လေ့ကျင့်ရေးမဟုတ်
Vol. 144 Ch. 2008
“ထူးဆန်းတယ်၊ ဒါက ထူးဆန်းတယ်...”
ကျန်းရီသည် ဆန်းကြယ်နယ်မြေထဲတွင် ငါးရက်ကြာ ကျင့်ကြံနေခဲ့သည်။ သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက် ကိုင်ထားပြီး ဤဆန်းကြယ်နယ်မြေကလည်း ကပ်လောကထဲရှိ ထိပ်တန်းဆန်းကြယ်နယ်မြေဖြစ်ရာ သူ့သိမြင်နားလည်နိုင်စွမ်းမှာ အလွန်လျင်မြန်နေသည်။ သို့သော် ငါးရက်ကြာပြီးသည်အထိ သူ မည်သည်ကိုမှ နားမလည်နိုင်သေးပေ။ ထိုလျှပ်စီးအနှစ်သာရကို အထွတ်အထိပ်အဆင့်ရောက်အောင် မလုပ်နိုင်ချေ။
‘ငါ မိုးမြေအရင်းအမြစ် ငါးမျိုးလုံးကို စုပ်ယူပြီးမှ အဲ့ဒါကို အထွတ်အထိပ်အဆင့်ရောက်အောင် လုပ်နိုင်မှာလား’
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ကျန်းရီကို မိုးမြေအရင်းအမြစ်အားလုံး ရှာဖွေခိုင်းခဲ့သည်။ သူ မိုးမြေအရင်းအမြစ် ငါးမျိုးလုံးကို ရှာတွေ့ပြီးသည်နှင့် ကြီးမားသော အံ့အားသင့်ဖွယ်တစ်ခုကို သူ့ကို စောင့်ကြိုနေလိမ့်မည်ဟု ပြောခဲ့၏။ လက်ရှိတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အိပ်မောကျနေသည်။ သူ့တွင် ဝိညာဉ်စွမ်းအားများစွာ မကျန်တော့ပေ။ ထို့ကြောင့် ကျန်းရီ သူ့ကို မနှိုးလိုပါ။ ကိုယ်တိုင်သာ အားပေးနှစ်သိမ့်ရပေမည်။
ထျန်းဖုန့်ဧကရာဇ်က အသံမပို့လွှတ်လာပေ။ ယင်းမှာ လမ်းခရီးက အလွန်ဘေးကင်းနေသည်ဆိုသော အဓိပ္ပာယ်ပင်။ ကျန်းရီ ပျင်း၍ သေတော့ပေမည်။ သူ ဆန်းကြယ်နယ်မြေထဲတွင်သာ အနှစ်သာရကို ဆက်လေ့လာနေရပေမည်။ ဤဆန်းကြယ်နယ်မြေထဲတွင် သူ့ကို ဉာဏ်ကွန့်မြူးစေနိုင်သော နေရာများစွာ ရှိသည်။ ထို့ကြောင့် ပုံမှန်ဆိုလျှင် သူ အနှစ်သာရကို အလွယ်တကူ သိမြင်နားလည်သွားနိုင်သင့်သည်။
ကျန်းရီသည် မလှမ်းမကမ်းရှိ သဲနွံတစ်ခုဆီသို့ ပျံသန်းသွားလိုက်၏။ ထိုနေရာတွင် သဲရှင်များစွာ ရှိသည်။ ၎င်းတို့က ဖြည်းဖြည်းချင်း ရွေ့လျားကာ ဝဲကတော့တစ်ခုကို ဖန်တီးနေသည်။ အကယ်၍ သာမန်လူများက ၎င်းထဲ ဝင်သွားလျှင် သဲရှင်များ၏ စုပ်ယူမှုကို ခံရပေလိမ့်မည်။
ကျန်းရီသည် ထိုသဲနွံထဲတွင် ကောင်းကင်အရှိန်အဝါ ခပ်ရေးရေးကို ခံစားနေရသည်။ ယခုတွင် သူ လုပ်စရာမရှိ၍ အနှစ်သာရတစ်ခုကို သိမြင်နားလည်အောင် လုပ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သူ့ကို ကာကွယ်ရန် အခြား အနှစ်သာရတစ်ခု ရှိနေခြင်းက အမြဲကောင်းပေသည်။ သူ လျှပ်စီးအနှစ်သာရကိုသာ လုံးဝမှီခိုနေ၍ မဖြစ်ချေ။
ကျန်းရီသည် သဲနွံအရှေ့တွင် ရပ်၍ ၎င်းကို တစ်ခဏမျှ ငေးကြည့်နေလိုက်၏။ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံနှင့် မျက်ဝန်းများ ရီဝေလာ၏။ ထို့နောက် သူ မျက်လုံးမှိတ်ကာ အရှေ့သို့ လျှောက်သွားလိုက်သည်။
ခြေတစ်လှမ်း၊ နှစ်လှမ်း... ဆယ်လှမ်း...
