← Chapters

ရုပ်အလောင်းမျက်နှာ ရေးဆွဲခြင်း

Vol. 86 Ch. 1186

ရုပ်အလောင်းမျက်နှာ ရေးဆွဲခြင်း

Vol. 86 Ch. 1186

အမှောင်ဂိုဏ်းက အပြည့်အဝ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း အမှောင်တာအိုက ပြန်လည်ပေါ်ထွက်လာပြီး စည်းမျဉ်းများကို ပြုပြင်ကာ စည်းကမ်းများကိုလည်း ပြန်လည်တည့်မတ်ပြီးလေပြီ။ အမှောင်အပြစ်ဒဏ်ကိုပင် ဖွဲ့စည်းထားပြီးပြီဖြစ်ရာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည်။

ထိုစဉ် ငရဲကိုးထပ်အတွင်း သေဆုံးပြီးသော ဝိညာဉ်များဖြင့် ပြည့်နှက်နေသည့် အမှောင်မြစ်ကြောင်းအောက်ခြေမှာမူ အမှောင်ကြယ်စင်ရှိ ဝရုန်းသုန်းကားအခြေအနေများ၊ ပြင်ပလောကရှိ ရုတ်ရုတ်သည်းသည်းဖြစ်မှုများနှင့် ကွဲပြားနေသည်။

ထိုနေရာတွင် ယူကျုံးမရဖြစ်မှုနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

“လဆုတ်ပညာရပ်”

“လဆုတ်ပညာရပ်”

“လဆုတ်ပညာရပ်”

အမှောင်ဧကရာဇ်၏ ဂူဗိမာန်အတွင်း ဝမ်ပေါင်လဲ့က သူ့ဆရာ မင်ခွန်းကျစ် ပျောက်ကွယ်သွားခဲ့သည့် နေရာတွင် ဒူးထောက်ထိုင်နေလျက် ရှိသည်။ သူက အချိန်ကုန်ဆုံးမှုကို မေ့လျော့သွားပြီး စိတ်ထဲတွင် အတွေးတစ်ခုသာ ကြီးစိုးထားသည်။

မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ပြီး အချိန်နောက်ပြန်ဆုတ်ကာ သူ့ဆရာ၏ ဝိညာဉ် ပြန်လည်ပေါ်လာအောင် ကြိုးစားနေခြင်း ဖြစ်၏။

သူ့အနေနှင့် လဆုတ်ပညာရပ်ကို အကြိမ်ရေ မည်မျှကြိုးစားပြီးမှန်း မသိတော့ပေ။ သူ့မျက်နှာက ဖြူဖျော့နေပြီး မျက်ဝန်းထဲမှ သွေးများပင် ခမ်းခြောက်လုမတတ် ဖြစ်နေသည်။ အချိန်အတော်ကြာပြီးသည့်နောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အားကုန်သုံးကြိုးပမ်းထားသည့် အရာကို ကြည့်လိုက်သည်။ အချိန်နောက်ပြန်ရစ်ခြင်းကြောင့် ဖြစ်လာသည့် မူမမှန်မှုများတွင် သူ့ဆရာ၏ ဝိညာဉ် အရိပ်အမြွက် ပါဝင်မနေပေ။

ဝမ်ပေါင်လဲ့က ငြိမ်ကျသွား၏။

သူက အစကတည်းက တချို့သောကိစ္စရပ်များသည် သူ ကိုယ်တိုင် နောက်ပြန်ဆုတ်ရုံဖြင့် ဖြေရှင်း၍ မရနိုင်ကြောင်း သိထားခဲ့သည်။ သူ့ဆရာ၏ ဝိညာဉ်က အမှောင်ဧကရာဇ်၏ ရုပ်ကလာပ် ထည့်ထားသည့် ခေါင်းတလားနှင့် ဆက်နွယ်ထားသောကြောင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထိုအရာသည် လဆုတ်ပညာရပ်ဖြင့် ပြောင်းလဲ၍ ရနိုင်သည့်အရာမျိုး မဟုတ်ပေ။

