← Chapters

နယ်မြေကို ရှင်းလင်းခြင်း

Vol. 144 Ch. 2010

နယ်မြေကို ရှင်းလင်းခြင်း

Vol. 144 Ch. 2010

ကျန်းရီက တမလွန်ဘုံဘုရင်နှစ်ပါးကို ဖမ်းပြီးနောက် ကျန်သော လမ်းခရီးတစ်လျှောက်က အံ့အားသင့်စရာကောင်းလောက်အောင် အေးချမ်းနေ၏။ မည်သည့် တမလွန်ဘုံမျိုးနွယ်စစ်တပ်မှ လာမတိုက်ခိုက်ပေ။ သို့သော် လမ်းတစ်လျှောက်တွင် တမလွန်ဘုံမျိုးနွယ်မှ ထောက်လှမ်းရေးများနှင့် အကြိမ်ဒါဇင်ကျော် တွေ့ရသည်။ နေရာအနှံ့တွင် ထောက်လှမ်းရေးများ ရှိနေသည်။ ကျန်းရီ၏ တည်နေရာကို တမလွန်ဘုံမျိုးနွယ်က မပြတ် ခြေရာခံနေပေသည်။

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ဂရုမစိုက်ရန် ပြောထား၏။ တမလွန်ဘုံမျိုးနွယ်စစ်တပ်က မတိုက်ခိုက်သ၍ ထောက်လှမ်းရေးများကို လျစ်လျူရှုထားနိုင်၏။ ဧရာမ ကောင်းကင်ဘုံခုံရုံးကြီးကို မဖုံးကွယ်ထားနိုင်သည် မဟုတ်ပါလား။

ကျန်းရီ ဆက်၍ ကျင့်ကြံ၏။ သဲနွံထဲမှ မြေအနှစ်သာရက အထွတ်အထိပ်အဆင့်ကို ရောက်တော့မည်ဖြစ်သည်။ ထိုအနှစ်သာရမှာ ခုခံရေးအနှစ်သာရတစ်ခုပင်။ ကျန်းရီသည် ၎င်းကို အလွန်သဘောကျပေသည်။ သူ အောင်မြင်သွားသည်နှင့် မြေဓာတ်များကို စုပ်ယူကာ သဲရှင်ဒိုင်းတစ်ခု ဖန်တီးနိုင်မည်ဖြစ်သည်။ အကယ်၍ သူ့ကောင်းကင်စွမ်းအားက များလျှင် ထိုသဲရှင်ဒိုင်း၏ ခုခံနိုင်စွမ်းက ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုနှင့် ယှဉ်နိုင်သွားပေလိမ့်မည်။

ဤအချိန်အတောအတွင်း ကျန်းရီသည် ကမ္ဘာဦးဝိညာဉ်ရတနာနှစ်ခုကိုလည်း စတင် သန့်စင်ခဲ့၏။ တစ်ခုမှာ ခုခံရေး စစ်ချပ်ဝတ်တစ်ခုဖြစ်ပြီး ကောင်းကင်တမလွန်ချပ်ဝတ်ဟု ခေါ်သည်။ အခြားတစ်ခုမှာ ကောင်းကင်တမလွန်ဓားဖြစ်သည်။ ၎င်းတို့မှာ စစ်တန်ဆာတစ်စုံပင်။

