ကောင်းကင်ဧကရာဇ်ချင်နီ
Vol. 144 Ch. 2002
ကျန်းရီ ထွက်သွားပြီးနောက် မုန်တိုင်းလည်း ငြိမ်သွားသည်။
မိုးပြာမဟာဧကရာဇ်နှင့် ကျန်းရီတို့က မည်သည့် သဘောတူညီချက် လုပ်ခဲ့သည်၊ မည်သည့်စကားများ ပြောခဲ့သည်ကို မည်သူမှ မသိပါ။ သို့သော် ကျန်းရီက မိုးပြာမဟာဧကရာဇ်ကို ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် ပေးခဲ့ပေသည်။ ထို့ပြင် မိုးပြာမဟာဧကရာဇ်သည် တောက်နူကို သူဖမ်းထားသော တိရှအရှင်၊ ဝိညာဉ်ဘုရင်၊ ဆောင်းဥတုအရှင်နှင့် ချီချင်ချန်ဟုခေါ်သော အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက်သို့ လွှတ်ပေးလိုက်ရန် ခိုင်းခဲ့လေသည်။
မိုးပြာမဟာဧကရာဇ်က အဘယ်ကြောင့် ကျန်းရီကို လွှတ်ပေးလိုက်ကြောင်း မည်သူမှ မသိသော်လည်း ကျန်းရီက မိစ္ဆာကြယ်ဆိုသော သတင်းမှာ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးနှင့် ဓာတုဘုံခုနစ်ဘုံလုံးတွင် ပျံ့နှံ့သွားပြီဖြစ်သည်။ မရေမတွက်နိုင်သော လူများသည် ကျန်းရီကို ကျိန်ဆဲကြသည်။ ပုံပြောဆရာများစွာကလည်း ကျန်းရီ၏ ပြစ်မှုများကို ဇာတ်လမ်းဆင်ကာ ပြောကြပေသည်။
တစ်ဘက်တွင်မူ မိုးပြာမဟာဧကရာဇ်၏ ပုံရိပ်က ပို၍ ဖြောင့်မတ်လာ၏။ လူများစွာသည် သူ့အကြောင်း ချီးကျူးသီချင်းများ ဆိုကြသည်။ သူ့ကောင်းကွက်များက လောကတစ်ခွင်လုံးတွင် ပျံ့နှံ့သွားပေသည်။ မိုးပြာမဟာဧကရာဇ်က ကျန်းရီကို လွှတ်ပေးလိုက်ခြင်းမှာပင် သဘောထားကြီး၍၊ ကြင်နာတတ်၍၊ ကျန်းရီကို ဘဝသစ်စရန် အခွင့်အရေးတစ်ခု ပေးလို၍ဟု ဆိုကြလေသည်။
မိုးပြာမဟာဧကရာဇ် နန်းတက်မည့် ပြင်ဆင်မှုများ စတင်ပေပြီ။ ပထမဆုံး မိုးပြာမဟာဧကရာဇ်သည် တမလွန်ဘုံမျိုးနွယ်က အင်အားကြီးပြီး တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာတော့မည်ဟု ကြေညာလိုက်သည်။ လူသားမျိုးနွယ် ဖျက်ဆီးခံရတော့မည့် အချိန်က နီးကပ်လာပြီဖြစ်သည်။ ထိုကဲ့သို့သော အချိန်တွင် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က လူသားမျိုးနွယ်ကို ဦးဆောင်၍ တမလွန်ဘုံမျိုးနွယ်နှင့် တိုက်ခိုက်ကာ လူသားမျိုးနွယ်၏ အတိတ်မှ ဂုဏ်ရှိန်ဂုဏ်ဝါကို ပြန်ရယူရပေမည်။
မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက လွန်ခဲ့သော ကောင်းကင်ဧကရာဇ်များ၏ အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ပြင် ပျံ့နှံ့နေသော သတင်းများကြောင့် သူက ဖြောင့်မတ်သူ၊ ကိုယ်ကျင့်တရားကောင်းသူတစ်ယောက်အဖြစ် လေးစားခံနေရသည်။ ပေါက်ကရ ကောလာဟလများလည်း များစွာ ရှိနေသည်။ နောက်ဆုံးတွင် လူများသည် မိုးပြာမဟာဧကရာဇ်ကို ကောင်းကင်ဧကရာဇ်အဖြစ် နန်းတက်၍ လူသားမျိုးနွယ်ကို ဦးဆောင်ပြီး တမလွန်ဘုံမျိုးနွယ်ကို တိုက်ခိုက်ပေးရန် တောင်းဆိုလာခဲ့ကြလေသည်။
မိုးပြာမဟာဧကရာဇ်က ထိုကမ်းလှမ်းမှုကို ချက်ချင်း ငြင်းလိုက်၏။ သူက အဆင့်တက်သွားပြီး ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို ရထားသော်လည်း သူ့ဂုဏ်သတင်းက နန်းတက်ရလောက်အောင် မလုံလောက်သေးဟု ပြောခဲ့သည်။ သူက လူသားမျိုးနွယ်၏ ခေါင်းဆောင်နေရာတွင် တာဝန်မကျေမည်ကို စိုးသည်ဟုလည်း ပြောခဲ့ပေသည်။
မိုးပြာမဟာဧကရာဇ်က ငြင်းလိုက်သော်လည်း ရူးသွပ်မဟာဧကရာဇ်က မိုးပြမဟာဧကရာဇ်ကို နန်းတက်ရန် ထပ်မံတောင်းဆိုပြန်၏။ မိုးပြာမဟာဧကရာဇ်ကလည်း ထပ်မံငြင်းလိုက်ပြန်သည်။ ထို့နောက်တွင် ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် အခြားသူများကလည်း မိုးပြာမဟာဧကရာဇ်ကို နန်းတော်ရန် တောင်းဆိုလာကြသည်။ မိုးပြာမဟာဧကရာဇ် ထပ်၍ ငြင်းလိုက်ပါသည်။
နောက်ဆုံးတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး ထွက်ပေါ်လာ၏။ သူသည် မိစ္ဆာကြယ်က မှေးမှိန်လာပြီး ဧကရာဇ်ကြယ်က တောက်ပနေပြီဟု ပြော၏။ ယင်းမှာ မိုးပြာမဟာဧကရာဇ်က ဧကရာဇ်ကြယ်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ ထို့နောက် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် မိုးပြာမဟာဧကရာဇ်ကို နန်းတက်ရန် တောင်းဆိုလိုက်လေသည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် သူတစ်ယောက်တည်း လာတောင်းဆိုခြင်း မဟုတ်ဘဲ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ဧကရာဇ်ရွေ၊ မိုးကြိုးလျှပ်စီးလမ်းကြောင်းမှ လွတ်မြောက်လာခဲ့သော အဘိုးကြီးသုံးယောက်၊ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် ကမ္ဘာဦးကောင်းကင်ဘုံရှိ စွမ်းအားကြီး သိုင်းသမားအားလုံးကို မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ခေါ်လာခဲ့ပေသည်။
