ကျွန်တော့်ကိုယ်ကျွန်တော် ပေးမည်
Vol. 144 Ch. 2007
ကျန်းရီ၏ သဘောထား ပြောင်းသွားပြီး ကျန်းရိလျှိုက အပြစ်ဝန်ချတောင်းပန်ပြီးနောက် အုတ်အော်သောင်းနင်းဖြစ်မှု ပြီးဆုံးသွားသည်။ နဂါးတောင်ကြားလည်း ပြန်အေးချမ်းလာသည်။
ရီဖျောင်ဖျောင်သည် မည်သို့မှ ဝင်မပြောပေ။ ကျန်းရီက ကိစ္စကို ဖြေရှင်းလိုက်ပြီဖြစ်ရာ သူမ များစွာဝင်ပါမည် မဟုတ်ပါ။ ကျန်းရိလျှိုက စိတ်သစ်လူသစ် စနိုင်သည့်အတွက်သာ သူမ ဝမ်းသာနေသည်။ သူမသည် လူအချို့ကို ခေါ်၍ ကျန်းရိလျှိုဆီ သတင်းမေးသွားကာ မိုဟွိုက်စန်းကို နှစ်သိမ့်လိုက်ပေသည်။
ကျန်းရီထံတွင် ကလေးမရှိပေ။ ထို့ကြောင့် ရီဖျောင်ဖျောင်သည် ကျန်းရိလျှိုက ကလေးတစ်ယောက် မွေးပေးနိုင်ပါစေဟု မျှော်လင့်နေသည်။ သူတို့နှစ်ယောက်လုံးက ကျန်းပိုင်လီ၏ သားများ မဟုတ်ပါလား။ မည်သူက ကလေးတစ်ယောက် မွေးပေးနိုင်သည်ဖြစ်စေ ကျန်းပိုင်လီ၏ မျိုးဆက်ကို ဆက်နိုင်ခြင်းပင် ဖြစ်ပေသည်။
ကျန်းရီသည် အပြည့်အဝ အနားယူရန် စိတ်ကူးထား၏။ သူ့ဇနီးများနှင့်အတူ ရှုခင်းကြည့်ထွက်ကာ ညတိုင်း သီချင်းသီဆိုကြမည်။ မကြာခဏဆိုသလို ကျန်ဝူရွှမ်း၊ စစ်ထူရီရှောင်၊ အခြားသူများနှင့် သေရည်သောက်မည်။ သူ့နေ့ရက်များက အတော်လေး အပူပင်ကင်းပေလိမ့်မည်။
တစ်ခုတည်းသော အာရုံစားရသည်မှာ ကျန်းရီ ချီချင်ချန်နှင့် မည်သို့ ပြောဆိုဆက်ဆံရမည်ကို မသိခြင်းပင်။ ချီချင်ချန်တွင် သူ့အပေါ် ခံစားချက်များ ရှိနေသည်။ သူကလည်း ချီချင်ချန်ကို သဘောကျသည်။ သို့သော် သူတို့နှစ်ယောက်စလုံး သူတို့၏ ခံစားချက်များကို မဖော်ပြဝံ့ကြပေ။
ကျန်းရီသည် ဟယ်နုန်ယင်းနှင့် ကျန်းရှောင်နူတို့ကို ခေါ်လာခဲ့ပြီဖြစ်သည်။ သူမတို့က ကျင့်ကြံနေကြသည်။ သူ ချီချင်ချန်ကိုပါ ယူလိုက်လျှင် ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် အခြားသူများကို မည်သို့ ရှင်းပြရမည်နည်း။
ကျန်းရီသည် အချစ်ရေးတွင် အမြဲ ထိုသကဲ့သို့သာ ဖြစ်ခဲ့သည်။ သူသည် မပြတ်သားသလို မိမိဘက်မှ မစတတ်ပေ။
ကျန်းရီတစ်ယောက် သူ ထိုခံစားချက်ကို မခံနိုင်ဘဲ ချီချင်ချန်အား ပျော်ရွှင်မှု မပေးနိုင်မည်ကို စိုးရိမ်နေသည်။ သူ့ပခုံးထက်တွင်လည်း ဝန်ထုပ်ဝန်ပိုးများစွာ ရှိနေသေးသည်။ သူ့တွင် ကောင်းကင်ဘုံခုံရုံး ရှိသော်လည်း အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားနေရပြီဖြစ်သည်။ သူ သေသွားလျှင် ချီချင်ချန်၏ ဘဝလည်း ထိခိုက်သွားမည်ကို သူ စိုးပေသည်။
ကျန်းရီသည် သူ့တွေးပုံက မှားကြောင်း သိ၏။ သို့သော် သူ ရှေ့ဆက်မလှမ်းနိုင်ပေ။ အခြေအနေအလိုက်သာ ဆက်သွားပြီး ထိုအကြောင်းကို လတ်တလော မေ့ထားရပေမည်။
ကျန်းရီ ကောင်းကင်မိစ္ဆာဘုံထဲတွင် တစ်လလုံးလုံး အနားယူခဲ့သည်။ သူ့ဇနီးများနှင့် မကြာခဏ အတူအိပ်ခဲ့သည်။ သို့သော် သူမတို့ထဲက တစ်ယောက်မှ ကိုယ်ဝန်ရမလာကြချေ။