မီးနဂါးဓား မရှိတော့ပေ။ ကောင်းကင်လေပြေချပ်ဝတ်မှာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ယခုတွင် ကျန်းရီသည် မိုးမြေအရင်းအမြစ်များကို စုပ်ယူလိုနေသည်။ သူ ကောင်းကင်ဘုံခုံရုံးထဲတွင် ထာဝရနေ၍ မရပါ။ ထို့ကြောင့် တိုက်ခိုက်မှုများကို ခုခံရန် စစ်ချပ်ဝတ်တစ်ခုနှင့် လက်နက်တစ်ခုကို သန့်စင်ရမည်ဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးထဲတွင် ကမ္ဘာဦးဝိညာဉ်ရတနာ ရှစ်ခု၊ ကိုးခုနှင့် တာအိုကောင်းကင်ဝိညာဉ်ရတနာ ဒါဇင်ကျော် ရှိသည်။ ၎င်းတို့အားလုံးကို ကောင်းကင်ဧကရာဇ် အဆက်ဆက်က စုဆောင်းခဲ့ခြင်းပင်။ ကျန်းရှောင်နူနှင့် အခြားသူများက အလွန်အားနည်းနေခြင်းမှာ နှမြောစရာပင်။ ၎င်းတို့ကို သူတို့အား ပေးလိုက်လျှင် ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။

ထိုစစ်တန်ဆာကို သန့်စင်ရခြင်းမှာ အလွန်မြန်၏။ ကျန်းရီတို့ ကောင်းကင်ညီတူဘုံသို့ မရောက်သေးခင်မှာပင် ၎င်းကို သန့်စင်၍ ပြီးသွားသည်။ ကောင်းကင်ဘုံခုံရုံး၏ ဒုတိယထပ်ကိုလည်း ရှင်းလင်း၍ ပြီးတော့ပေမည်။ ကျန်းရီသည် အားလုံးကို ပြန်၍ တည်နေရာပြောင်းရွှေ့လိုက်ပြီး သူတို့ကို တစ်ခဏမျှ အနားယူစေပြီးလျှင် ဆက်ကျင့်ကြံစေလိုက်၏။

မြေအနှစ်သာရက အထွတ်အထိပ်သို့ မရောက်သေးခင်မှာပင် သူတို့ ကောင်းကင်ညီတူဘုံသို့ ရောက်သွားသည်။

ကျန်းရီ ကျင့်ကြံရာမှ ထွက်မလာသေးပေ။ သူသည် ထျန်းဖုန့်ဧကရာဇ်အား ကောင်းကင်ဘုံဧကရာဇ်ကို ထိန်းချုပ်စေ၍ ကောင်းကင်ညီတူဘုံအပြင်ဘက်တွင် ရပ်နေစေလိုက်၏။ သူတို့က ရပ်နေသဖြင့် ကောင်းကင်ညီတူဘုံအပြင်ဘက်မှ တမလွန်ဘုံထောက်လှမ်းရေးများ စိတ်လှုပ်ရှားလာကြလေသည်။

သုံးရက်ကြာပြီးနောက် ကျန်းရီ သဲနွံထဲမှ ပျံထွက်လာလိုက်၏။ သူ့ခန္ဓာကိုယ်က အဝါရောင်အလင်း တောက်ပနေသည်။ မြေအရင်းအမြစ်များက စုပ်ယူခံရပြီး သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အဝါရောင်ဒိုင်းတစ်ခု ဖန်တီးနေခြင်းပင်။

ထိုဒိုင်းက အသေမဟုတ်ဘဲ လျင်မြန်စွာ ရွေ့လျားနေသော သဲရှင်များဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်လျှင် သဲရှင်များက ရန်သူ၏ တိုက်ခိုက်မှုကို ပြန်လွှဲ၍ ရန်သူကို ထိသွားအောင် လုပ်နိုင်ပေသည်။ ယင်းမှာ မြေအနှစ်သာရ၏ အစွမ်းပင်။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ဆန်းကြယ်နယ်မြေကို အာရုံခံလိုက်၏။ သူ အတွင်းခန်းမထဲတွင် ပေါ်လာပြီး ထျန်းဖုန့်ဧကရာဇ်ကို မေးလိုက်သည်။

“အခြေအနေ...”

