← Chapters

၂၀၀၄) ခွေးရူးရောဂါ

Vol. 144 Ch. 2004

၂၀၀၄) ခွေးရူးရောဂါ

Vol. 144 Ch. 2004

ကျန်းရီသည် ကျန်းရိလျှိုကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ အတိတ်တွင် ကျန်းရီ ကျန်းရိလျှိုကို အကြိမ်ပေါင်းများစွာ သတ်လိုခဲ့သည်။ သို့သော် ကျန်းပိုင်လီက သူ့ကိုယ်သူ အသေခံ၍ ကျန်းရီ၏ နှလုံးသားကို ရယူခဲ့၏။ ယခုတွင် ကျန်းရီသည် ကျန်းပိုင်လီကို အဖေအဖြစ် အသိအမှတ်ပြုထားပြီဖြစ်၍ ကျန်းရိလျှိုနှင့် တွက်ကပ်မနေခြင်းဖြစ်သည်။ သူ ကျန်မျိုးနွယ်၏ အနာဂတ်အတွက်ပင် အရေးစိုက်လာခဲ့သည်။

အကယ်၍ ကျန်းရီသာ ကျန်းရိလျှိုကို အရေးမစိုက်ခဲ့လျှင် ကျန်းရိလျှို အရှေ့ဘက်တော်ဝင်နယ်မြေသို့ သွားနိုင်ခဲ့မည်လော။ သူ တက်လှမ်းလာနိုင်ခဲ့မည်လော။ သူ ကောင်းကင်မိစ္ဆာဘုံထဲတွင် မိုးဟွိုက်စန်းနှင့် အဘယ်သို့ လက်ထပ်နိုင်ခဲ့မည်နည်း။

ကျန်းရီက ကျန်းရိလျှိုကို သဘောမကျခဲ့သော်လည်း ချမ်ဝမ်ကွမ်းသည် ကျန်းရီကို ကောင်းစွာနားလည်သည်။ ကျန်းရီက ကျန်းပိုင်လီအပေါ် အပြစ်ရှိသလို ခံစားနေရ၍ ကျန်းရိလျှိုကို ပို၍ ဂရုစိုက်ပေးခဲ့သည်။

ကျန်းရီသည် မိုဟွိုက်စန်းကိုလည်း များစွာ သဘောမကျခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အတိတ်တွင် မိုဟွိုက်စန်းက သိမ်းငှက်ဘုရင်လေးကို ရွေးချယ်ခဲ့၍ဖြစ်သည်။ သို့သော် သိမ်းငှက်ဘုရင်လေးက မိုဟွိုက်စန်းကဲ့သို့ သခင်မလေးမျိုးကို စိတ်မဝင်စားပေ။

မိုဟွိုက်စန်းမှာ မိုမျိုးနွယ်မှ သခင်မလေးဖြစ်သည်။ ယင်းနှင့်ပင် သူမက ကျန်းရီအတွက် အရေးပါနေပြီဖြစ်သည်။ ကျန်းရီက မိုမျိုးနွယ်အပေါ် အကြွေးတင်နေသည်။ တိရှအရှင်နှင့် မိုလင်းချိုးတို့က သူ့ကို များစွာ ကူညီပေးခဲ့သည် မဟုတ်ပါလား။

ယခုတွင် တိရှအရှင် ပြန်ရောက်လာပြီဖြစ်သည်။ သို့သော် ဤကဲ့သို့သော ကိစ္စတစ်ခု ဖြစ်လာသည်လော။ မိုဟွိုက်စန်း၏ ဗိုက်ထဲမှ ကလေးက ပျက်ကျသွားခဲ့သည်။ တိရှအရှင်က ထိုအကြောင်းကို မည်သို့ တွေးမည်နည်း။

ထို့ကြောင့် ကျန်းရီ အလွန်ဒေါသထွက်နေခြင်းဖြစ်သည်။ သူသည် သောင်းပြောင်းကိစ္စများတွင် ဝင်မပါခဲ့ဘဲ ချမ်ဝမ်ကွမ်းနှင့် ရီဖျောင်ဖျောင်တို့ ရှိနေလျှင် မည်သူမှ မရှုပ်ဝံ့ဟု ယူဆခဲ့သည်။ သို့သော် သူ၏ အဖေတူ အမေကွဲ ညီအစ်ကိုက ပြဿနာရှာနေသည်လော။

ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက လူများစွာကို ရုတ်ခြည်း လန့်သွားစေ၏။ ကောင်းကင်စိတ်အာရုံများစွာ ရောက်ရှိလာသည်။ ထျန်းဖုန့်ဧကရာဇ်၊ ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ်တို့လည်း ရဲတိုက်ထဲမှနေ၍ ချက်ချင်း ပျံထွက်လာကြ၏။ ကြမ်းကြမ်နဂါးဘုရင်နှင့် အခြားသူများလည်း ပျံထွက်လာကြသည်။

“ပြန်သွားကြ။ ဒါက ခင်ဗျားတို့ကိစ္စ မဟုတ်ဘူး”

ကျန်းရီက မည်းမှောင်သော မျက်နှာထားနှင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ သူ ကောင်းကင်စိတ်အာရုံနှင့် အနီးမှ ရဲတိုက်များကို အာရုံခံလိုက်သောအခါ ကျန်းရိလျှို၏ ရဲတိုက်ကို အလွယ်တကူ ရှာတွေ့သွားသည်။

ကျန်းရီ ထိုရဲတိုက်ဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်၏။ ချမ်ဝမ်ကွမ်းက သူ့နောက်မှနေ၍ လျင်မြန်စွာ လိုက်လာသည်။ သူသည် အစေခံများကို ဝင်မပါရန် မျက်ရိပ်ပြကာ ကျန်းမျိုးနွယ်ပိုင်ဆိုင်သော ရဲတိုက်ဆီသို့ လျှောက်သွားနေလေသည်။

ကျန်းမျိုးနွယ်ဟု ခေါ်သော်လည်း လူများစွာ မရှိပါ။ ကျန်းမျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်မှာ ကျန်းရီနှင့် ကျန်းရိလျှိုသာ ရှိသည်။ ကျန်သော သူများမှာ မတက်လှမ်းလာနိုင်ခဲ့ပေ။ ချမ်ဝမ်ကွမ်းသည် ကျန်းရိလျှိုအတွက် အစေခံမလေးအချို့နှင့် အစေခံအချို့ ပြင်ဆင်ပေးခဲ့သည်။ မိုဟွိုက်စန်းသည် လက်ထပ်ပြီးနောက် သူမ၏မျိုးနွယ်ဝင်အချို့ကိုလည်း ခေါ်လာခဲ့သည်။

“အရှင်...”

အစေခံအဖွဲ့သည် ကျန်းရီက သတ်ဖြတ်အရှိန်အဝါနှင့် လျှောက်လာသည်ကို မြင်သောအခါ အလွန်ကြောက်ရွံ့သွားကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။ ကျန်းရီသည် အားလုံးကို လျစ်လျူရှုကာ ရဲတိုက်ကြီးထံသို့သာ ဆက်လျှောက်သွားသည်။

ဝှစ်...ဝှစ်...

ထိုအခိုက်တွင် အဝေးမှနေ၍ လူအချို့ ပျံထွက်လာကြ၏။ ထိုလူများမှာ ကျန်ဝူရွှမ်း၊ စစ်ထူရီရှောင်၊ ယွင်ဖေး၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများ ဖြစ်ကြသည်။ ကျန်ဝူရွှမ်းက အဝေးမှနေ၍ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ စိတ်လျှော့”

ကျန်းရီသည် သူတို့ကို ကြည့်ပင်မကြည့်ဘဲ အရှေ့မှ ရဲတိုက်ထဲသာ ဝင်သွား၏။ ထို့နောက် ရဲတိုက်ဂိတ်တံခါးကို ပိတ်ကာ ရဲတိုက်အကာအရံကိုလည်း နှိုးလိုက်ပြီး ကျန်ဝူရွှမ်းတို့ကို အပြင်တွင် ချန်ခဲ့လိုက်လေသည်။

