ပြဿနာ
Vol. 144 Ch. 2003
ကမ္ဘာဦးကောင်းကင်ဘုံထဲမှ လူအားလုံး စိတ်ဓာတ်တက်ကြွနေကြ၏။ ကောင်းကင်မိစ္ဆာဘုံမှ အငွေ့အသက်ကလည်း အလွန်ကောင်းမွန်နေသည်။ တိရှအရှင်၊ ဆောင်းဥတုအရှင်နှင့် ဝိညာဉ်ဘုရင်တို့ကို အောင်မြင်စွာ ကယ်တင်ပြီးသွားပြီဖြစ်သည်။ မျိုးနွယ်သုံးခု၏ မျိုးနွယ်ဝင်များမှာလည်း အလွန်စိတ်လှုပ်ရှားနေသည်။ နဂါးတောင်ကြားထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
ကျန်းရီသည် တွင်းကြီးထဲတွင် ဖြစ်ပျက်ခဲ့သော အရာများကို လူတိုင်းကို မပြောပြခဲ့ပေ။ ရီချန်နှင့် အခြားသူများသည် ဆန်းကြယ်နယ်မြေထဲတွင် ကျင့်ကြံနေခဲ့၍ အပြင်တွင် ဖြစ်နေသည့်အရာများကို မသိကြပေ။ ကျန်းရီသည် အားလုံးကို ကောင်းကင်မိစ္ဆာဘုံသို့ ပြန်ခေါ်သွားသည်။ ကျင့်ကြံနေခဲ့ကြသူများ ဆက်၍ ကျင့်ကြံကြသည်။ ကောင်းကင်ဘုံခုံရုံးထဲမှ အကာအရံများကို ဖွင့်ပေးထားသည်။ ထို့ကြောင့် ကျင့်ကြံလိုသူတိုင်း စိတ်တိုင်းကျ ဝင်ထွက်နိုင်ပေသည်။
ချီချင်ချန် ရောက်လာခဲ့သည်။ သို့သော် ကျန်းရီ သူမကို အဖော်ပြုမပေးလိုက်ပေ။ သူမနှင့် တစ်ကြိမ်သာ တွေ့ဆုံလိုက်ပြီး ရီချန်နှင့်အခြားသူများကို ချီချင်ချန်နှင့် ဟယ်နုန်ယင်းတို့အား ဂရုစိုက်ပေးရန် မှာကာ သူ တစ်ယောက်တည်း ကျင့်ကြံလိုက်သည်။
ကျန်းရီသည် သူ၏ ညှိုးငယ်သော မျက်နှာထားကို အခြားသူများ မြင်သွားမည်ကို မလိုလားပေ။ ရီချန်နှင့် အခြားသူများ သူ့အတွက် စိုးရိမ်မည်ကို သူ မလိုချင်ပါ။ ထို တွင်းကြီးသို့ ခရီးမှာ ကျန်းရီကို ရှုံးနိမ့်သည့် ခံစားချက် ပေးခဲ့ပေသည်။
ကောင်းကင်ဘုံခုံရုံးကို ရပြီးနောက် ကျန်းရီသည် အတန်ငယ် စိတ်ကြီးဝင်ခဲ့မိ၏။ ကောင်းကင်ဘုံခုံရုံး ရှိနေလျှင် သူက မထိခိုက်နိုင်ဟု ထင်ခဲ့သည်။ သို့သော် တွင်းကြီးထဲ ဝင်ပြီးနောက်တွင် သူ သေမလို ဖြစ်ခဲ့သည်။ ထို့နောက် မိုးပြာမဟာဧကရာဇ်က သူ့ကို အကွက်ဆင်ခဲ့ပြီး အားလုံးက အထင်သေးသည့် မိစ္ဆာတစ်ကောင် ဖြစ်သွားအောင် လုပ်ခဲ့လေသည်။
