လေနှင့် ပိုးကောင်များ
Vol. 144 Ch. 2013
ကျန်းရီသည် ထိုဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များကြောင်း သိ၏။ သို့သော် ဘဝတွင်လည်း အန္တရာယ်များစွာ ရှိသည် မဟုတ်လာ။ အကယ်၍ သူက အရာအားလုံးကို ကြောက်ရွံ့နေလျှင် မည်သည်ကိုမှ မလုပ်ဘဲ ကောင်းကင်မိစ္ဆာဘုံထဲတွင် သူ့ဇနီးများနှင့်သာ နေနေသင့်သည်။
မိုးပြာမဟာဧကရာဇ်ပင် ကောင်းကင်ဘုံခုံရုံးထဲ ဖောက်ဝင်နိုင်ရန် အချိန်အကြာကြီး လိုအပ်မည်ဖြစ်သည်။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင် နှစ်ယောက်သည်ပင် ဆန်းကြယ်နယ်မြေထဲ၌ သုံးစက္ကန့်ခံခဲ့ရာ ကျန်းရီအနေဖြင့် ပိုကြာကြာ ခံနိုင်လောက်ပေသည်။
ထိုကဲ့သို့ ကြီးမားသော ဆန်းကြယ်နယ်မြေတစ်ခု၏ အာကာပြင်က အလွန်ခိုင်မာနေ၍ ကောင်းကင်ဘုံခုံရုံးကိုပင် မထုတ်နိုင်လောက်ခြင်းမျိုးတော့ မဖြစ်နိုင်သည် မဟုတ်လော။ ကျန်းရီ ကောင်းကင်ဘုံခုံရုံးကို ထုတ်နိုင်သည်နှင့် အချိန်တစ်ခု ခံနိုင်ပေလိမ့်မည်။ သူ အန္တရာယ်နှင့် ကြုံလျှင်ပင် မည်သို့ကိုင်တွယ်ရမည်ကို တွေးတောနိုင်ပေသည်။
အရာများကို အတည်ပြုပြီးနောက် ကျန်းရီ များစွာ တွေးတောမနေတော့ပေ။ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ လှည့်ပတ်ပျံသန်းလိုက်ပြီး ထုံးစံအတိုင်း ထောက်လှမ်းရေးအားလုံးကို ဖမ်းလိုက်သည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်ကို အနီးရှိ ဆန်းကြယ်နယ်မြေအသေးလေးထဲတွင် နေစေ၍ စောင့်ကြည့်နေခိုင်းလိုက်၏။ ပြီးမှ သူ ဆန်းကြယ်နယ်မြေဆီ သွားလိုက်လေသည်။
အပြင်သို့ တည်နေရာပြောင်းရွှေ့ကာ ကောင်းကင်ဘုံခုံရုံးကို သိမ်းပြီးနောက် ကျန်းရီ အာကာစုတ်ဖြဲလက်အိတ်ကို ထုတ်၍ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို စုတ်ဖြဲလိုက်သည်။ သူ ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် ကောင်းကင်ရတနာကို ရုတ်ခြည်း ထုတ်လိုက်ပေသည်။
ကောင်းကင်ရတနာက တောက်ပစွာ လင်းလက်လာပြီး ဧရာမ ကောင်းကင်ဘုံခုံရုံးကြီး ထွက်ပေါ်လာ၏။ ကျန်းရီ ကောင်းကင်ဘုံခုံရုံးထဲ ဖြတ်ခနဲ ဝင်လိုက်၏။ အထဲရောက်မှ သူ စိတ်အေးသွားသည်။ ထို့နောက် သူနှင့် ချီဟုန်တို့ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ အနီးမှ အခြေအနေကို အာရုံခံကြည့်လိုက်ကြသည်။ သူတို့သည် လေနှင့် လေထဲတွင် ပုန်းအောင်းနေသော ပိုးကောင်များကို အထူးအာရုံထားနေကြပေသည်။
မျှော်လင့်ထားသကဲ့သို့ပင်...