ဤတစ်ခေါက်တွင် ချီလင်းဧကရီပါ ပါလာသည်။ လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားအားလုံး ရှိနေကြသည်။ သူတို့သည် မိုးပြာမဟာဧကရာဇ်ကို ကောင်းကင်ဧကရာဇ်အဖြစ် နန်းတက်ကာ လူသားမျိုးနွယ်ကို ဦးဆောင်ပေးဖို့ တောင်းဆိုကြသည်။ သို့ဖြင့် မိုးပြာမဟာဧကရာဇ် “မငြင်းနိုင်တော့ဘဲ” တုံ့ဆိုင်းစွာနှင့် ပလ္လင်ကို လက်ခံလိုက်ရလေတော့သည်။
မိုးပြာမဟာဧကရာဇ်က လက်ခံလိုက်ပြီဆိုသောသတင်း ပျံ့နှံ့သွားသည်နှင့် ကမ္ဘာဦးကောင်းကင်ဘုံထဲမှ မျိုးနွယ်အားလုံး ဩဘာပေးလိုက်ကြပြီး သတင်းကို ဆက်ဖြန့်ကြသည်။ လူများစွာသည် ဝမ်းသာလွန်း၍ ငိုပင်ငိုကြလေသည်။
ယန်မဟာဧကရာဇ်တို့သည် အတန်ကြာ ဆွေးနွေးပြီးနောက် နောက်ငါးရက်ကြာလျှင် မိုးပြာမဟာဧကရာဇ်ကို မိုးပြာမဟာဧကရာဇ်တောင်ထွတ်မှာပင် နန်းတင်ရန် ဆုံးဖြတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လက်မှုပညာရှင်များ၊ အစီအရင်ပညာရှင်များကို ခေါ်ကာ ကုန်ကြမ်းများစွာကို သုံး၍ မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် ကောင်းကင်ဘုံခုံရုံးအသစ်တစ်လုံး ဆောက်လုပ်စေလိုက်ပေသည်။
မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဧကရာဇ် ဖြစ်တော့မည်ဖြစ်ရာ ကောင်းကင်ဘုံခုံရုံးတွင် နေရပေမည်။ ကောင်းကင်ဘုံခုံရုံးအစစ်ကို ကျန်းရီက ယူသွားရာ သူတို့ ရွေးချယ်စရာ မရှိဘဲ ကောင်းကင်ဘုံခုံရုံးအသစ်တစ်လုံးကို တည်ဆောက်ရမည်ဖြစ်သည်။ ထိုခုံရုံးတွင် မိုးပြာမဟာဧကရာဇ် နေလိုက်သောအခါတွင်မူ ၎င်းကသာ ကောင်းကင်ဘုံခုံရုံးအစစ် ဖြစ်သွားပေလိမ့်မည်။ ကျန်းရီ၏ ကောင်းကင်ဘုံခုံရုံးမှာ အတု ဖြစ်သွားမည်ဖြစ်သည်။
ငါးရက်...
ငါးရက်အတွင်းမှာပင် ခမ်းနားသော ကောင်းကင်ဘုံခုံရုံးတစ်လုံးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားသည်။ ၎င်းက ကျန်းရီ၏ ကောင်းကင်ဘုံခုံရုံးနှင့် တစ်ပုံစံတည်း တူညီသည်။ အထဲတွင်လည်း ကောင်းကင်ကိုးပါးကြယ်အစီအရင်တစ်ခု ရှိပေသည်။ သို့သော် ထိုအစီအရင်က ကောင်းကင်ဘုံခုံရုံးအစစ်မှ အစီအရင်လောက် ခုခံကာကွယ်နိုင်စွမ်း ရှိမရှိမှာမူ အခြားကိစ္စတစ်ခု ဖြစ်သွားပေပြီ။
မိုးပြာမဟာဧကရာဇ်ကို မျိုးနွယ်ခေါင်းဆောင်အားလုံး၏ အရှေ့တွင် နန်းတင်သည်။ သူသည် လူသားသမိုင်းထဲမှ ဆယ်ပါးမြောက် ကောင်းကင်ဧကရာဇ် ဖြစ်လာပြီး ကောင်းကင်ဧကရာဇ်ချီနီဆိုသောဘွဲ့ ပေးအပ်ခြင်း ခံရလေသည်။
