ငါ့ကို လာမရှုပ်နဲ့
Vol. 144 Ch. 2009
“မသိရသေးဘူးဆိုတာ ဘာလဲ”
ရှိလျှင်ရှိသည်၊ မရှိလျှင် မရှိဟု ရှင်းလင်းနေသင့်သည် မဟုတ်လော။ မသိရသေးဆိုသည်မှာ အဘယ်နည်း။
ကျန်းရီက မျက်လုံးပြူးသွား၍ ထျန်းဖုန့်ဧကရာဇ်က ရှင်းပြလိုက်သည်။
“ဘယ်သူမှ အဲ့ဆန်းကြယ်နယ်မြေထဲ မဝင်ရဲကြပါဘူး။ တစ်ခါတုန်းက အဆင့်မြင့် တမလွန်ဘုံဘုရင်တစ်ပါးက အဲ့နယ်မြေကို သွားစုံစမ်းခဲ့ပါတယ်။ သူ ပြန်ထွက်လာပြီးတော့ တမလွန်ဘုံမျိုးနွယ်ဝင်တွေ အကုန်လုံးကို အဲ့နယ်မြေထဲ မဝင်ရဘူးလို့ တားမြစ်ခဲ့တယ်။ အဲ့ဒါကြောင့် အခု တမလွန်ဘုံစစ်သူကြီးတွေက အဲ့ဆန်းကြယ်နယ်မြေထဲမှာ ဘာမိုးမြေအရင်းအမြစ် ရှိလဲဆိုတာ မသိကြဘူး။ အဲ့ထဲမှာ မီးအရင်းအမြစ်ပဲ ရှိလိမ့်မယ်လို့တော့ သူတို့ ခန့်မှန်းကြတယ်”
“ကောင်းကင်ညီတူဘုံ...”
ကျန်းရီ ခေါင်းညိတ်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“အဲ့လိုဆိုလည်း ကောင်းကင်ညီတူဘုံကို သွားကြတာပေါ့။ ကျွန်တော် ဆက်ကျင့်ကြံလိုက်ဦးမယ်။ ခင်ဗျား ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ပြီး ဆက်ပျံသန်းသွားလိုက်ပါ။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကျွန်တော့်ဆီ အသံပို့လွှတ်လိုက်ပါ”
ကျန်းရီသည် ဆန်းကြယ်နယ်မြေသို့ ပြန်သွား၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်၏။ သူ ဒုတိယထပ်မှ အခြေအနေကို စောင့်ကြည့်ရင်း သဲနွံထဲမှ အနှစ်သာရကို ဆက်လေ့လိုက်လေသည်။
ဒုတိယထပ်တွင် ကျန်းရှောင်နူနှင့် အခြားသူများ အဆင်ပြေနေကြသည်။ သူတို့သည် တစ်ခဏမျှ တုန်လှုပ်ပြီးသည်နှင့် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်လုပ်ကာ အတူ တိုက်ခိုက်၊ ဆုတ်ခွာ လုပ်လာကြသည်။ အားလုံး၏ ကျင့်ကြံခြင်းအဆင့်မှာ မဆိုးပါ။ သူတို့အားလုံးက နတ်ဘုရားဧကရာဇ်များ၊ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ ဖြစ်ကြသည်။ ထို့ကြောင့် အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များကို ကိုင်တွယ်ရန်မှာ သူတို့အတွက် လွယ်ပေသည်။ အထူးသဖြင့် ပုံစံပြောင်းပြီးသည်နှင့် ပို၍စွမ်းအားကြီးသွားသော ကျန်းရှောင်နူအတွက် ပိုလွယ်လေသည်။