အာရုံခံပြီးနောက် ကျန်းရီသည် ပြဿနာတစ်ခုကို ရုတ်ခြည်း ရှာတွေ့သွား၏။ အထဲမှ လေမှာ မမြင်နိုင်သောအရာ မဟုတ်ဘဲ ပုံသဏ္ဌာန်တစ်ခု ရှိသည်။ ဤနေရာမှ လေများမှာ လေဆင်နှာမောင်းအသေးစားလေးများပင်။ လေဆင်နှာမောင်းတစ်ခုက သာမန်သစ်ပင်တစ်ပင်အရွယ်သာ ရှိသည်။ သို့သော် လေဆင်နှာမောင်းများမှာ အလွန်လျင်မြန်စွာ လည်ပတ်နေ၍ ကျန်းရီကို ၎င်းတို့က လေဆင်နှာမောင်းများ မဟုတ်ဘဲ မြင့်မားသော အရှိန်နှင့် လည်ပတ်နေသည့် သံမဏိဓားများဖြစ်သည်ဟု ခံစားနေရစေလေသည်။
ကျန်းရီသည် လေဆင်နှာမောင်းများ အလယ်ရှိ တုန်ခါမှု အနည်းငယ်ကို အာရုံခံမိ၏။ သူသာ ဂရုတစိုက် မကြည့်လျှင် ၎င်းကို လုံးဝ သတိပြုမိခဲ့မည် မဟုတ်ချေ။
စေ့စေ့စပ်စပ် အာရုံခံကြည့်သောအခါ လေဆင်နှာမောင်းများထဲ၌ ဖောက်ပြင်နိုင်သော ပိုးကောင်လေးများစွာ ရှိနေသည်ကို သိလိုက်ရသည်။ ထိုပိုးကောင်များက ဆန်စေ့အရွယ်သာ ရှိကြသည်။ ၎င်းတို့၏ ကျောပေါ်တွင် အတောင်ပံခြောက်ဖက်ပါ၏။ ၎င်းတို့တွင် ခြေထောက်ဆယ့်နှစ်ချောင်းလည်း ရှိသည်။ ၎င်းတို့၏ ပါးစပ်များမှာ ကင်းမြီးကောက်ကဲ့သို့ ဖြစ်ပြီး သွားများမှာမူ လွှများကဲ့သို့ပင်။
လေဆင်နှာမောင်းငယ်တစ်ခုစီထဲတွင် ထိုပိုးကောင်လေးများ အနည်းဆုံး ထောင်ကျော်ရှိကြသည်။ ၎င်းပိုးကောင်များသည် လေဆင်နှာမောင်းများနှင့်အတူ ပျံသန်းနိုင်ကြသည်။ ကျန်းရီ ဆန်းကြယ်နယ်မြေထဲတွင် ထွက်ပေါ်လာသည်နှင့် အနီးမှ လေဆင်နှာမောင်းများသည် ချက်ချင်း သူ့ထံ ရွေ့လျားလာကြသည်။ အထဲမှ ပိုးကောင်များကလည်း စိတ်လှုပ်တရှားနှင့် လျင်မြန်စွာ လှုပ်ရှားလိုက်ကြလေသည်။
ရွှီး...
လေဆင်နှာမောင်းအချို့က သူ့ထံ ရွေ့လျားလာသည်ကို တွေ့လိုက်သောအခါ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ သူတို့ အစောက ဖမ်းထားခဲ့သော တမလွန်ဘုံမျိုးနွယ်ဝင် ထောက်လှမ်းရေးများကို အပြင်ထုတ်လိုက်သည်။ ထိုလေဆင်နှာမောင်းများနှင့် ပိုးကောင်များ၏ အစွမ်းကို သူ လေ့လာလိုပေသည်။
“အား...”
