ဓားချက် ဆယ့်ခြောက်ချက်
Vol. 144 Ch. 2006
“မိုဟွိုက်စန်းလား”
ကျန်းရိလျှို ခြေလှမ်း တုံ့သွားပြီး ဒေါသနှင့် ပြန်ပြောလိုက်၏။
“ငါ မသွားဘူး။ မင်း သွားချင်ရင် မင်းပဲသွား။ သူက ငါ့ကို ကြိုက်တဲ့ပုံ မပေါ်ဘူး။ ငါ သွားရင် ငါ့ကိုယ်ငါ အရှက်ခွဲသလို ဖြစ်သွားလိမ့်မယ်”
“သူက ဘာလို့ မင်းကို အထင်သေးတာလဲ”
ကျန်းရီ မေးလိုက်၏။
“ဘာလို့ဆို မင်းက ယောက်ျားမပီသလို့ လုံလောက်အောင် မထူးချွန်လို့ မဟုတ်လား။ မိုးမျိုးနွယ်က သူတို့ရဲ့ မျိုးနွယ်ဝင်တွေကို ဘယ်လိုပျိုးထောင်လဲတော့ ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ တိရှအရှင်ကတော့ သူ့မြေးမလေးကို သေချာပေါက် ကောင်းကောင်းသွန်သင်ထားမှာပဲ။ မိုဟွိုက်စန်းက မင်းကို သဘောကျလာစေချင်ရင်၊ မင်းကို အထင်ကြီးလာစေချင်ရင် မင်း ကိုယ့်ကိုယ်ကိုယ် လက်မလျှော့သင့်ဘူး။ ကောင်းကောင်းကြိုးစားပြီး ယောက်ျားတစ်ယောက်လို နေရမယ်။ မင်း မိန်းမတစ်ယောက်ကိုတောင် မရနိုင်ရင် လောကကြီးကို ဘယ်လို အနိုင်ယူမှာလဲ”
“ငါ...”
ကျန်းရိလျှို အတန်ငယ် ချီတုံချတုံ ဖြစ်သွား၏။ သူ့မျက်နှာက ဝက်အသည်းလို နီရဲသွားသည်။ ကျန်းရီသည် လက်လွှတ်ပေးလိုက်ပြီး ကျန်းရိလျှို၏ မျက်နှာကို အလေးအနက် ကြည့်လိုက်၏။
“ယောက်ျားတစ်ယောက်အနေနဲ့ မှန်တာကမှန်တာပဲ၊ မှားတာကမှားတာပဲ။ ဘာကြောက်နေစရာရှိလဲ။ မင်းကို ငါ့ရဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ အသိအမှတ်ပြုစေချင်ရင် ငါနဲ့လိုက်ခဲ့။ ငါလည်း မင်းအတွင် ဝင်တောင်းပန်ပေးမယ်။ မင်းကို အစ်ကိုကြီးတစ်ယောက်အလို သဘောမထားစေချင်ဘူးဆိုရင်တော့ ငါ မင်းကို ဆက်ပြီး အရေးစိုက်နေတော့မှာ မဟုတ်ဘူး”
ကျန်းရီသည် ပြောပြီးနောက် ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်၏။ ကျန်းရိလျှို တုန်ယင်သွားပြီး ရေရွတ်လိုက်သည်။
“အစ်ကိုကြီးတဲ့လား... အစ်ကို...”
