← Chapters

ကောလာဟလသတင်း

Vol. 144 Ch. 2012

ကောလာဟလသတင်း

Vol. 144 Ch. 2012

ကောင်းကင်ညီတူဘုံ၊ ကောင်းကင်ညီတူမြို့...

ထိုမြို့မှာ အခြားဘုံများမှ မြို့များနှင့် အတူတူပင်။ မြို့သည် လူသားမျိုးနွယ်၏ မြို့ကြီးများနှင့် ယှဉ်နိုင်သည်။ မြို့ထဲတွင် တမလွန်ဘုံအရှိန်အဝါ မရှိရုံသာမက လူသားမျိုးနွယ်၏ မြို့ကြီးများကဲ့သို့ သန့်ရှင်းလှပသည်။ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များစွာသည် မြို့ထဲတွင် စစ်ရထားလုံးများစီးကာ လှည့်လည်သွားလာနေကြသည်။ ထို့ပြင် စားသောက်ဆိုင်များ၊ ဆောင်ကြာမြိုင်များနှင့် အနုပညာခန်းမများလည်း ရှိပေသည်။ ထိုမြို့သည် လူသားမျိုးနွယ်၏ မြို့များနှင့် မကွာပေ။

မြို့ထဲရှိ အကြီးဆုံး ရဲတိုက်ထဲတွင် တမလွန်ဘုံဘုရင်ဆယ်ပါးကျော် စုဝေးနေ၏။ အကယ်၍ ထိုနေရာတွင် ကျန်းရီ ရှိနေလျှင် သူ ထို တမလွန်ဘုံဘုရင် တော်တော်များများကို မှတ်မိပေလိမ့်မည်။ မင်တဲ၊ မင်တိနှင့် ကျန်သော တမလွန်ဘုံဘုရင်များအားလုံး ရှိနေကြသည်။

မင်တဲသည် ယခင်ကအတိုင်း တစ်ပုံစံတည်း ရှိနေသေးသည်။ သူ့မျက်နှာပေါ်တွင် အနက်ရောင် ဆေးမင်ကြောင်များ ရှိသည်။ သူ စကားပြောသောအခါ ထိုဆေးမင်ကြောင်များက လှုပ်ရှားသွားသည်။ ၎င်းတို့သည် ခက်ထန်သော မြွေများကဲ့သို့ပင်။

ကျန်းရီက ကောင်းကင်ညီတူဘုံအနီးတွင် ရှိနေရာ မင်တဲ မည်သို့ ရောက်မလာဘဲ နေနိုင်မည်နည်း။ သူတို့ ရောက်မလာလျှင် သာမန် တမလွန်ဘုံဘုရင်များက ထိုမိစ္ဆာကြယ်ကို ကိုင်တွယ်နိုင်မည် မဟုတ်ပါ။

အကယ်၍ ကျန်းရီက သာမန် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်သာ ဆိုလျှင် မင်တဲ လုံးဝစိုးရိမ်မည် မဟုတ်ပါ။ သို့သော် ကျန်းရီတွင် နတ်ဘုရားအသံ ကောင်းကင်အတတ်၊ မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ် စသော ဆန်းကြယ်စွမ်းရည်များစွာ ရှိနေသည်။ ထို့ပြင် ကျန်းရီထံ၌ ကြောက်မက်ဖွယ် မိစ္ဆာသစ်ပင် အပင်တစ်သန်းရှိကြောင်းကိုလည်း သူတို့ ကမ္ဘာဦးကောင်းကင်ဘုံမှနေ၍ သတင်းရထားပြီဖြစ်သည်။

အကယ်၍ ကျန်းရီက ကောင်းကင်ညီတူဘုံထဲ ဝင်လာချိန်၌ သူတို့ ဘုံထဲတွင် ရှိမနေလျှင် ကျန်းရီ ကောင်းကင်ညီတူဘုံကို တစ်ကိုယ်တော် ဖျက်ဆီးပစ်နိုင်သည်။ ထို မိစ္ဆာသစ်ပင် တစ်သန်းက ကောင်းကင်ညီတူဘုံ၏ မြို့အားလုံးထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို အလွယ်တကူ ရှင်းပစ်နိုင်လောက်ပေသည်။

ထို့ကြောင့် မင်တဲနှင့် အခြားတမလွန်ဘုံဘုရင်များသည် လျှို့ဝှက်၍ တည်နေရာပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ သူတို့ ကျန်းရီကို သတ်နိုင်လောက်မည် မဟုတ်ပါ။ သို့သော် အနည်းဆုံး သူတို့ ကျန်းရီ မဆင်မခြင် မသတ်နိုင်အောင် တားမြစ်နိုင်လောက်ပေသည်။

ဝှစ်...

