှင့် အစစ်၊ အတုကို ခွဲနိုင်ပေသည်။
“အာ... တစ်ခုခု မှားနေတယ်...”
မိုးပြာမဟာဧကရာဇ်သည် တစ်ခဏမျှ ကြည့်ပြီးနောက် တစ်ခုခု မှားနေကြောင်း သိလိုက်ရ၏။ သူ ကျန်းရီ၏ ဝိညာဉ်ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။
“အသုံးအဆောင်ဝိညာဉ်က ဘယ်မှာလဲ။ ဒီမီးနဂါးဓားက မပြည့်စုံသေးဘူး”
“အသုံးအဆောင်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီ”
ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ် သင်ပေးသလို ပြောလိုက်၏။
“တွင်းအောက်ခြေမှာ ကြောက်စရာ ဖြစ်တည်မှုတစ်ခုရှိတယ်။ အရှင်ချီဟုန်ရဲ့ ဝိညာဉ်က ကျွန်တော့်ကို ကယ်ဖို့အတွက်နဲ့ ဖျက်ဆီးခံလိုက်ရတာပဲ။ ခင်ဗျား တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် တောဆိတ်ရသေ့ကြီးနဲ့ ဧကရာဇ်ရွေကို အပြစ်တင်လိုက်။ ခင်ဗျား နောက်ထပ် အသုံးအဆောင်ဝိညာဉ်တစ်ခုကို ရှာပြီး သန့်စင်လိုက်ပေါ့။ ပြီးတော့.. အဲ့မီးနဂါးဓားက တကယ်ပဲ မပြည့်စုံသေးဘူး။ တမလွန်ဘုံရဲ့ တမလွန်ချောက်နက်ထဲမှာ ဓားအစိတ်အပိုင်းတစ်ခု ရှိနေသေးတယ်။ ကျွန်တော်က တမလွန်ဘုံကို သွားဖို့ လုံလောက်အောင် မသန်မာသေးလို။ ခင်ဗျားကတော့ ခင်ဗျားရဲ့ တပ်ဖွဲ့တွေကိုခေါ်ပြီး အဲ့ဒါကို သွားယူလိုက်ပေါ့”
မိုးပြာမဟာဧကရာဇ် မသင်္ကာဖြစ်နေသေးသည်။ သို့သော် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ဆိုသော အမှတ်အသားက အမှန်တကယ်စွမ်းအားထက် ပိုအရေးကြီးသည်။ ထို့ပြင် တွင်းကြီးအောက်ခြေမှ ဖြစ်တည်မှုက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း သူ သိထားသည်။ ထိုအခိုက်တွင် သူ မည်သို့ ပြန်ပြောလိုက်ရမည်မသိ ဖြစ်နေပေသည်။
“ကောင်းပြီ...”
မိုးပြာမဟာဧကရာဇ်သည် တစ်ခဏမျှ တွေးတောပြီးနောက် ပြောလိုက်၏။
“ကျန်းရီ... မင်းက ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို ပေးလိုက်ပြီဆိုတော့ ငါ မင်းအတွက် ခက်ခဲအောင် မလုပ်တော့ပါဘူး။ ကမ္ဘာဦးကောင်းကင်ဘုံထဲက ထွက်သွားပါ။ တခြားကိစ္စမရှိတော့ရင်... ငါ မင်း ပြန်ထွက်ပေါ်လာမှာကို မလိုချင်ဘူး”
ကျန်းရီထံတွင် ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဆိုသော အဆင့်အတန်းရှိ၏။ မိုးပြာမဟာဧကရာဇ်အတွက် သူက အချိန်မရွေး သူ့နေရာကို စိန်ခေါ်မည့်သူတစ်ယောက် ဖြစ်နေမည်သာ။ ထို့ပြင် သူ့ထံတွင် ကောင်းကင်ဘုံခုံရုံး ရှိနေသေးသည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ် သူ့ကို တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။ အကယ်၍ ကျန်းရီ စိတ်ဖောက်သွားပြီး ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် ပရမ်းပတာဖြစ်သွားအောင် လုပ်လိုက်လျှင် ကောင်းမည် မဟုတ်ပါ။
ယခု ကျန်းရီက ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကိုလည်း ပေးလိုက်ပြီဖြစ်ရာ မိုးပြာမဟာဧကရာဇ် ကျန်းရီကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ကျန်းရီ ကမ္ဘာဦးကောင်းကင်ဘုံတွင် နောက်တစ်ကြိမ် ပေါ်မလာရန်နှင့် သူ့နေရာကို စိန်မခေါ်ရန်တော့ ပြောလိုက်လေသည်။
“ကောင်းပြီ”
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်စေလိုက်၏။ သုံးကီလိုမီတာပျံတက်ပြီးနောက် သူ ရပ်တန့်ကာ အသံပို့လွှတ်လိုက်သည်။
“မိုးပြာမဟာဧကရာဇ်... တောက်နူက ကျွန်တော့်ရဲ့ အကြီးအကဲသုံးယောက်ကို ဖမ်းထားတယ်။ အဲ့သုံးယောက်က တိရှအရှင်၊ ဝိညာဉ်ဘုရင်နဲ့ ဆောင်းဥတုအရှင်တို့ပဲ။ ပြီးတော့ ကျွန်တော့်မှာ ချီချင်ချန်လို့ခေါ်တဲ့ မိတ်ဆွေတစ်ယောက်လည်း ရှိတယ်။ သူက မြေဘုံထဲက ဆောင်းဥတုဘုံရဲ့ အရှင်ပဲ။ ကျွန်တော် ကမ္ဘာဦးကောင်းကင်ဘုံ အပြင်မှာ စောင့်နေမယ်။ ခင်ဗျား သူတို့လေးယောက်ကို လွှတ်ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ မိုးပြာမဟာဧကရာဇ်... ကျွန်တော် ခင်ဗျားကို အကြံနည်းနည်း ပေးချင်တယ်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ ခင်ဗျားနားက လူတွေကို သတိထားပါ။ တမလွန်ဘုံဧကရာဇ်က ဒီတစ်ခေါက် လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားခဲ့လောက်တယ်။ ခင်ဗျား အသတ်မခံရပါစေနဲ့”
***