ရုတ်တရက် ကျန်းရိလျှို ငိုချင်သွားသည်။ သို့သော် သူ အံကြိတ်ကာ အရှေ့သို့ အားတင်းလျှောက်သွားလိုက်သည်။ သူ့မျက်နှာက မရိပ်မသင်ဖြစ်နေပြီး သူ့ပါးစပ်မှ သေရည်နံ့နံနေသော်လည်း သူ့ နောက်ကျောမှာ ဖြောင့်မတ်နေပေသည်။
ကျန်းရီက ကျန်းရိလျှိုနှင့်အတူ ထွက်လာ၍ ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် အခြားသူများ အံ့အားသင့်သွားကြ၏။ သူတို့သည် ကျန်းရီက တစ်ယောက်တည်းဝင်သွားပြီး အလောင်းတစ်လောင်းနှင့် ပြန်ထွက်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ဤကဲ့သို့သော အဆုံးသတ်မျိုးကို သူတို့ မျှော်လင့်မထားကြပေ။
“သွားကြစို့”
ကျန်းရီသည် ချမ်ဝမ်ကွမ်းနှင့် အခြားသူများကို မကြည့်ဘဲ ကျန်းရိလျှိုကို တွဲခေါ်ကာ မိုမျိုးနွယ်၏ ရဲတိုက်ဆီ သွားလိုက်လေသည်။ နဂါးတောင်ကြားထဲရှိ လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ ကျန်းရီက ကောင်းကင်မိစ္ဆာဘုံ၏ အရှင်၊ သူတို့၏ ထောက်တိုင်ကြီး မဟုတ်ပါလား။ ကောင်းကင်စိတ်အာရုံများစွာ တိတ်တဆိတ် ထောက်လှမ်းလာသည်။ ကျန်းရီက မျက်နှာသေနှင့် ကျန်းရိလျှိုကို တွဲကာ အရှေ့ဘက်ရှိ ရဲတိုက်အစုအဝေးတစ်ခုသို့ လျှောက်သွားနေပေသည်။
အရှေ့ဘက်ရှိ ရဲတိုက်မှနေ၍ တိရှအရှင်က မိုမျိုးနွယ်ဝင်အချို့ကို ဦးဆောင်ကာ ကျန်းရီကို ကိုယ်တိုင်ထွက် ကြိုဆို၏။ မိုချန်ဟယ်နှင့် မိုဟွိုက်စန်းတို့လည်း ထိုလူစုထဲတွင် ပါလာသည်။ မိုဟွိုက်စန်း၏ ဒဏ်ရာများက ပျောက်နေပြီဖြစ်သော်လည်း သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသေးသည်။ သူမသည် ကျန်းရီက တွဲခေါ်လာသည့် ကျန်းရိလျှိုကို ကြောက်ရွံ့မှု၊ မုန်းတီးမှုတို့နှင့် တွေ့နေသည်။
နဂါးတောင်ကြားထဲတွင် လူများစွာ ရှိနေသော်လည်း သူတို့ အနားကပ်မလာဝံ့ကြပါ။ ကောင်းကင်စိတ်အာရုံများနှင့်သာ အာရုံခံနေကြသည်။
ကျန်းရီသည် ကျန်းရိလျှိုကို ခေါ်၍ တိရှအရှင်အရှေ့သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ ကျန်းရိလျှိုကို လွှတ်ပေးလိုက်ပြီး ရုတ်တရက် ဒူးတစ်ဘက် ထောက်ချကာ အော်ပြောလိုက်လေသည်။
“အရှင်... ကျန်းရီနဲ့ ကျွန်တော့်ရဲ့ အစ်ကိုကြီးတို့ နှစ်ယောက်လုံးက မိုမျိုးနွယ်ကို လာတောင်းပန်တာပါ”
ဒုတ်...
ကျန်းရိလျှိုလည်း နာကျင်မှုကို တောင့်ခံ၍ ဒူးတစ်ဘက်ထောက်လိုက်၏။ သူ တိရှအရှင်၊ မိုချန်ဟယ်နှင့် မိုဟွိုက်စန်းတို့ကို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ကျန်းရိလျှို အဘိုးနဲ့ ယောက္ခမကြီးကို အရိုအသေပေးပါတယ်။ ကျန်းရိလျှို အပြစ်ရှိပါတယ်။ ဒါပေမဲ့ ညီလေးကျန်းရီရဲ့ သင်ပြပေးမှုကြောင့် ကျွန်တော် အသိတရားရပါပြီ။ ကျွန်တော် အခု လာတောင်းပန်တာပါ”
“ဟား...”