အပြင်သို့ ပထမဆုံး ရောက်သွားသော တမလွန်ဘုံမျိုးနွယ်ဝင်သည် ရွေ့လျားလာသော လေဆင်နှာမောင်းတစ်ခုထဲ ရောက်သွား၏။ လေဆင်နှာမောင်းထဲရှိ ပိုးကောင်များက ၎င်းကို ဝန်းရံလိုက်ကြသည်။ ချီဟုန် ပြောခဲ့သလိုပင် သုံးစက္ကန့်အတွင်း ၎င်း ဝါးစားခံလိုက်ရသည်။ ၎င်း၏ အရိုးများပင် မကျန်ခဲ့ချေ။ အရာအားလုံးမှာ ပိုးကောင်များ၏ ဝါးစားခြင်းကို ခံလိုက်ရလေသည်။
“အား...အား...”
အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး တမလွန်ဘုံမျိုးနွယ်ဝင်များ ပိုးကောင်များ၏ ဝါးစားမှုကို ခံနေကြရသည်။ ကျန်းရီသည် သေသေချာချာ အာရုံခံကြည့်ပြီးနောက် ပြဿနာတစ်ခုကို ရှာတွေ့သွားလေသည်။
ပိုးကောင်များက ကြောက်မက်ဖွယ်ကောင်းရုံသာမက ထို လေဆင်နှာမောင်းငယ်လေးများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် တမလွန်ဘုံမျိုးနွယ်ဝင်များ လေဆင်နှာမောင်းများ အနီးသို့ ရောက်သွားသောအခါ အသားစင်းကောကဲ့သို့ ဖြစ်သွား၍ပင်။ ထို့နောက် ပိုးကောင်များက ပျံသန်းလာကာ ထိုအသားစင်းကောနှင့် အရိုးများကို ဝါးစားလိုက်ခြင်းဖြစ်သည်။ ပိုးကောင်များနှင့် လေဆင်နှာမောင်းများက တစ်ချိန်တည်း ရွေ့လျားနေခြင်းဖြစ်၍ ပိုးကောင်များက တမလွန်ဘုံမျိုးနွယ်ဝင်များကို အစအဆုံး ဝါးစားလိုက်ခြင်းဟု ထင်ရခြင်းဖြစ်သည်။
ကျန်းရီသည် တမလွန်ဘုံမျိုးနွယ်ဝင် ခုနစ်ယောက်၊ ရှစ်ယောက် ထုတ်ပြီးနောက် ရပ်လိုက်၏။ သူ ၎င်းတို့အကုန်လုံးကို ထုတ်လိုက်လျှင်ပင် များစွာ အသုံးဝင်မည် မဟုတ်ပါ။ ၎င်းတို့ကို သိမ်းထားလျှင်မူ နောင်တစ်ချိန်၌ အသုံးဝင်လာနိုင်ပေသည်။
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ နေရာတွင် လှည့်ပတ်ပျံသန်းနေ၏။ ထို လေဆင်နှာမောင်းများက လျင်မြန်စွာ ရွေ့လျားလာကာ ကောင်းကင်ဘုံခုံရုံးကို ဝန်းရံလိုက်ကြသည်။ လေဆင်နှာမောင်းများ နီးကပ်လာသောအခါ ကောင်းကင်ဘုံခုံရုံးက တောက်ပစွာ လင်းလက်လာ၏။ ချီဟုန်လည်း လျင်မြန်စွာ အသံပို့လွှတ်လိုက်သည်။