တမလွန်ဘုံဘုရင်တစ်ပါးက ပျံဝင်လာပြီး မင်တဲနှင့် အခြားသူများကို တင်ပြလိုက်၏။ တမလွန်ဘုံဘုရင်အားလုံး အံ့အားသင့်သွားကြသည်။

“ကျန်းရီက တကယ်ပဲ လွင်မင်းဆန်းကြယ်နယ်မြေကို သွားတာလား”

မင်တဲ၏ မျက်နှာပေါ်မှ အနက်ရောင် ဆေးမင်ကြောင်များ လှုပ်ရှားသွား၏။ သူ တစ်ခဏမျှ တွေးတောကာ ပြောလိုက်သည်။

“ကြည့်ရတာ ဒီတစ်ခေါက် သူ လာတာ တကယ်ကြီး ဘုံတွေကို တိုက်ခိုက်ဖို့ မဟုတ်ဘဲ မိုးမြေအရင်းအမြစ်တွေကို ရှာဖို့ပဲထင်တယ်။ သူက ဟော်လီဆန်းကြယ်နယ်မြေထဲက ထွက်ပြီးတာနဲ့ လွင်မင်းဆန်းကြယ်နယ်မြေကို တန်းသွားတာပဲ။ လွင်မင်းဆန်းကြယ်နယ်မြေထဲမှာ မိုးမြေအရင်းအမြစ်တွေ ရှိတယ်ဆိုတာကို သူ ငါတို့မျိုးနွယ်ဝင်တွေဆီက သိလိုက်ရတာဖြစ်မယ်”

မင်တိနှင့် အခြား ထိပ်တန်းတမလွန်ဘုံဘုရင်များ စိတ်အေးသွားဟန် သက်ပြင်းချလိုက်ကြသည်။ မင်တဲက တောက်ပသော မျက်ဝန်းများနှင့် ပြောလိုက်သည်။

“ဒီတစ်ခေါက် ကျန်းရီ အဲ့နေရာကနေ ထွက်လာနိုင်လောက်တော့မှာ မဟုတ်ဘူး”

“ဟုတ်တယ်...”

မင်တိ၏ မျက်လုံးများလည်း အရောင်တောက်လာသည်။

“ကျုပ် အဲ့ဆန်းကြယ်နယ်မြေထဲကို ရောက်ဖူးတယ်။ ပြန်မထွက်လာနိုင်တော့မလိုပဲ။ အဲ့က မြေဆွဲအားနဲ့ လေက အရမ်းကြောက်စရာကောင်းတယ်”

“ဒါပေမဲ့...”

မင်တိသည် တစ်ခဏမျှ တွေးတော၍ ဆက်ပြော၏။

“လက်ရှိအခြေအနေအရ ကျန်းရီက လွင်မင်းဆန်းကြယ်နယ်မြေ အပြင်ဘက်မှ ရပ်နေတယ်။ ကြည့်ရတာ သူ အန္တရာယ်ကို အာရုံခံမိလို့ မဝင်ရဲတော့တဲ့ပုံပဲ”

“သူ မဝင်ရဲရင် မဖြစ်မနေဝင်သွားရအောင် ငါတို့က နည်းလမ်းတစ်ခု ရှာရမှာပေါ့”

မင်တဲက နှာခေါင်းရှုံ့ကာ ရုတ်တရက် အော်ပြောလိုက်သည်။

“ဇာတ်လမ်းတချို့ဆင်ပြီး ထောက်လှမ်းရေးတွေကို သတင်းဖြန့်ခိုင်းလိုက်။ လွင်မင်းဆန်းကြယ်နယ်မြေက အရမ်းကြောက်စရာ ကောင်းတယ်လို့၊ အရင်တုန်းက တမလွန်ဘုံဧကရာဇ်က လွင်မင်းဆန်းကြယ်နယ်မြေထဲ ဝင်သွားတာ သေတော့မလို‌တောင် ဖြစ်သွားခဲ့တယ်လို့ သတင်းဖြန့်လိုက်။ ပိုချဲ့ကားလေ၊ ပိုကောင်းလေပဲ”

“ဟမ်...”