“မမလေး … ကျွန်တော်ကို ကူညီပေးနိုင်မလား” ဝမ်ပေါင်လဲ့က အသံတိုးတိုးဖြင့် ခါးသက်စွာ မေးလိုက်သည်။

“ငါ … မလုပ်နိုင်ဘူး။ ပေါင်လဲ့ ဝမ်းမနည်းပါနဲ့။ ဒီအကြောင်း စဉ်းစားကြည့်ရအောင်။ တခြားနည်းလမ်း ရှိဦးမလား” သူ့ကို အချိန်အတော်ကြာ မတုံ့ပြန်ခဲ့သည့် ဝမ်ရီရီက ညင်ညင်သာသာ ပြောလာလေသည်။ သူမက ဝမ်ပေါင်လဲ့၏ အတွေးများကို ခံစားမိလေသည်။ သို့သော် သူမ တတ်နိုင်သည့်အရာ မရှိပေ။

လျိူယွဲ့က တတ်နိုင်လောက်၏။

သို့သော်လည်း သူမက သူမအဖေသည် ဤလောကတွင် မရှိတော့ကြောင်း ခံစားမိလိုက်သည်။

မလုပ်နိုင်ဘူးတဲ့လား

ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူ့နှလုံးသားထဲမှ ဝမ်းနည်းမှုက ပိုကြီးမားလာသည်။ ထိုအရာက သူ့ခန္ဓာကိုယ်တစ်ခုလုံးအထိ လွှမ်းခြုံသွားလေ၏။ ခဏအကြာတွင် လဆုတ်ပညာရပ် ဆက်တိုက်ထုတ်သုံးမှုကြောင့် ဖြစ်လာသည့် မူမမှန်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။ ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ကြည့်လာခဲ့၏။

အမှောင်မြစ်ကြောင်းက အရာအားလုံးကို နှစ်မြှပ်စေကာ သူ့မြင်ကွင်းကို ပိတ်ဆို့ထားသော်လည်း သူက အမှောင်မြစ်ကြောင်း အပြင်ဘက်တွင် ဂိုဏ်းတူအစ်ကိုကြီးဟောင်း၏ ပုံရိပ်ကို မြင်တွေ့နိုင်ဟန်ပေါ်သည်။ အချိန်အတော်ကြာပြီးနောက် ဝမ်ပေါင်လဲ့က တိတ်တဆိတ် အကြည့်လွဲလိုက်သည်။

သူက သူ့ဆရာ၏ ရွှေးချယ်မှုနှင့် ဂိုဏ်းတူအစ်ကိုကြီး၏ ဆုံးဖြတ်ချက်ကို နားလည်လေသည်။ ထိုအရာတွင် မှားယွင်းနေသည့်အရာ မရှိပေ။ တာအိုက ကွဲပြားခြင်းသာ ဖြစ်၏။ သို့သော်လည်း သူ့အနေနှင့် ထိုအရာကို နားမလည်နိုင်ပေ။

အကြောင်းအရင်းမှာ … ချန်ရှင်းက သူ့ကိုယ်ပိုင်တာအိုနောက် လိုက်ကာ ဂုဏ်ကျက်သရေကြီးမားသည့် အမှောင်ဂိုဏ်း လမ်းစဉ်ကို လျှောက်လှမ်းလေသည်။ သို့သော်လည်း ပေးဆပ်ရသည့် တန်ကြေးက သူ့ဆရာ၏ ဝိညာဉ် ပျောက်ကွယ်သွားမှု ဖြစ်၏။ ဝမ်ပေါင်လဲ့အနေနှင့် သူ့ဂိုဏ်းတူအစ်ကိုကြီးက မှားနေကြောင်း ကောင်းကောင်းကြီး သိထားသည်။

သူ့ဆရာလည်း မှားယွင်းခဲ့၏။ သူက နှလုံးသားပျော့ပျောင်းခဲ့၍ မှားခဲ့သည်။ သူက သူ့တပည့်နှစ်ယောက် မတည့်မရှု ဖြစ်သွားစေမည်ကို မမြင်တွေ့လို၍ မှားယွင်းခဲ့သည်။ သူက ကိုယ်ပိုင်သေဆုံးမှုဖြင့် တပည့်နှစ်ဦး အောင်မြင်အောင် ကူညီပေးလိုသည့်အတွက် မှားယွင်းခဲ့သည်။