“အဲ့လေဆင်နှာမောင်းတွေက အရမ်းအားကောင်းတယ်။ လေဆင်နှာမောင်းတစ်ခုက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ ကောင်းကင်ဘုံခုံရုံးရဲ့ စွမ်းအင်က အရမ်းမြန်မြန် ကုန်လာပြီ”
ကျန်းရီသည် ယင်းကို မည်သို့ မသိဘဲ ရှိပါမည်နည်း။
ကောင်းကင်ဘုံခုံရုံးက အလွန်ကြီးမားသည်။ ယခုတွင် လေဆင်နှာမောင်း ရာကျော်က အရပ်မျက်နှာအနှံ့မှနေ၍ ကောင်းကင်ဘုံခုံရုံးကို တိုက်ခိုက်နေကြသည်။ ထပ်၍လာနေသေးသော လေဆင်နှာမောင်းများလည်း ရှိသည်။ ဤဆန်းကြယ်နယ်မြေထဲ၌ မရေမတွက်နိုင်သော လေဆင်နှာမောင်းများ ရှိကြသည်။ လေဆင်နှာမောင်းများ မည်မျှများများ ရှိကြောင်းကို မပြောနိုင်ပါ။
ဤဆန်းကြယ်နယ်မြေထဲတွင် ကြာကြာနေလေ၊ ပိုများသော လေဆင်နှာမောင်းများ၏ တိုက်ခိုက်မှုကို ခံရလေပင်။ နှစ်နာရီအတွင်း အနည်းဆုံး လေဆင်နှာမောင်း တစ်သောင်းလောက်က ကောင်းကင်ဘုံခုံရုံးကို တိုက်ခိုက်လာလိမ့်မည်ဟု ကျန်းရီ ခန့်မှန်သည်။ ယင်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အယောက်တစ်သောင်းက ကောင်းကင်ဘုံခုံရုံးကို တိုက်ခိုက်သကဲ့သို့ဖြစ်သည်။
‘အောက်ဆင်းမယ်’
ဆန်းကြယ်နယ်မြေထဲ ရောက်နေပြီဖြစ်ရာ ပြန်ဆုတ်ရန် အကြောင်းမရှိပေ။ ကျန်းရီသည် တမလွန်ဘုံမျိုးနွယ်ဝင်များကို အပြင်ပို့ခဲ့စဉ်က ဤနေရာမှ မြေဆွဲအားက အလွန်အားမကောင်းကြောင်း သိခဲ့သည်။ ထို့ကြောင့် သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ အချိန်မရွေး ထွက်သွားနိုင်သည်။ သို့ဖြစ်ရာ သူ မကြောက်ပေ။
ကျန်းရီ အလွန်လျင်မြန်စွာ မပျံသန်းဝံ့ပါ။ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ အောက်ဘက်သို့ ဖြည်းဖြည်းချင်း ပျံဆင်းစေလိုက်သည်။ ကောင်းကင်ဘုံခုံရုံးက အောက်ဘက်သို့ ရောက်လာလေ၊ လေဆင်နှာမောင်းများက ပိုရောက်လာလေပင်။ ကောင်းကင်ဘုံခုံရုံး၏ လက်ရှိအမြန်နှုန်းအရ ၎င်း လေဆင်နှာမောင်းများကို နောက်ချန်ထားခဲ့နိုင်မည် မဟုတ်ချေ။
ကျန်းရီ မစွန့်စားဝံ့ပါ။ သူ ဖြည်းဖြည်းချင်း ဆက်ဆင်းနေသည်။
သုံးဆယ်ကီလိုမီတာ၊ တစ်ရာကီလိုမီတာ၊ ငါးရာကီလိုမီတာ...
