ယောက်ျားတစ်ယောက်ကဲ့သို့ ရှင်သန်
Vol. 144 Ch. 2005
ဂျိန်း...
ကျန်းရီတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး မှင်တက်သွား၏။
ကျန်းရိလျှိုက သေပင်သေလိုနေရာ မဟုတ်သည်ကိုတော့ မပြောလောက်သည် မဟုတ်လော။ ထိုကိစ္စက အလွန်ရှက်စရာကောင်းကာ ကျန်းရီကိုလည်း အိုးတိုးအမ်းတမ်းဖြစ်စေသည်။ သူ မည်သို့ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွားပေသည်။
“ဟင်းဟင်း...”
ကျန်းရိလျှိုက လှောင်ရယ်ရယ်ကာ သေရည်ဆက်သောက်နေ၏။ ထို့နောက် သူ ကျန်းရီကို ခနဲ့တဲ့တဲ့ကြည့်၍ ပြောလိုက်သည်။
“မင်း အောင်မြင်မှုရသွားသလို ခံစားလိုက်ရလား။ အတိတ်တုန်းက ကောင်းကင်ကြယ်တာရာနယ်မြေမှာ မင်းက ငါ့ထက် အဘက်ဘက်က သာခဲ့တယ်။ ခမည်းတော်ကတောင် ငါ့ကို မချစ်ဘဲ မင်းကိုပဲ ချစ်ခဲ့တယ်။ နောက် မင်းထွက်သွားပြီးတော့ ကောင်းကင်ကြယ်တာရာနယ်မြေမှာ မင်းအကြောင်း ဇာတ်လမ်းတွေ ပြည့်နှက်လာတယ်။ ငါ ကျန်းရိလျှိုကတော့ မင်းရဲ့ လောင်းရိပ်အောက်မှာပဲ ရှင်သန်ခဲ့ရတယ်။ ကောင်းကင်ကြယ်တာရာနယ်မြေက လူတိုင်းက မင်းအကြောင်းတွေကို ပြောကြတယ်။ ငါ့ကိုတော့ သုံးစားမရတဲ့ မင်းသား၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မင်းနဲ့ ရန်သူအဖြစ်ခံခဲ့တဲကောင်လို့ ရှုံ့ချခဲ့ကြတယ်။ ဟားဟားဟား...”
ကျန်းရိလျှို ကျယ်လောင်စွာ ရယ်လိုက်၏။ သူ့မျက်ဝန်းများထဲမှနေ၍ မျက်ရည်စများ စီးကျလာသည်။ သူ ရယ်ရင်း သေရည်သောက်ကာ သူ့ဘာသာ အရူးတစ်ယောက်ကဲ့သို့ ရေရွတ်လိုက်၏။
“ဟုတ်တယ်၊ ကျန်းရီ... အတိတ်တုန်းက ငါမှားခဲ့တယ်။ ဒါပေမဲ့ ငါ ငါနဲ့ထိုက်တန်တဲ့ အပြစ်ကို ရပြီးပြီပဲ။ ငါက လောကကြီးရဲ့ အထင်သေးမှု၊ ရှုံချမှုကို ခံခဲ့ရတယ်။ ငါ အရှေ့ဘက် တော်ဝင်နယ်မြေဆီ မင်းနောက်ကနေပြီး ခွေးတစ်ကောင်လို လိုက်ခဲ့တယ်၊ မင်းရဲ့ သနားမှုကို လက်ခံခဲ့တယ်။ ဒါပေမဲ့... မင်းကတော့ ငါ့ကို မျက်လုံးချင်းဆိုင်ပြီးတောင် မကြည့်ခဲ့ဘူး...”