“အရမ်းတည်ငြိမ်နေပါတယ်”

ထျန်းဖုန့်ဧကရာဇ်က တင်ပြလိုက်သည်။

“ကျုပ်တို့ ‌ကောင်းကင်ညီတူဘုံအပြင်ဘက်မှာ ရပ်နေတာ သုံးရက်ရှိပါပြီ။ တမလွန်ဘုံမျိုးနွယ်စစ်တပ် တစ်တပ်မှ ထွက်မလာသေးပါဘူး။ အရမ်းတိတ်ဆိတ်နေပါတယ်”

“အဲ့ဒါကို မစိုးရိမ်ပါနဲ့။ အရင်ဆုံး ဆန်းကြယ်နယ်မြေကို သွားကြတာပေါ့။ မီးအရင်းအမြစ်ရှိတယ်ဆိုတဲ့ ဆန်းကြယ်နယ်မြေကို သွားကြမယ်”

ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ပျံသန်းလိုက်၏။ ကျန်းရီ တစ်ခဏမျှ တွေးတောကာ ထပ်ပြောလိုက်သည်။

“အနားက ထောက်လှမ်းရေး နည်းနည်းကို သွားရှာလိုက်ပါ။ ကျွန်တော် သူတို့ကို ဖမ်းလိုက်မယ်။ ခင်ဗျား ကောင်းကင်ညီတူဘုံကိုလည်း ရှာလိုက်ပါ။ မင်တဲတို့ ဘာတို့များ တည်နေရာပြောင်းရွှေ့လာလား ကြည့်လိုက်ကြပါ”

“ကောင်းပါပြီ”

ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ အနီးရှိ ဆန်းကြယ်နယ်မြေတစ်ခုဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။ ထိုဆန်းကြယ်နယ်မြေက အလွန်သေး၍ အပြင်ဘက်တွင် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ မရှိချေ။ ကောင်းကင်ဘုံခုံရုံးက ဆန်းကြယ်နယ်မြေထဲ တိုးဝင်လိုက်သောအခါ ဆန်းကြယ်နယ်မြေက အတန်ငယ် တုန်ခါသွားသည်။

ရွှစ်...ရွှစ်...

နွယ်အိုများ ထွက်ပေါ်လာပြီး ဆန်းကြယ်နယ်မြေအနီးတွင် ပုန်းအောင်းနေကြသော ထောက်လှမ်းရေး ဒါဇင်ကျော်သည် နွယ်ရစ်ပတ်ခံရကာ ကောင်းကင်ဘုံခုံရုံးထဲ ဆွဲယူသွင်းခံရလေသည်။ ထို့နောက် ကောင်းကင်ဘုံခုံရုံးသည် အလင်းတန်းတစ်တန်းအလား မြောက်ဘက်သို့ ပျံသန်းသွားသည်။

ဝိညာဉ်ရှာဖွေခြင်း ရလဒ်က လျင်မြန်စွာ ထွက်လာ၏။ သို့သော် အဆင့်နိမ့် ထောက်လှမ်းရေးများက အနည်းငယ်သာ သိထားကြသည်။ ကောင်းကင်ညီတူဘုံမှာမူ ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသလို ပြုမူနေကြသည်။ အားလုံး သတိကပ်ထားသည်။ အထူးသဖြင့် ကောင်းကင်ညီတူမြို့ အပြင်ဘက်တွင် တမလွန်ဘုံဘုရင်အားလုံး စုဝေးနေကြပေသည်။ မင်တဲနှင့် အခြားသူများ တည်နေရာပြောင်းရွှေ့လာ၊မလာကိုမူ ထိုအဆင့်နိမ့်ထောက်လှမ်းရေးများက မသိကြပေ။

ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် အရေးမစိုက်တော့ရန် ဆုံးဖြတ်လိုက်၏။ မီးအရင်းအမြစ်ကို စုပ်ယူရန်မှာ အလွန်မြန်သည် မဟုတ်ပါလား။ သူ ကောင်းကင်ဘုံခုံရုံးထဲလည်း အချိန်မ‌ရွေး ဝင်သွားနိုင်သည်။ တမလွန်ဘုံဧကရာဇ် ရောက်မလာသ၍ မင်တဲနှင့် အခြားသူများက သူ့ကို သတ်နိုင်မည် မဟုတ်ပါ။

