အန္တရာယ်များသည်
Vol. 144 Ch. 2011
မိုးမြေမှ မွေးဖွားလာသော ဟွင့်သွမ့်သားရဲအားလုံးက ဆန်းကြယ်သားရဲများပင်။ အတိတ်တွင် ချီဟုန်က မီးအရင်းအမြစ်မှ မွေးဖွားလာခဲ့သည်။ အချိန်အတော်ကြာ ကျင့်ကြံပြီးနောက် သူ ပို၍ ပို၍ သန်မာလာခဲ့လေသည်။
ယခု တွေ့ရသော သားရဲမှာ မီးမြွေတစ်ကောင်ပင်။ ၎င်း၏ ကျောပေါ်တွင် အတောင်ပံများ ရှိပြီး ၎င်းတွင် ခြေလေးချောင်းလည်း ရှိသည်။ ယင်းမှလွဲ၍ ၎င်းက မြွေတစ်ကောင်နှင့် မခြားပေ။ ၎င်းသည် အောက်ခြေတွင် အိပ်နေခြင်း ဖြစ်မည်။ ကျန်းရီသည် မီးအရင်းအမြစ်ထဲတွင် မည်သည့်အရာမှ မရှိဟု ထင်ထားသဖြင့် မစစ်ဆေးခဲ့ပေ။ မီးအရင်းအမြစ်ကို စုပ်ယူခြင်းက ထိုဟွင့်သွမ့်သားရဲကို နိုးထလာစေပေသည်။
“လူသား... ထွက်သွားစမ်း။ ဒါက ငါ့ပိုင်နက်ပဲ။ မင်း ထွက်မသွားရင် သေရလိမ့်မယ်”
မီမြွေက လူသားစကား ပြောနိုင်၏။ သို့သော် ၎င်းသည် ကျန်းရီမှာ သွားရှုပ်သင့်သူ မဟုတ်ကြောင်း ကောင်းစွာသိသည်။ ၎င်းသည် မဆင်မခြင် မတိုက်ခိုက်ဘဲ အရှိန်အဝါကိုသာ တိုး၍ တိုး၍ ထုတ်ပြလိုက်ပေသည်။
ကျန်းရီက မည်သို့ ပြန်ဆုတ်နိုင်မည်နည်း။
မီးအရင်းအမြစ်မှာ ပစ္စည်ကောင်းတစ်ခုပင်။ ပို၍လေ၊ ပိုကောင်းလေပင်။ ထို့ကြောင့် သူ ပြုံးကာ ပြောလိုက်သည်။
“မီးမြွေလေး... မင်း ငါ့ကို ရန်မစဖို့ အကြံပေးချင်တယ်။ ပြန်အိပ်နေလိုက်၊ မဟုတ်ရင် ငါ မင်းကို အရေခွံခွာပစ်မယ်။ မင်း ငါ့ကို ယုံလား”
မီးမြွေ ဒေါသထွက်သွား၏။ ၎င်း၏ မျက်ဝန်းများ အေးစက်စက် လင်းလက်လာသည်။ ၎င်း စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ စိမ်းနီရောင် မီးတောကများကို ပါးစပ်မှ မှုတ်ထုတ်လိုက်လေသည်။
ထိုမီးမြွေသည် တစ်စုံတစ်ခုကို မေ့သွားပုံပေါ်၏။ မီးအရင်းအမြစ်မှာ လောကထဲရှိ စွမ်းအားအကြီးဆုံး မီးတောက်ပင်။ အကယ်၍ ကျန်းရီက မီးအရင်းအမြစ်ကိုပင် စုပ်ယူနိုင်လျှင် အဘယ်သို့ ၎င်း၏ မီးတောက်များကို သူ့ကို ခြိမ်းခြောက်နိုင်မည်နည်း။
မီးမြွေသည် စိမ်းနီရောင် မီးတောက်လုံး အနည်းငယ်ကို မှုတ်ထုတ်ပြီးနောက် ပြဿနာကို သိသွား၏။ ၎င်း ရွေးချယ်စရာ မရှိတော့ဘဲ ဟိန်းကာ အစွယ်များ၊ လက်သည်းများ ထုတ်၍ ကျန်းရီထံ ဦးတည်ပျံသန်းသွားလိုက်သည်။ စိမ်းနီရောင်အလင်း လက်နေသည့် လက်သည်းတစ်စုံက လေခွင်းသံ၊ လေထုတုန်ခါမှုတို့နှင့်အတူ ကျန်းရီ၏ ဦးခေါင်းဆီသို့ ရွေ့လျားသွားလေသည်။
“ဟားဟား...”