“လူတွေရဲ့ မျက်လုံးထဲမှာ ငါက မင်းရဲ့ အဖေတူ အမေကွဲ အစ်ကိုပဲ။ ငါက ကျန်းဧကရာဇ်ဆိုတဲ့ မင်းရဲ့ အစ်ကိုကြီးပဲ။ အဲ့ဒါက အရမ်းဂုဏ်ရှိတဲ့ ဂုဏ်ပုဒ်တစ်ခုပါ။ ဒါပေမဲ့ မင်းက ငါ့ကို ခွေးတစ်ကောင်လို ဆက်ဆံတယ်ဆိုတာကို သိတဲ့လူတွေကတော့ ငါ့ကို အမြီးနှံ့ပြီး အသနားခံနေတဲ့ ခွေးတစ်ကောင်လို ကြည့်ကြတယ်။ ချမ်ဝမ်ကွမ်းနဲ့ ကျန်ဝူရွှမ်းတောင် ငါ့ကို အထင်သေးကြတယ်။ ငါ့မှာ မိတ်ဆွေမရှိဘူး၊ ပြီးတော့ မင်းက ငါ ဘယ်တော့မှ မကျော်နိုင်မဲ့ တောင်ကြီးတစ်လုံးလိုပဲ။ ကျန်းမျိုးနွယ်ကြောင့်သာ မဟုတ်ရင် ငါ အရင်ကတည်းက ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးပြီ...”
“နောက်တော့ ငါ မင်းရဲ့လောင်းရိပ်အောက်က ထွက်နိုင်ဖို့ ကြိုးစားကျင့်ကြံခဲ့တယ်၊ နောက်ဆုံးတော့ ငါ တက်လှမ်းလာနိုင်ခဲ့တယ်။ ငါ တွေးတာက အခု ငါ့ကိုယ်ငါ အားကိုးပြီး အမည်တစ်လုံးရအောင် လုပ်မယ်၊ မင်းကို မရှုံးစေရဘူးပေါ့။ ငါ့အစွမ်းအစနဲ့ ကျန်းမျိုးနွယ် ဂုဏ်တက်ရအောင် လုပ်မယ်ပေါ့။ အဟင်း... ငါကိုက နုံအလွန်းတာ။ ငါက ပါရမီမကောင်းတဲ့ သုံးစားမရတဲ့ကောင်တစ်ယောက်ပဲ။ ငါ ဘယ်လောက်ပဲ ကြိုးစားပါစေ အသုံးမကျတဲကောင် ဖြစ်နေဦးမှာပဲ။ ငါ အမြဲတမ်း မင်း ခြေထောက်အောက်မှာပဲ တွားသွားနေရမှာ...”
“အခု ငါက ကောင်းကင်မိစ္ဆာဘုံထဲ ရောက်နေပြီ။ ငါ အရာအားလုံးကို လက်လျှော့ပြီး ဒီမှာပဲ အသက်ကြီးပြီး သေတဲ့အထိ နေသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါ ဘာအတွက်မှ မတိုက်ခိုက်ချင်တော့ဘူး။ ငါ ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းသွားချင်ခဲ့တယ်။ ငါ သေရည်သောက်ရင်း ရစ်ထုပ်ကြီးဘဝနဲ့ ဘဝကို ကုန်ဆုံးချင်ခဲ့တယ်...”
“ဒါပေမဲ့ မင်း အမေက ငါစိတ်ဓာတ်ကျနေတာကို ကြည့်ပြီး ငါ့အတွက် မျိုးနွယ်ကြီးတစ်ခုက သခင်မလေးတစ်ယောက် ရှာပေးခဲ့တယ်။ မိုဟွိုက်စန်းက အရမ်းလှပြီး အကျင့်ကလည်း မဆိုးလှပါဘူး။ သူက နောက်ခံကောင်းကောင်းနဲ့ မွေးလာတဲ့သူပဲ။ ငါ သူ့ကို တကယ် သဘောကျသွားခဲ့တယ်။ ဒါပေမဲ့... ဟားဟားဟား... မင်္ဂလာဦးညမှာပဲ ငါတို့ရဲ့ မင်္ဂလာအိပ်ခန်းထဲမှာ သူက မင်းနာမည်ကို ညည်းခဲ့တယ်။ ငါ လက်ထပ်ခဲ့တဲ့ မိန်းကလေးက မင်း မကြိုက်လို့ ငြင်းခဲ့တဲ့သူတစ်ယောက် ဖြစ်နေတာတဲ့။ ကျန်းရီ... အဲ့ဇာတ်လမ်းက မရယ်ရဘူးလား။ ဟားဟားဟား...”