ကျန်းရီသည် သဲနွံထဲ ဝင်သွား၏။ သူ့ခန္ဓာကိုယ်က သဲရှင်များထဲ ဖြည်းဖြည်းချင်း နစ်ဝင်သွားသည်။ နောက်ဆုံးတွင် သူ့ကို သဲရှင်များက လုံးဝဖုံးသွားပြီး သူ ဆန်းကြယ်နယ်မြေထဲမှ ပျောက်ကွယ်သွားလေသည်။
ထိုအခိုက်တွင် ကျန်ဝူရွှမ်း နိုးထလာ၏။ ကျန်းရီက သဲနွံထဲ နစ်သွားသည်ကို သူ မြင်လိုက်ရသည်။ သို့သော် သူ လုံးဝမစိုးရိမ်ပါ။ ကျန်းရီထံတွင် ကောင်းကင်ရတနာရှိသည်။ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးကို ထိန်းချုပ်နိုင်သည် ဤနေရာရှိ မည်သည့်အန္တရာယ်ကမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပါ။
သဲနွံက ကျန်းရီကို ထိခို်ကအောင် မလုပ်နိုင်ပေ။ သူက သဲရှင်များ ဖုံးနေသော်လည်း မည်သို့မှ မဖြစ်ပါ။ သူ ထိုထဲတွင် အေးအေးချမ်းချမ်းနေ၍ သဲနွံထဲရှိ အနှစ်သာရကို လျင်မြန်စွာ လေ့လာနေလေသည်။
သို့သော်...
သုံးရက်ကြာပြီးနောက် ကျန်းရီ နှောင့်ယှက်ခံလိုက်ရ၏။ ထျန်းဖုန့်ဧကရာဇ်က အသံပို့လွှတ်လာသည်။ ကောင်းကင်ဘုံခုံရုံးသည် တမလွန်ဘုံမျိုးနွယ်စစ်တပ်၏ ဝန်းရံမှုကို ခံထားရ၏။ တပ်စုတစ်စုက ကောင်းကင်ဘုံခုံရုံးကို တိုက်ခိုက်နေပေသည်။
ကျန်းရီသည် အပြင်သို့ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်၏။ အပြင်မှ အခြေအနေကို သူ အလွယ်တကူ သိလိုက်ရသည်။ အပြင်တွင် အမှန်ပင် တမလွန်ဘုံမျိုးနွယ်စစ်တပ်တစ်တပ် ရှိနေသည်။ သို့သော် တပ်သားအရေအတွက်မှာ သိပ်မများပါ။ အင်အားတစ်သိန်းလောက်သာ ရှိသည်။ စစ်တပ်ကို ဦးဆောင်လာသူများမှာ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး ဒါဇင်ကျော်ဖြစ်သည်။ တမလွန်ဘုံဘုရင်တစ်ပါးပင် မပါပေ။ သူတို့က အဖိုးတန်သတ္တုအချို့ကို သယ်ယူပို့ဆောင်နေခြင်းဖြစ်ရမည်ဟု ကျန်းရီ ခန့်မှန်းလိုက်ပေသည်။
ကျန်းရီသည် ထိုအဆင့်တိုက်ပွဲတွင် ဝင်မပါလိုချေ။ သူ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ့လက်ထဲရှိ ကောင်းကင်ရတနာက လင်းလက်လာ၏။ သူ သဲနွံထဲမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံခုံရုံး၏ အတွင်းခန်းမထဲတွင် ပြန်ထွက်ပေါ်လာသည်။
ရွှီး...