တစ်ဘက်တွင်မူ မိုဟွိုက်စန်းက နောက်ထပ်ကိုယ်ဝန် ရလာသည်။ ဤတစ်ကြိမ်တွင် ရီဖျောင်ဖျောင်သည် ယင်းကို အလွန်အရေးထား၍ မိုဟွိုက်စန်းကို သူမ၏ရဲတိုက်တွင် လာနေရန် ကိုယ်တိုင်သွားခေါ်လိုက်သည်။ သူမကို နေ့နေ့ညည ပြုစုစောင့်ရှောက်ရန်အတွက်လည်း လူများ ထားပေးထားလေသည်။
တစ်လပြည့်သွားပေပြီ။ ထို့ကြောင့် ကျန်းရီ ထပ်မံ ထွက်ခွာဖို့ ပြင်ဆင်ရတော့သည်။ ဤတစ်ကြိမ်တွင် ရီဖျောင်ဖျောင်နှင့် အခြားသူများက ကောင်းကင်မိစ္ဆာဘုံတွင် နေခဲ့ကြမည်ဖြစ်သည်။ မိုဟွိုက်စန်းက ကိုယ်ဝန်ရထားသဖြင့် ရီဖျောင်ဖျောင် သူမအတွက် စိုးရိမ်သည်။ မိုယောင်အာ၊ ရီချန်၊ စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့လည်း နေခဲ့ကြပေမည်။ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲတွင် ကျင့်ကြံနေသေးသော ကျန်းရှောင်နူကိုသာ ခေါ်သွားမည်။ ဟယ်နုန်ယင်းကလည်း အပြင်ဘက်မှ အခြေအနေကို စိုးရိမ်သဖြင့် လိုက်ခဲ့မည်ဖြစ်သည်။
ကျန်ဝူရွှမ်းနှင့် ကျန်သောသူများလည်း လိုက်လာပေမည်။ သူတို့သည် ကောင်းကင်ဘုံခုံရုံးထဲတွင် ကျင့်ကြံလိုနေကြသေးသည်။ ဤတစ်ကြိမ်တွင် ကျန်းရိလျှိုကလည်း လိုက်လာလိုသည်။ သို့သော် ကျန်းရီသည် သူ့ကို နေခဲ့ခိုင်းလိုက်သည်။ သူ့ကလေးက မွေးဖွားလာတော့မည် ဖြစ်သည့်အပြင် ကောင်းကင်မိစ္ဆာဘုံထဲတွင်လည်း ဆန်းကြယ်နယ်မြေများစွာ ရှိရာ သူ ကျင့်ကြံနိုင်ပေသည်။
ကျန်းရီသည် သူ မည်သည့်နေရာသို့ သွားမည်၊ မည်မျှကြာမည်ကို မပြောပေ။ သူ လုပ်စရာတစ်ခုရှိ၍ဟုသာ ပြောလိုက်သည်။
တိရှအရှင်၊ ဆောင်းဥတုအရှင်နှင့် ဝိညာဉ်ဘုရင်တို့က ကျန်းရီ၏ပခုံးထက်တွင် လေးလံသော တာဝန်တစ်ခု ရှိနေကြောင်း သိသည်။ ထို့ကြောင့် သူတို့ သူ့ကို တားရန် မကြိုးစားကြပေ။ ထိုအစား အတူ လိုက်ပို့ကြသည်။
“ကျန်းရီ... ကျွန်မ ကောင်းကင်ဘုံခုံရုံးထဲက ဆန်းကြယ်နယ်မြေထဲဝင်ပြီး ကျင့်ကြံချင်တယ်”
သို့သော် ချီချင်ချန်က ကျန်းရီထံ ရုတ်တရက် အသံပို့လွှတ်လာ၏။ သူမ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ပြည့်နှက်နေသည်။ ကျန်းရီသည် သူမကို မငြင်းနိုင်သဖြင့် ကောင်းကင်ဘုံခုံရုံး၏ ဆန်းကြယ်နယ်မြေထဲ တိုက်ရိုက် တည်နေရာပြောင်းရွှေ့ပေးလိုက်ရလေသည်။
“အမေ၊ ရို့ပင်၊ လောရွှယ်၊ ချန်အာ၊ ယောင်အာ... ကိုယ်သွားတော့မယ်။ ဂရုစိုက်ကြနော်”
နောက်ဆုံးတွင် ကျန်းရီသည် စိတ်မမာနိုင်ဘဲ ရီဖျောင်ဖျောင်နှင့် အခြားသူများထံ အသံပို့လွှတ်ကာ သူ မိုးမြေအရင်းအမြစ်များကို သွားရှာမည်ဖြစ်ကြောင်း ပြောလိုက်သည်။ အနည်းဆုံးတစ်နှစ်၊ အများဆုံး သုံးနှစ်အတွင်း ပြန်လာမည်ဟုလည်း ပြောလိုက်သည်။ အားလုံးကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်လည်း မှားလိုက်လေသည်။
သုံးနှစ်...