ကျန်းရီသည် ထိုမီးမြွေ၏ တိုက်ခိုက်စွမ်းအားကို ခံစားနိုင်၏။ သူ မိုးမြေစွမ်းအား ထုတ်ကာ ထိုလက်သည်းများကို အကြောက်အလန့်မရှိ ပြန်ထိုးလိုက်သည်။
ဝုန်း...
ကျန်းရီ တုန်ယင်းသွားပြီး ဆယ်ပေနောက်ရွေ့သွား၏။ မီးမြွေမှာမူ ပေတစ်သောင်း လွင့်ပျံထွက်သွားသည်။ အင်အားကွာခြားမှုမှာ ထင်ရှားလေသည်။
ရှီး...ရှီး...
ကျန်းရီက မီးအရင်းအမြစ်ကို စုပ်ယူနေသေးကြောင်း မြင်လိုက်သောအခါ မီးမြွေသည် ကျန်းရီထံ ထပ်မံ ပျံသန်းလာ၏။ သို့သော် ကျန်းရီကြောင့် ထပ်မံ လွင့်ပျံထွက်သွားပြန်သည်။ ကျန်းရီသည် ထိုမီးမြွေလေးကို မသတ်လိုပေ။ သူသာ မိုးမြေစွမ်းအား အပြည့်အဝ သုံးလိုက်လျှင် ထိုမီးမြွေလေးကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်ပေသည်။
ဤနေရာတွင် မီးအရင်းအမြစ်များစွာ ရှိသည်။ နတ်ဆိုးချောက်နက်အောက်မှ မီးအရင်းအမြစ်ထက် မနည်းချေ။ ကျန်းရီ ၎င်းကို အလွန်လျင်မြန်စွာ စုပ်ယူနေသည်။ ထို့ကြောင့် မီးမြွေလေး ပို၍ စိတ်လှုပ်ရှားလေသည်။ ထိုမီးအရင်းအမြင်းက ၎င်း၏ စွမ်းအင်အရင်းအမြစ်ဖြစ်သလို ခိုလှုံရာလည်းဖြစ်သည်။ ၎င်းကိုသာ ကျန်းရီက အားလုံး စုပ်ယူပစ်လိုက်မည်ဆိုလျှင် ၎င်း ထပ်မံ၍ ဆင့်ကဲပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။
သို့သော် မီးမြွေလေးက ကျန်းရီကို လုံးဝမယှဉ်နိုင်ပါ။ ၎င်း မည်မျှကြမ်းကြမ်း တိုက်ခိုက်ပါစေ ကျန်းရီက လက်သီးတစ်ချက်တည်းနှင့် ၎င်းကို လွင့်ပျံထွက်သွားအောင် လုပ်နိုင်နေပေသည်။ ကျန်းရီသည် မီးအရင်းအမြစ်ထဲတွင် အေးအေးဆေးဆေး လှည့်လည် ပျံသန်းနေပြီး မီးအရင်းအမြစ်ကို လျင်မြန်စွာ စုပ်ယူနေလေသည်။
တစ်နာရီ၊ နှစ်နာရီ...
ဤတစ်ခေါက် ကျန်းရီ၏ မီးအရင်းအမြစ် စုပ်ယူမှုက ယခင်အခေါက်ကထက် အဆများစွာ ပိုမြန်သည်။ ချောက်နက်ထဲမှ မီးအရင်းအမြစ်က ရုတ်ခြည်းအတွင်း ထက်ဝက်ကျိုးသွားသည်။ မီးမြွေသည် ပို၍ စိုးရိမ်လာပြီး ပိုပြင်းထန်စွာ တိုက်ခိုက်တော့သည်။
“ထွက်သွားစမ်း... မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်”
ကျန်းရီ၏ စိတ်ရှည်မှုက ပါးလျလာပေပြီ။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။ သူ မိုးမြေစွမ်းအားကို သုံးကာ ထိုမီးမြွေကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်မိတော့မည်ဖြစ်သည်။
“သူ့ကို လွှတ်ပေးလိုက်။ သူက ငါ့မီနဂါးမျိုးနွယ်ရဲ့ မျိုးဆက်တစ်ကောင် ဖြစ်နိုင်တယ်”
ထိုအခိုက်တွင် ချီဟုန်က ရုတ်တရက် အသံပို့လွှတ်လာသည်။ ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါ အားနည်းလာ၏။ သူ သတ်ဖြတ်အကွက်ကိုလည်း မသုံးတော့ပေ။ သို့သော် မီးမြွေလေးမှာမူ အသည်းအသန် တိုက်ခိုက်နေဆဲပင်။ ထို့ကြောင့် ကျန်းရီ စိတ်မရှည်စွာနှင့် အသံပို့လွှတ်လိုက်သည်။
“အရှင်ချီဟုန် ထွက်လာပြီး သူ့ကို ခြောက်လိုက်ပါလား”
ရွှစ်...