ရဲတိုက်၏ အလယ်ခန်းမမှာ အလွန်ခမ်းနား၏။ ကျန်းရိလျှိုမှာ ကျန်းရီ၏ အစ်ကိုဖြစ်၍ ကျန်းရီက သူ့ကို သဘောမကျသော်လည်း ချမ်ဝမ်ကွမ်းသည် သူ့အား အကောင်းဆုံး ဆက်ဆံခဲ့သည်။

ကျန်းရိလျှိုက အလယ်ခန်းမထဲတွင် မရှိဘဲ ဘေးခန်းတစ်ခန်းထဲတွင် ရှိနေသည်။ ကျန်းရီ ဘေးခန်းသို့ အေးစက်စက် လျှောက်သွားလိုက်သည်။ အခန်းထဲ ဝင်လိုက်သည်နှင့် ကျန်းရိလျှိုက ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူက သေရည်အိုးကို ကိုင်ထားပြီး မူးရူးနေသည်။ သူ ရီဝေဝေ မျက်လုံးများနှင့် ကျန်းရီကို ကြည့်လိုက်သည်။

“ဟင်...”

ကျန်းရီသည် ကျန်းရိလျှိုအနောက်ရှိ စားပွဲကို ကြည့်ပြီးနောက် အတန်ငယ် အံ့အားသင့်သွား၏။ စားပွဲပေါ်တွင် ကမ္ပည်းတိုင်နှစ်တိုင်နှင့် ပူဇော်ပစ္စည်းအချို့ ရှိသည်။ ထိုကမ္ပည်းတိုင်နှစ်တိုင်ကို အနီရောင်အဝတ်စနှင့် အုပ်ထားသည်။ ကျန်းရီ ကောင်းကင်စိတ်အာရုံကို မသုံးဘဲနှင့်ပင် ထိုကမ္ပည်းတိုင်နှစ်တိုင်က ကျန်းပိုင်လီနှင့် ကျန်းရိလျှိုအမေ၏ ကမ္ပည်းတိုင်များ ဖြစ်ကြောင်း သိနိုင်ပေသည်။

ကျန်းရီ တစ်ခဏမျှ ရပ်လိုက်ပြီး ပို၍ပင် ဒေါသထွက်သွား၏။ မူးယစ်နေသော ကျန်းရိလျှိုကို သူ ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။ သူ အားလျှော့၍ ကန်လိုက်သော်လည်း ကန်ချက်က အတော်ပြင်းသည်။ ကျန်းရိလျှို လွင့်ပျံထွက်သွားပြီး သူ့အနောက်ရှိ အနက်ရောင် သစ်သားစားပွဲနှင့် ခုံအချို့ကို ဝင်တိုက်သွားသည်။ ထို့နောက် နံရံနှင့် ဆောင့်ကာ အကာအရံကို အဆက်မပြတ် လင်းလက်သွားစေပြီး ရဲတိုက်တစ်တိုက်လုံးကို အတန်ငယ် တုန်ခါသွားစေလေသည်။

“ဖူး...”

ကျန်းရိလျှို အရိုးအနည်းငယ် ကျိုးသွားပြီး သွေးအန်သွား၏။ သူ အမူးပြေသွားကာ ပထမတွင် တုန်လှုပ်သွားသည်။ ထို့နောက် ဒေါသနှင့် အော်လိုက်သည်။

“ဘယ်သူလဲ”

ကျန်းရိလျှို၏ မျက်ဝန်းများက သတ်ဖြတ်အရှိန်အဝါ ပြည့်နေသော မျက်နှာတစ်ခုကို မြင်လိုက်၏။ သူ အတန်ငယ် တုန်လှုပ်သွားပြီး ကုန်းရုန်းထကာ ကျန်းရီကို ကြောက်ကြောက်ရွံရွံနှင့် ကြည့်လိုက်၏။

“ကျန်း..ကျန်းရီ... မင်း ဘာလုပ်တာလဲ”