စုလောရွှယ်၊ ယဉ်ရို့ပင်း၊ ရီချန်နှင့် အခြားသူများ ဖော်ပြ၍မရနိုင်လောက်အောင် ဝမ်းနည်းသွားကြ၏။ သို့သော် ရီဖျောင်ဖျောင်ကပင် နေခဲ့ရာ ချွေးမများက မည်ကဲ့သို့ ကျန်းရီအပေါ် မသိတတ်ဘဲ နေရမည်နည်း။ ကျန်းရီက သူမတို့နှင့် ထပ်မခွဲတော့ဟု ကတိပေးခဲ့သော်လည်း အားလုံး ကျန်းရီကို နားလည်ပေသည်။ သူသည် လူသားမျိုးနွယ်အား ကယ်တင်ရမည့်တာဝန်ကို ပခုံးထမ်းထားရပေသေးသည်။
ကောင်းကင်ဘုံခုံရုံးက တောက်ပစွာ လင်းလက်လာပြီး လည်ပတ်ကာ အထက်သို့ ပျံတက်သွား၏။ ထို့နောက် အလင်းတန်းတစ်တန်းအလား အောက်ခြေမဲတွင်းကြီးဆီသို့ ပျံသန်းသွားလိုက်သည်။ နဂါးတောင်ကြားထဲရှိ လူအားလုံးသည် သူတို့၏ မျက်လုံးများနှင့် ကျန်းရီကို နှုတ်ဆက်လိုက်ကြသည်။ ဤတစ်ခေါက် ကျန်းရီ အပြင်သွားချိန်တွင် မည်ကဲ့သို့ တုန်လှုပ်ဖွယ်အရာများနှင့် ရင်ဆိုင်ရမည်ကို သူတို့ မသိကြချေ။ သူတို့ ကျန်းရီအတွက် ဆုတောင်းသာ ပေးနေနိုင်လေသည်။
***
ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံနှင့် အခြားသူများ၏ လုံခြုံရေးအတွက် စိတ်မပူပေ။ ယခုတွင် မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဧကရာဇ်ဖြစ်ကာ လူသားမျိုးနွယ်၏ အုပ်စိုးသူ ဖြစ်နေပေပြီ။ သူသည် ကျန်းရီ၏ မိသားစုများကိုပါ ဆွဲထည့်ရလောက်အောင် အောက်တန်းကျမည် မဟုတ်ပေ။
မိုးပြာမဟာဧကရာဇ်က ကောင်းကင်မိစ္ဆာဘုံကို ရှာတွေ့လျှင်ပင် ကျန်းရီ အသက်ရှင်နေသ၍ မည်သို့မှ လုပ်ဝံ့မည် မဟုတ်ပါ။
အကယ်၍ ကျန်းရီ စိတ်လွတ်သွားလျှင် မိုးပြာမဟာဧကရာဇ်ပင် ကြောက်ရပေမည်။ ကျန်းရီက ကမ္ဘာဦးကောင်းကင်ဘုံထဲ ဝင်လာပြီး ကောင်းကင်ဘုံခုံရုံးနှင့် မိစ္ဆာသစ်ပင်များကို အသုံးပြုကာ သတ်ဖြတ်မည်ကို မိုးပြာမဟာဧကရာဇ် မလိုလားချေ။
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ မြောက်ဘက်ကို ပျံသန်း၍ တမလွန်ဘုံသို့ ကွေ့ပတ်သွားရန် စိတ်ကူးထားသည်။ မြောက်ဘက်တွင် ကင်းလှည့်တပ်များစွာ ရှိမည် မဟုတ်ချေ။ သူ့အကြောင်းလည်း ပေါ်သွားမည် မဟုတ်ပေ။
နှစ်ရက်ကြာပြီးနောက် ကျန်းရီ ကီလိုမီတာသန်းထောင်ကျော် သွားပြီးသွား၏။ ထိုနေရာတွင် ကင်းလှည့်တပ်များ မရှိတော့ချေ။ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းကို ထိန်း၍ အနောက်ဘက်သို့ ပုံမှန်အရှိန်နှင့် ပျံသန်းသွားစေ၏။ သူ ကျင့်ကြံရန် အချိန်အနည်းငယ် လိုအပ်ပေသည်။