ထိုနေရာရှိ တမလွန်ဘုံဘုရင်များ နားမလည်နိုင် ဖြစ်သွားကြ၏။ မင်တဲက ကျန်းရီကို ဆန်းကြယ်နယ်မြေထဲ ဝင်သွားအောင် လုပ်ချင်နေသည် မဟုတ်လော။ အဘယ်ကြောင့် ထိုသို့သော ကောလာဟလမျိုး ဖြန့်ခိုင်းရသနည်း။ အကယ်၍ ကျန်းရီက ထိုအကြောင်းများကို ကြားသွားလျှင် ဝင်သွားရန် ပို၍ ကြောက်သွားမည် မဟုတ်လော။

“သူ့ကို ရန်စမှာလား”

မင်တိ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

“အရှင်မင်တဲရဲ့ အစီအစဉ်က အရမ်းကောင်းတယ်။ အခု ကျန်းရီက အပြင်မှာ ဝင်ရ၊ မဝင်ရ လွန်ဆွဲနေတာ။ ကျုပ်တို့သာ အဲ့လိုသတင်းမျို့ ဖြန့်လိုက်ရင် သူ့ရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်နိုင်မှာပဲ။ သူ တကယ် ဝင်သွားလောက်တယ်”

မင်တဲသည် တည်ငြိမ်သော မျက်နှာထားနှင့် တစ်ခဏမျှ တွေး‌တောကာ ပြောလိုက်၏။

“အဲ့ဆန်းကြယ်နယ်မြေထဲကို တခြားတစ်ဘက်နေ ဝင်သွားဖို့ တပ်ဖွဲ့တချို့လည်း စေလွှတ်လိုက်ဦး။ သူတို့ကို အထဲရောက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခိုင်းလိုက်။ ဘာခြေရာလက်ရာမှ မကျန်ခဲ့စေနဲ့...”

“ပြီးတော့...”

မင်တဲသည် တစ်ခဏမျှ စကားစရပ်လိုက်ပြီးမှ တမလွန်ဘုံဘုရင်များထံ အသံပို့လွှတ်ကာ လျှို့ဝှက်ညွှန်ကြားလိုက်သည်။ တမလွန်ဘုံဘုရင်များ၏ မျက်လုံးများ အေးစက်စက် လင်းလက်လာကြ၏။ ထို့နောက် သူတို့ ရုတ်တရက် ထရပ်ကာ အပြင်သို့ လျှောက်ထွက်သွားကြလေသည်။

“ဟွန်း...”

တမလွန်ဘုံဘုရင်များ ထွက်သွားပြီးနောက် မင်တဲ၏ မျက်လုံးများက အေးစက်သွား၏။ သူ့မျက်နှာပေါ်မှ အနက်ရောင် ဆေးမင်ကြောင်များလည်း ရွေ့လျားသွားသည်။ သူ လေသံတိုးတိုးနှင့် ရေရွတ်လိုက်လေသည်။

“ကျန်းရီ... ဒီတစ်ခေါက် မင်း ဝင်မသွားတာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ မင်း အထဲမှာ ထာဝရ ပိတ်မိနေလိမ့်မယ်”

***

တမလွန်ဘုံမျိုးနွယ် သိထားသလို ကျန်းရီသည် အမှန်ပင် ရင်ထဲ၌ လွန်ဆွဲနေပေသည်။ သူ ထွက်လည်း မသွားနိုင်သလို၊ ဝင်လည်း မဝင်နို်ငပေ။ ချီဟုန်၏ ကောင်းကင်စိတ်အာရုံက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံထက် များစွာပို၍ အားမနည်းပါ။ ယခုတွင် ချီဟုန်က တစ်ကြိမ် အာရုံခံပြီးပြီဖြစ်ရာ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ထပ်အာရုံခံ၊ မခံ အရေးမကြီးတော့ပေ။

ထူးဆန်းသည်မှာ ချီဟုန်က အန္တရာယ်မှာ မည်သည့်နေရာမှ လာနေကြောင်း မရှာနိုင်ခြင်းပင်။ သူသည် ထိုဆန်းကြယ်နယ်မြေက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ခံစားနေရခြင်း ဖြစ်သည်။ ထို့ပင် သူ အထဲ၌ မြေနှင့် ‌ရေ အရင်းအမြစ်များကိုလည်း အာရုံခံနိုင်ခဲ့သည်။ ၎င်းတို့က ကျန်းရီအတွက် အလွန်အရေးကြီးပေသည်။

