မရှင်းလင်းခြင်း
Vol. 86 Ch. 1187
အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်လာလေပြီ။ အမှောင်ဧကရာဇ်၏ သင်္ချိုင်းဂူထဲမှာ အင်မတန် တိတ်ဆိတ်နေ၏။ သီချင်းဆိုသံလေးသာ ထွက်ပေါ်နေသည်။ သူတို့က ဝမ်ပေါင်လဲ့၏ နှလုံးသားထဲမှ ဝမ်းနည်းမှုကို ဖြေဖျောက်ပေးနေကြသည်။ သူ့နှလုံးသားထဲရှိ ပင်ပန်းနွမ်းလျမှုတို့က ယခုအခါ ပျောက်ကွယ်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ဒါက အရမ်းကို ဘေးကင်းပြီးတော့ နွေးထွေးလုံခြုံတယ် …
ပြင်ပလောကရှိ အမှောင်မြစ်က စိတ်ဝိညာဉ် ရှိနေဟန်ပေါ်၏။ ထိုအရာက ဝမ်ရီရီ၏ တေးဆိုသံကို ခံစားမိဟန်ဖြင့် ငြိမ်ကျသွားကာ လှိုင်းလုံးများပင် မရှိတော့ပေ။ မြစ်ထဲရှိ ဝိညာဉ်အမြောက်အများကလည်း ငြိမ်ကျသွားပြီး အော်ဟစ်နေခြင်း မရှိကြတော့ပေ။
အမှောင်ကြယ်အတွက်မူ သက်ရောက်မှု ခံရလား မသိရပေ။ ထိုအရာက ငြိမ်ကျနေပြီး ဘာအသံမှ မရှိပေ။ ထိုအရာကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သွားဟန်ပေါ်၏။
ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဆိတ်ငြိမ်နေသည်။ အမှောင်ကြယ်က တိတ်ဆိတ်နေပြီး သက်ရှိအားလုံးကလည်း အေးချမ်းနေသည်။ ဝမ်ရီရီ၏ အသံသာ အမှောင်မြစ်တစ်လျှောက် ထွက်ပေါ်လာကာ နေရာတစ်ခုလုံး ပျံ့နှံ့သွားလေ၏။
“လေဟုန်က ညင်ညင်သာသာ တိုက်ခတ်သွားရင်း ငှက်လေးတွေက တီးတိုးအော်မြည်နေကြတယ် … ကလေးလေးရေ ဝမ်းမနည်းနဲ့ အိပ်လိုက်ပါတော့”
“ နှင်းပွင့်လေးတွေက ကျဆင်းနေပြီး မျက်ရည်တွေကလည်း တိတ်တဆိတ် ကျဆင်းလာတယ်။ ကလေးလေးရေ ဝမ်းမနည်းပါနဲ့ ပြုံးလိုက်ပါ … ”
အသံက ညင်သာလှပြီး စူးရှမှုအနည်းငယ်ပင် မပါဝင်ပေ။ ရေလိုမျိုး တည်ငြိမ်မှုနှင့် လေလိုမျိုး ညင်သာမှုမျိုး ရှိ၏။ ထိုအရာက ငရဲကိုးထပ်အထက် ဝဲကတော့အလယ်ရှိ အထီးကျန်ပုံရိပ်၏ စိတ်ထဲ အထိ ရောက်ရှိသွားသည်။
ထိုပုံရိပ်က ကြယ်တာရာကောင်းကင်ထဲ ဝဲကတော့ကို ကိုင်ဆောင်ထားသလိုမျိုး တင်ပျဉ်ခွေထိုင်နေသည်။ သူ့နှလုံးသား၊ တာအိုနှင့် အရာအားလုံးက အေးစက်ကာ အနှောင်အဖွဲ့ မရှိတော့ပေ။ သို့သော် ယခုတွင် သီချင်းသံ ကြားလိုက်ရသည့်အခါ မျက်လုံး ဖြည်းဖြည်းချင်း ပွင့်လာပြီး ခေါင်းငုံ့ကာ အမှောင်မြစ်ကို လှမ်းကြည့်လာသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွားပြီး ဆယ်ရက် … ရက်သုံးဆယ် … ရက်တစ်ရာ …
ဝမ်ပေါင်လဲ့ နိုးထလာခဲ့သည်။
သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့မျက်ဝန်းအထက် အောက်မေ့လွမ်းဆွတ်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။ သူက သူ့ကို ကြည့်နေသည့် ရင်းနှီးပြီးသား မျက်နှာကို ကြောင်အမ်းအမ်း ငေးကြည့်နေမိသည်။ သူက ထိုမျက်နှာရှိ မျက်ဝန်းထဲ ညင်သာမှုကို မြင်လိုက်ရပြီး သူ့နားထဲ သီချင်းသံက ပျံ့လွှင့်နေဆဲ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူက အိပ်မက်မက်နေသလိုမျိုး ဖြစ်နေ၏။
အိပ်မက်ထဲတွင် ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီးက နေအဖွဲ့အစည်းအတွင်း ပေါ်မလာခဲ့ပေ။ အိပ်မက်ထဲတွင် ပြည်ထောင်စုကြီးထဲ ပဋိပက္ခများလည်း ဖြစ်မလာခဲ့ပေ။ အိပ်မက်ထဲတွင် ကမ္ဘာမြေရှိ ဝိညာဉ်စွမ်းအားက နည်းပါးလွန်း၍ ကျင့်ကြံသူဟူ၍လည်း မရှိပေ။
အိပ်မက်ထဲတွင် သူက ဖက်တီလေးသာ ဖြစ်ပြီး မြို့ငယ်လေးတွင် သာမန် နေထိုင်ခဲ့သည်။
သူက သိပ်မကောင်းသည့် တက္ကသိုလ်တွင် ဝင်ခွင့်ရခဲ့သည်။ ထိုနေရာမှ ဘွဲ့ရပြီးသည့်နောက်တွင် သူက လူ့အသိုက်အဝန်းကြား ရောက်ရှိလာသည်။ သူက ယောင်ချာချာ အလုပ်လုပ်ရင်း ချစ်ကျွမ်းဝင်သွားခဲ့သည်။ သူ့အလုပ် ကျရှုံးမှုနှင့် မေတ္တာရေး ဘက်ပဲ့မှုတို့လည်း ကြုံတွေ့ခဲ့ရသည်။ သူ့ခန္ဓာကိုယ်တွင် အဆီနည်းလာသော်လည်း သူ့မျက်နှာအထက် လောကဒဏ်ရိုက်ချက်များက ပိုမိုတိုးပွားလာခဲ့၏။
သူ့တွင် လက်ထပ်ထားသည့် ဇနီးသည်တစ်ဦး ရှိထားပြီး ကလေးများလည်း ရှိထားသည်။ သာမန်လူများကဲ့သို့ သူ့အလုပ်က သိပ်မကောင်းဘဲ ဝင်ငွေ သိပ်မမြင့်သော်လည်း သူသာ လောဘမကြီးသရွေ့ သက်တောင့်သက်သာ နေနိုင်ဆဲ ဖြစ်၏။ သို့သော်လည်း သူက တည်ငြိမ်မှုအပြည့် ဖြစ်နေပြီး ငယ်စဉ်အခါက အိပ်မက်များကို မေ့လျော့သွားခဲ့ရသည်။ ငယ်ရွယ်မှု၏ တောက်ပမှုတို့ကို မေ့လျော့သွားခဲ့၏။ သူက တိတ်ဆိတ်ကာ လမ်းပျောက်လာသည်။ သူက မပျော်ရွင်မှုကို ပျော်ရွင်မှုအဖြစ် ပြောင်းလဲခဲ့ရသည်။ သူ့နှလုံးသားက ခန္ဓာကိုယ်ထက် အသက်ကြီးရင့်နေ၏။
သူက ပိုမိုအသက်ကြီးလာပြီး ဆံပင်များ ဖွေးဆွတ်နေသည့်အချိန် ဆေးရုံကုတင်ပေါ် လဲလျောင်းရင် မျက်နှာကြက်ကို ငေးကြည့်နေမိသည်။ ထိုစဉ် နောင်တရစရာ အတိတ်တို့က သူ့စိတ်ထဲ ဖြည်းညှင်းစွာ ဝင်ရောက်လာ၏။
ထိုနောင်တများက သူ့ဘဝတစ်ခုလုံးကို ရစ်ပတ်ထားသည်။ သို့သော်လည်း ထိုနောင်တများအတွင်း သူ့မှတ်ဉာဏ်များကို ပေါ်ထွက်လာစေသည့် ပုံရိပ်တချို့ ရှိနေသည်။
မိဘ၊ ကလေးများ၊ မိတ်ဆွေများနှင့် … သူ့ဘဝထဲ ဖြတ်သွားကြသည့် လှပသော ပုံရိပ်လေးများ …
