← Chapters

အိမ်ပြန်လာခြင်း

Vol. 86 Ch. 1191

အိမ်ပြန်လာခြင်း

Vol. 86 Ch. 1191

ဝမ်ပေါင်လဲ့က အဝေးဆက်လျှောက်သွားရင်း သူ့ဆံပင်ရှည်နှင့် ဝတ်ရုံရှည်တို့က လေထဲ တလူလူ လွှင့်နေသည်။

သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ကြယ်တာရာကောင်းကင်ကို ရေပြင်ပြောင်းလဲသွားစေသည့်အလား လှိုင်းတွန့်ထလာစေသည်။ သူ ဖြတ်သွားရာနေရာတိုင်း သူ့ခန္ဓာကိုယ်မှ တာအိုစည်းချက်တို့ ထွက်ပေါ်နေသည်။ သူ့ခေါင်းအထက် လည်ပတ်နေသည့် အထွတ်အထိပ် စည်းမျဉ်းများ ကိန်းအောင်းနေသည့် တာအိုကြယ်ကို မှုန်ဝါးဝါး မြင်တွေ့နိုင်လေ၏။ သူ့အနီးဝန်းကျင်တွင် အရွယ်အစား အနည်းငယ်သေးသည့် တာအိုကြယ်ကိုးလုံးကလည်း လှည့်ပတ်နေသည်။ ဂြိုဟ်တစ်သောင်း၏ ခုနှစ်ဆယ် ရာခိုင်နှုန်းကျော်က ကြယ်အဖြစ် ပြောင်းသွားသည့် ပုံရိပ်ကိုလည်း မှိန်ဖျဖျ မြင်နိုင်သည်။

အားလုံးက ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ မျက်လုံးထဲ ရောင်ပြန်ဟပ်နေသည်။ သူတို့က ကျင့်ကြံသူတစ်ယောက်ကို မဟုတ်ဘဲ ကျယ်ပြောလှသည့် ကြယ်တာရာကောင်းကင်ကြီးကို မြင်လိုက်ရသလို ခံစားနေကြရသည်။

ဤမြင်ကွင်းက အားလုံး၏ စိတ်နှလုံးသားကို အပြင်းအထန် တုန်ယင်လာစေသည်။ ထိုအရာက ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်း ခေါင်းဆောင်ကြီးအတွက်လည်း အတူတူသာ ဖြစ်၏။ ထိုဓားချက်က အံ့ဩဖို့ကောင်းလွန်းလှပြီး ပုံရိပ်ကလည်း ထူးကဲနေသည်။

ဤသည်က သူ့အား ဝမ်ပေါင်လဲ့ ပြောခဲ့သည့် စကားများကို ပြန်လည်မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ထိုသူက ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းကို စည်ပင်ကြွယ်ဝသည့် အခွင့်အရေးတစ်ခု ပေးလို၏။ ထိုအရာသည် အသုံးအနှုန်းတစ်ခုမျှသာ ဖြစ်ကြောင်း နားလည်ထားသည်။ ရည်ရွယ်ချက်က ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းအား နေအဖွဲ့အစည်းဖြင့် ပေါင်းစည်းကာ လက်အောက်ခံ ဖြစ်လာဖို့ ဖြစ်သည်။

သို့သော်လည်း လက်အောက်ခံဆိုလျှင်ပင် နေအဖွဲ့အစည်း မြင့်တက်လာသည်နှင့် ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းအတွက်လည်း အခွင့်အရေးကောင်း ဖြစ်လာလိမ့်မည်။

အကယ်၍ တခြားအချိန်ဆိုပါက ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းက ထိုကိစ္စကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။ သို့သော် ယခုတွင် စစ်ပွဲက ဖြစ်တော့မည် ဖြစ်၍ ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်း ခေါင်းဆောင်ကြီးက ခေါင်းခဲနေမိသည်။ အဆုံးသတ်တွင် သူ့ကို အံ့ဩတုန်လှုပ်သွားစေသည်မှာ ဝမ်ပေါင်လဲ့ ထုတ်လွှင့်ခဲ့သည့် ဓားချက်ကြောင့် မဟုတ်ဘဲ အဝေးတစ်နေရာတွင် ဝမ်ပေါင်လဲ့ လက်ဝေ့လိုက်သည့်အခါ ခက်ထန်သားရဲတစ်ကောင် ပေါ်ထွက်လာ၍ ဖြစ်သည်။

တခြားနည်းဖြင့်ပြောရလျှင် ထိုအရာက ခက်ထန်သားရဲတစ်ကောင် မဟုတ်သလို ဝိညာဉ်သားရဲတစ်ကောင်လည်း မဟုတ်ပေ။ ထိုအရာက သန္ဓေပြောင်း သားရဲတစ်ကောင် ဖြစ်နေသည်။