ကျန်းရီ မည်သို့မှ မပြောပေ။ သူ ကျန်းရိလျှိုကိုသာ အေးစက်စက် ကြည့်နေသည်။ သူ့မျက်ဝန်းများက ဧရာမသားရဲတစ်ကောင်၏ မျက်ဝန်းများကဲ့သို့ပင်။ ၎င်းတို့ထဲ၌ ခံစားချက်တစ်ခုမှ ရှိမနေပါ။ ကျန်းရိလျှို ကျောစိမ့်သွား၏။ သူသည် ကျန်းရီနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသလို ခံစားနေရလေသည်။

ကျန်းရီ၏ ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါ‌အောက်တွင် ကျန်းရိလျှို စကားပင် မပြောနို်ငတော့ချေ။ သူ နံရံကို မှီ၍သာ တုန်ယင်နေသည်။

“ငါ ဘာလုပ်တာတဲ့လား”

နောက်ဆုံးတွင် ကျန်းရီ စကားပြောလာ၏။ သူ့အသံက အေးစက်နေသည်။

“ကျန်းရိလျှို.. မင်းက အသက်ရှင်ရတာကို ပင်ပန်းနေပြီထင်တယ်။ ပင်ပန်းနေပြီဆိုလည်း ငါ မင်းကို မင်းရဲ့လမ်းဆီ ပို့ပေးမယ်။ မင်းက ကောင်းကောင်းမနေဘဲ ပြဿနာရှာတယ်ပေါ့။ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် မင်းက အကျင့်မပြင်နိုင်သေးဘူး။ ငါ မင်းကို အရှေ့ဘက်တော်ဝင်နယ်မြေကို ခေါ်ခဲ့မိတာ ကန်းနေခဲ့လို့ပဲ”

ကျန်းရီ၏စကား ဆုံးသွားသောအခါ သူ့လက်များက ကောင်းကင်စွမ်းအားနှင့် တောက်ပလာ၏။ သူ ဆက်ပြောလိုက်သည်။

“မင်းမှာ နောက်ဆုံးဆန္ဒရှိလား။ ငါ မင်းအတွက် ဖြည့်ဆည်းပေးမယ်။ ငါ မင်းကို မသတ်ရင် တိရှအရှင်နဲ့ မိုဟွိုက်စန်းကို မျက်နှာပြနိုင်တော့မှာ မဟုတ်ဘူး”

“မင်းက ငါ့ကို သတ်ချင်တာလား”

နောက်ဆုံးတွင် ကျန်းရိလျှိုသည် အခြေအနေ၏ ကြီးလေးမှုကို သဘောပေါက်သွား၏။ ကျန်းရီက အဘယ်ကြောင့် ထိုသို့လုပ်နေကြောင်းကိုလည်း သူ သိသည်။ သူ့ခန္ဓာကိုယ်က ပို၍ပင် တုန်ယင်လာသည်။ သူ မည်သို့မှ မပြောနိုင်ဘဲ ကျန်းရီ၏ အေးစက်နေသော မျက်လုံးများကိုသာ ကြည့်နေသည်။ ကျန်းရီက သူ့ကိုသတ်ရန် ဆုံးဖြတ်ထားလျှင် မည်သူကမှ တားနိုင်မည် မဟုတ်ပါ။

ထိုအခိုက်တွင် ကျန်းရိလျှို ယခင်ကလောက် မကြောက်တော့ပေ။ သူ သေချာပေါက် သေရတော့မည်ကို သိသွား၍ အစွမ်းကုန် ထုတ်သုံးရန် ဆုံးဖြတ်လိုက်၍ ဖြစ်နိုင်သည်။ သူ အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး သေရည်အိုးကို ကောက်ကာ သောက်လိုက်၏။

“ဟွန်း...”