လေဆင်နှာမောင်းများနှင့် ပိုးကောင်များမှလွဲ၍ အခြားအန္တရာယ်မရှိပါ။ ကျန်းရီတို့ မြေပြင်နှင့် နီး၍ နီး၍ လာသည်။ ကျန်းရီ နားမလည်နိုင်ဖြစ်နေသည်။ ဤနေရာတွင် မြေအရင်းအမြစ် ရှိသည် မဟုတ်လော။ အဘယ်ကြောင့် ကောင်းကင်ဘုံခုံရုံးက အားကောင်းသော မြေဆွဲအားကို မခံစားရသနည်း။
ကျန်းရီ နားမလည်နိုင်ဖြစ်နေစဉ်တွင် ဆန်းကြယ်နယ်မြေတစ်ခုလုံးက ရုတ်တရက် အတန်ငယ် တုန်ခါသွားသည်။ ထို့နောက် ကောင်းကင်မှနေ၍ ဆယ်ချီသော အနက်ရောင်အလုံးများက ကြယ်ကြွေများအလား ကျဆင်းလာကြ၏။
‘ဘာဖြစ်နေတာလဲ’
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးက အောက်ဘက်သို့ လျင်မြန်စွာ ကျဆင်းသွားကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။ ကောင်းကင်ဘုံခုံရုံးအပေါ် ကြောက်မက်ဖွယ် မြေဆွဲအား သက်ရောက်နေသည်။ ကောင်းကင်ဘုံခုံရုံးမှာ အမြောက်စံတစ်စံကဲ့သို့ ကျဆင်းနေပေသည်။ ကျန်းရီ ကောင်းကင်ဘုံခုံရုံးကို လုံးဝ မထိန်းချုပ်နိုင်ပေ။
“ဘယ်လောက်တောင် သိပ်သည်းလိုက်တဲ့ မြေအရင်းအမြစ် အရှိန်အဝါလဲ။ ဒီနေရာက မြေအရှင်းအမြစ်က ချိပ်ပိတ်ခံထားရတာပဲ”
ချီဟုန်၏ အသံပို့လွှတ်လိုက်သံ ထွက်ပေါ်လာ၏။
“အစောက ဆန်းကြယ်နယ်မြေ တုန်ခါသွားတယ်။ ငါ့ခန့်မှန်းတာကတော့ မြေအရင်းအမြစ်ရဲ့ ချိပ်စည်း ပျက်သွားတာ ဖြစ်မယ်။ ဒါပေမဲ့ အထက်က အနက်ရောင်အလုံးတွေက ဘာတွေလဲ”
ဝုန်း...
ကောင်းကင်ဘုံခုံရုံးက မြေပြင်ပေါ် ပြင်းထန်စွာ ဆင်းသက်သွား၏။ အထက်မှ အနက်ရောင်အလုံးများကလည်း ကျဆင်းလာပြီး ကောင်းကင်ဘုံခုံရုံးကို ထိမှန်သွားကြသည်။ အနက်ရောင်အလုံးများအပေါ်မှ အစီအရင်များ လင်းလက်လာ၏။ ထို့နောက် ၎င်းတို့ ပေါက်ကွဲသွားသည်။ ပတ်ဝန်းကျင်သည်လည်း အကွာအဝေးတစ်ခုအထိ တုန်ခါသွားလေသည်။
‘အဲ့ဒါက ဘာလဲ’
ကျန်းရီနှင့် ချီဟုန်တို့ နားမလည်နိုင်ကြပေ။ အနက်ရောင်အလုံးများ၏ ပေါက်ကွဲမှုက အလွန်အားကောင်းသည်။ သို့သော် ကောင်းကင်ဘုံခုံရုံးကိုတော့ များစွာထိခိုက်မသွားစေပါ။ သို့ဖြစ်ရာ ထိုအနက်ရောင်လုံးများကို ပစ်လိုက်ခြင်းက မည်သို့ အကျိုးရှိပါသနည်း။
ဂျွတ်...