ထိုလှပသော ပုံရိပ်များကြား သူ့ပထမဆုံးအချစ်၊ အတိတ်မှ ဇနီးသည်၊ သူ့ကို ကျေးဇူးတင်သည့်လူ၊ နောင်တအပြည့်ဖြင့် သက်ပြင်းချနေသူနှင့် ကျန်ဘဝတစ်လျှောက်လုံး အချိန်ကုန်ဆုံးသွားရလိမ့်မည်ဟု ထင်ထားဖူးသူတို့ ပါဝင်သည်။
အဆုံးသတ်တွင် သူ့ငယ်စဉ်ဘဝမှ အသက်ကြီးလာသည့်အထိ မြင်ကွင်းများက ဆက်လက် ဖြစ်ပေါ်လာသည်။ သူက မျက်လုံးကို မှိတ်ကာ အရာအားလုံး အဆုံးသတ်သွားပြီ ဖြစ်ကြောင်း တွေးလိုက်မိသည်။ သို့သော်လည်း သူ့မျက်လုံးကို မှိတ်လိုက်သည့်အခိုက်အတန့် သူ့မျက်စိရှေ့ အလင်းတန်းတစ်ခု ပေါ်လာသည်။
အလင်းတန်းက နွေးထွေး၍ ဝမ်ပေါင်လဲ့က သူ့ဘဝတစ်လျှောက်လုံး ရှာဖွေနေခဲ့ရကြောင်း မှုန်ဝါးဝါး နားလည်စပြုလာသည်။ ထိုအရာက ယခင်ဘဝတွင်လည်း အတူတူသာ ဖြစ်ပြီး ဤလက်ရှိဘဝတွင်လည်း အတူတူ ဖြစ်ဟန်ပေါ်သည်။
ကြည့်ရတာ သူက သူ့အာဟာရ ဖြစ်လာဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေခဲ့တာပဲ … ဒါမှမဟုတ် သူက တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေခဲ့တာ မဟုတ်ဘဲ သူ့အစစ်အမှန်ကိုယ်ကို လိုက်ရှာနေခဲ့တာလား
ထိုအရာက ကွဲလွဲနေသည်။ သူက ဆရာဖြစ်သူကို ပြန်အသက်သွင်းလိုခြင်းနှင့် အတူတူ ဖြစ်၏။ ထိုအရာက မှန်ကန်သော်လည်း မှားယွင်းနေပြန်သည်။
အကြောင်းအရင်းက ထိုအရာသည် သူ့ကိုယ်ပိုင်အတွေးများ ဖြစ်နေ၍ ဖြစ်သည်။ အကယ်၍ သူက သူ့ဆရာ အသက်ရှင်နေသည်ဟု တွေးလျှင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ သို့သော် လက်တွေ့တွင် သူ့ကိုယ်ပိုင်အတွေးများကို ဦးစားပေးလိုက်ခြင်း ဖြစ်၏။
သူက သူ့ဆရာ၏ ခံစားချက်၊ နွမ်းနယ်နေမှု၊ ကူကယ်ရာမဲ့တို့ကို ထည့်သွင်းမစဉ်းစားမိခဲ့ပေ။ သူ့ဆရာက သူတို့ကို တစ်ယောက်နှင့်တစ်ယောက် မတည့်မရှု ဖြစ်သွားသည်ကို မမြင်တွေ့လိုပေ။
သူ တွေးထင်ထားသည့် တာအိုက ပြီးပြည့်စုံနေသလိုမျိုး ဖြစ်၏။
ကံကြမ္မာက သက်ရောက်ခံရလား ဒါမှမဟုတ် ကံအကြောင်းတရားကို ဖြစ်စေမည်လား အရေးမပါတော့ပေ။ သာမန်ကို သာမန်အတိုင်းထားပြီး ထူးခြားသည်ကို ထူးခြားစေလိုက်ဖို့သာ ဖြစ်၏။ အရာအားလုံးက သူ့ကိုယ်ပိုင်အတွေးများသာ ဖြစ်ကြသည်။
သံသရာ စက်ဝန်း လိုအပ်သော်လည်း ကံကြမ္မာနှင့် ကံအကြောင်းတရားက အရေးမကြီးပေ။ အရာအားလုံးက စိတ်နှလုံးသားထဲသာ ရှိ၏။
“အဲဒါကြောင့် ဆရာက ငါ့တာအို မပြည့်စုံသေးဘူးလို့ ပြောခဲ့တာ ဖြစ်မယ်။ ငါ့တာအိုက ငါ့ကို လွတ်လပ်သွားစေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းကျ လွတ်လပ်မှုကိုယ်တိုင်က ငါ့တာအို ဖြစ်နေနိုင်တာပဲ ”