မိုးပြာမဟာဧကရာဇ်က ဧကရာဇ်ကြယ်အသစ်၊ လူသားမျိုးနွယ်၏ အုပ်စိုးသူ ဖြစ်လာခဲ့သည်။ အားလုံးက သူ့ကို ကိုးကွယ်ကြသည်။ ထို့ကြောင့် ကျန်းရီသည် အားလုံးကို ကောင်းကင်မိစ္ဆာဘုံသို့သာ ပြန်ခေါ်လာခဲ့ရသည်။ အနာဂတ်တွင် သူ ကမ္ဘာဦးကောင်းကင်ဘုံသို့ မပြန်နိုင်တော့ပေ။ ကောင်းကင်မိစ္ဆာဘုံတွင်သာ သေသွားရနိုင်ပေသည်။
ကျန်းရီသည် ဩဇာအာဏာကို အရေးမစိုက်ချေ။ သို့သော် သူ အတန်ငယ် စိတ်ပျက်နေမိသေးသည်။ မီးနဂါးဓားက သူနှင့်အတူ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ယခုတွင်မူ ၎င်းကို သူ့ထံမှနေ၍ ယူသွားပေပြီ။ သို့ဖြစ်ရာ သူ အဘယ်သို့ စိတ်ဓာတ်မကျ၊ ဝမ်းမနည်းဘဲ နေမည်နည်း။
ချီဟုန်က ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးထဲ ဝင်နေသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကလည်း ထိုအထဲတွင်သာ ပုန်းအောင်းနေသည်။ ၎င်း နဝမမြောက်ကြယ်စက်လုံးက ထူးဆန်းပေသည်။ ၎င်းက မီးအရင်းအမြစ်ကိုပင် သိမ်းဆည်းနိုင်သည်။ ချီဟုန်သည် မီးအရင်းအမြစ်ထဲတွင် နေ၍ သူ့ဝိညာဉ်အပိုင်းအစ မပျောက်ကွယ်သွားအောင် လုပ်နေ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစသည် သစ်သားအရင်းအမြစ်ထဲတွင် ပုန်းအောင်းနေသည်။
ကျန်းရီသည် ရဲတိုက်ထဲတွင် သုံးရက်ထိုင်နေ၏။ ချီဟုန်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့ကလည်း သူ့ထံ အသံမပို့လွှတ်ကြသေးပေ။ သူတို့နှစ်ယောက်သည် ကျန်းရီက သူ့ဘာသာ အဆင်ပြေအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။ ထိုကဲ့သို့သော အခက်အခဲတစ်ခုကို သူ့ဘာသာ,သာ ဖြတ်ကျော်ရမည်ဖြစ်သည်။
သုံးရက်ကြာ ထိုင်နေပြီးနောက် ကျန်းရီ အနည်းငယ် ပြန်ကောင်းလာ၏။ သူ သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။
“ဟားဟားဟား... ငါက ဘာကို မကျေနပ် ဖြစ်နေတာလဲ။ ငါ ကယ်ဖို့လိုတဲ့လူတိုင်းကို ကယ်ခဲ့တာပဲ။ အခု ငါ လူသားမျိုးနွယ်အတွက်လည်း ပူနေစရာ မလိုတော့ဘူး။ ငါ့မှာ မိုးပြာမဟာဧကရာဇ် ဖြစ်သွားပြီ။ ငါ ဘဝကို အေးအေးချမ်းချမ်းပဲ နေတော့မယ်။ ငါ အများကြီး မတွေးချင်တော့ဘူး။ ဟူး...”