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံခုံရုံးက တောက်ပစွာ လင်းလက်လာ၏။ ကောင်းကင်ဘုံခုံရုံးမှနေ၍ မရေမတွက်နိုင်သော နွယ်အိုများ ထွက်သွားပြီး တမလွန်ဘုံမျိုးနွယ်ဝင်များကို ရစ်ပတ်လိုက်ကြသည်။
နွယ်အိုများမှာ အလွန်မြန်ပြီး ထို တမလွန်ဘုံမျိုးနွယ်ဝင် တစ်သိန်းလောက်မှာ သိပ်၍ မသန်မာကြပေ။ နွယ်အိုများ ရစ်ပတ်ခံရပြီးနောက် ၎င်းတို့ လွတ်အောင် မရုန်းနိုင်တော့ဘဲ ကောင်းကင်ဘုံခုံရုံးထဲ ဆွဲယူခံရလေသည်။
နွယ်အိုများက အများအပြားရှိနေ၏။ အမွေးတိုင်တစ်တိုင်စာ အတွင်းမှာပင် တမလွန်ဘုံမျိုးနွယ်ဝင် တစ်သိန်းလောက်သည် ကောင်းကင်ဘုံခုံရုံးထဲ ဆွဲယူခံလိုက်ရပေသည်။
“ပြန်ဆုတ်ကြ...”
နောက်ဆုံးတွင် မည်းနက်သော ခန္ဓာကိုယ်ရှိသည့် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး တစ်ယောက်သည် သူတို့ အစွမ်းအစရှိသူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိလိုက်၏။ သူတို့ ‘ဤသရဲမြို့ကြီး’ကို တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ၎င်းက လုံးဝ ထိခိုက်မသွားသေးပေ။ သူတို့၏ စွမ်းအားနှင့် ထိုမြို့ထဲ ဖောက်ဝင်နိုင်မည် မဟုတ်ပါ။
ထို အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး သဘောပေါက်သွားသည့်အချိန်မှာ အလွန်နောက်ကျသွားပေပြီ။ ကောင်းကင်ဘုံခုံရုံးက စတင်လှုပ်ရှားလသည်။ ၎င်းသည် အလင်းတန်းတစ်တန်းအလား ထွက်ပြေးသွားသော တမလွန်ဘုံမျိုးနွယ်ဝင်များကို လိုက်ဖမ်းလေသည်။ နွယ်အိုများ ထွက်လာပြီး တမလွန်ဘုံမျိုးနွယ်ဝင်များကို ရစ်ပတ်သွားသည်။ ရုတ်ခြည်းအတွင်းမှာပင် ၎င်းတို့ ကောင်းကင်ဘုံခုံရုံးထဲ ဆွဲယူခံလိုက်ရပေသည်။
ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် တမလွန်ဘုံမျိုးနွယ်ဝင်များ လုံးဝ ထွက်မပြေးနိုင်ကြပေ။ နှစ်နာရီအတွင်းမှာပင် တမလွန်ဘုံမျိုးနွယ် တစ်သိန်းလုံးကို ဆွဲယူသွင်းပြီးသွားသည်။
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ကီလိုမီတာငါးသန်း လှည့်ပတ်ပျံသန်းခဲ့၏။ တမလွန်ဘုံမျိုးနွယ်ဝင်များ မရှိတော့ကြောင်း အတည်ပြုပြီးမှ သူ ထျန်းဖုန့်ဧကရာဇ်ကို ပြောလိုက်သည်။