နေ့တစ်ဝက်ကြာ ပျံသန်းပြီးနောက် ကျန်းရီတို့ မီးအရင်းအမြစ်ရှိသော ဆန်းကြယ်နယ်မြေသို့ ရောက်သွားသည်။ ထိုဆန်းကြယ်နယ်မြေက အတော်လေးကြီးပြီး အပြင်တွင် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များရှိသည်။ ကျန်းရီသည် ဆန်းကြယ်နယ်မြေကို အကြိမ်အနည်းငယ် လှည့်ပတ်ကာ အနီးရှိ ထောက်လှမ်းရေးအားလုံးကို သတ်ပစ်လိုက်သည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်ကို ၎င်းဆန်းကြယ်နယ်မြေ အနီးရှိ အခြား ဆန်းကြယ်နယ်မြေအသေးလေးတစ်ခုထဲ ထည့်လိုက်လေသည်။

ကျန်းရီ အပြင်ဘက်တွင် တစ်စုံတစ်ယောက်ကို အစောင့်ထားခဲ့ရပေမည်။ ယင်းအတွက် ထျန်းဖုန့်ဧကရာဇ်က အသင့်တော်ဆုံးသူပင်။ သူက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် မဟုတ်ပါလား။ သူ့ကို ရှာတွေ့သွားလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

ထျန်းဖုန့်ဧကရာဇ် အဖမ်းခံလိုက်ရလျှင်ပင် ကျန်းရီ မစိုးရိမ်ပါ။ သူ ကောင်းကင်ညီတူဘုံထဲ ဝင်၍ ထိုဘုံထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်များ၏ အသက်ကို အသုံးချ၍ မင်တဲတို့ကို ခြိမ်းခြောက်ကာ ထျန်းဖုန့်ဧကရာဇ်ကို ပြန်လွှတ်ပေးရန် ပြောနိုင်ပေသည်။

ထျန်းဖုန့်ဧကရာဇ်မှာ အတန်ငယ် အင်တင်တင် ဖြစ်နေသော်လည်း မည်သို့မှ မပြောဝံ့ပါ။ အကယ်၍ ကျန်းရီ တစ်ခုခု ဖြစ်သွားလျှင် သူလည်း ချက်ချင်း သေသွားမည်ဖြစ်ကြောင်း သူသိသည်။ ကျန်းရီ အဆင်ပြေသ၍ သူ တစ်စုံတစ်ခု ဖြစ်သွားမည်ဆိုလျှင်ပင် ကြီးကြီးကျယ်ကျယ် မဟုတ်လောက်ပေ။

ကျန်းရီသည် အရှိန်အဝါကြီးသော ကောင်းကင်တမလွန်ချပ်ဝတ်ကို ဝတ်ကာ အနက်ရောင် ကောင်းကင်တမလွန်ဓားကို ဆွဲကိုင်လိုက်သည်။ ထို့နောက် အပြင်ထွက်၍ ကောင်းကင်ဘုံခုံရုံးကို သိမ်းလိုက်ပြီး ဆန်းကြယ်နယ်မြေထဲ ထိုးဖောက်ဝင်ရောက်လိုက်လေသည်။

ကျန်းရီ ဆန်းကြယ်နယ်မြေထဲ ဝင်လိုက်ပြီးနောက် ကောင်းကင်ဘုံခုံရုံးကို ပြန်ထုတ်ကာ အထဲသို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံထုတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။

ထိုဆန်းကြယ်နယ်မြေက အမှန်ပင်ကြီးသည်။ အထဲတွင် ထူးခြားသော တမလွန်ဘုံမျိုးနွယ်တစ်ခုလည်း ရှိသည်။ ၎င်းတို့က ကျောတွင် အတောင်ပံပါပြီး ခြေထောက်သုံးချောင်းပါသော သားရဲများပင်။ တမလွန်ဘုံမျိုးနွယ်ဝင်များသည် လှံရှည်များ ဖန်တီး၍ ၎င်းတို့နှင့် ကောင်းကင်ဘုံခုံရုံးကို ပစ်လိုက်ကြလေသည်။

ဝှစ်...