ဝမ်ပေါင်လဲ့က သူ့ရှေ့တွင် အချိန်အတော်ကြာရှိနေသည့် မျက်နှာကို ငေးကြည့်နေမိသည်။
“မမလေးရဲ့ သီချင်းက အတော်လေးကောင်းတယ်” ဝမ်ပေါင်လဲ့က ခပ်တိုးတိုးပြောလိုက်သည်။
“ငါ ငယ်ငယ်တုန်းက ငါ ဝမ်းနည်းတိုင်း အမေက ဒီလိုမျိုး ဖက်ထားပြီးတော့ ဆိုပြလေ့ရှိတယ်လေ” မမလေးက တိုးတိုးလေး ပြောလိုက်သည်။
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ ဝမ်ရီရီအကြောင်း သူ သိထားသည့် ဇာတ်ကြောင်းများဖြင့် ပြည့်နှက်လာသည်။ သူက သူမ ကလေးဘဝတွင် ခံစားခဲ့ရသမျှ နာကျင်မှုများကို နားလည်ထားပြီး သူမသည် အကြွင်းအကျန် ဝိညာဉ်မျှသာ ဖြစ်ကြောင်း သိထားသည်။
“ကျေးဇူးပါ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ဝမ်ရီရီက ပြုံးကာ ဝမ်ပေါင်လဲ့၏ ခေါင်းကို အသာပုတ်ပေးလိုက်ပြီး ပြောလိုက်၏။
“ပေါင်လဲ့လေး … မင်း ပျော်ပြီးတော့ များများ ပြုံးနေပါ့မယ်လို့ ကတိပေး” သူမက ပြောရင်း ဝမ်ပေါင်လဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမက အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ မျက်နှာဖုံးဖြင့် ပေါင်းစည်းသွားလေသည်။
“ပျော်ပျော်နေပြီး များများပြုံးဖို့ ကတိပေးပါတယ် ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက ဘေးပတ်လည်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ ခဏအကြာတွင် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။ ထိုအရာက တကယ်ကို စစ်မှန်လွန်းနေသည်။
သို့သော်လည်း ရယ်သံ မရှိပေ။ ဝမ်ပေါင်လဲ့၏ မျက်နှာအထက် အမူအရာတစ်မျိုးသာ ရှိနေသည်။ တကယ့်အပြုံးစစ်ဖြင့် သူက သူ့ဆရာ ပျောက်ကွယ်သွားခဲ့သည့် နေရာကို ဦးညွှတ်လိုက်သည်။ ထိုအပြုံးဖြင့် သူက လှည့်ကာ အမှောင်ဧကရာဇ်၏ သင်္ချိုင်းဂူထဲမှ ထွက်လာလိုက်၏။
ထိုအပြုံးဖြင့် သူသည် အမှောင်မြစ်ထဲ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
သူက အမှောင်မြစ်မှ ထွက်မသွားခဲ့ပေ။ ထို့အစား သူက အမှောင်မြစ်အတွင်း ရှာဖွေနေ၏။ ထိုအပြုံးဖြင့် သူသည် အမှောင်မြစ်ထဲ ဝင်ရောက်ရသည့် ဒုတိယရည်ရွယ်ချက်ဖြစ်သည့် လောကအဆင့်မြင့် ချပ်ပြားဝိုင်းကို ရှာနေသည်။
ထိုအရာသည် ပြည်ထောင်စုကြီး၏ လူ့အဖွဲ့အစည်းကို ပိုမိုမြင့်မားသည့် အနေအထားသို့ မြင့်တင်ပေးနိုင်သည့် အထွတ်အထိပ် ရတနာတစ်ခု ဖြစ်၏။ ထိုအရာသည် အမှောင်မြစ်အတွင်း တည်ရှိနေသည်။