ကျန်းရီသည် တမလွန်ဘုံမျိုးနွယ်ဝင် တစ်သိန်းကို ခွဲထားသည်။ ထိုမှ ကျန်းရှောင်နူတို့ ၎င်းတို့ကို ရှင်းပစ်ရန် များစွာ စိတ်မဖိစီးရမည်ဖြစ်သည်။ အချိန်လည်း နည်းနည်း ပိုကြာပေလိမ့်မည်။ ကျန်ဝူရွှမ်း၊ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများသည် မြေဘုံမှ ထွက်လာကတည်းက မတိုက်ခိုက်ကြရသေးပါ။ သူတို့ ကျန်းရီစီရင်စုနယ်ထဲရှိ ဟွင့်သွမ့်သားရဲအချို့ကိုသာ သတ်ခဲ့ရသည်။ သူတို့ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသေးချေ။ ဤတစ်ခေါက်တွင် အချိန်အတော်ကြာမည်ဖြစ်သော်လည်း ထိုတိုက်ပွဲ ပြီးသွားသည်နှင့် အားလုံး၏ တိုက်ခိုက်စွမ်းအားက သေချာပေါက် များစွာ တိုးတက်သွားမည်ဖြစ်သည်။
ကျန်းရီ လေ့လာနေသော အနှစ်သာရမှာ မြေအနှစ်သာရပင်။ သူ ၎င်းကို သိမြင်နားလည်ရန် သုံးရက်လိုခဲ့သည်။ သို့သော် အပြည့်အဝ နားလည်ရန် အချိန်အနည်းငယ် ထပ်လိုပေသေးသည်။ အပြင်လောကတွင် ဆိုလျှင် အနည်းဆုံး လအနည်းငယ်လိုမည် ဖြစ်သည်။ ဤနေရာတွင်မူ သိမြင်နားလည်နိုင်စွမ်းက အလွန်မြန်ပေသည်။ ထို့ပြင် နတ်ဘုရားသစ်ရွက်လည်း ရှိနေရာ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် ဆယ်ရက်မှ လဝက်အထိသာ လိုပေလိမ့်မည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ ထျန်းဖုန့်ဧကရာဇ်က ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ ပျံသန်းစေနေသည်။ သူ တမလွန်ဘုံမျိုးနွယ်ဝင်များကို အာရုံခံမိသည်နှင့် ချက်ချင်း ကွေ့ပတ်သွားခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း မည်သည့် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့်မှ မကြုံခဲ့ရပါ။ ကျန်းရီသည်လည်း ရက်အနည်းငယ် အေးအေးချမ်းချမ်း ကျင့်ကြံနိုင်ခဲ့ပေသည်။
ဒုတိယထပ်တွင် တိုက်ပွဲ ဖြစ်နေဆဲပင်။ ဒုတိယထပ်က အလွန်ကြီးသော်လည်း ကျန်းရီသည် အထဲမှ ပုံရိပ်ယောင်အစီအရင်များကို ဖယ်ရှားထားခဲ့ပြီးဖြစ်သည်။ မဟုတ်လျှင် ကျန်းရှောင်နူ၊ ကျန်ဝူရွှမ်းနှင့် အခြားသူများက ဝိုင်းကြီးပတ်ပတ်သာ ပြေးနေရပေလိမ့်မည်။
ရှစ်ရက်မြောက်နေ့...
ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းကို ထိန်းချုပ်ထားသော်လည်း ၎င်းက အလွန်မြန်နေသေး၏။ ထိုအခိုက်တွင် ကျန်းရီတို့သည် တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော နေရာအနီးသို့ ရောက်နေပေပြီ။ အနီးရှိ ဆန်းကြယ်နယ်မြေများတွင် တမလွန်ဘုံမျိုးနွယ်ဝင်များ ရှိနေကြသည်။ ဟင်းလင်းပြင်ထဲတွင်လည်း တမလွန်ဘုံမျိုးနွယ်မှ ထောက်လှမ်းရေးများက ကင်းလှည့်နေကြလေသည်။