ကျန်းရီ၏ လက်ထဲရှိ ကျောက်စိမ်းအဆောင်တစ်ခုက ကျိုးသွား၏။ သူ့မျက်နှာထား ပြောင်းလဲသွားသည်။ ထျန်းဖုန့်ဧကရာဇ် တစ်ခုခု ဖြစ်နေပေပြီ။
တမလွန်ဘုံမျိုးနွယ်က လှုပ်ရှားနေပြီဆိုသော အဓိပ္ပာယ်ပင်။ ထျန်းဖုန့်ဧကရာဇ်က တစ်ခဏအတွင်း ရှုံးနိမ့်သွားသည်။ ထို့ကြောင့် ဤအခေါက်တွင် မင်တဲနှင့် အခြား ထိပ်တန်းတမလွန်ဘုံဘုရင်များ သေချာပေါက် ပါဝင်ပေလိမ့်မည်။
တမလွန်ဘုံမျိုးနွယ်ဝင် ထောက်လှမ်းရေးများထံမှ သိရသော ကောလာဟလသတင်းများနှင့် ဤဆန်းကြယ်နယ်မြေထဲ ဝင်သွားခဲ့သော တမလွန်ဘုံမျိုးနွယ်ဝင် တပ်သားထောင်ကျော်အကြောင်းကို ပြန်တွေးကြည့်သောအခါ ကျန်းရီ လျင်မြန်စွာ နားလည်သွားသည်။ မင်တဲနှင့် အခြားသူများက ဤစစ်ဆင်ရေးကို အစီအစဉ်ဆွဲထားခြင်းဖြစ်မည်။ သူတို့၏ ရည်ရွယ်ချက်က ထင်ရှားသည်။ သူတို့သည် ဤဆန်းကြယ်နယ်မြေကို သုံး၍ ကျန်းရီကို သတ်လိုခြင်းပင်။
တစ်ခဏကြာပြီးနောက် ကျန်းရီသည် ထို အနက်ရောင်အလုံးများ၏ အသုံးဝင်ပုံကို သိသွား၏။ အနက်ရောင်အလုံးများ ကောင်းကင်ဘုံခုံရုံးအထက်တွင် ပေါက်ကွဲသွားပြီးနောက် လေဆင်နှာမောင်းများထဲမှ ပိုးကောင်များက လျင်မြန်စွာ ရောက်ရှိလာကြသည်။
ပိုးကောင်များ ပျံသန်းလာသောအခါ လေဆင်နှာမောင်းများလည်း ပါလာကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထောင်ချီသော လေဆင်နှာမောင်းများ ရွေ့လျားလာကြလေသည်။ ပိုးကောင်များကလည်း စိတ်လှုပ်ရှားစွာ အော်နေကြသည်။ ၎င်းတို့သည် လေဆင်နှာမောင်းများနှင့်အတူ ပျံသန်းလာပြီး ကောင်းကင်ဘုံခုံရုံးကို ရူးသွပ်စွာ တိုက်ခိုက်ကြလေတော့သည်။
မြေဆွဲအားမှာလည်း အပြင်ကထက် အဆတစ်သန်း ပိုအားကောင်လာ၏။ တွင်းကြီးထဲမှ မြေဆွဲအားနှင့်ပင် ယှဉ်နိုင်လာသည်။ ကောင်းကင်ဘုံခုံရုံး လုံးဝ ပျံမတက်နိုင်တော့ပေ။ လေဆင်နှာမောင်းများက ကောင်းကင်ဘုံခုံရုံး ပတ်ပတ်လည်တွင် လည်ပတ်ကာ တိုက်ခိုက်နေကြသည်။ ကောင်းကင်ဘုံခုံရုံး၏ စွမ်းအင်မှာ တဖြည်းဖြည်း ကုန်ဆုံးလာပေသည်။
“ကောင်လေး... တစ်ခုခု စဉ်းစားဦး”
ချီဟုန်က လေးနက်သော လေသံနှင့် အသံပို့လွှတ်လိုက်၏။
“လေဆင်နှာမောင်းတွေ ပိုများလာပြီ။ ဒီစွမ်းအင်ကုန်ဆုံးနှုန်းနဲ့ဆိုရင် ကောင်းကင်ဘုံခုံရုံးရဲ့ စွမ်းအင်က နှစ်ဝက်မပြည့်ခင် ကုန်သွားလိမ့်မယ်။ ကောင်းကင်ဘုံခုံရုံး ဖျက်ဆီးခံရရင် မင်းက အချိန်တစ်ခုအတွင်း မသေနိုင်လောက်သေးပေမဲ့ မင်းမိတ်ဆွေတွေနဲ့ မိသားစုကတော့ ချက်ချင်း အဆုံးသတ်သွားလိမ့်မယ်”