ကျန်းရီ သက်ပြင်းရှည်ကြီးချလိုက်ပြီး ပခုံးတွန့်ကာ အကြောလျှော့လိုက်၏။ သို့သော် တစ်ခဏမျှ ကြာပြီးနောက် သူ ခါးသက်သက် ထပ်ရယ်လိုက်သည်။
ကျန်းရီ အမှန်တကယ် လက်လွှတ်နိုင်မည်လော။
တမလွန်ဘုံဧကရာဇ်က လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားခဲ့လောက်သည်။ အကယ်၍ သူက မိုးပြာမဟာဧကရာဇ်ဘေးတွင် ပုန်းနေလျှင် လူသားမျိုးနွယ်က အချိန်မရွေး ပျက်သုဉ်းသွားနိုင်လေသည်။
“အများကြီးတွေးနေတော့ရော ဘာအကျိုးရှိမှာလဲ”
နောက်ဆုံးတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီထံ အသံပို့လွှတ်လာ၏။
“အခု မင်းရဲ့တာဝန်က ကျင့်ကြံပြီး ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်ဖို့ပဲ။ အဲ့တော့မှ အရေးအကြီးဆုံး အခိုက်အတန့်မှာ အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာ။ မင်း မိုးပြာမဟာဧကရာဇ်အပေါ်ပဲ မှီခိုနေလို့ မရဘူး။ တမလွန်ဘုံမျိုးနွယ်ကို မဖိနှိပ်နိုင်မချင်း မင်းရဲ့တာဝန်က မပြီးသေးဘူး”
“ကျင့်ကြံရမယ်...”
ကျန်းရီ၏ မျက်ဝန်းများ မှေးမှိန်သွားသည်။ သူ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
“ကောင်းကင်ဧကရာဇ်.. ကောင်းကင်ဧကရာဇ်က ကျွန်တော့်ကို မိုးမြေအရင်းအမြစ်တွေ လိုက်ရှာခိုင်းပြီး သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေ အရင်းအမြစ် ငါးခုကို စုခိုင်းခဲ့တယ်။ ပြဿနာက... အခု ကျွန်တော် ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်မလာပါဘူးလို့ မိုးပြာမဟာဧကရာဇ်ကို ကတိပေးခဲ့ပြီ။ ကျွန်တော် မိုးမြေအရင်းအမြစ်တွေကို ဘယ်က သွားရှာရမှာလဲ”
“လောကကြီးက အကြီးကြီးပဲ။ မိုးမြေအရင်းအမြစ်တွေက ကမ္ဘာဦးကောင်းကင်ဘုံထဲမှာပဲ ရှိတာ မဟုတ်ဘူး”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပြန်ပို့လွှတ်၍ ဖြေ၏။
“တမလွန်ဘုံမျိုးနွယ်က ကပ်လောကရဲ့ နေရာအများစုကို ထိန်းချုပ်ထားတယ်။ ဆန်းကြယ်နယ်မြေတွေ သန်းနဲ့ချီပြီး ထိန်းချုပ်ထားတယ်။ မင်း တမလွန်ဘုံကိုသွားပြီး ရှာနိုင်တယ်။ အခု မင်းမှာ ကောင်းကင်ဘုံခုံရုံး ရှိနေပြီဆိုတော့ မင်တဲနဲ့ တခြားသူတွေက မင်းကို ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ မင်း ကြိုက်တဲ့နေရာကို သွားနိုင်တယ်”
“တမလွန်ဘုံကို သွားရမှာလား”
ကျန်းရီ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ကောင်းကင်ဧကရာဇ်... ဒီတစ်ခေါက် တမလွန်ဘုံဧကရာဇ်က လူသားအဖြစ် ပြန်ဝင်စားခဲ့တယ်ဆိုတာကို သေချာရဲ့လား။ တကယ်လို့ တမလွန်ဘုံဧကရာဇ်က တမလွန်ဘုံထဲမှာ ရှိနေတာဆိုရင် ဘယ်လိုလုပ်မလဲ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သေချာစွာ အသံပို့လွှတ်လိုက်သည်။