လူအုပ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွား၏။ ကျန်းရိလျှိုက လာတောင်းပန်းခြင်းမှာ ကိစ္စကြီးမဟုတ်ပါ။ သို့သော် ကျန်းရီကလည်း ဒူးထောက်နေသည်လော။
ထိုဒူးထောက်မှုက လူများစွာကို ကြောက်ရွံ့သွားစေသည်။ အထူးသဖြင့် မိုချန်ဟယ်နှင့် မိုမျိုးနွယ်မှ အကြီးအကဲများပင်။ ကျန်းရီက အတိတ်မှ သူငယ်နှပ်စားလေး မဟုတ်တော့ပေ။ သူက မိုးပြာမဟာဧကရာဇ်ကိုပင် ယှဉ်နိုင်သော လူသားမျိုးနွယ်၏ ထိပ်တန်း စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်နေပေပြီ။ အနာဂတ်တွင် မိုမျိုးနွယ် စည်ပင်ဝပြောနိုင်မနိုင်မှာ ကျန်းရီအပေါ်တွင်သာ မူတည်နေလေသည်။
“အဖေ...”
မိုချန်ဟယ်သည် တိရှအရှင်ကို ကြည့်လိုက်၏။ တိရှအရှင်က မျက်နှာထား မပြောင်းဘဲ ကျန်းရိလျှိုကို ကြည့်လိုက်ပြီးမှ ကျန်းရီကို ပြောလိုက်လေသည်။
“ကျန်းရီ... ထပါ။ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ပါဘူး”
ကျန်းရီ ထရပ်လိုက်ပြီး ခါးသက်သက် ပြုံး၍ တိရှအရှင်ကို လက်ဆုပ်ကာ ပြောလိုက်၏။
“ဒီကိစ္စက ဘယ်လိုလုပ် ကျွန်တော်နဲ့ မဆိုင်ဘဲ ရှိမှာပါလဲ။ ကျန်းရိလျှိုက ကျွန်တော့်ရဲ့ အစ်ကိုကြီးပါ။ သူက အမှားတစ်ခု လုပ်ခဲ့တော့ ကျွန်တော်ကလည်း တာဝန်ကနေ ဘယ်လို ရှောင်လွှဲနိုင်မှာလဲ။ အရှင်... ပြောသာ ပြောလိုက်ပါ။ အရှင် သူ့ကို သတ်ချင်ရင်၊ အပြစ်ပေးချင်ရင် ကျွန်တော် အရှင့်ဘက်က ရပ်တည်ပေးမှာပါ”
“အာ...”
လူများစွာ ထပ်မံ၍ အံ့ဩသွားကြ၏။ သူတို့ ကျန်းရိလျှိုအပေါ်လည်း အမြင်ပြောင်းလဲသွားကြသည်။ ကျန်းရီက ကိုယ်တိုင် ‘အစ်ကိုကြီး’ဆိုသော စကားကို ပြောလိုက်ပြီဖြစ်ရာ သူ ကျန်းရိလျှိုကို အစ်ကိုကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုသော အဓိပ္ပာယ်ပင်။
ကျန်းရီသည် တိရှင်အရှင်ကိုလည်း မျက်နှာသာ ပေးခဲ့သည်။ ထို့ကြောင့် တိရှအရှင်နှင့် မိုမျိုးနွယ်သည် ထိုကိစ္စကို အကျယ်အကျယ် လုပ်တော့မည် မဟုတ်ပေ။ တိရှအရှင် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဲ့ကလေးနှစ်ယောက် ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ငါ သိပြီးပါပြီ။ ကျန်းရိလျှိုက မှားတယ်ဆိုပေမဲ့ ဟွိုက်စန်းကလည်း အမှားတစ်ခု လုပ်ခဲ့သေးတာပဲ။ ငါ သူ့ကို ကောင်းကောင်း မသွန်သင်နိုင်ခဲ့တာပါ။ အဲ့ကိစ္စကို မေ့လိုက်ကြတာပေါ့”
ထိုအခါမှ ချမ်ဝမ်ကွမ်းနှင့် အခြားသူများ သက်ပြင်းချနိုင်၏။ တိရှအရှင်က ပြောလိုက်ပြီဖြစ်၍ ထိုကိစ္စမှာ ပြီးသွားပြီဟု ဆိုနိုင်သည်။ သို့သော် ကျန်းရီသည် ထိုကိစ္စကို အပြီးမခံလိုသေးပါ။ သူ ကျန်းရိလျှိုကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီးက ယောက်ျားတစ်ယောက်ဆိုရင် မရီဟွိုက်စန်းကို အစ်ကို့ရဲ့ စိတ်ရင်းကို ပြလိုက်ပါ”
“မရီး...”