“ကျွန်တော် တမလွန်ဘုံမျိုးနွယ်ဝင်တွေ အကုန်လုံးကို ဒုတိယထပ်ထဲ ထည့်လိုက်ပြီ။ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတွေ အကုန်လုံးကို သွားဖမ်းလိုက်ပါ။ ပြီးရင် သူတို့ရဲ့ စိတ်ဝိညာဉ်ထဲကို ရှာဖွေပြီး ရန်သူအကြောင်း သိရအောင် လုပ်ပါ။ တမလွန်ဘုံမျိုးနွယ်ဝင်တွေက မိုးမြေအရင်းအမြစ်တွေအကြောင်း ဘာသိထားလဲလည်း စုံစမ်းလိုက်ပါ”
“ဟုတ်ကဲ့ပါ”
ကောင်းကင်ဘုံခုံရုံး၏ ဒုတိယအထပ်မှာ အကန့်အသတ်မဲ့သော သဲကန္တာရတစ်ခု ဖြစ်သည်။ ထို တမလွန်ဘုံမျိုးနွယ် တစ်သိန်းက ထိုကန္တာရထဲတွင် သေသည်အထိ ပိတ်မိနေပေလိမ့်မည်။
ကျန်းရီသည် အစီအရင်များကို ထိန်းချုပ်၍ ထျန်းဖုန့်ဧကရာဇ်ကို ဒုတိယထပ်ဆီ တည်နေရာပြောင်းရွှေ့ပေးလိုက်၏။ ထို့နောက် သူ တစ်ခဏမျှတွေးတောကာ ဆန်းကြယ်နယ်မြေဆီ ပြန်သွားလိုက်သည်။ ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် လက်ခုပ်တီးကာ ပြောလိုက်လေသည်။
“အားလုံးပဲ ကျင့်ကြံတာ ရပ်လိုက်ကြပါတော့”
လူအချို့သည် ကျင့်ကြံခြင်းတွင် စိတ်နစ်မနေသဖြင့် ချက်ချင်း နိုးထလာကြပြီး ကျန်းရီထံ ပျံသန်းသွားလိုက်ကြသည်။ ကျန်ဝူရွှမ်း၊ ယွင်ဖေး၊ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်း၊ စစ်ထူရီနျန်၊ ကျန်းရှောင်နူနှင့် အခြားသူများအားလုံး စုဝေးကာ မေးလိုက်ကြသည်။
“ဘာဖြစ်လို့လဲ”
“ကျွန်တော် တမလွန်ဘုံမျိုးနွယ်ဝင် နည်းနည်း ဖမ်းမိထားတယ်”
ကျန်းရီသည် လူအုပ်ကို ဝေ့ဝဲကြည့်ကာ ပြောလိုက်၏။
“အားလုံး ဒီထဲမှာ ကျင့်ကြံနေကြတာ ကြာပြီ။ အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေလည်း မြန်မြန် တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်က တိုက်ခိုက်စွမ်းအားကို ကိုယ်စားမပြုဘူး။ ကောင်းကင်ဘုံခုံရုံးရဲ့ ဒုတိယအထပ်မှာ တမလွန်ဘုံမျိုးနွယ်ဝင် တစ်သိန်းရှိတယ်။ သူတို့အကုန်လုံး ပြန့်ကျဲနေကြတယ်။ အားလုံးပဲ သူတို့ကို သွားတိုက်ခိုက်ကြည့်လိုက်ကြပါ”
“ကောင်းပြီ”
ကျန်ဝူရွှမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့ နှစ်ယောက်စလုံးက တိုက်ပွဲရူးများဖြစ်ကြသည်။ သူတို့သည် တက်လှမ်းလာခဲ့ပြီးနောက် ကျင့်ကြံ၍သာ နေခဲ့ပြီး တိုက်ပွဲများထဲတွင် ဝင်မနွှဲရသေးပေ။ ယခု သူတို့တွင် တိုက်ခိုက်ရန် အခွင့်အရေ ရလာပြီဖြစ်ရာ အားလုံး လက်ဝါးပွတ်ကာ စိတ်လှုပ်ရှားလာကြလေသည်။