ထိုဇာတ်လမ်းမှာ မရယ်ရပါ။
ကျန်းရီ နှုတ်ဆိတ်သွားသည်။ ကျန်းရိလျှိုက အော်ရယ်နေသော်လည်း သူ့နှလုံးသားထဲမှ ခါးသီးမှုကို ကျန်းရီ ခံစားနို်ငသည်။ ပြီးခဲ့သော နှစ်များအတွင်း ကျန်းရိလျှိုတစ်ယောက် မည်ကဲ့သို့ ဖြတ်ကျော်ခဲ့သည်ကိုလည်း ကျန်းရီ တွေးမိသွားသည်။
သို့သော် ကျန်းရိလျှိုသည် သူ့ဒုက္ခသူရှာခဲ့ခြင်းသာ။ လူတိုင်း ကိုယ့်အပြစ်ကို ကိုယ်တာဝန်ယူရမည်။ အကယ်၍ အစတွင် ကျန်းရိလျှိုသာ ကျန်းရီကို မဆန့်ကျင်ခဲ့လျှင် အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်သည်။ သူ ကျန်းရီ၏ လေစားခံရသော အစ်ကိုကြီးတစ်ယောက် ဖြစ်ကာ ဂုဏ်သတင်းကျော်ဇောနိုင်ခဲ့ပေသည်။
သို့သော် အတိတ်တွင် ကျန်းရိလျှိုက ကျန်းရီကို ဆန့်ကျင်ခဲ့၏။ ထို့ကြောင့်လည်း ကျန်းရီ၏ ဘဝလမ်းကြောင်းက ပြောင်းသွားခဲ့ပြီး အရာအားလုံး ကွဲပြားသွားခဲ့ခြင်းပင်။
ယခုမှ အတိတ်အကြောင်းများကို ပြန်ပြောင်းပြောနေလျှင်လည်း အကျိုးမရှိတော့ပါ။ ကျန်းရီသည် ခွေးတစ်ကောင်ကဲ့သို့ ငိုလိုက်ရယ်လိုက် ဖြစ်နေသော ကျန်းရိလျှိုကို ကြည့်လိုက်သည်။ ရုတ်တရက် သူ ကျန်းရိလျှိုကို ပထမဆုံး မြင်ခဲ့ရသည့် အချိန်ကို ပြန်အမှတ်ရသွားသည်။
အတိတ်တွင် ကျန်းရီသည် ဝိညာဉ်သားရဲကျောင်းတော်ကို ဝင်ခဲ့သည်။ အောက်ဘက်ရှိ မြို့ငယ်လေးတွင် ကျန်းရိလျှိုက အဆင့်အတန်းမြင့်သော ဆက်ခံသူဖြစ်နေခဲ့သည်။ သူက ကြော့ရှင်းခံ့ညားခဲ့သည်၊ အကောင်းဆုံး အဝတ်များကို ဝတ်ဆင်ခဲ့သည်၊ ပြိုင်ဘက်ကင်း ဆွဲဆောင်မှုကို ပိုင်ဆိုင်ခဲ့သည်။ ယခုတွင်မူ သူ့မျက်နှာက ညှိုးငယ်နေပေသည်။ သူက သေသည်ထက်ဆိုသော ဘဝင်တစ်ခုတွင် နေနေခြင်းပင်။
ဘုန်း...