မိုးကြိုးက မီး၊ ရေ၊ သစ်သား၊ သတ္တုနှင့် မြေကို ဖန်တီးနိုင်သည်။ ကျန်းရီသည် ယင်းတို့ကို အထွတ်အထိပ်အဆင့်သို့ ရောက်အောင် လေ့လာထားပြီးဖြစ်သည်။ ဆိုရလျှင် သူ့ လျှပ်စီးအနှစ်သာရကလည်း အထွတ်အထိပ်အဆင့်သို့ ရောက်တော့ပေမည်။ သို့သော် ကျန်းရီသည် သူက လျှပ်စီးအနှစ်သာအစစ်အမှန်ကို လေ့လာနေရသည်ဟု မခံစားရပါ။ ထို့ကြောင့် တမလွန်ဘုံသို့ သွားရာလမ်းတွင် သူ ကျင့်ကြံလိုသည်။ ထိုအနှစ်သာရကို အထွတ်အထိပ်အဆင့်အထိ ရောက်အောင် ကျင့်ကြံလိုပေသည်။
“ထျန်းဖုန့်ဧကရာဇ်... ကောင်းကင်ဘုံခုံရုံးကို ထိန်းပြီးဆက်ပျံလိုက်ပါ။ ပတ်ဝန်းကျင်ကိုလည်း သတိထားပါ။ ခင်ဗျား တမလွန်ဘုံမျိုးနွယ်ရဲ့ စစ်တပ်နဲ့ တွေ့ရင် ကျွန်တော့်ကို ချက်ချင်း ပြောပါ”
ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ကောင်းကင်ဘုံခုံရုံး၏ အစီအရင်အချို့အကြောင်း ပြောပြထား၏။ လမ်းခရီးက ရှည်သည်။ သူတို့ တမလွန်ဘုံကို ရောက်ရန် အချိန်အနည်းငယ် လိုပေသေးသည်။ သူက ကျင့်ကြံရန်လည်း လိုရာ ထျန်းဖုန့်ဧကရာဇ်ကို ကောင်းကင်ဘုံခုံရုံးအား ထိန်းချုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။ သူတို့ တမလွန်ဘုံမျိုးနွယ်၏ စစ်တပ်နှင့် မကြုံလျှင် ပြဿနာရှိမည် မဟုတ်ချေ။
ကျန်းရီ၏ ခန္ဓာကိုယ်က လင်းလက်လာ၏။ သူ ကောင်းကင်ဘုံခုံရုံး၏ ဆန်းကြယ်နယ်မြေထဲ ဝင်သွားလိုက်သည်။ ကျန်းရှောင်နူက ကျောက်တောင်ထွတ်တစ်ခုပေါ်တွင် ထိုင်၍ ကျင့်ကြံနေဆဲပင်။ ကျန်ဝူရွှမ်း၊ ဟယ်နုန်ယင်း၊ စစ်ထူရီရှောင်နှင့် အခြားသူများကလည်း ကိုယ့်နေရာတွင်ကိုယ် ကျင့်ကြံနေကြသည်။ တောင်ထိပ်တစ်ခုပေါ်တွင် ချီချင်ချန်တစ်ယောက်တည်းသာ ရပ်နေသည်။ သူမသည် သဲမုန်တိုင်းတစ်ခုကို ငေးကြည့်နေလေသည်။
ကျန်းရီသည် အထဲရောက်လာပြီဖြစ်၍ မည်သည်ကိုမှ မမြင်ချင်ယောင် မဆောင်နိုင်တော့ပေ။ သူ ချီချင်ချန်ဘေးသို့ တည်နေရာပြောင်းရွှေ့လိုက်ပြီး သူမ၏ လှပသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။
“စစ်သူကြီးချင်ချန်... ဘာလို့ ငေးနေရတာလဲ”
ချီချင်ချန်သည် ကျန်းရီက ရုတ်တရက်ကြီး ရောက်လာ၍ လန့်သွား၏။ သူမ မျက်လုံးပင့်ကာ အဝေးရှိ သဲမုန်တိုင်းကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
“လောကကြီးက အရမ်းကြီးတယ်။ ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်။ ဒီဆန်းကြယ်နယ်မြေထဲမှာ ကောင်းကင်စည်းချက်တွေ ပြည့်နှက်နေတယ်။ ဒီလိုနေရာအသေးလေးထဲမှာ အနှစ်သာရတွေ အများကြီး ရှိတယ်လား။ ကောင်းကင်ဘုံခုံရုံးက နာမည်နဲ့ လိုက်ပါပေတယ်”