“ဒီကျောက်စိမ်းအဆောင်တွေကို ယူသွားကြပါ”
ကျန်းရီသည် အယောက်တိုင်းကို ကျောက်စိမ်းအဆောင်တစ်ခုစီ ပေးလိုက်၏။ ထို့နောက် သူ အလေးအနက် ပြောလိုက်သည်။
“အခုတစ်ခေါက်က လေ့ကျင့်တာ မဟုတ်ဘူး။ အဲ့ဒါက သေရေးရှင်ရေး တိုက်ပွဲပဲ။ အားလုံး သေတာရှင်တာကို ကျွန်တော် ဂရုစိုက်မှာ မဟုတ်ဘူး။ တကယ်လို့ အသက်အန္တရာယ်ကြုံလာရင် ဒီကျောက်စိမ်းအဆောင်တွေကို ချိုးလိုက်ကြပါ။ အဲ့လိုဆို ချက်ချင်း တည်နေရာပြောင်းရွှေ့သွားလိမ့်မယ်။ အန္တရာယ်ကြုံလာရင် ကျောက်စိမ်းအဆောင်ကို သုံးကြပါ...”
“ဒီကအားလုံးက ကျွန်တော့်ရဲ့ ညီနောင်တွေ၊ မောင်နှမတွေပဲ။ အားလုံး တစ်ခုခု ဖြစ်သွားမှာကို ကျွန်တော် မလိုလားဘူး။ ဒါပေမဲ့ အားလုံးကို ဖန်လှောင်အိမ်ထဲက ပန်းကလေးတွေ ဖြစ်လာမှာလည်း မလိုချင်ဘူး။ ကိုယ်ရဲ့ တိုက်ပွဲအတွေ့အကြုံကို တိုးလာအောင် မလုပ်နိုင်ရင် ဘယ်တော့မှ စွမ်းအားကြီးသိုင်းသမား ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက် သေသွားရင် ကျွန်တော် အဲ့တစ်ယောက်ကို မြေပဲမြှုပ်ပေးလိုက်မယ်”
ကျန်းရီ၏ စကားလုံးတိုင်းက အလွန်နှလုံးသားကင်းမဲ့သည်ဟု ထင်ရ၏။ သို့သော် အားလုံးသည် ကျန်းရီက သူတို့ကောင်းရန်အတွက် ပြောနေခြင်းဖြစ်ကြောင်း သိကြသည်။ သူတို့၏ မျက်နှာထားများက ပေါ့ပါးမနေကြတော့ပေ။ သူတို့သည် ဤကိစ္စကို လေ့ကျင့်ခြင်းဟု သဘောမထားကြတော့ဘဲ သေရေးရှင်ရေး တိုက်ပွဲဟု သဘောထားလာကြပေပြီ။
ကျန်းရီသည် အားလုံးက အဆင်သင့်ဖြစ်လာသည်ကို မြင်သောအခါ သူတို့ကို တည်နေရာပြောင်းရွှေ့ပေးလိုက်၏။ ထို့နောက် ချီချင်ချန်က အဝေးမှ ပျံသန်းလာကာ မေးလိုက်သည်။
“ကျန်းရီ... သူတို့ တစ်ခုခု ဖြစ်သွားမှာကို ရှင် မစိုးရိမ်ဘူးလား”
“ကျွန်တော် ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မှာလဲ”
ကျန်းရီ ခပ်ရေးရေးပြုံးကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် သူတို့ကို စောင့်ကြည့်နေမှာပါ။ ဒါပေမဲ့ ကျွန်တော် စောင့်ကြည့်နေတယ်ဆိုတာကို သူတို့ကို အသိခံလို့ မဖြစ်ဘူး။ မဟုတ်ရင် သူတို့က အစွမ်းကုန် ထုတ်သုံးကြမှာ မဟုတ်ဘူး။ အဲ့လိုဆို သူတို့ရဲ့ အလားအလာက အကုန်ထွက်လာမှာ မဟုတ်ဘူး”