ထိုသားရဲက မြည်းတစ်ကောင် ဖြစ်၏။ ဝမ်ပေါင်လဲ့က ထိုအရာကို ခေါ်ထုတ်လိုက်ပြီးသည့်နောက်တွင် လက်မြောက်လိုက်ပြီး အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို စွမ်းအား ထွက်ပေါ်လာသည်။ ထိုအရာကို အစာအဖြစ် သတ်မှတ်ကာ မြည်းကို ကျွေးလိုက်၏။ ထို့နောက် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို စွမ်းအားကို ထုတ်ကာ မြည်းကို ထပ်ကျွေးလိုက်သည်။

မြည်းက အစာစားရ၍ ပျော်ရွင်နေကာ ခွာလေးစုံ ခုန်ပေါက်လျက် ဝမ်ပေါင်လဲ့ကို သယ်ဆောင်ရင်း ပျော်ရွင်စွာ ပြေးသွားတော့သည်။

ထိုအရာက ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်း ခေါင်းဆောင်ကြီး အမြင်အောက်မှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူ့စိတ်ထဲ ယောက်ယက်ခတ်လာမိ၏။ သူက တစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား အလန့်တကြား ဖြစ်နေသည်။ သူက အမြင်မှားနေတာလားဟုပင် သံသယဝင်နေမိ၏။

“စား … မိုးကောင်းကင်တာအို စွမ်းအားကို စားလိုက်တာလား။ အမှောင်ဂိုဏ်းနဲ့ အဆုံးမဲ့မျိုးနွယ်တို့ရဲ့ မိုးကောင်းကင်တာအိုကိုလေ … အမလေး ဘုရားဘုရား ဒါက ဘယ်လိုထူးထူးဆန်းဆန်း သားရဲမျိုးတုန်း”

“ကြည့်ရတာ ကြည့်ရတာ …” ခေါင်းဆောင်ကြီးက နှလုံးခုန်မြန်ဆန်လာပြီး သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားတော့သည်။

ခဏအကြာတွင် သူက အံ့ကြိတ်လျက် ဆုံးဖြတ်ချက် ချလိုက်တော့၏။ သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် တောက်ပနေပြီး အားလုံးကို ဦးဆောင်ကာ ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းဆီ ပြန်သွားကြသည်။ သူက တပည့်များ၊ အထက်ပိုင်း အကြီးအကဲများကို စုဝေးကာ ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်း၏ အနာဂတ်အကြောင်း ဆုံးဖြတ်ဖို့ လျို့ဝှက်ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

တစ်ချိန်တည်းဆိုသလို ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းနှင့် အဝေးရောက်နေပြီဖြစ်သည့် ဝမ်ပေါင်လဲ့က ခေါင်းငုံ့ကာ ပျော်ရွင်နေသည့် မြည်းလေးကို ကြည့်လိုက်တော့သည်။ သူက ခေါင်းအသာယမ်းပြီး ပြုံးလိုက်မိ၏။ သူက မြည်းလေးကို တမင်ထုတ်ပြလိုက်ခြင်း ဖြစ်သည်။

သူက ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းကို အတင်းကျပ် မသိမ်းပိုက်နိုင်၍ မဟုတ်ပေ။ သို့သော် ထိုသို့သိမ်းပိုက်ရခြင်းက အဓိပ္ပါယ်မရှိပေ။ ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းက ကြီးမားဟန်ထင်ရသော်လည်း သူ့အနေနှင့် ထိုသို့လုပ်ဖို့ မထိုက်တန်ပေ။ သူက မြည်းလေးကို အသုံးချပြီး ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းအား ပြည်ထောင်စုကြီးနှင့် ပေါင်းစည်းနိုင်ခဲ့လျှင် အကောင်းဆုံး ဖြစ်၏။

ထို့ကြောင့် သူက မြည်းလေးကို တမင်ထုတ်ကာ သူတို့ကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ လူအားလုံးနီးပါးက မိုးကောင်းကင်တာအိုကသာ မိုးကောင်းကင်တာအို၏ စွမ်းအားကို စားသုံးနိုင်ကြောင်း သိထားကြသည်။

ဝမ်ပေါင်လဲ့ကလည်း မိုးကောင်းကင်တာအို၏ စွမ်းအားကို စားသုံးဝါးမျိုနိုင်သော်လည်း သူ စားပြလိုက်ခြင်းက မြည်းလေးလောက် ထိရောက်မှုရှိမည် မဟုတ်ပေ။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုက ချန်ရှင်းနှင့် မပေါင်းစည်းခင်က အနက်ရောင်ငါးလေး ဖြစ်ပြီး အဆုံးမဲ့မျိုးနွယ်စု၏ မိုးကောင်းကင်တာအိုက ရွှေရောင်နွားချေးပိုး ဖြစ်လေသည်။

သူ့အနေနှင့် မြည်းလေးကို မိုးကောင်းကင်အဖြစ် ပြုစုပျိုးထောင်ပေးခြင်းက သိပ်မဆိုးလှပေ။