ကျန်းရီ၏ ခန္ဓာကိုယ်ထဲမှနေ၍ အနီရောင်အလင်းတန်း တစ်တန်း ပျံထွက်လာ၏။ ထို့နောက် ချီဟုန်၏ ခန္ဓာကိုယ်ထွက်ပေါ်လာပြီး မီးမြွေလေးကို အော်ပြောလိုက်သည်။
“တော်တော့.. မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး။ ဆက်တိုက်နေလည်း ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး။ ပြန်သွားတော့”
ချီဟုန်၏ အရှိန်အဝါက အလွန်အားကောင်း၏။ ၎င်းက မီးမြွေလေးကို တုန်လှုပ်သွားစေသည်။ အဆင့်နိမ့် သားရဲများသည် ၎င်းတို့ထက် အဆင့်ပိုမြင့်သော သားရဲများကို အလိုလို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် မီးမြွေလေး မလှုပ်ဝံ့တော့ပေ။ ၎င်း မျက်လုံးပြူး၊ မျက်စံပြူးနှင့် ချီဟုန်ကို ကြည့်ကာ မေးလိုက်သည်။
“အ...အရှင်က ဒဏ္ဍာရီလာ အရှင်ချီဟုန်လား”
“ဟွန်း... အနည်းဆုံးတော့ မင်းမှာ ဗဟုသုတနည်းနည်း ရှိသေးတာပဲ”
ချီဟုန်က ခပ်ဖွဖွ နှာမှုတ်လိုက်၏။
မီးမြွေလေး၏ မျက်လုံးများ အရောင်လက်လာသည်။ ၎င်း မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး အလွန်ရိုသေစွာ ထပ်မံ အော်ပြောလိုက်သည်။
“ဘိုးဘေးနဂါးကို နှုတ်ခွန်းဆက်ပါတယ်။ ဘိုးဘေးနဂါး.. ကျွန်တော်က နဂါးစိမ်းမျိုးရိုးကပါ”
“ဪ...”
ချီဟုန် များစွာ အရေးမစိုက်ပါ။ သူက ကပ်လောကတွင် ပထမဆုံး မွေးဖွာလာခဲ့သော မီးနဂါး မဟုတ်ပါလား။ သူ့နောက်ပိုင်းတွင် နဂါးအမျိုးမျိုး မွေးဖွားလာခဲ့သည်။ ထိုနဂါးမျိုးစုံသည် သူ့ကို ဘိုးဘေးနဂါးအဖြစ် အမြဲ ရိုသေလေးစားခဲ့ကြပေသည်။
“ဘိုးဘေးနဂါး...”
မီးမြွေလေးက ကျန်းရီကို ခါးသီးသော မျက်နှာထားနှင့် ကြည့်လိုက်၏။
“ဒီမီးတောက်တွေက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဘိုးဘေးနဂါး... ကျေးဇူးပြုပြီး အဲ့လူသားကို တားပေးပါ။ မဟုတ်ရင် ကျွန်တော့်မှာ သွားစရာနေရာ ရှိတော့မှာ မဟုတ်ဘူး”
ချီဟုန်သည် မီးမြွေလေးကို ကြည့်၍ အေးစက်စက် ပြောလိုက်၏။
“အခုစကပြီး မင်း သူ့နောက် လိုက်ရမယ်။ သူ ရှိနေရင် အမြဲ မီးတောက်တွေ ရှိနေမှာပဲ။ သူ ဒီမီးတောက်တွေကို ယူသွားဖို့လိုတယ်”
“အဲ့လိုဆိုလည်း ကောင်းပါပြီ”
ချီဟုန်က အမိန့်ပေးလိုက်ပြီဖြစ်သည်။ ထို့ပြင် မီးအရင်းအမြစ် မရှိလျှင် ထိုမီးမြွေလေးက ဆင့်ကဲမပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူ ရွေးချယ်စရာမရှိဘဲ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ရလေသည်။
ကျန်းရီ စိတ်မရှိပါ။ ထိုမီးမြွေလေး မှုတ်ထုတ်မည့် မီးတောက်များကို သူ မကြောက်ပေ။ သို့သော် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကတော့ မခံနိုင်လောက်ပေ။ မီးမြွေလေး၏ တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဉ်နိုင်ပေသည်။ ထို့ကြောင့် ၎င်းကို ခေါ်ထားရန်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်မည် မဟုတ်ချေ။