တစ်ချိန်တည်းဆိုသလို အမှောင်မြစ်အတွင်း ကိန်းအောင်းနေသည့် မရဏချီအမြောက်အများက ဝမ်ပေါင်လဲ့၏ ဝိညာဉ်အတွက် အာဟာရ ဖြစ်နေသည်။ သူက ဆက်လက်လျှောက်လှမ်းလာရင်း စိတ်ကို စိတ်အေးလက်အေးထားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးက စတင် အသံမြည်လာပြီး အဘက်ဘက်မှ စုဝေးလာသည့် မရဏချီမျှင်များက သူနှင့် ပေါင်းစည်းသွားကြသည်။
သူက ဝေးဝေးလျှောက်လာရင်း မရဏချီများစွာ စုဝေးနိုင်ခဲ့သည်။
ဝမ်ပေါင်လဲ့၏ ဝိညာဉ်က ဆက်လက် စုပ်ယူနေ၏။ ထိုအရာက ပြီးပြည့်စုံသည့်အနေအထားမှ လျှံကျလာတော့သည်။ ထိုအရာက ကြယ်စင်စုဆီ ရွေ့လျားလာရင်း ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ကို နှောင်းပိုင်း ထာဝရကြယ်အဆင့်မှ ပြီးပြည့်စုံသည့် အနေအထားရောက်အောင် ဖြည်းဖြည်းချင်း တိုးမြင့်ပေးလိုက်၏။
သူ့ကြယ်အချုပ်အနှောင် ပညာရပ်ကလည်း လည်ပတ်နေသည်။
သူ့နောက်တွင်ရှိနေသည့် ထူးကဲဂြိုဟ်တစ်သောင်းက ကြယ်အဖြစ် ဖြည်းဖြည်းချင်း အသွင်ပြောင်းလာ၏။ သူတို့အားလုံးက ကြယ်ဖြစ်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ထိပ်သီး ထာဝရကြယ်အဆင့်သို့ ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် အတွေးတစ်ချက်ဖြင့် သူက မိုးမြေကို ဖွင့်ဟကာ နတ်ဘုရားနယ်မြေကို ဖွဲ့စည်းသည့်အလား ကြယ်မြေပုံကို ဖြန့်ကျက်လာနိုင်ပြီ ဖြစ်၏။
ထိုစဉ် သူက အရင်တုန်းက တစ်ခါကမှ မမြင်ဖူးကြသည့် နတ်ဘုရားနယ်မြေအဆင့် ရောက်သွားလိမ့်မည် ဖြစ်၏။
အကြောင်းအရင်းမှာ သူ့ကြယ်က ထာဝရတာအိုကို ဗဟိုချက်အနေနှင့် ရှိထားပြီး တာအိုစည်းမျဉ်းကိုးခုက စည်းမျဉ်းအနေနှင့် ရှိထားလေသည်။ ထူးကဲဂြိုဟ်တစ်သောင်းကလည်း စည်းမျဉ်းများ ဖြစ်၏။ ထိုအရာက ပြီးပြည့်စုံသည့် ကြယ်စင်စု ဖြစ်လာခဲ့သည်။
ဝမ်ပေါင်လဲ့၏ အပြုံးက မပြောင်းမလဲ ကျန်ရှိနေပြီး ဆက်လက် လျှောက်လှမ်းလာသည်။ အမှောင်မြစ်ထဲမှ အပြိုအပျက်နယ်မြေများကိုပင် မြင်လိုက်ရသည်။ သူက သူ့ဆီ ခုန်အုပ်လာသည့် ကြမ်းကြုတ်ဝိညာဉ်များစွာကိုလည်း မြင်လိုက်ရသည်။
သူက အပြိုအပျက်များကြားမှ အပြုံးတစ်ပွင့်ဖြင့် ဆက်လျှောက်လာသည်။
သူက အပြုံးဖြင့် ကြမ်းကြုတ်ဝိညာဉ်များကို သတ်ဖြတ်ပစ်ခဲ့သည်။ ရံဖန်ရံခါ သူက ခေါင်းမော့ကာ အမှောင်မြစ်အလွန်ကို လှမ်းကြည့်လေ့ရှိ၏။ သူက ဝဲကတော့အလယ်ရှိ ပုံရိပ်ကို လှမ်းကြည့်နေစဉ်အခါကပင် စစ်မှန်သည့် အပြုံးမျိုး ရှိနေသည်။
“ပျော်ပျော်နေ များများပြုံး … ”