ငါလည်း မှားခဲ့တာပဲ … ငါ အမှောင်မြစ်ကြောင်းဆီ မလာသင့်ဘူး

ဝမ်ပေါင်လဲ့က ပင်ပန်းမှုဖြင့် ထိုင်ချလိုက်သည်။ သူက သူ့ဆရာ ပျောက်ကွယ်သွားသည့်နေရာကို ကြည့်ကာ တိတ်ဆိတ်နေမိသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းမော့ကာ အကြည့်များ ထပ်မံ တောက်ပလာ၏။

နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတာပဲ …

ဝမ်ပေါင်လဲ့က ညာဘက်လက်ကို အသာမြောက်လိုက်၏။ ထို့နောက် သူ့လက်ထဲ ပုလင်းငယ်တစ်လုံး ထွက်ပေါ်လာသည်။

ထိုအရာက ဆုတောင်းပုလင်း ဖြစ်၏။

သူက ဆုတောင်းပုလင်းကို ကိုင်ထားရင်း အကြည့်များ တောက်ပလာသည်။ သူက အသက်ပြင်းပြင်းရှုကာ စကားတစ်ခွန်း ရေရွတ်လိုက်သည်။

“ ငါ့ဆရာ အကယ်ခံရဖို့ မျှော်လင့်တယ်”

ဆုတောင်းပုလင်းက ပုံမှန်အတိုင်း အေးစက်နေဆဲ ဖြစ်၏။ တုံ့ပြန်မှုနည်းနည်းပင် မရှိချေ။ ဝမ်ပေါင်လဲ့က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးသည့်နောက် ထပ်ပြောလိုက်သည်။

“ ဆရာရဲ့ ဝိညာဉ် ပျောက်ကွယ်မသွားတဲ့အချိန် ပြန်ရောက်ချင်တယ် ”

ဆုတောင်းပုလင်းက မပြောင်းလဲခဲ့ပေ။ ဝမ်ပေါင်လဲ့က ခေါင်းငုံ့ထားပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ဤတစ်ကြိမ် သူက ယခင်ထက် ပိုမို တိတ်ဆိတ်သွားခဲ့သည်။ အမွေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်စာလောက် ယူပြီးသည့်နောက် သူက မျက်လုံးပြန်ဖွင့်လာပြီး ဆုတောင်းပုလင်းကို ကြည့်ရင်း ရှုပ်ထွေးသည့် အမူအရာမျိုးဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ လူကြီးမင်း တကယ်လို့ ဆရာကို ပြန်အသက်သွင်းဖို့ ကူညီမပေးနိုင်ရင် … ကျေးဇူးပြုပြီးတော့ ကျွန်တော် သူ့ရုပ်အလောင်းမျက်နှာကို ရေးဆွဲပေးခွင့်လေးများ ရမလား”

ဆုတောင်းပုလင်းက တိတ်ဆိတ်နေဆဲ ဖြစ်၏။ ဝမ်ပေါင်လဲ့ ရင်းနှီးကျွမ်းဝင်နေသည့် အပူလှိုင်း မရှိလာပေ။ ခဏကြာပြီးသည့်နောက် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ ပိုမို ခါးသီးလာမိ၏။ သူက ဆုတောင်းကို ပြောင်းတော့မည့်ဆဲဆဲတွင် လက်ထဲတွင် ရှိနေသည့် ဆုတောင်းပုလင်းက အနည်းငယ် တုန်ခါလာသည်။ ထို့နောက် ဆုတောင်းပုလင်းထဲမှ မှိန်ဖျဖျ အသိစိတ်တစ်ခု ထွက်လာဟန်ပေါ်၏။ ထိုအရာက အဝေးတစ်နေရာရှိ အမည်မသိနေရာမှ ထွက်ပေါ်လာဟန်တူပြီး ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဝင်ရောက်လာသည်။