ကျန်းရိလျှို အတော်လေး မူးနေပုံရ၏။ သူ ကုန်းရုန်းထရပ်လိုက်ရာ သူ့ဒဏ်ရာများကို ပြန်နာသွားစေသည်။ ထို့ကြောင့် သူ ခြေထောက်ပျော့ခွေသွားကာ လဲကျသွားပြီး ခေါင်းနှင့် စားပွဲ ဆောင့်သွား၏။ စားပွဲပေါ်မှ ကမ္ပည်းတိုင်များနှင့် အမွေးတိုင်များလည်း လဲသွားသည်။ ကမ္ပည်းတိုင်ပေါ်မှ အဝတ်နီလည်း ပယ်သွားပြီး စာလုံးအနည်းငယ် ထွက်ပေါ်လာသည်။
ခမည်းတော်ကျန်းပိုင်လီ၏ ကမ္ပည်းတိုင်...
ကျန်းရီသည် ‘ကျန်းပိုင်လီ’ဆိုသော စာလုံးကို မြင်သောအခါ ငရဲချောက်နက်ထဲတွင် ကျန်းပိုင်လီက ပြတ်သားစွာ အသေခံသွားပုံကို ပြန်မြင်ယောင်သွား၏။ သူ့ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်အရှိန်အက တဖြည်းဖြည်း အားနည်းလာသည်။ သူ နာကျင်သော မျက်နှာထားနှင့် မျက်လုံးမှိတ်လိုက်လေသည်။
တစ်ခဏမျှ ကြာပြီးနောက် ကျန်းရီ ရုတ်တရက် လျှောက်သွားလိုက်ပြီး ကျန်းရိလျှို၏ အရှေ့တွင် ရပ်လိုက်၏။ သူ ကျန်းရိလျှို၏ လက်ထဲမှ သေရည်အိုးကို ဆွဲယူကာ နံရံဆီ ပစ်ပေါက်လိုက်သည်။
ခွမ်း...
သေရည်အိုးက အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး သေရည်များ လွင့်စင်သွား၏။ လေထဲတွင် သေရည်နံ့များ မွှန်သွားသည်။ ထို့နောက် ကျန်းရီသည် ကျန်းရိလျှိုကို အင်္ကျီကော်လံစမှာ ဆွဲမြှောက်ကာ ကျန်းပိုင်လီ၏ ကမ္ပည်းတိုင်ကို ပြလိုက်၏။
“ကျန်းရိလျှို.. မင်းမျက်လုံးတွေကို ဖွင့်ပြီး အဖေ့ရဲ့ ကမ္ပည်းတိုင်ကို ကြည့်လိုက်။ မင်းအဖေကို မင်းဘယ်လိုပုံစံ ဖြစ်လာလည်းဆိုတာ ပြလိုက်ပါဦး”
ကျန်းရီက ‘အဖေ’ဟူသော စကားလုံးကို သုံးလိုက်၍ ကျန်းရိလျှို အတန်ငယ် အံ့ဩသွား၏။ သို့သော် ချက်ချင်းပင် သူ လှောင်ရယ်ရယ်ကာ ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။
“ကျန်းရီ... ငါ့ကို ဒီလိုဖြစ်လာအောင် လုပ်တာ မင်းပဲ မဟုတ်ဘူးလား”
“မှားတယ်...”