ကျန်းရီသည် ကောင်းကင်ရတနာကို ထုတ်၍ အေးစက်စက် ပြောလိုက်၏။
“မခုခံနဲ့။ မင်း နောက်ကျရင် ငါ့အမိန့်တွေကို နာခံရမယ်။ မဟုတ်ရင် ငါ မင်းကို မညှာဘဲ သတ်ပစ်မယ်”
မီးမြွေလေးသည် ခါးသီးသော မျက်နှာထားနှင့် ချီဟုန်ကို လှမ်းကြည့်လိုက်၏။ ချီဟုန်က မည်သို့မှ မပြောသဖြင့် ၎င်း ရွေးချယ်စရာ မရှိတော့ဘဲ ခါးသက်သက် ခေါင်းညိတ်လိုက်ရလေသည်။
ကျန်းရီသည် မီးမြွေလေးကို ကောင်းကင်ဘုံခုံရုံး၏ တတိယထပ်ရှိ တောင်ကြားတစ်ခုသို့ ပို့လိုက်၏။ ထို့နောက် မီးအရင်းအမြစ် မီးတောက်လုံး အနည်းငယ်ကိုလည်း ပို့ပေးကာ မီးမြွေလေးကို လျှောက်မသွာဘဲ ထိုမီးတောက်လုံးများထဲတွင်သာ နေရန် ပြောလိုက်ပေသည်။
မီးမြေလေးအနေဖြင့် မီးအရင်းအမြစ် ရှိနေသ၍ မည်သည့်နေရာတွင် နေရသည်မှာ အရေးမကြီးပါ။ မကြာခင်မှာပင် ၎င်း တောင်ကြားထဲ၌ အသားကျသွားပေသည်။ ကျန်းရီသည် မီးအရင်းအမြစ်ကို ဆက်စုပ်ယူ၏။ နှစ်နာရီကြာပြီးနောက် သူ မီးအရင်းအမြစ်အားလုံးကို စုပ်ယူပြီးသွားလေသည်။
“သွားကြမယ်”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ ချီဟုန်က အလင်းတန်းတစ်တန်းအဖြစ် ပြန်ပြောင်းလဲကာ ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးထဲ ပြန်ဝင်သွားလိုက်သည်။ ပြီးလျှင် ကျန်းရီ ပျံတက်လိုက်ပြီး မိစ္ဆာသစ်ပင်များကို သိမ်းကာ ဆန်းကြယ်နယ်မြေအပြင် ထွက်လိုက်သည်။
အပြင်ဘက်တွင် အလွန်တိတ်ဆိတ်နေ၏။ တမလွန်ဘုံမျိုးနွယ်က တိုက်ခိုက်ရန် စစ်တပ်တစ်တပ် မစုစည်းထားပေ။ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထုတ်ကာ ထျန်းဖုန့်ဧကရာဇ်ဆီ ပျံသန်းသွားလိုက်သည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်ကို ကောင်းကင်ဘုံခုံရုံးထဲ ခေါ်လိုက်လေသည်။
“နောက် ဆန်းကြယ်နယ်မြေဆီ သွားကြစို့”
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးအား ထိန်းချုပ်ရမည့် တာဝန်ကို ထျန်းဖုန့်ဧကရာဇ်ကို ပေးလိုက်သည်။ ထျန်းဖုန့်ဧကရာဇ်က အတန်ငယ် ချီတုံချတုံနှင့် မေးလိုက်သည်။
“သခင်လေး... အဲ့ဆန်းကြယ်နယ်မြေထဲမှာ ဘာရှိလဲ ကျုပ်တို့ မသိရသေးဘူးလေ။ ကျုပ်တို့.. တမလွန်ဘုံမျိုးနွယ် တချို့ကို ဖမ်းပြီး သူတို့ကို သခင်လေးရဲ့ ဝိညာဉ်ကျွန်တွေအဖြစ် ပြောင်းပစ်လိုက်ရင်ရော။ အဲ့လိုဆို သူတို့ကို သွားစုံစမ်းခိုင်းလို့ရပြီ မဟုတ်လား”
“မလိုပါဘူး”