“အင်း... ရှင်လုပ်တာ မှန်ပါတယ်”
ချီချင်ချန် ခေါင်းညိတ်လိုက်သည်။ သူမသည် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာရန် လိုအပ်သော အရာကို ကောင်းစွာ သိပေသည်။ အတိတ်တွင် ဆောင်းဥတုအရှင်က သူမကို ဆန်းကြယ်နယ်မြေများထဲ နှလုံးသားမဲ့စွာ ပစ်ထည့်ခဲ့သည်။ သူမ အကြိမ်များစွာ သေမလိုဖြစ်ခဲ့သည်။ ထိုစဉ်က သူမ ဆောင်းဥတုအရှင်ကို ရင်ထဲမှ မုန်းမိခဲ့သည်။ ယခုတွင်မူ ဆောင်းဥတုအရှင်၏ ရည်ရွယ်ရင်းကို သူမ နားလည်သွားပေပြီ။
“စစ်သူကြီးချင်ချန် ဆက်ကျင့်ကြံနေလိုက်ပါ။ ကျွန်တော် ထျန်းဖုန့်ဧကရာဇ်က ဘာသိထားပြီးလဲဆိုတာ သွားကြည့်လိုက်ဦးမယ်”
ကျန်းရီသည် ချီချင်ချန်၏ လက်မောင်းကို ပုတ်လိုက်၏။ ချီချင်ချန် မသိမသာ ပြုံးလိုက်ပြီး ပြန်သွားကျင့်ကြံလိုက်သည်။ ကျန်းရီလည်း အတွင်းခန်းမသို့ ပြန်သွားသည်။ သူသည် အစီအရင်များကို အသုံးပြု၍ ဒုတိယထပ်မှ အခြေအနေကို စူးစမ်းနေရင်း ထျန်းဖုန့်ဧကရာဇ်၏ ဝိညာဉ်ရှာခြင်း ပြီးသွားမည်ကို စောင့်နေလိုက်သည်။
ကျန်းရီသည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို ဒုတိယထပ်ရှိ နေရာတစ်နေရာသို့ ပို့ခဲ့သည်။ ကျန်သော သာမန် တမလွန်ဘုံမျိုးနွယ်ဝင်များမှာမူ ပြန့်ကျဲနေကြသည်။ ကျန်းရှောင်နူ၊ ကျန်ဝူရွှမ်း၊ ယွင်ဖေးနှင့် အခြားသူအားလုံးက အတော်လေး သန်မာကြသည်။ သူတို့သည် ဒုတိယထပ်သို့ ရောက်သည်နှင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို ရှာကာ လိုက်သတ်ကြသည်။ ကျန်းရီသည် ယင်းကို တစ်ခဏမျှ ကြည့်ပြီးနောက် အတန်ငယ် စိတ်သက်သာရာရသွားလေသည်။
တစ်နာရီကြာပြီးနောက် ထျန်းဖုန့်ဧကရာဇ် ပြန်ရောက်လာ၏။ သူသည် ကျန်းရီကို စိတ်လည်းလှုပ်ရှား၊ စိတ်လည်းပျက်သွားစေသော သတင်းတစ်ခု သယ်လာပေသည်။ မြောက်ဘက်ရှိ ကောင်းကင်ညီတူဘုံအနီးတွင် ဆန်းကြယ်နယ်မြေ ဆယ်ခု ရှိသည်။ ထိုထဲမှ နှစ်ခုတွင် မိုးမြေအရင်းအမြစ်များ ရှိနိုင်သည်။ သို့သော် ဆန်းကြယ်နယ်မြေတစ်ခုတွင် မီးအရင်းအမြစ် ရှိကြောင်းသာ သိရပြီး ကျန်နယ်မြေအတွက်ကိုမူ မသိရသေးပေ။
***