ကျန်းရီက အေးစက်စက် အော်လိုက်သည်။
“အကုန်လုံးက မင်းလုပ်ရပ်တွေကြောင့် ဖြစ်လာတာပဲ။ ကောင်းကင်က မတရားဘူးဆိုပြီး လာမပြောနဲ့။ ဘဝက မင်းကို ပေးတဲ့အရာတွေ အကုန်လုံးအတွက် လိုက်ပြီး ညည်းညူမနေနဲ့။ အဲ့ဒါက သူရဲဘောကြောင်တဲ့သူတွေ လုပ်တဲ့အရာပဲ။ မင်းက ငါ့ထက် ပိုကောင်းကောင်းမွန်မွန် မွေးဖွားကြီးပြင်းလာခဲ့ရတာပါ။ မင်းက ငယ်ငယ်ကတည်းက အဖေ့ရဲ့ ဂုဏ်ကြောင့် အဆင့်အတန်းမြင့်မြင့် နေခဲ့ရတာ။ ငါ့မှာကျ ဘာရှိခဲ့လဲ။ မင်းက အဆင့်အတန်းမြင့်တဲ့ ဆက်ခံသူ ဖြစ်နေချိန် ငါက မှီခိုစရာ မရှိတဲ့ မျိုးနွယ်ခွဲတစ်ခုက အဆင့်နိမ့် သခင်လေးတစ်ယောက် ဖြစ်နေခဲ့တာ။ ငါ အနိုင်ကျင့်ခံခဲ့ရတယ်၊ အကွက်ဆင်ခံခဲ့ရတယ်။ မင်းမှာက မင်းအတွက် အကုန်လုပ်ပေးမဲ့အဖေ ရှိခဲ့တယ်။ ငါ့မှာ ဘာရှိခဲ့လဲ။ ငါ အနိုင်ကျင့်ခံရရင် ကိုယ့်လက်သီးကိုပဲ အားကိုးပြီး ပြန်တိုက်ခိုက်ခဲ့ရတာ။ ငါ အပြစ်ပေးခံရရင်လည်း ကိုယ့်အားကိုယ်ကိုးပြီး ထွက်ပြေးခဲ့ရတာ...”
“မင်းက အပေါ်ယံက ကျော်ကြားမှုကိုပဲ မြင်တာကိုး။ ငါ အမှောင်ထဲမှာ ဘယ်လောက် သွေးတွေ၊ ချွေးတွေ ရင်းခဲ့ရလဲဆိုတာကို မင်းသိလား။ မင်းက မင်းကိုယ်မင်း ပါရမီမပါတဲ့သူဆိုပြီး ညည်းနေချိန်မှာ ငါက ကြိုးစားကျင့်ကြံနေခဲ့တာ။ မင်းက ကောင်းကင်က မင်းအပေါ် မတရားဘူးဆိုပြီး အပြစ်တင်နေချိန်၊ ငါက လိုက်သတ်ခံနေခဲ့ရတာကွ...”
“လူတစ်ယောက်က မင်းကို အထင်သေးရင် အဲ့ဒါက အဲ့လူရဲ့ ပြဿနာပဲ။ လူတစ်စုက မင်းကို အထင်သေးရင် သေချာပေါက် အဲ့ဒါက အဲ့လူစုရဲ့ ပြဿနာပဲ။ လူတစ်ယောက်ရဲ့ ဂုဏ်ဆိုတာ သူများက ပေးလို့ရတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ရအောင်ယူရတာ...”
“ကျန်းရိလျှို... ငါ ဘာလို့ မင်းကို သဘောမကျခဲ့လဲဆိုတာ မင်းသိလား။ မင်းက အရင်တုန်းက ငါ့ကို အကောက်ကြံခဲ့ဖူးလို့ မဟုတ်ဘူး။ မင်းရဲ့ အကျင့်စရိုက်ကြောင့်ပဲ...”
“ဒါပေမဲ့ ဘာလို့ ငါ မင်းနဲ့ ကျန်းမျိုးနွယ်ဝင်တွေကို အရှေ့ဘက်တော်ဝင်နယ်မြေကို ခေါ်သွားခဲ့တာလဲ။ ဘာလို့ ချမ်ဝမ်ကွမ်းကို မင်းကို ကောင်းကောင်းဆက်ဆံခဲ့တာလဲ။ ဘာလို့ မင်း တက်လှမ်းလာနိုင်ခဲ့တာလဲ။ ဘာလို့ မင်း ကောင်းကင်မိစ္ဆာဘုံထဲ လာနိုင်ခဲ့တာလဲ။ ဘာလို့ဆို ငါက မင်းကို အစ်ကိုကြီးတစ်ယောက်လို့ သဘောထားခဲ့လိုပဲ။ ငါတို့သွေးကြောတွေထဲမှာ တူညီတဲ့သွေးတွေ စီးဆင်းနေလို့ပဲ။ ငါတို့ရဲ့ အဖေက တစ်ယောက်တည်းပဲ။ အဲ့အချက်က ပြောင်းလို့မရတဲ့ အမှန်တရားပဲ...”