ကျန်းရီ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“တမလွန်ဘုံမျိုးနွယ်က တမလွန်ဘုံဧကရာဇ်ကို အရမ်းကြောက်ကြတယ်။ သူတို့က ဝိညာဉ်ကျွန် အဖြစ်ခံမဲ့အစား သတ်သေကြမှာ။ အဲ့ဆန်းကြယ်နယ်မြေအပြင်ကိုသွားပြီး ကိုယ့်ဘာသာ စုံစမ်းကြည့်ကြတာပေါ့”
“ကောင်းပါပြီ”
ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ ဆန်းကြယ်နယ်မြေက သိပ်မဝေးပေ။ နေ့တစ်ဝက်ကျော် ပျံသန်းပြီးနောက် သူတို့ ဆန်းကြယ်နယ်မြေအပြင်ဘက်သို့ ရောက်သွားကြသည်။
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ဆန်းကြယ်နယ်မြေအပြင်ဘက်တွင် ရပ်ရန် ပြောလိုက်၏။ ထို့နောက် ချီဟုန်ကို အာရုံခံကြည့်စေလိုက်သည်။ ချီဟုန်၏ ကောင်းကင်စိတ်အာရုံက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံထက် များစွာ ပိုအားမနည်းပေ။ မိုးပြာမဟာဧကရာဇ်၏ ကောင်းကင်စိတ်အာရုံနှင့် ယှဉ်နိုင်လောက်သည်။ သူက ကောင်းကင်စိတ်အာရုံသည် ဆန်းကြယ်နယ်မြေအပြင်ဘက်မှ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို အလွယ်တကူ ထိုးဖောက်ကာ အထဲမှ အခြေအနေကို စူးစမ်းလိုက်လေသည်။
ရွှစ်...ရွှစ်...
ချီဟုန်သည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ ကောင်းကင်ဘုံခုံရုံးအပြင်ဘက်သို့ ပျံထွက်လိုက်၏။ ထို့နောက် သူ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ အနီးကို ချဉ်းကပ်လိုက်သည်။ ငါးမိနစ်ကြာ အာရုံခံပြီးနောက် သူ ကောင်းကင်ဘုံခုံရုံးထဲ ပြန်ဝင်လာကာ အတွင်းခန်းမထဲတွင် ထွက်ပေါ်လာသည်။
“အရမ်းအန္တရာယ်များတယ်”
ချီဟုန်က အလွန်လေးနက်သော မျက်နှာထားနှင့် ပြောလိုက်၏။
“အထဲမှာ မြေနဲ့ ရေ အရင်းအမြစ်တွေ ရှိတယ်။ အဲ့လောက်ပဲ ငါ အတည်ပြုနိုင်တယ်။ ဒါပေမဲ့ အထဲမှာ ထူးဆန်းတဲ့လေတွေလည်း ရှိနေတယ်။ အဲ့ဒါက အရမ်းကြောက်စရာကောင်းတယ်။ လေထဲမှာ မမြင်နိုင်တဲ့ ပိုးကောင်တွေလည်း ရှိနေတယ်။ အဲ့ပိုးကောင်တွေက ဘယ်လောက်စွမ်းအားကြီးလဲ ငါလည်း မသိဘူး။ ဒါပေမဲ့... ငါ ခံစားရတာကတော့ ငါအထဲဝင်သွားရင် ငါ့စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရနိုင်တယ်ဆိုတာပဲ”
“ဗျာ...”
ကျန်းရီ တုန်လှုပ်သွားသည်။ ချီဟုန်က ဝိညာဉ်တစ်ကောင်ဖြစ်သည်။ လေက မည်သို့ သူ့ကို ထိခိုက်အောင် လုပ်နိုင်မည်နည်း။ ပိုးကောင်များကလည်း သူ့ကို ထိခိုက်အောင် မလုပ်နိုင်လောက်သည် မဟုတ်လော။ မြေနှင့် ရေ အရင်းအမြစ်များကလည်း သူ့ကို ထိခိုက်အောင် မလုပ်နိုင်သင့်ပေ။
ချီဟုန်သည် သူ၏ ဧရာမနဂါးခေါင်းကြီးကို ခါ၍ မသေမချာ ပြောလိုက်၏။
“ငါလည်း အသေးစိတ်တော့ မသိဘူး။ အရမ်းအန္တရာယ်များတယ်လို့ပဲ ခံစားနေရတာ။ ကောင်လေး... ဖြစ်နိုင်ရင် မင်း ဝင်မသွားသင့်ဘူး”
***