ကျန်းရီက ရေခဲအရင်းအမြစ်ကို စုပ်ယူခဲ့သည်။ သို့သော် ရေခဲအရင်းအမြစ်နှင့် ရေအရင်းအမြစ်က အလွန်ကွဲပြားနေလျှင် မည်သို့ လုပ်မည်နည်း။ မိုးမြေအရင်းအမြစ်များက အလွန်ရှားသည်။ အကယ်၍ သူ ဤအခွင့်အရေးနှင့် လွဲချော်သွားလျှင် မည်သည့်အခါတွင်မှ မိုးမြေအရင်းအမြစ်များကို ထပ်ရှာတွေ့မည်နည်း။

ကျန်းရီသည် နာရီနှစ်ဆယ်ကျော် တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ သူ ဝင်သင့်၊ မဝင်သင့် မဆုံးဖြတ်ခင် အခြေအနေကို အရင်ကြည့်လိုပေသည်။ သို့သော် အခြေအနေကို သူကိုယ်တိုင် မစုံစမ်းနိုင်သလို ထျန်းဖုန့်ဧကရာဇ်ကို သွားစုံစမ်းခိုင်း၍လည်း မဖြစ်ပေ။ တမလွန်ဘုံမျိုးနွယ်မှ ထောက်လှမ်းရေးများကို ရှာရပေမည်။

ကောင်းကင်ဘုံခုံရုံးထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို သတ်ပစ်လိုက်ပေပြီ။ တမလွန်ဘုံဘုရင်များ၏ စိတ်ဝိညာဉ်များကလည်း ရှာဖွေခံရပြီးနောက် ပြိုကွဲသွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ လှည့်ပတ်ပျံသန်းကာ တမလွန်ဘုံထောက်လှမ်းရေးများကိုသာ လိုက်ရှာရလေသည်။

“အာ...”

တစ်ခဏမျှ ပျံသန်းပြီးနောက် ချီဟုန်က ရုတ်တရက် အသံပို့လွှတ်လာ၏။

“ကျန်းရီ... ဟိုဘက်မှာ တမလွန်ဘုံမျိုးနွယ်စစ်တပ် တစ်တပ် ရှိနေတယ်။ ဒါပေမဲ့ သူတို့က မင်းကို ပစ်မှတ်ထားနေတာ မဟုတ်လောက်ဘူး”

“လိုက်မယ်”

ကျန်းရီသည် ခေတ္တတွေးတောပြီးနောက် ထိုတမလွန်ဘုံမျိုးနွယ်ဝင်များက မည်သည့်နေရာသို့ သွားနေကြောင်း စိတ်ဝင်စားသွား၏။ ထို တမလွန်ဘုံမျိုးနွယ်ဝင်များက ဆန်းကြယ်နယ်မြေအပြင်ဘက်တွင် သူ ရှိနေကြောင်း သိကြသည်။ သို့သော် အဘယ်ကြောင့် ၎င်းတို့ ဤနေရာအနီးသို့ လာဝံ့ကြသေးသနည်း။

ကျန်းရီသည် အဝေးမှနေ၍ တမလွန်ဘုံမျိုးနွယ်စစ်တပ်နောက်သို့ လိုက်သွားကြ၏။ ချီဟုန်က ထိုစစ်တပ်ကို လျှို့ဝှက်၍ အာရုံခံနေသည်။ မကြာခင်မှာပင် တမလွန်ဘုံမျိုးနွယ်စစ်တပ်က ကွေ့ပတ်ကာ ဆန်းကြယ်နယ်မြေသို့ ပြန်သွားကြောင်း သိလိုက်ရလေသည်။

“အာ...”

ချီဟုန်သည် အံ့ဩတကြီးနှင့် လျင်မြန်စွာ အသံပို့လွှတ်လိုက်၏။

“ကျန်းရီ... အဲ့တမလွန်ဘုံမျိုးနွယ်စစ်တပ်က ဆန်းကြယ်နယ်မြေထဲ ကွေ့ဝင်သွားပြီ”

“အဲ့ဒါက...”