“တကယ်လို့ တမလွန်ဘုံဧကရာဇ်က တမလွန်ဘုံမှာ ပြန်ဝင်စားခဲ့တာဆိုရင် မင်း အရင်တစ်ခေါက်ကတည်းက ကောင်းကင်ဆန်းကြယ်ဘုံမှာ သေခဲ့လောက်ပြီ။ ဒီတစ်ခေါက် တမလွန်ဘုံဧကရာဇ်က သူ့ကိုယ်သူ ထွက်မပြသေးဘူး။ သူက ကောင်းကောင်းပုန်းနေတာပဲ။ သူ့ကိုယ်သူ လွယ်လွယ်နဲ့ ထွက်ပြမှာ မဟုတ်ဘူး။ သူ ထွက်ပြလိုက်တာနဲ့ သေချာပေါက် တစ်ချက်တည်းနဲ့ အသတ်ခံရလိမ့်မယ်။ အနိုင်လည်း သေချာသွားလိမ့်မယ်။ တမလွန်ဘုံဧကရာဇ်က မြေခွေးတစ်ကောင်လို ဉာဏ်နီဉာဏ်နက်များတယ်။ သူက အပြည့်အဝ ယုံကြည်မှုမရှိဘဲ လှုပ်ရှားမှာ မဟုတ်ဘူး။ စိတ်မပူဘဲ တမလွန်ဘုံကိုသာ သွားလိုက်ပါ။ ကောင်းကင်ဘုံခုံရုံး ရှိနေရင် တမလွန်ဘုံဧကရာဇ်က သူ့ကိုယ်သူ ထွက်ပြရလောက်အောင် ရူးမိုက်မှာ မဟုတ်ပါဘူး”
ကျန်းရီ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျွန်တော် ရက်ပိုင်းအတွင်း ထွက်ပါမယ်”
“လောစရာမလိုပါဘူး”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထပ်မံ၍ အသံပို့လွှတ်လိုက်၏။
“မင်း သယ်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးက လေးလွန်းတယ်။ မင်းကိုယ်မင်း ဖိအားအများကြီး မပေးသင့်ဘူး။ မင်း ကောင်းကောင်းအနားယူသင့်တယ်။ အရင်ဆုံး ကောင်းကင်မိစ္ဆာဘုံထဲမှာ လဝက်လောက် နားနေလိုက်ပါ။ ငါလည်း ခဏလောက် ကောင်းကောင်းအိပ်လိုက်ဦးမယ်။ အရေးကြီးတာ မရှိရင် ငါ့ကို မနှိုးပါနဲ့”
“ဟုတ်ကဲ့ပါ”
ကျန်းရီ သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ့ကိုယ်သူ ဖိအားများစွာ ပေးမိနေကြောင်း သူကိုယ်တိုင်လည်း သိသည်။ ဖိအားက လေးလံလွန်းသဖြင့် သူ အသက်ပင် မနည်းရှူနေရသည်။ တိရှအရှင်၊ ဆောင်းဥတုအရှင်၊ ဝိညာဉ်ဘုရင်၊ ချီချင်ချန်နှင့် အခြားသူများကပင် သူ့ကို မနှစ်သိမ့်နိုင်ပါ။
ကျန်းရီသည် ပုံမှန်မျက်နှာထားနှင့် အခန်းထဲမှ ထွက်လိုက်၏။ သူ မျက်နှာထားက ညှိုမနေတော့ပေ။ သူ့မျက်နှာထားမှနေ၍ သူ့ခံစားချက်များကို မသိနိုင်ချေ။
ဤရဲတိုက်မှာ ကျန်းရီ၊ ရီချန်၊ ရီဖျောင်ဖျောင်နှင့် အခြားသူများ နေထိုင်သော ရဲတိုက်ပင်။ ကျန်းရီသည် အခန်းထဲမှ ထွက်လာသောအခါ ထိုသူများကို မတွေ့ဘဲ မျက်နှာဝိုင်းဝိုင်းတစ်ခုကိုသာ တွေ့လိုက်ရသည်။
ကျန်းရီ ထိုလူ့ထံ လျှောက်သွားလိုက်ပြီး သူ့ပခုံးကို ပုတ်ကာ မေးလိုက်သည်။
“ဝမ်ကွမ်း... တခြားသူတွေ ဘယ်မှာလဲ”
ချမ်ဝမ်ကွမ်းက ကျန်းရီအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ ရှင်းပြသည်။
“ဒေါ်လေးက လူတချို့ကို ခေါ်ပြီး အနားက ရေကြည်ကန်ကို သွားတယ်။ မရီးနုန်ယင်းနဲ့ သခင်မလေးချီတို့လည်း ပါသွားကြတယ်”
“ဪ...”