“ငါ့အဖေက အဖေကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူက အရည်အချင်းရှိတဲ့သူတစ်ယောက်ဆိုတာကိုတော့ မငြင်းနိုင်ဘူး။ အနည်းဆုံးတော့ ကောင်းကင်ကြယ်တာရာနယ်မြေထဲမှာ သူက သူ့မျိုးဆက်ရဲ့ သူရဲကောင်းတစ်ယောက်ပဲ။ ကျန်းရိလျှို... မင်းက ယောက်ျားတစ်ယောက်ပါ။ မင်းအဖေရဲ့ ဂုဏ်သိက္ခာကို ဒီအတိုင်း မလွှင့်ပစ်ပါနဲ့။ ဒီလိုဘဝနဲ့ နေပြီး သေသွားရတာက လွယ်တယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝတစ်ခုမှာ နေထိုင်ဖို့က ခက်တယ်...”
“အရင်တုန်းက ငါလည်း မှားခဲ့တာကို ငါဝန်ခံတယ်။ ငါ မင်းကို လျစ်လျူရှုခဲ့ပြီး မင်းရဲ့ခံစားချက်တွေကို နားမလည်ခဲ့ဘူး။ ငါ့ကြောင့်နဲ့... လူအများကြီးက မင်းကို အရှက်ရစေခဲ့ပြီ။ ဒါပေမဲ့ ဒီနေ့ကစပြီး... ငါ မင်းအပေါ်ထားတဲ့ သဘောထားကို ပြောင်းလိုက်တော့မယ်။ အဲ... တစ်ခုတော့ရှိတယ်။ မင်းလည်း ယောက်ျားတစ်ယောက်လို၊ ငါတို့ရဲ့အဖေလို ဝံ့ဝံ့ကြွားကြွား နေထိုင်ရမယ်။ မင်း အဲ့လိုမလုပ်နိုင်ရင် ငါ အခုဘဲ မင်းကို မင်းလမ်းဆီ ပို့လိုက်မယ်။ အဲ့လိုမနေထိုင်နိုင်ရင် မင်းက ကျန်းမျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ဖို့၊ ငါတို့အဖေရဲ့ သားတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး”
ကျန်းရီသည် စကားများစွာ ပြောပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်၏။ သူ့လေသံမှာ တင်းမာပြီး သူ့စကားလုံးတိုင်းက ရတနာတစ်ခုကဲ့သို့ဖြစ်သည်။ ကျန်းရိလျှို၏ မျက်နှာ နီမြန်းလာသည်။ သူ့တွင် ပြန်ငြင်းရန် စကားလုံး မရှိတော့ပေ။
နောက်ဆုံး စကားအနည်းငယ်က ကျန်းရိလျှို၏ ရင်ထဲအထိ ရောက်သွားခဲ့သည်။ သူ့မျက်တောင်ပုတ်ခတ်ကာ ကမ္ပည်းတိုင်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားပေသည်။
“ကောင်းပြီ...”
အတော်ကြာပြီးမှ ကျန်းရိလျှို အံကြိတ်၍ ပြန်ပြောလိုက်၏။
“ကျန်းရီ... ငါ ကောင်းကောင်းရှင်သန်မယ်။ ငါက ကျန်းမျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်ဆိုတာကို သက်သေပြမယ်”
“ကောင်းတယ်...”
ကျန်းရီ၏ မျက်နှာထား ပြောလျော့သွားပြီး သူ ကျန်းရိလျှို၏ လက်ကို ဆွဲကာ အပြင်သို့ လျှောက်သွားလိုက်သည်။ လမ်းတွင် သူ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းက ယောက်ျားတစ်ယောက်လိုနေဖို့ ဆုံးဖြတ်လိုက်မှတော့ ယောက်ျားတစ်ယောက်လို သွားတောင်းပန်ပြီး မိုဟွိုက်စန်းကို ပြန်ခေါ်လိုက်”
***