“မင်း ငါ့ကို အကြွေးတင်သွားပြီ”

အသံက ရှာတွေ့ဖို့ ခက်လှသည်။ ထိုအရာက ကျောက်ပြားကမ္ဘာရှိ အမှောင်ဧကရာဇ် ဗိမာန်ဆီ ရောက်ရှိဖို့ ဆုတောင်းပုလင်းကို ကြားခံနယ်အဖြစ် အသုံးပြုထားဟန်ပေါ်သည်။ အသံထွက်ပေါ်လာပြီးသည့်နောက် ဝမ်ပေါင်လဲံ့၏ လက်ထဲ ဆုတောင်းပုလင်းက အပူလှိုင်းတစ်ခု ထုတ်လွှင့်လာသည်။

ထိုအပူလှိုင်းက မကြုံစဖူး ဖြစ်၏။ ထိုအရာသည် အသံကျယ်ကျယ်ဖြင့် ပေါက်ကွဲထွက်သွားပြီး ဝမ်ပေါင်လဲ့၏ လက်ထဲ ဝင်ရောက်သွားသည်။ ဝမ်ပေါင်လဲ့၏ စိတ်က တုန်တုန်ယင်ယင် ဖြစ်သွားပြီး ဆုတောင်းပုလင်းက တောက်တောက်ပပ အလင်းတန်း ထုတ်လွှင့်လာတော့သည်။ အလင်းတန်းက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး စည်းမျဉ်းများကိုပင် သက်ရောက်လာသည်။ ထိုအရာက စည်းမျဉ်းများကို ပြောင်းလဲပြီး ဖြည်းဖြည်းချင်းဖြင့် ဗလာနတ္ထိမှ ဝိညာဉ်ကြိုးမျှင်များကို စုဝေးပေးလာသည်။

ထိုဝိညာဉ်ကြိုးမျှင်များက ပျောက်ကွယ်သွားပြီးသား ဖြစ်သော်လည်း ယခုတွင် မဖြစ်နိုင်ခြင်းမှ ဖြစ်နိုင်သည့်အရာအဖြစ် ပြောင်းလဲခံလိုက်ရသည်။ ဝမ်ပေါင်လဲ့က သူ့ရှေ့တွင် ဝိညာဉ်ကြိုးမျှင်များ စုဝေးပြီး ဝိညာဉ်အစိုင်အခဲ ဖြစ်လာသည်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားလာ၏။

ဒါက အချိန်အတော်ကြာ မတည်ရှိသလို ကြာကြာခံမှာ မဟုတ်တဲ့ ဝိညာဉ်အစိုင်အခဲပဲ … ဒါက သူ့ဆရာရဲ့ အကြွင်းအကျန်ဝိညာဉ်ပဲ …

ပိုပြီးအတိအကျပြောရလျှင် မူလ၏ ဝိညာဉ်ဟု ခေါ်ဆိုလျှင် ပို၍ သင့်တော်လိမ့်မည်။ ဝိညာဉ်အစိုင်အခဲက သူ့ဆရာ၏ သွင်ပြင် မရှိထားဘဲ သူ့ဆရာ အမှတ်အသားရှိထားသည့် ဝိညာဉ်အစိုင်အခဲသာ ဖြစ်နေ၏။

အမှောင်ဂိုဏ်း၏ နားလည်မှုအရ ထိုသို့သော ဝိညာဉ်မျိုးကို ကံကြမ္မာကို ဆုံးဖြတ်ပေးပြီး ကံအကြောင်းတရားကို ဆွဲငင်ကာ သံသရာဆီ ပို့လွှတ်ပေးဖို့အတွက် ရုပ်အလောင်းမျက်နှာ ရေးဆွဲဖို့ မိုးကောင်းကင်တာအို၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရန် လိုအပ်သည်။