“အန်... စစ်သူကြီး ခံစားမိတယ်လား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာ၏။ သူလည်း ဤထဲတွင် ကောင်းကင်စည်းချက်များကို အာရုံခံမိသည်။ ထိုသို့အာရုံခံမိလျှင် အနှစ်သာရကို အောင်မြင်စွာ သိမြင်နားလည်နိုင်သွားခြေလည်း မြင့်ပေသည်။
ချီချင်ချန်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ သူမ၏ ပါရမီကလည်း ထူးကဲသည်။ သူမသာ ဤနေရာတွင် တစ်ခဏမျှ ကျင့်ကြံလိုက်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့် သို့မဟုတ် ဧကရာဇ်အဆင့်အထိပင် ရောက်သွားနိုင်လောက်သည်။
ချီချင်ချန်က ခေါင်းညိတ်၍ ပြုံးလိုက်၏။
“ကျန်းရီ... ရှင် ကျန်ဝူရွှမ်းတို့ကို ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်နိုင်ရင် ဆုချီးမြှင့်မယ်လို့ ပြောတယ်လို့ ကျွန်မ ကြားတယ်”
“ဟုတ်ပါတယ်”
ကျန်းရီ ခေါင်းညိတ်ကာ ပြန်ပြောသည်။
“ကျွန်တော့်မှာ ကမ္ဘာဦးဝိညာဉ်ရတနာနည်းနည်း ရှိပါသေးတယ်။ အဆင့်တက်နိုင်တဲ့သူတိုင်းကို ပေးမှာပါ။ စစ်သူကြီးကလည်း ခြွင်းချက် မဟုတ်ပါဘူး”
“ဟင်းဟင်း...”
ချီချင်ချန်၏ မျက်လုံးများ ရုတ်တရက် လင်းလက်လာပြီး သူမ၏ မျက်နှာက နီရဲသွားသည်။ သူမ နှုတ်ခမ်းကိုက်ကာ ပြောလိုက်လေသည်။
“ကျွန်မ ကမ္ဘာဦးဝိညာဉ်ရတနာတွေကို ဂရုမစိုက်ဘူး။ ဒီလိုဆိုဘယ်လိုလဲ... ကျန်းရီ၊ ကျွန်မ ဧကရာဇ်အဆင့်ကို တက်နိုင်ရင် ရှင့်ကိုယ်ရှင် ကျွန်မကို ပေးပေါ့”
“အာ...”
ကျန်းရီ၏ မျက်နှာထားက အိုးတိုးအမ်းတမ်း ဖြစ်သွား၏။ အဘယ်ကြောင့် ချီချင်ချန်က ကျန်းရှောင်နူကဲ့သို့ ဖြစ်နေရသနည်း။ သို့သော် ချီချင်ချန်မှာ အလွန်ယုံကြည်မှုရှိနေသည်။ သူမက ဧကရာဇ်အဆင့်ဟု ပြောနေသည်လော။ ဧကရာဇ်အဆင့်သို့ တက်ရန်မှာ လွယ်ပါသလော။
ချီချင်ချန်မှာ အလွန်ဝံ့ကြွား၏။ ထို့ပြင် သူမသည် မိန်းမတစ်ယောက်အနေဖြင့် ဧကရာဇ်အဆင့်သို့ တက်ရန် သတ္တိမွေးထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီက သူမကို အဘယ်သို့ နာကျင်အောင် လုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စစ်သူကြီး အဆင့်တက်နိုင်နိုင်၊ မတက်နိုင်နိုင် ကျွန်တော့်ကိုယ်ကျွန်တော် စစ်သူကြီးကို ပေးမယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဆောင်းဥတုအရှင်မဆီ ပေးနိုင်တာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”
***