ယခုတွင် ကောင်းကင်ဧကရာဇ်တစ်ပါး ရှိလာပြီဖြစ်ရာ မဟာဧကရာဇ်များ မရှိတော့ပေ။ ယန်မဟာဧကရာဇ်က ယန်အရှင်၊ ရူးသွပ်မဟာဧကရာဇ်က ရူးသွပ်အရှင်၊ ဧကရာဇ်ရွေက ရွေအရှင်၊ ချီလင်းဧကရီက ချီလင်းအရှင်မဟူ၍ ဖြစ်သွားကြသည်။
ဧကရာဇ်မှာ တစ်ပါးတည်းသာ ရှိသည်။ ကောင်းကင်ဧကရာဇ်ချင်နီပင်။
ကောင်းကင်ဧကရာဇ်ချင်နီသည် ယန်အရှင်တို့၏ ဘွဲ့ကို ကိုယ်တိုင် ပြောင်းလဲပေး၏။ တောဆိတ်ရသေ့ကြီးကိုမူ ဧကရာဇ်ဘွဲ့ပေးကာ ကောင်းကင်သင်္ချိုင်းတွင် မြှုပ်နှံပေးပေသည်။ သူသည် မျိုးရိုးစဉ်ဆက် အရိုအသေပေးခြင်း ခံရမည်ဖြစ်သည်။
ထို့ပြင် ကောင်းကင်ဧကရာဇ်ချင်နီသည် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား တစ်ရာ့ရှစ်ယောက်ကို ကောင်းကင်ဘုရင်ဘွဲ့ ပေးခဲ့သည်။ ကောင်းကင်ဘုရင်ယွင် အပါအဝင် မူလရှိပြီးသော ကောင်းကင်ဘုရင်သုံးဆယ်ခြောက်ပါး၊ တောက်နူ၊ တောက်နု၊ တောက်လန်၊ ကုန်းယန်မျိုးနွယ်ခေါင်းဆောင်၊ မိစ္ဆာသတ်ဖြတ်စံအိမ်မှ မဟာအကြီးအကဲ ဆယ်ယောက်၊ ခွမ်မျိုးနွယ်မှ အကြီးအကဲများ၊ ယန်မျိုးနွယ်မှ အကြီးအကဲများနှင့် ဟယ်မျိုးနွယ်မှ အကြီးအကဲများက ကောင်းကင်ဘုရင်ဘွဲ့ရရန် အရည်အချင်း မီခဲ့ပေသည်။
စစ်တပ်အားလုံးကိုလည်း ပေါင်းစည်းလိုက်သည်။ ယန်ကိုးပါးစစ်တပ်၊ မိုးပြာမဟာဧကရာဇ်စစ်တပ်၊ ချီလင်းဧကရီစစ်တပ်၊ ရူးသွပ်မဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်၊ မိစ္ဆာသတ်ဖြတ်စစ်တပ်နှင့် မျိုးနွယ်သုံးခု၏ စစ်တပ်များကို စစ်တပ်ကြီးသုံးတပ်အဖြစ် ပြန်ဖွဲ့စည်းလိုက်သည်။
မိုးပြာမဟာဧကရာဇ်သည် သူ့ကိုယ်ပိုင်စစ်တပ်ကို ကောင်းကင်ဧကရာဇ်စစ်တပ်ဟု အမည်ပေးသည်။ သူ့လက်အောက်တွင် မိုးကြိုးလျှပ်စီးလမ်းကြောင်းမှ လွတ်မြောက်လာခဲ့သော အဘိုးကြီးသုံးယောက် ရှိသည်။ ထိုသုံးယောက်က အသက်အရွယ်အရရော တိုက်ခိုက်စွမ်းအားအရပါ အလွန်စွမ်းအားကြီးသည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့ကို ယန်အရှင်၊ ရူးသွပ်အရှင်နှင့် အခြားသူများက အမိန့်ပေးနိုင်မည် မဟုတ်ပါ။