သို့သော်လည်း သူ့ဆရာ၏ အကြွင်းအကျန်ဝိညာဉ်မှာမူ ကွဲပြား၏။ ထိုအရာက ကွယ်ပျောက်နေပြီ ဖြစ်၏။ ဆုတောင်းပုလင်း၏ စွမ်းအားက ထိုအရာ၏ ပျောက်ကွယ်သွားမှုနှုန်းကို လျော့ချပေးနိုင်ခဲ့သော်လည်း ကြာကြာခံမည် မဟုတ်ပေ။

ပျောက်ကွယ်သွားနှုန်းအရ အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်မျှသာ ခံနိုင်ရည် ရှိလိမ့်မည်ဟန် ပေါ်သည်။

ဝမ်ပေါင်လဲ့က ဝိညာဉ်အစိုင်အခဲကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက စိုစွတ်နေ၏။ သူက ဝိညာဉ်အစိုင်အခဲကို သူ့ဆီ ညင်ညင်သာသာ ဆွဲခေါ်ကာ တီးတိုးပြောလိုက်သည်။

“ဆရာ …”

ဝမ်ပေါင်လဲ့က မျက်လုံးအသာမှိတ်ကာ ရေရွတ်လိုက်သည်။ သူက မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့မျက်ဝန်းအထက် အောက်မေ့ခြင်းအပြည့် ဖြစ်နေသည်။ သူက ဝိညာဉ်အစိုင်အခဲ၏ နောက်ဘဝ၏ မျက်နှာကို စတင်ရေးဆွဲပေးတော့မည် ဖြစ်၍ သူ့လက်များက တုန်ယင်နေသည်။

သူက မျက်ခုံး၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ရေးဆွဲလိုက်သည်။

စုတ်ချက်တစ်ခုချင်းစီက သူ့စိတ်ခံစားချက်များ ပါဝင်နေ၏။ စုတ်ချက်တစ်ခုချင်းစီတွင် သူ့မှတ်ဉာဏ်များ ကိန်းအောင်းနေကာ အသေအချာ အလေးအနက် ရေးဆွဲနေသည်။

သူ ရေးဆွဲနေသည်ကား နောက်ဘဝ မဟုတ်ပေ။

သူ ရေးဆွဲနေသည်ကား လက်ရှိဘဝ ဖြစ်၏။

ဤသည်မှာ ပျောက်ကွယ်မသွားခင်အထိ သူ့ကို ဤနေရာမှ ထွက်သွားဖို့ ခွင့်ပြုပေးဖို့သာ လိုလားနေပြီး သူ့ကို အနှောင့်အယှက် မဖြစ်စေလိုသည့် သူ့ဆရာသာ ဖြစ်၏။

သူတို့က အိပ်မက်တစ်ခုအတွင်း တွေ့ဆုံခဲ့ပြီး ဆရာတပည့် ဖြစ်လာကြသည်။ သူတို့က အချင်းချင်း တွေ့ဆုံစဉ်အခါက ဝိညာဉ်ပုံစံဖြင့်သာ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာများက အတိတ် ဖြစ်သွားခဲ့လေပြီ။

အချိန်အတော်ကြာပြီးသည့်နောက် ဝမ်ပေါင်လဲ့က နောက်ဆုံးစုတ်ချက်ကို ရေးသားလိုက်သည်။ သူ့မျက်နှာအထက် မျက်ရည်များဖြင့် စိုရွဲနေပြီး သူ့ဆရာ၏ သွင်ပြင် ပြန်ပြောင်းသွားသည့် ဝိညာဉ်ကို ကြည့်နေလေသည်။ ဝမ်ပေါင်လဲ့က ထရပ်ကာ နောက်ဆုတ်လိုက်၏။

သူက မျက်လုံးမှိတ်ထားသည့် ဝိညာဉ်ထံ ဝပ်တွားကန်တော့လိုက်သည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် … ကိုးကြိမ်တိုင်တိုင် ဖြစ်၏။

ဆရာ ကျေးဇူးပါ …

ဝိညာဉ်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လာပြီး ဝမ်ပေါင်လဲ့ကို ကြင်နာနွေးထွေးစွာ ကြည့်လာသည်။ ထို့နောက် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။