ကျန်းရီ နှာမှုတ်လိုက်၏။ သူ့သတ်ဖြတ်အရှိန်အဝါလည်း ပိုအားကောင်းလာသည်။ သူသည် ကျန်းရိလျှိုအား သတ်လိုနေသော စိတ်ကို ချိုးနှိမ်ကာ ကျန်းရိလျှို နောက်ဆုံးဆန္ဒ ပြောမည်ကို စောင့်နေလိုက်သည်။

“ငါ့ကို သတ်လိုက်၊ ငါ့ကို သတ်လိုက်”

ကျန်းရိလျှိုသည် သေရည်သောက်ပြီးနောက် ကျန်းရီကို ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်၏။

“ငါ သေသွားရင် အရာအားလုံး ပြီးသွားမှာ။ အသက်ရှင်နေလို့လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ကျန်းရီ.. ငါ့မှာ ဘာနောက်ဆုံးဆန္ဒမှ မရှိဘူး။ မိုဟွိုက်စန်းကို နှိပ်စက်ခဲ့မိတာ ငါ့အပြစ်ပဲ။ ငါ ငြင်းမှာ မဟုတ်ဘူး။ ငါ့ကို သတ်ပြီး တိရှအရှင်ကို တောင်းပန်လိုက်။ ငါ ပင်ပန်းနေပြီ.. ဖြစ်နိုင်ရင် ငါ့အလောင်းကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ ပြန်ပို့ပေးပါ။ အဲ့နေရာက ငါ့အိမ်ပဲ”

“အန်...”

ကျန်းရိလျှိုက သူ့အပြစ်ကို ထိုမျှရိုးသားစွာ ဝန်ခံနေသည်လော။ သူက သေလိုနေသည့်ပုံပင် ပေါက်နေသည်လော။ ယင်းမှာ ဟန်ဆောင်နေသည့်ပုံလည်း မပေါ်ပေ။ ထို့ကြောင့် ကျန်းရီ သူ့ကို မသတ်နိုင်တော့ချေ။ အကယ်၍ ကျန်းရိလျှိုကသာ ငြင်းရန် ကြိုးစားခဲ့မည်ဆိုလျှင် ကျန်းရီ သေချာပေါက် ဒေါသထွက်သွားပြီး သူ့ကို လက်ဝါးချက် တစ်ချက်တည်းနှင့် ရိုက်သတ်ပစ်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ကျန်းရီ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး အေးစက်စက် မေးလိုက်လေသည်။

“မင်း ဘာလို့ မိုဟွိုက်စန်းကို နှိပ်စက်ခဲ့တာလဲ။ သူက မင်းအတွက် မလုံလောက်ဘူးလား။ ဒါမှမဟုတ် သူက သစ္စာမရှိလို့လား”

“မဟုတ်ဘူး”

ကျန်းရိလျှိုသည် သေရည်တစ်ငုံ ထပ်သောက်ကာ ခါးသီးစွာ ပြုံးလိုက်၏။

“သူက ဘယ်လိုလုပ် ငါ့အတွက် မလုံလောက်ဘဲ ရှိမှာလဲ။ ငါကသာ သူ့အတွက် မလုံလောက်တာပါ။ သူက သစ္စာလည်းရှိပြီး ငါ့ကို ကောင်းကောင်းဆက်ဆံပါတယ်”

“အဲ့ဒါဆို မင်းက ခွေးရူးရောဂါ ဖြစ်နေတာလား။ ဘာလို့ ဘာအကြောင်းမှ မရှိဘဲ သူ့ကို နှိပ်စက်ခဲ့ရတာလဲ”

ကျန်းရီသည် မေးနေရင်းနှင့် လေသံ ပို၍အေးစက်လာ၏။

ကျန်းရိလျှိုခေါင်းမော့ကာ သေရည်ကို သောက်လိုက်ရာ သူ့မျက်နှာနှင့် ရင်ဘတ်အပေါ် သေရည်များ ဖိတ်ကျသွားသည်။ ထို့နောက် သူ ပြုံးကာ မေးလိုက်လေသည်။

“ကျန်းရီ... မင်း တကယ် သိချင်တာလား။ ကောင်းပြီ၊ ငါ မင်းကို ပြောပြမယ်.. ဘာလို့လဲဆိုတော့ အဲ့မိန်းမပျက်က ငါနဲ့လုပ်နေတုန်း မင်းနာမည်ကို ညည်းလိုက်လို့ပဲကွ”

***

All Chapters