ကောင်းကင်ဘုံခုံရုံးသည် အောက်ဘက်သို့ လည်ပတ်ဆင်းလိုက်ပြီး ပျံတက်လာသော တမလွန်ဘုံမျိုးနွယ်ဝင်များကို တိုက်ရိုက်ဖိချလိုက်၏။ မရေမတွက်နိုင်သော မိစ္ဆာသစ်ပင်များလည်း အဆက်မပြတ် ထွက်ပေါ်လာကာ ထိုခြေသုံးချောင်းသားရဲများကို စတင်သတ်ဖြတ်လိုက်ကြသည်။

ခြေသုံးချောင်းသားရဲများက အလွန်ကြောက်စရာကောင်း၏။ ၎င်းတို့၏ မျက်နှာများကို အမွေးအမျှင်များက ဖုံးလွှမ်းထားပြီး ၎င်းတို့၏ မျက်လုံးများက မိစ္ဆာအလင်း လင်းလက်နေသည်။ ၎င်းတို့၏ တိုက်ခိုက်စွမ်းအားမှာမူ သိပ်မကြီးကြပေ။ မိစ္ဆာသစ်ပင်များ၏ တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ယှဉ်နိုင်သည်။ ထို့ပြင် ၎င်းတို့က တမလွန်ဘုံအရှိန်အဝါကိုလည်း လုံးဝမကြောက်ကြပေ။ သို့ဖြစ်ရာ တမလွန်ဘုံမျိုးနွယ်ဝင်များက မိစ္ဆာသစ်ပင်များကို မည်သို့ ယှဉ်နိုင်ကြမည်နည်း။

“သူတို့အကုန်လုံးကို သတ်ပစ်လိုက်”

ကျန်းရီသည် ဆန်းကြယ်နယ်မြေထဲရှိ မီးအရင်းအမြစ်ကို စုပ်ယူလို၏။ ထို့ကြောင့် အထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်များက သူ့ကို လာနှောင့်ယှက်ကာ သတင်းပေါက်ကြားစေမည်ကို သူ မလိုလားချေ။ သူ မိစ္ဆာသစ်ပင်များကို အဆက်မပြတ် ထုတ်လွှတ်၍ ၎င်းတို့ကို ထိန်းချုပ်ကာ အရပ်မျက်နှာအနှံ့တွင် သတ်ဖြတ်စေလိုက်လေသည်။

ဤဆန်းကြယ်နယ်မြေထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင်များစွာ ရှိနေသည်။ သို့သော် မိစ္ဆာသစ်ပင်များကလည်း အရေအတွက် တစ်သန်းကျော်သည်။ တမလွန်ဘုံမျိုးနွယ်ဝင်များက မိစ္ဆာသစ်ပင်များကို လုံးဝ မယှဉ်နိုင်ပေ။ ၎င်းတို့အားလုံး မိစ္ဆာသစ်ပင်များ၏ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲမှုကို ခံနေရပေသည်။

ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ဆန်းကြယ်နယ်မြေထဲတွင် ပျံသန်းနေ၏။ ထွက်ပြေးရန် ကြိုးစားသော တမလွန်ဘုံမျိုးနွယ်ဝင်တိုင်း နွယ်အိုများ၏ ရစ်ပတ်မှုကို ခံရကာ ကောင်းကင်ဘုံခုံရုံး၏ ပထမထပ်ထဲ ဆွဲသွင်းခံရသည်။ ထို့နောက် ၎င်းတို့ ကျောက်ဘီလူးများ၏ ထုနှက်သတ်ဖြတ်ခြင်းကို ခံရလေသည်။