“ကောင်းတယ်”

နောက်အခိုက်အတန့်လေးတွင် ဝိညာဉ်က အဖျက်ခံလိုက်ရသည့်အလား မှုန်ဝါးလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့၏။ သူက သူ့ဆရာ တစတစ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း မျက်ရည်များ စီးကျလာသည်။ သူက သူ့ဆရာ အိပ်မက်ထဲတွင် ခွဲခွာစဉ်အခါက ပြောခဲ့ဖူးသည့်အရာများကို ပြန်လည်တွေးတောလိုက်၏။

“မင်းရဲ့ နှလုံးသားစေရာအတိုင်း လုပ်ပါ … ”

“ငါ့နှလုံးသားစေရာအတိုင်း လုပ်ရမယ်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက မလှုပ်မယှက် ထိုင်နေရင်း မျက်ရည်များက မိုးပြိုလုမတတ် စီးဆင်းလာသည်။

သူ့ဘေးတွင် မမလေး၏ ပုံရိပ် ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ သူမ၏ မျက်ဝန်းအထက် နာကျင်မှုဖြင့် ပြည့်နှက်နေ၏။ သူမက သူ့ဆီ ချည်းကပ်လာကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမက လက်ကို အသာမြောက်လိုက်ပြီး ဝမ်ပေါင်လဲ့၏ ဦးခေါင်းကို ညင်ညင်သာသာ ပုတ်ပေးလိုက်သည်။

“ ဘဝမှာ ငါတို့မပြောင်းလဲနိုင်တဲ့ နောင်တတွေဆိုတာ သေချာပေါက် ရှိကြတာချည်းပဲ”

“ပေါင်လဲ့ မင်း ကောင်းကောင်းလုပ်ခဲ့တယ် ”

“ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လား” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ ထို့နောက် ပင်ပန်းနွမ်းနယ်မှုက လွှမ်းမိုးသွားခဲ့သည်။

“ဟုတ်တယ်။ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ အခု တစ်ရေးလောက်အိပ်ပြီး ကောင်းကောင်းနားလိုက်” မမလေးက ပြောလိုက်ပြီးသည့်နောက် ဝမ်ပေါင်လဲ့ကို သူမပေါင်အထက် ခေါင်းအုံးစေလိုက်သည်။ သူမက သူ့ဦးခေါင်းကို အသာနှိပ်နယ်ပေးနေရင်း နှုတ်ဖျားမှ သီချင်းသံ ထွက်ပေါ်လာ၏။

သီချင်းက ညင်သာလွန်းပြီး လူအများအား နွေးထွေးကာ ဘေးကင်းသွားစေသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ထိုအရာက လူများကို နှလုံးသားထဲအထထိ ငြိမ်းအေးသွားစေ၏။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က တုန်တုန်ယင်ယင်ဖြင့် အေးစက်စက် ညကို လျှောက်လှမ်းနေသည့် သေမျိုးတစ်ယောက်လိုမျိုး ဖြစ်ကာ သူက ယခု မီးဖိုနား ရောက်လာပြီး နွေးထွေးမှုဖြင့် လွှမ်းခြုံသွားတော့သည်။

သူ့ဝန်းကျင်တွင် အင်မတန် ဆိတ်ငြိမ်နေ၏။ မမလေး၏ သီချင်းသံသာ တိုးတိုးလေး ပဲ့တင်ထပ်ထွက်ပေါ်နေသည်။

“လေဟုန်က ညင်ညင်သာသာ တိုက်ခတ်သွားရင်း ငှက်လေးတွေက တီးတိုးအော်မြည်နေကြတယ် … ကလေးလေးရေ ဝမ်းမနည်းနဲ့ အိပ်လိုက်ပါတော့”

“ နှင်းပွင့်လေးတွေက ကျဆင်းနေပြီး မျက်ရည်တွေကလည်း တိတ်တဆိတ် ကျဆင်းလာတယ်။ ကလေးလေးရေ ဝမ်းမနည်းပါနဲ့ ပြုံးလိုက်ပါ … "

All Chapters