ရေကြည်ကန်မှာ နဂါးတောင်ကြားအပြင်ဘက်တွင် ရှိသည်။ နဂါးတောင်ကြားထဲတွင် ရှုခင်းသာယာသော နေရာများ မရှိပေ။ ကျန်းရီ ထပ်မေးလိုက်သည်။
“အစ်ကိုဝူရွှမ်းနဲ့ တခြားသူတွေရော ကျင့်ကြံတာကနေ ထွက်လာကြပြီလား။ သေရည်သောက်ရအောင် သူတို့ကို သွားခေါ်လိုက်ပါလား”
“အစ်ကိုဝူရွှမ်းက ထွက်လာပါပြီ”
ချမ်ဝမ်ကွမ်း သက်ပြင်းသဲ့သဲ့ချကာ ပြော၏။
“ဒါပေမဲ့ ခေါင်းဆောင်မှာ သေရည်သောက်ဖို့အချိန် မရှိလောက်ဘူး”
ကျန်းရီ မျက်ခုံးပင့်ကာ အလေးအနက် မေးလိုက်၏။
“ဘာဖြစ်ခဲ့လို့လဲ”
ချမ်ဝမ်ကွမ်း၏ မျက်နှာထားက ခါးသက်သွားသည်။ သူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်။
“ခေါင်းဆောင်... ခေါင်းဆောင် ကျန်းရိလျှိုကို သိတယ်မဟုတ်လား”
ကျန်းရီ ချမ်ဝမ်ကွမ်း၏ ဇက်ပိုးကို ရိုက်ကာ ဒေါသသံနှင့် ပြောလိုက်သည်။
“ဘာပေါက်ကရတွေ ပြောနေတာလဲ၊ သိတာပေါ့ကွ။ လိုရင်းကိုပဲ ပြောစမ်း။ ကျန်းရိလျှို ဘာဖြစ်လို့လဲ”
ချမ်ဝမ်ကွမ်းသည် ကျန်းရီရိုက်သည်ကို ခံနေကျဖြစ်၍ စိတ်မရှိပါ။ သူ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
“မကြာသေးခင်တုန်းက ဒေါ်လေးက ကျန်းရိလျှိုကို လူတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ခေါင်းဆောင် အသူရာတောင်ကို သွားနေတုန်းကပဲ။ ခေါင်းဆောင်... ခေါင်းဆောင်လည်း အဲ့ကောင်မလေးကို သိလောက်မှာပါ။ သူ့နာမည်က မိုဟွိုက်စန်းတဲ့”
“သူလား...”
ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ ကျန်းရိလျှိုက မိုဟွိုက်စန်းနှင့် လက်ထပ်မည်လော။ သူမက တိရှအရှင်၏ မြေးမလေးဖြစ်သည်။ ထိုအကြောင်းကို ကျန်းရီ ယခုမှ ပထမဆုံးအကြိမ် ကြားရခြင်းပင်။ သို့သော် တွေးကြည့်လျှင် သူက အမြဲလိုလို အခန်းအောင်းကျင့်ကြံနေခဲ့သည်။ ထို့ပြင် ရီချန်နှင့် အခြားသူများကလည်း သူက ကျန်းရိလျှိုကို သဘောမကျကြောင်း သိထားကြသည်။ ထို့ကြော့် သူမတို့ သူ့ကို မပြောပြခဲ့ခြင်းဖြစ်မည်။
မိုဟွိုက်စန်းက မိုမျိုးနွယ်မှ လူငယ်မျိုးဆက်သစ်များနှင့်အတူ လိုက်လာခဲ့ခြင်းဖြစ်သည်။ မိုဟွိုက်စန်း၏ ဖခင် မိုချန်ဟယ်က သူတို့ကို ကိုယ်တိုင်ဦးဆောင်သည်။ မူလတွင် မိုချန်ဟယ်က မိစ္ဆာချေဖျက်တောင်ကြားမှ ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် မိုးမျိုးနွယ်မှ မျိုးဆက်သစ်များနှင့်အတူ ကောင်းကင်မိစ္ဆာဘုံသို့ လိုက်လာခဲ့သည်။ ကျန်းရီ ထိုအကြောင်းကို သိပေသည်။
ကျန်းရီ အံ့အားသင့်စွာနှင့် ဆက်မေးလိုက်၏။
“ကျန်းရိလျှိုနဲ့ မိုဟွိုက်စန်းတို့က ဘယ်လိုဖြစ်တာလဲ”
ချမ်ဝမ်ကွမ်းက ခါးသက်သက် ရယ်၍ ရှင်းပြ၏။
“ခေါင်းဆောင်ရှိနေတုန်းက ကျန်းရိလျှိုက အရမ်းရိုးသားခဲ့ပါတယ်။ ခေါင်းဆောင်လည်း မရှိတော့ရော ခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ ညီအစ်ကိုက စရိုက်အမှန်ကို ပြလာပြီး မကြာခဏ ပြဿနာရှာတော့တာပဲ။ ဒါပေမဲ့ ကျုပ် အဲ့အကြောင်းတွေကို ဖုံးဖိထားပြီး ခေါင်းဆောင်ကို မပြောပြခဲ့ဘူး...”
“သူနဲ့ မိုဟွိုက်စန်း လက်ထပ်ပြီးတော့ အခြေအနေတွေက အချိန်တစ်ခုအထိ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်တုန်းက ကျန်းရိလျှိုက မူးမူးနေပြီး မိုဟွိုက်စန်းကို နှိပ်စက်တယ်လို့ ကျုပ် သတင်းကြားရတယ်။ နောက်တော့ မိုဟွိုက်စန်းက ကျုပ်ဆီ ကိုယ်တိုင်လာပြီး တိုင်ပါတယ်။ ကျုပ် အဲ့အကြောင်းကို အကြီးအကဲတွေကိုလည်း မတင်ပြရဲဘူး၊ ဒေါ်လေးကိုလည်း မပြောရဲဘူး။ ကျုပ် ကျန်းရိလျှိုကိုပဲ အကြိမ်ကြိမ် ဖျောင်းဖျခဲ့ရတယ်...”
“ဒါပေမဲ့ ကျန်းရိလျှိုက မပြောင်းလဲဘူး။ မနေ့ကတင် သူ မိုဟွိုက်စန်းကို ထပ်ပြီး နှိပ်စက်တယ်။ သူက မိုဟွိုက်စန်း ဗိုက်ထဲက ကလေးကိုတောင် ပျက်ကျသွားစေတယ်။ အခု မိုဟွိုက်စန်းက မိုမျိုးနွယ်ကို ပြန်သွားပြီ။ တိရှအရှင်ကလည်း အဲ့အကြောင်းကို သိသွားပြီ။ ကျုပ် အဲ့ဒါကို ဒေါ်လေးကို မပြောရဲဘူး။ ဒေါ်လေးရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူ အဲ့အကြောင်းကို သိသွားတာနဲ့ ကျန်းရိလျှို မသေရင်တောင် အရည်ပြားတစ်လွှာလောက်တော့ ဆုံးရှုံးသွားလိမ့်မယ်။ အာ... ခေါင်းဆောင်၊ ခေါင်းဆောင် ဘယ်ကို သွားနေတာလဲ။ မလောပါနဲ့...”
ချမ်ဝမ်ကွမ်း ပြောနေဆဲမှာပင် ကျန်းရီက ထထွက်သွားသည်။ ကျန်းရီသည် မည်းမှောင်သော မျက်နှာနှင့် ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားသည်။ သူ့ပုံစံက တစ်စုံတစ်ယောက်ကို သတ်တော့မလိုပင်။
***