ထျန်းဖုန့်ဧကရာဇ်က ကျန်းရီထံ အသံပို့လွှတ်၍ မည်သို့ဆက်လုပ်ရမည်ကို မေး၏။ ကောင်းကင်ဘုံခုံရုံးကို ဖွက်ထားရန်မှာ မဖြစ်နိုင်။ အနှေးနှင့်အမြန်ဆိုသလို ရှာတွေ့သွားမည်သာ။
“အတင်းတိုးဝင်မယ်”
တမလွန်ဘုံဧကရာဇ် ပေါ်မလာသေးသ၍ ပြဿနာမရှိပါ။ မင်တဲနှင့် အခြားသူများက သူတို့နောက် လိုက်လာမည်ဆိုလျှင်ပင် သူတို့ ပြန်ဆုတ်နိုင်သည်။ ကောင်းကင်ဘုံခုံရုံးထဲ အချိန်တိုအတွင်း ဖောက်မဝင်နိုင်သည် မဟုတ်ပါလော။
ကျန်းရီ၏ အမိန့်နှင့် ထျန်းဖုန့်ဧကရာဇ်၏ ယုံကြည်မှုက များစွာ တိုးသွား၏။ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ အနောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားစေလိုက်သည်။ လမ်းတွင် တမလွန်ဘုံမျိုးနွယ်မှ ထောက်လှမ်းရေးများနှင့် ဆုံလျှင်လည်း ၎င်းတို့ကို ကောင်းကင်ဘုံခုံရုံးနှင့် ဝင်တိုး၍သာ သတ်ပစ်လိုက်ပေသည်။
ထျန်းဖုန့်ဧကရာဇ်သည် တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ထားသော ဆန်းကြယ်နယ်မြေများသို့ မသွားပေ။ တတ်နိုင်သမျှလည်း တမလွန်ဘုံမျိုးနွယ်ဝင်များကို ကွေ့ပတ်ရှောင်သွားသည်။ ငါးရောက်၊ ခြောက်ရက်မျှ သွားပြီးနောက် သူတို့ တမလွန်ဘုံမျိုးနွယ်စစ်တပ်နှင့် ဆုံရလေသည်။
ထိုစစ်တပ်က စစ်တပ်ကြီးတစ်တပ်ပင်။ ထိုတပ်က ယခင်မှာ သယ်ယူပို့ဆောင်ရေးတပ်ကဲ့သို့ မဟုတ်ချေ။ အင်အားတစ်သန်းစစ်တပ်ကြီးသည် တမလွန်ဘုံမှ ရောက်လာခြင်းဖြစ်ပြီး ခေါင်းဆောင်များမှာ တမလွန်ဘုံဘုရင်သုံးပါးပင်။ သို့သော် သူတို့က အဆင့်မြင့် တမလွန်ဘုံဘုရင်များ မဟုတ်ကြသေးပေ။
ထျန်းဖုန့်ဧကရာဇ်သည် သူ့ဘာသာ မဆုံးဖြတ်ရဲ၍ ကျန်းရီထံ အသံပို့လွှတ်လိုက်၏။
ရွှီး...
ကျန်းရီ အတွင်းခန်းမထဲတွင် ထွက်ပေါ်လာပြီး ကောင်းကင်စိတ်အာရုံသုံး၍ အပြင်ကို အာရုံခံလိုက်၏။ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကြည့်ရတာ ကျွန်တော်တို့ရဲ့ တည်နေရာက ပေါ်သွားသလိုပဲ။ ဒီတမလွန်ဘုံမျိုးနွယ်စစ်တပ်က ကောင်းကင်ညီတူဘုံကလာခဲ့တာ ထင်တယ်။ ကျွန်တော်တို့ ကောင်းကင်ညီတူဘုံနဲ့ ဘယ်လောက်ဝေးသေးလဲ”
“နှစ်ရက်၊ သုံးရက်ခရီးလောက်ပါပဲ”