ဆန်းကြယ်နယ်မြေက အလွန်ကြီးပုံပေါ်သော်လည်း မိစ္ဆာသစ်ပင်တစ်သန်း ဖြန့်ကျက်လိုက်သောအခါ အလွန်သေးသွာသည်။ နယ်မြေထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင် သန်းအနည်းငယ် ရှိနေသည်။ သို့သော် နာရီအနည်းငယ်အတွင်းမှာပင် ၎င်းတို့အားလုံး အသတ်ခံလိုက်ရသည်။

အကြိမ်အနည်းငယ် စူးစမ်းပြီး တမလွန်ဘုံမျိုးနွယ်ဝင်များ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ကျန်းရီသည် ဆန်းကြယ်နယ်မြေ၏ အနောက်မြောက်ဘက်ရှိ ချောက်နက်တစ်ခုဆီသို့ သွားလိုက်၏။ ထိုချောက်နက်အောက်ခြေတွင် အမှန်ပင် မီးအရင်းအမြစ်တစ်ခု ရှိသည်။ မိုင်ငါးထောင်ပတ်လည်အတွင်းရှိ မြေပြင်က မီးကျွမ်းနေပြီး အပူချိန်က အလွန်မြင့်သည်။

ထျန်းဖုန့်ဧကရာဇ်က အပြင်တွင် ရှိနေ၍ ကျန်းရီ မစိုးရိမ်ပေ။ သူ ကောင်းကင်ဘုံခုံရုံးကို သိမ်းကာ မိစ္ဆာသစ်ပင် သောင်းကျော်ကို ချောက်နက်အထက်တွင် ထားခဲ့သည်။ ထို့နောက် သူ ချောက်နက်ထဲ ပျံဝင်သွားလိုက်လေသည်။

“မီးအရင်းအမြစ်”

ချောက်နက်အောက်ခြေရှိ မီးတောက်လုံးများနှင့် ၎င်းတို့ထဲမှ ထူးဆန်းသော ပုံသဏ္ဌာန်များကို ကြည့်၍ ကျန်းရီ၏ မျက်လုံးများ တောက်ပလာ၏။ မီးအရင်းအမြစ်မှာ ပစ္စည်ကောင်းတစ်ခုပင်။ ၎င်းကို ပို၍လေ၊ ပိုကောင်းလေပင်။ သူ့တွင် ရှိသည့် မီးအရင်းအမြစ်များမှာ ကုန်တော့ပေမည်။ သူ ၎င်းတို့အားလုံးကို သုံးလိုက်လျှင် ချီဟုန် စုပ်ယူရန် မီးအရင်းအမြစ် ရှိတော့မည် မဟုတ်ချေ။

‘စုဆောင်းမယ်...’

ကျန်းရီသည် မီးအရင်းအမြစ်အလယ်သို့ ပျံဝင်ကာ လျှပ်စီးက မီးကို ဖန်တီးနိုင်ခြင်း အနှစ်သာရကို သုံးလိုက်၏။ မီးအရင်းအမြစ်က သူ့ခန္ဓာကိုယ်ထဲ စုပ်ယူခံရကာ သူ့နဝမမြောက်ကြယ်စက်လုံးထဲ စီးဝင်သွားလေသည်။

ဟိန်း...

ထိုအခိုက်တွင် မီးအရင်းအမြစ် အောက်ခြေမှနေ၍ ဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် စွမ်းအားကြီး အရှိန်အဝါတစ်ခုလည်း ထွက်လာသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် အတန်ငယ် မှင်တက်သွား၏။ ဤမီးအရင်းအမြစ်မှနေ၍ ဟွင့်သွမ့်သားရဲတစ်ကောင် မွေးဖွားလာသည်လော။

***

All Chapters