မိုဟွိုက်စန်းသည် ထိုစကားနှစ်လုံးကို ကြားသောအခါ ခန္ဓာကိုယ်တုန်ယင်သွား၏။ တစ်ချိန်တုန်းက သူမသည် ကျန်းရီကို ရွေးချယ်ရန် အခွင့်အရေးရှိခဲ့သည်။ ထိုစဉ်က တိရှအရှင်သည် ကျန်းရီအပေါ် များစွာ ကျေးဇူးပြုခဲ့သည်။ သူမသာ ကျန်းရီကို ရွေးချယ်ခဲ့လျှင် ယခုတွင် ကျန်းရီ၏ဇနီး ဖြစ်နေလောက်ပေပြီ။
သို့သော် နောက်ဆုံးတွင် မိုဟွိုက်စန်း သိမ်းငှက်ဘုရင်လေးကို ရွေးချယ်ခဲ့ပြီး သိမ်းငှက်ဘုရင်လေးကြောင့် နာကျင်ခဲ့ရပေသည်။ ယခုတွင် သူမ၏ အခြေအနေကို မည်သူကိုမှ အပြစ်မတင်နိုင်ပါ။ အတိတ်တွင် တိရှအရှင်သည် သူမ ရွေးချယ်ပြီးသည်နှင့် နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်ကြောင်း ရှင်းလင်းစွာ သတိပေးခဲ့သည် မဟုတ်ပါလား။
ကျန်းရိလျှိုသည် ကျန်းရီကို ကြည့်လိုက်ပြီးနောက် မိုဟွိုက်စန်း၊ မိုချန်ဟယ်နှင့် တိရှအရှင်တို့ကို ကြည့်လိုက်၏။ ရုတ်တရက် သူ အံကြိတ်ကာ သူ့သိုလှောင်လက်စွပ်ထဲမှ ဓားမြှောင်တစ်ချောင်း ထုတ်လိုက်ပြီး သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ထိုးချလိုက်သည်။
စွက်...စွက်...စွက်...
ကျန်းရိလျှိုသည် မျက်နှာတစ်ချက် မပျက်ဘဲ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဓားမြှောင့်ဖြင့် ဆယ့်သုံးချက် ထိုးလိုက်၏။ သူ့ရင်ဘတ်၊ ဝမ်းဗိုက်နှင့် နှုတ်ခမ်းစွန်းမှနေ၍ သွေးများ စီးကျလာသည်။ သို့သော် သူ အရေးမစိုက်ပေ။ ထိုအစား မိုဟွိုက်စန်းကို တောက်ပသော မျက်ဝန်းများနှင့် ကြည့်ကာ ပြောလိုက်လေသည်။
“ဟွိုက်စန်း... ကိုယ်မှားခဲ့ပါတယ်။ ကိုယ့်ကို အခွင့်အရေးတစ်ခု ထပ်ပေးနိုင်မလား။ ကိုယ် ဘဝသစ်စပြီး လူကောင်းတစ်ယောက် ဖြစ်လာစေရပါမယ်လို့ ကတိပေးပါတယ်။ ကိုယ် မင်းကို အရှက်မရစေပါဘူး။ မင်း ကိုယ့်ကို ခွင့်မလွှတ်ပေးရင် ကိုယ် ရွေးချယ်စရာ မရှိတော့ဘဲ ကိုယ့်အပြစ်ကို ချေဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရတော့မှာပဲ”
နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။
တစ်ချိန်လုံး အားလုံးက အထင်သေးခဲ့သော၊ ကပ်ပါးကောင်တစ်ကောင်ဟု ထင်ထားခဲ့သော ကျန်းရိလျှိုတွင် ထိုကဲ့သို့ ရဲရင့်သူ့ဘက်ခြမ်းတစ်ခု ရှိနေသေးသည်လော။
“ဒီကလေး...”