ကျန်းရီ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ သူ ချက်ချင်း ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ ဆန်းကြယ်နယ်မြေဆီသို့ ပျံသွားလိုက်သည်။ ထို့နောက် ချီဟုန်ဆီ အသံပို့လွှတ်လိုက်လေသည်။

“အရှင်ချီဟုန်... သွားစုံစမ်းလိုက်ပါ”

သို့သော် တမလွန်ဘုံမျိုးနွယ်ဝင်များက မင်တဲ၏ ညွှန်ကြားချက်အတိုင်း ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်ကြရာ ချီဟုန် အတန်ကြာ ရှာပြီးသည်ပင် မည်သည်ကိုမှ ရှာမတွေ့ပေ။ အလောင်းတစ်လောင်းကိုပင် ရှာမတွေ့ချေ။

“ထူးဆန်းလိုက်တာ”

ချီဟုန်သည် ပြန်လာပြီး ကျန်းရီအား သူ့စုံစမ်းရေးရလဒ်ကို ပြောပြလိုက်၏။ ကျန်းရီလည်း အံ့အားသင့်သွားသည်။ ချီဟုန်၏ အားကောင်းသော ကောင်းကင်စိတ်အာရုံက မမှားလောက်ပေ။ သို့ဆိုလျှင် ပြဿနာက မည်သည့်နေရာတွင်နည်း။

ကျန်းရီသည် တစ်ခဏ တွေးတောပြီးနောက် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ကာ ဆန်းကြယ်နယ်မြေကို လှည့်ပတ်ပျံသန်းလိုက်၏။ သူ ထောက်လှမ်းရေး တစ်ဒါဇင်လောက်ကို အလွယ်တကူ ဖမ်းနိုင်လိုက်သည်။ ထျန်းဖုန့်ဧကရာဇ်က ၎င်းတို့၏ စိတ်ဝိညာဉ်ကို ရှာဖွေကြည့်သောအခါ ကြောက်မက်ဖွယ် သတင်းတစ်ခုကို သိလိုက်ရသည်။ အတိတ်တွင် တမလွန်ဘုံဧကရာဇ်က ထိုဆန်းကြယ်နယ်မြေထဲ ဝင်ခဲ့ပြီး သေမလို ဖြစ်ခဲ့ဖူးလေသည်။

“ခင်ဗျားတို့က ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ”

ကျန်းရီ မျက်လုံး ဝေ့လိုက်၏။ မင်တဲက ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ ဖြန့်နေခြင်းဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။ သို့သော် မင်တဲ မျှော်လင့်ထားသလိုပင် ကျန်းရီ၏ ထိုဆန်းကြယ်နယ်မြေအပေါ် စိတ်ဝင်စားမှုက တိုးသွားပေသည်။

“ထျန်းဖုန့်ဧကရာဇ်... ထောက်လှမ်းရေးနှစ်ယောက်ကို ခေါ်ပြီး ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေကို ထိုးဖောက်လိုက်။ ခင်ဗျား အထဲ ဝင်နိုင်သွားရင် အဲ့ထောက်လှမ်းရေးနှစ်ယောက်ကို ဆန်းကြယ်နယ်မြေထဲ ပစ်ထည့်လိုက်ပါ။ ပြီးရင် အရှင်ချီဟုန်က ထပ်အာရုံခံကြည့်ပေးပါ။ ကျွန်တော် အထဲကို ရောက်တာနဲ့ တစ်စက္ကန့်လောက် လုံခြုံမယ်ဆိုရင် ကောင်းကင်ဘုံခုံရုံးကို ချက်ချင်းထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာပါ”

ကျန်းရီသည် သေချာပေါက် ကြိုးစားကြည့်တော့မည်ဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်သည် တမလွန်ဘုံမျိုးနွယ်ဝင် ထောက်လှမ်းရေးနှစ်ယောက်ကို ခေါ်၍ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ဖောက်ကာ ထိုနှစ်ယောက်ကို ဆန်းကြယ်နယ်မြေထဲ ပစ်ထည့်လိုက်၏။

“သုံးစက္ကန့်... အဲ့တမလွန်ဘုံမျိုးနွယ်ဝင်နှစ်ယောက်က အထဲမှာ သုံးစက္ကန့် ခံခဲ့တယ်။ လေထဲမှ ပုန်းနေတဲ့ ပိုးကောင်တွေက တမလွန်ဘုံမျိုးနွယ်ဝင်နှစ်ယောက်ကို အစိတ်စိတ်အမွှာမွှာ ဝါးစားပစ်လိုက်တာ။ သူတို့ရဲ့ အရိုးတွေတောင် မကျန်ဘူး”

ချီဟုန်၏ အာရုံခံမှုရလဒ် ထွက်လာ၏။ ကျန်းရီ ခေါင်းညိတ်၍ အံကြိတ်ကာ ပြောလိုက်သည်။

“မစွန့်စားရင် ဘာမှရမှာ မဟုတ်ဘူး။ ကျွန်တော် အထဲကို တစ်ချက်သွားကြည့်မယ်”

***

All Chapters