ထျန်းဖုန့်ဧကရာဇ်က ခန့်မှန်းတွက်ချက်၍ ပြန်ပြောလိုက်၏။
“သခင်လေး... ကျုပ်တို့ ဒီအင်အားတစ်သန်းစစ်တပ်ကို ဘယ်လိုလုပ်ကြမလဲ။ ကျုပ် အပြင်ကိုထွက်ပြီး ခေါင်းဆောင် တမလွန်ဘုံဘုရင်တွေကို သတ်ပြီးတော့ သူတို့ကို ခြောက်လွှတ်လိုက်ရမလား”
“သူတို့ကို ခြောက်လွှတ်မှာလား။ ကျွန်တော် ခင်ဗျားကို ဝင်ပါခိုင်းစရာ လိုမှာတဲ့လား”
ကျန်းရီ ခပ်ရေးရေး ပြုံးလိုက်ပြီး ကောင်းကင်ဘုံခုံရုံးအထက်တွင် ဝိညာဉ်ပုံရိပ်တစ်ခု ဖန်တီးလိုက်၏။ ထို့နောက် ပတ်ပတ်လည်ရှိ တမလွန်ဘုံမျိုးနွယ်စစ်တပ်ကို ကြည့်ကာ အော်ပြောလိုက်သည်။
“ကျွန်တော်က ကျန်းရီပဲ။ ခင်ဗျားတို့ မသေချင်ရင် ထွက်သွားကြ”
“ကျန်းရီလား.. မီးမိစ္ဆာကျန်းရီလား”
စစ်တပ်ကို ဦးဆောင်လာသော တမလွန်ဘုံဘုရင် သုံးပါးမှာ တော်ဝင်မိသားစုမှ ဖြစ်ကြသည်။ သူတို့သည် ကျန်းရီကို ယခင်က မမြင်ဖူးကြသော်လည်း မျက်မှောင်ကြုတ်သွားကြသည်။ ကျန်းရီ၏အမည်က တမလွန်ဘုံတစ်ခွင်လုံး၊ မြို့တိုင်း၊ ဘုံတိုင်းတွင် ပျံ့နှံ့နေသည်။
အစတွင် တမလွန်ဘုံဘုရင် သုံးပါးသည် တိုက်ခိုက်ရန် အမိန့်ပေးလိုခဲ့၏။ ထိုအခိုက်တွင်မူ သူတို့ ချီတုံချတုံ ဖြစ်သွားကြသည်။ သို့သော် သူတို့ ပြန်လည်း မဆုတ်လိုကြပေ။ ကျန်းရီသည် တစ်ခဏမျှ စောင့်နေပြီးနောက် ဒေါသထွက်လာ၏။ သူ့ဝိညာဉ်ပုံရိပ် ပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံခုံရုံးက သက်တံအလင်းတန်းတစ်တန်းအလား တမလွန်ဘုံဘုရင်သုံးပါးဆီသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။
“တိုက်ကြ...”
တမလွန်ဘုံဘုရင် သုံးပါးသည် အံကြိတ်ကာ အော်ပြောလိုက်ကြ၏။ အင်အားတစ်သန်းစစ်တပ်သည် အတူလှုပ်ရှားကာ တိုက်ခိုက်မှုအမျိုးမျိုးနှင့် ဆန်းကြယ်စွမ်းရည်အမျိုးမျိုးကို ပစ်လွှတ်လိုက်ကြသည်။ ဟင်းလင်းပြင်ထဲတွင် တမလွန်ဘုံအရှိန်အဝါများ ပြည့်နှက်သွားပြီး တိုက်ခိုက်မှုများက ကောင်းကင်ဘုံခုံရုံးဆီသို့ ဦးတည်ပျံသန်းသွားကြလေသည်။
သို့သော် ကောင်းကင်ဘုံခုံရုံး၏ ခုခံနိုင်စွမ်းက အလွန်အားကောင်း၏။ အင်အားတစ်သန်းစစ်တပ်၏ တိုက်ခိုက်မှုများက ကောင်းကင်ဘုံခုံရုံးကို ထိမှန်သွားသော်လည်း ကောင်းကင်ဘုံခုံရုံးသည် အတန်ငယ်သာ တုန်ခါသွားသည်။ ကျောက်တုံးလေးတစ်တုံးက ရေကန်ကို မှန်သွားသကဲ့သို့ ဂယက်များစွာ မဖြစ်စေခဲ့ပေ။
ဝှစ်...