မိုချန်ဟယန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွား၏။ သူ ကျန်းရိလျှိုကို ရပ်တန့်လိုသည်။ သို့သော် တိအရှင်အရှင်က ခေါင်းခါပြ၍ မိုဟွိုက်စန်းကိုသာ ကြည့်လိုက်သည်။ မိုဟွိုက်စန်း တုန်လှုပ်သွားပြီး မည်သို့လုပ်ရမည်မသိ ဖြစ်သွား၏။ ကျန်းရိလျှို၏ ဖြူဖျော့လာသော မျက်နှာနှင့် ပြတ်သားနေသော မျက်နှာထားကို တွေ့သောအခါ သူမ၏ နှလုံးသားက အကြောင်းတစ်ခုကြောင့် နူးညံ့သွားသည်။
စွက်...စွက်...စွက်...
ကျန်းရိလျှိုသည် မိုဟွိုက်စန်းက မည်သို့မှ မပြောသည်ကို တွေ့သောအခါ လက်ထဲမှ ဓားနှင့် သူ့ရင်ဘတ်ကို ဆက်ထိုးလိုက်၏။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်...
“ရှင် ရူးသွားပြီလား”
နောက်ဆုံးတွင် မိုဟွိုက်စန်း ဆက်ကြည့်မနေနိုင်တော့ပေ။ သူမ ပြေးသွားလိုက်ပြီး မြေပြင်တွင် ဒူးထောက်ချကာ ကျန်းရိလျှို၏ ဓားမြှောင်ကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် အော်ပြောလိုက်သည်။
“တစ်ယောက်ယောက်လာဦး... သူ့ဒဏ်ရာတွေကို ကုပေးလိုက်ပါ။ သူ သေတော့မယ်”
ဟူး...
ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ နောက်ဆုံးတွင် ထိုကိစ္စက ပြီးဆုံးသွားပေပြီ။ နောင်တွင် ကျန်းရိလျှို မဆင်မခြင် လုပ်ရဲတော့မည် မဟုတ်ချေ။ သူ လူသစ်စိတ်သစ် ဖြစ်မသွားလျှင်ပင် အနည်းဆုံးတော့ မိုဟွိုက်စန်းကို နှိပ်စက်တော့မည် မဟုတ်ပါ။
“ချန်ဟယ်...”
တိရှအရှင် အော်ပြောလိုက်၏။ မိုချန်ဟယ်က ရှေ့ထွက်ကာ လူအချို့ကို ကျန်းရိလျှိုအား သယ်သွားစေပြီး သူ့ဒဏ်ရာများကို ကုသစေလိုက်သည်။ ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို မသုံးလိုက်ပေ။ ကျန်းရိလျှိုကို သူ့ဒဏ်ရာသူ ကုစေလိုက်သည်။ သူ့ကို ထိုဓားချက်ဆယ့်ခြောက်ချက်ကို မှတ်မိနေစေလိုပေသည်။
“ကျန်းမျိုးနွယ်က မျိုးဆက်တွေက တကယ်ကို ရဲရင့်တာပဲ”
ကျန်းရိလျှိုကို ခေါ်သွားပြီးနောက် တိရှအရှင်က ပြုံးကာ ပြောလိုက်၏။
“ကျန်းရီ... အခု သူတို့နှစ်ယောက်လုံးအတွက် ကောင်းသွားပါပြီ။ ငါတို့ ထပ်ဝင်မပါဘဲ နေကြတာပေါ့။ ဒါနဲ့.. ငါတို့ ပြန်ရောက်ပြီးမှ မင်း ငါတို့ကို သေရည်မတိုက်ရသေးဘူးနော်။ အဲ့ဒါက မင်းအမှားပဲ”
“အဲ့ဒါက ကျွန်တော့်အမှားပါ”
ကျန်းရီ ခါးသက်သက် ပြုံးကာ ဦးညွှတ်လိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်း၍ ချမ်ဝမ်ကွမ်းကို လှမ်းပြောလိုက်လေသည်။
“ဝမ်ကွမ်း.. ငါ့အဘိုးနဲ့ ဆောင်းဥတုအရှင်ကို သွားခေါ်လိုက်ပါ။ ငါ သူတို့ကို တောင်းပန်ရမယ်”
***