ဒုတိယစစ်တပ်ကို တမလွန်ဘုံသုတ်သင်စစ်တပ်ဟု အမည်ပေး၏။ ထိုစစ်တပ်၏ ခေါင်းဆောင်နေရာကို ရှားယွီက ရလိုက်၍ လူများစွာ အံ့အားသင့်သွားကြသည်။ သူမလက်အောက်တွင် ယန်အရှင်၊ ရူးသွပ်အရှင်နှင့် ရွေအရှင်တို့ ရှိသည်။ ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ ထိုအရှင်သုံးပါးက မည်သို့မှ မဆန့်ကျင်ကြဘဲ ရှားယွီ၏ အမိန့်များကို နာခံလိုနေကြခြင်းပင်။
ရှားယွီထံတွင် ပြောင်မြောက်သော စစ်ရေးစွမ်းဆောင်ချက်များ ရှိသည်။ သူမက အလွန်လည်း ပါရမီထူးကာ အလွန်ငယ်ရွယ်သေးသည်။ ယန်အရှင်နှင့် ရူးသွပ်အရှင်တို့ ကျော်ကြားခဲ့သည်မှာမူ နှစ်ပေါင်းမည်မျှ ရှိခဲ့ပြီနည်း။ ရှားယွီက ထိုသူများကို မည်သို့ ဦးဆောင်နိုင်မည်နည်း။
သို့သော် ကောင်းကင်ဧကရာဇ်ချင်နီက ရှားယွီကို ခေါင်းဆောင်နေရာပေးလိုက်ပြီဖြစ်ရာ မည်သူကမှ မည်သို့မှ မပြောဝံ့ကြပေ။ ယန်အရှင်၊ ရူးသွပ်အရှင်နှင့် ရွေအရှင်တို့ကလည်း မည်သို့မှ မပြောရာ အခြားသူများအနေဖြင့် ဝင်ပြောနေလျှင်လည်း အပိုသာ ဖြစ်ပေလိမ့်မည်။
တတိယစစ်တပ်ကိုမူ မိစ္ဆာခွင်းစစ်တပ်ဟု အမည်ပေးထား၏။ ထိုစစ်တပ်၏ ခေါင်းဆောင်မှာ ချီလင်းအရှင်မဖြစ်သည်။ ယင်းကိုမူ အားလုံး မျှော်မှန်းထားကြသည်။ ယခင်တွင် ချီလင်းအရှင်မ၏ တိုက်ခိုက်စွမ်းအားက ကောင်းကင်ဧကရာဇ်ချင်နီပြီးလျှင် ဒုတိယဖြစ်သည်။ သူမက ဉာဏ်လည်းကောင်းကာ အစီအရင်အမျိုးမျိုးကို ကျွမ်းကျင်သည်။ ထို့ပြင် သူမ၏ အချိန်အနှစ်သာရမှာလည်း တုန်လှုပ်ဖွယ်ကောင်းပေသည်။
ချီလင်းအရှင်မ၏ လက်အောက်တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်သမားများ သိပ်မရှိပေ။ သူမထံတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ မူလကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါး၊ ရှန်ကွေ့နှင့် အခြားသူများသာရှိသည်။ သို့သော် သူမ၏ စစ်တပ်က အခြားစစ်တပ်နှစ်တပ်ထက် ပိုကြီးပေသည်။
မျက်စိပါသော မည်သူမဆို ချီလင်းအရှင်မ၏ စစ်တပ်က ကောင်းကင်ဧကရာဇ်ချင်နီ၏ လျစ်လျူရှုမှုကို ခံနေရကြောင်း သိနိုင်သည်။ သူ ထိုစစ်တပ်ထဲ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို ထည့်ခဲ့ခြင်းမှာပင် ချီလင်းအရှင်မတို့ကို စောင့်ကြည့်နေရန်ဖြစ်သည်။ ချီလင်းအရှင်မ၊ မူလကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါးနှင့် ရှန်ကွေ့တို့က ယခင်တွင် ကျန်းရီနှင့် အလွန်ရင်းနှီးခဲ့သည် မဟုတ်ပါလား။