ကောင်းကင်ဘုံခုံရုံးက အဆက်မပြတ် လင်းလက်ကာ တမလွန်ဘုံဘုရင်သုံးပါး အရှေ့တွင် ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော နွယ်အိုများ ထွက်ပေါ်လာပြီး ထိုသုံးယောက်ထံ ရွေ့လျားသွားကာ သူတို့ကို ရစ်ပတ်လိုက်ကြသည်။
တမလွန်ဘုံဘုရင်သုံးပါးသည် လျင်မြန်စွာ တုံ့ပြန်၍ လက်နက်များထုတ်ကာ တိုက်ခိုက်လိုက်ကြ၏။ သူတို့သည် နောက်ဆုတ်ရင်း နွယ်အိုများကို တိုက်ခိုက်နေကြပေသည်။ သို့သော် ပြဿနာမှာ သူတို့ မည်သည့်နေရာသို့ ပြန်ဆုတ်နိုင်မည်နည်း။
တမလွန်ဘုံဘုရင်သုံးပါး၏ အမြန်နှုန်းက ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းထက် များစွာပိုနှေး၏။ သူတို့ လွင့်ပျံထွက်သွားကြသည်။ သူတို့ အရှိန်မသတ်နိုင်သေးခင်မှာပင် ကောင်းကင်ဘုံခုံရုံးက ထပ်ရောက်လာသည်။ နွယ်အိုများကလည်း သူတို့ကို ထပ်မံ ရစ်ပင်လိုက်ကြသည်။
ထိုအချိန်တွင် သက်တံရောင်နွယ်အိုတစ်ချောင်းက တမလွန်ဘုံဘုရင်တစ်ပါးကို ရစ်ပတ်လိုက်၏။ ထို တမလွန်ဘုံဘုရင်၏ အသက်စွမ်းအားမှာ မျက်လုံးဖြင့် မြင်သာသောနှုန်းနှင့် စုပ်ယူခံလိုက်ရလေသည်။
“ဘာ... အဲ့ဒါက ဘာလဲ”
ထို တမလွန်ဘုံဘုရင်သည် အလွန်ကြောက်ရွံ့သွားသဖြင့် အော်လိုက်၏။ သူ့အသက်စွမ်းအားက လျင်မြန်စွာ ကုန်ဆုံးနေသည်ကို မြင်လိုက်သောအခါ သူ လက်ထဲမှ ဓားကို မြှောက်ကာ သက်တံရောင်နွယ်အိုကို ခုတ်ချလိုက်သည်။ သို့သော် သက်တံရောင်နွယ်အိုက အလွန်မာ၏။ သူ ၎င်းကို လုံးဝ မခုတ်ဖြတ်နိုင်ချေ။ အခြားနွယ်အိုများကလည်း သူ့ကို ဖက်ထုပ်တစ်ထုပ်လို ရစ်ပတ်လိုက်ကြသည်။ သူ မလှုပ်နိုင်တော့ပေ။
ရွှီး...
ထိုတမလွန်ဘုံဘုရင်၏ အသက်စွမ်းအား ကုန်ခမ်းလာ၏။ သူ မခုခံနိုင်တော့သဖြင့် ကျန်းရီက သူ့ကို ကောင်းကင်ဘုံခုံရုံးထဲ အတင်းဆွဲသွင်းလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံခုံရုံးသည် ကျန်သော တမလွန်ဘုံဘုရင်နှစ်ပါးနောက်သို့ ဆက်လိုက်လေသည်။
“ပြန်ဆုတ်... မြန်မြန်ပြန်ဆုတ်ကြ...”
တမလွန်ဘုံဘုရင်နှစ်ပါး ကြောက်ရွံ့သွား၏။ ကျန်းရီက လူလုံးထွက်မပြဘဲနှင့်ပင် သူတို့ထဲမှ တစ်ယောက်ကို ဖမ်းဆွဲသွားနိုင်သည်။ အင်အားတစ်သန်းစစ်တပ်သည် အချီအနည်းငယ် တိုက်ခိုက်လိုက်သော်လည်း ကောင်းကင်ဘုံခုံရုံးက ပေါက်သွားမည့်လက္ခဏာ မပြသဖြင့် ဆက်မတိုက်ခိုက်ရဲကြတော့ပေ။
ဝှစ်...