ကောင်းကင်ဧကရာဇ်ချင်နီသည် ကောင်းကင်ဧကရာဇ် ဖြစ်လာပြီးနောက် မူဝါဒအသစ်များစွာ ချမှတ်ခဲ့၏။ ဥပမာအားဖြင့် သူသည် မျိုးနွယ်များ၏ ဆန်းကြယ်နယ်မြေအားလုံးကို သိမ်းယူလိုက်သည်။ လုံလောက်အောင် ပါရမီပါသူများမှ ဆန်းကြယ်နယ်မြေများထဲ စဉ်ဆက်မပြတ်ဝင်ကာ ကျင့်ကြံနိုင်မည်ဖြစ်သည်။
ကောင်းကင်ဧကရာဇ်ချင်နီသည် စစ်တပ်များကို ပျိုးထောင်ရန် အရင်းအမြစ်များစွာကိုလည်း သိမ်းယူလိုက်သည်။ ကောင်းကင်ဘုရင်ဝေထံမှနေ၍လည်း တိုက်ကွက်ပုံစံများ တောင်းယူခဲ့သည်။ စစ်တပ်သုံးတပ်ကို ထိုတိုက်ကွက်ပုံစံများအတိုင်း လေ့ကျင့်သင်ကြားပေးလေသည်။
ကောင်းကင်ဧကရာဇ်ချင်နီက လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုကိုလည်း ထုတ်ပြန်လိုက်၏။ သေဒဏ်ကျထားသော အကျဉ်းသားများနှင့် အလုပ်ကြမ်းနှင့် ထောင်ကျနေသော အကျဉ်းသားများက စစ်တပ်ထဲ ဝင်မည်ဆိုလျှင် လွတ်ငြိမ်းချမ်းသာခွင့် ရမည်ဖြစ်သည်။ သူတို့ တိုက်ပွဲအမှတ်များ ရယူနိုင်မည်ဆိုလျှင်မူ လွတ်လပ်မှုကို ပြန်ရကာ ရာထူးပင် တိုးနိုင်မည်ဖြစ်သည်။
ယင်းတို့အပြင် ကောင်းကင်ဧကရာဇ်ချင်နီသည် တင်းကြပ်သော ဆုပေးဒဏ်ပေးစနစ်တစ်ခုကိုလည်း ဖော်ဆောင်ထား၏။ တပ်သားတစ်ယောက်က တိုက်ပွဲအမှတ်များ ရယူနိုင်မည်ဆိုလျှင် တပ်မှူး၊ စစ်သူကြီး၊ စစ်သေနာပတိ၊ ကောင်းကင်ဘုရင် စသည်ဖြင့် အဆင့်ဆင့် တက်သွားနိုင်မည်ဖြစ်သည်။ ထို့ပြင် စွမ်းဆောင်ချက်များ ကောင်းပါက မြို့အရှင်၊ ဒေသအရှင်နှင့် ဘုံအရှင်အထိပါ ဖြစ်လာနိုင်လေသည်။
ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံရှိ သောင်းချီသော မျိုးနွယ်များနှင့် ဓာတုဘုံခုနစ်ဘုံမှ သန်းထောင်ချီသော လူများ ဝမ်းသာသွားကြသည်။ သူတို့၏ စိတ်ဓာတ်များလည်း အလွန်တက်ကြွသွားကြသည်။ သို့ဖြင့် လူသားမျိုးနွယ်၏ အင်အားက ပေါင်းစည်းသွားသည်။ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကာ ဓားသွေးလာကြလေသည်။ သူတို့သည် ကောင်းကင်ဧကရာဇ်ချင်နီက စစ်တပ်များ စုစည်းပြီးသွားပြီး လူသားမျိုးနွယ်ကို ဦးဆောင်၍ တမလွန်ဘုံကို သွားတိုက်မည့်အချိန်ကိုသာ စောင့်စားနေကြတော့သည်။ သူတို့ တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်ကာ လူသားမျိုးနွယ်၏ အတိတ်ဂုဏ်ရှိန်ကို ပြန်ရယူကြတော့မည်ဖြစ်သည်။
***