ကျန်းရီ လက်လျှော့ရန် ဆန္ဒမရှိပါ။ သူ ကောင်းကင်ဘုံခုံရုံးကို ဆက်ထိန်းချုပ်၍ တမလွန်ဘုံဘုရင်နှစ်ပါးကို ကီလိုမီတာသုံးဆယ်အဝေးသို့ လွင့်ပျံသွားအောင် လုပ်လိုက်၏။ ထို့နောက် အသက်နွယ်နှင့် နွယ်အိုများကို သုံးကာ တမလွန်ဘုံဘုရင်တစ်ပါးကို ရစ်ပတ်လိုက်သည်။ ပြီးလျှင် သူ၏ အသက်စွမ်းအားကို စုပ်ယူ၍ သူ့ကို ကောင်းကင်ဘုံခုံရုံးထဲ တိုက်ရိုက်ဆွဲသွင်းလိုက်လေသည်။
နောက်ဆုံးကျန်သည့် တမလွန်ဘုံဘုရင်က သွေးရူးသွေးတန်းနှင့် ထွက်ပြေး၏။ ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ သူ့အရှေ့သို့ အလွယ်တကူ ရောက်သွားသည်။ သို့သော် ကျန်းရီ သူ့ကို မဖမ်းဘဲ အသံပို့လွှတ်လိုက်သည်။
“ကျွန်တော့်ကို ကူညီပြီး မင်တဲဆီ သတင်းပို့ပေး၊ ကျွန်တော် ဒီတစ်ခေါက် ဒီကိုလာတာ မိုးမြေအရင်းအမြစ်တွေ ရှာဖို့ပဲ။ ဘယ်ဘုံကိုမှ တိုက်ခိုက်မှာ မဟုတ်ဘူး။ သူ့ကို ကျွန်တော့်ကိုလာပြီး ပြဿနာမရှာဖို့ ပြောလိုက်ပါ။ မဟုတ်လို့ကတော့ ကျွန်တော် တမလွန်ဘုံကို မြေလှန်ပစ်မယ်။ ကဲ... ထွက်သွားတော့”
ကျန်သည့် တမလွန်ဘုံဘုရင်သည် သေမိန့်မှ လွတ်သွားသူတစ်ယောက်နှင့် တူသွား၏။ သူ အင်အားတစ်သန်းစစ်တပ်ကို ဦးဆောင်ကာ အသည်းအသန် ထွက်ပြေးလေတော့သည်။
ကောင်းကင်ဘုံခုံရုံးထဲတွင် ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
“အဲ့ တမလွန်ဘုံဘုရင်နှစ်ပါးရဲ့ ဝိညာဉ်တွေကို ရှာလိုက်ပါ။ ရန်သူအကြောင်းကို ထပ်စုံစမ်းပြီး ဆန်းကြယ်နယ်မြေနှစ်ခုအကြောင်းကို အတည်ပြုလိုက်ပါ”
“သခင်လေး...”
ထျန်းဖုန့်ဧကရာဇ်သည် ချက်ချင်း အမိန့်မနာခံလိုက်ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“သခင်လေးက သခင်လေးဘယ်သူဆိုတာကို ဖော်လိုက်တာ တမလွန်ဘုံဧကရာဇ်က သခင်လေးကို ပြဿနာလာရှာမှာ မစိုးရိမ်ဘူးလား”
“ဟင်းဟင်း...”
ကျန်းရီသည် တမလွန်ဘုံဧကရာဇ်က လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားနိုင်သည်ဟု ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောခဲ့ကြောင်း ရှင်းပြမနေတော့ပေ။ သူ ပြုံး၍ ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော် သတင်းပေးချင်တာကလည်း တမလွန်ဘုံဧကရာဇ်ကိုပဲ၊ မင်တဲကို မဟုတ်ဘူး။ မင်တဲနဲ့ တခြားသူတွေက ကောင်းကင်ဘုံခုံရုံးထဲ ဖောက်မဝင်နိုင်ဘူး။ သူတို့ကို ဘာမှ ကြောက်နေဖို့ မရှိပါဘူး။ ကျွန်တော်က တမလွန်ဘုံဧကရာဇ်ကိုပဲ ကျွန်တော် တမလွန်ဘုံမျိုးနွယ်ရဲ့ ဘုံတွေကို တိုက်ခိုက်လိုစိတ် မရှိဘူးလို့ ပြောချင်တာ။ သူ ကျွန်တော့်ကို ပြဿနာလာမရှာအောင် တားချင်တာ”
***