ဝမ်ပေါင်လဲ့က ခေါင်းငုံ့ကာ မြည်းလေးကို ကြည့်လိုက်သည်။ မြည်းလေးက ဝမ်ပေါင်လဲ့၏ အကြည့်ကို သတိထားမိသည့်အလား လှည့်ကြည့်လာသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ အပြုံးကို မြင်လိုက်ရသည့်အခါ စိတ်နှလုံးသားထဲ တုန်ယင်လာတော့သည်။

၎င်းက သခင်ဖြစ်သူသည် ယခင်နှင့် ကွဲပြားနေကြောင်း ခံစားမိသွားဟန်ပေါ်၏။ ထိုအပြုံးက သူ့အမွေးအမျှင်များကိုပင် ထောင်မတ်လာစေသည်။ သူက ဖားယားသည့် အသံမျိုး ပြုလိုက်ပြီးသည့်နောက် “သား” ဟု ပြောင်းလဲသွားသည်။

“အိမ်ပြန်ကြစို့” ဝမ်ပေါင်လဲ့က မြည်းလေးကို ပုတ်လိုက်ပြီး မျက်လုံးကို အသာမှိတ်ထားလိုက်သည်။ မြည်းလေးက ယခု စီးတော်သားရဲ ဖြစ်နေပြီဖြစ်သော်လည်း ဘာမှမငြင်းဆန်ရဲပေ။ ၎င်းက အိမ်မွေးတိရစ္ဆာန်မှ စီးတော်သားရဲအဖြစ် အဆင့်နိမ့်ကျကာ ပြောင်းလဲသွားသည့်အချက်ကိုပင် မတွေးရဲပေ။

သို့သော် မြည်းလေးက အနည်းငယ် စိတ်ဓာတ်ကျနေလေ၏။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်တွင် ဝူလေးက သိုလှောင်အိတ်အတွင်း ရှိနေဆဲ ဖြစ်ပြီး အပြင်မထွက်လာနိုင်ကြောင်း သိလိုက်ရ၍ သဘောထားပြောင်းလဲသွားတော့သည်။ ထို့နောက် ချက်ချင်းဆိုသလို ပျော်ရွင်ခုန်ပေါက်နေတော့၏။

သူက အသုံးဝင်နေသေးသလို ခံစားမိလာသည်။ ထို့နောက် အသံပေးလိုက်ပြီး အရှိန်မြင့်လိုက်သည်။ အဆုံးသတ်တွင် ထိုအရာက မိုးကောင်းကင်တာအို၏ စွမ်းအားကို စားသုံးထားသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံး တက်ကြွလန်းဆန်းနေပြီး စည်းမျဉ်းဥပဒေသများဖြင့် ပေါင်းစည်းသွားဟန်ဖြင့် အမျှင်အတန်းအဖြစ် ပြောင်းပြီး‌ နေအဖွဲ့အစည်းဆီ ဦးတည်လိုက်တော့သည်။

ခရမ်းရောင်ရွှေ လူမှု့အဖွဲ့အစည်းက နေအဖွဲ့အစည်းနှင့် ဝေးကွာသော်လည်း လက်တွေ့တွင် မဟာလက်ဝဲတာအိုနယ်မြေရှိ ၁၉ ခုမြောက် နယ်မြေအတွင်းသာ တည်ရှိနေသည်။ ယခင်က ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ဖြင့် ရောက်ရှိဖို့ရာ နှစ်ရာချီ ကြာမြင့်နိုင်သည်။ သို့သော် ယခု ထိုမျှလောက် မလိုတော့ပေ။

မြည်းလေး၏ အရှိန်က စကြဝဠာ၏ စည်းမျဉ်းနှင့် တူညီသည့် ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားခဲ့ရာ နယ်မြေအားလုံးကို ဖြတ်သန်းပြီး နေအဖွဲ့အစည်းအစွန်းဆီ ရောက်ဖို့ တစ်လခန့်သာ ကြာမြင့်လိုက်သည်။

ထိုအခါမှ ဝမ်ပေါင်လဲ့က မျက်လုံးပြန်ဖွင့်လာသည်။ သူက သူ့ရှေ့တွင် ရှိနေသည့် ရင်းနှီးပြီးသား နေရာကို ကြည့်လိုက်သည်။ သူက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကို ကြည့်လိုက်သည်နှင့် ဓားက ရုတ်တရက် တုန်ခါသွားလေ၏။

ထိုအရာက တုန်ခါသွားရင်း နေမင်း၏ မီးလျှံများက စတင်လှုပ်ခတ်လာသည်။ ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများက တုန်လှုပ်သွားကြသည်။ တံခါးပိတ်သီးသန့် ကျင့်ကြံရေး ဝင်ရောက်နေသည့် ခေါင်းဆောင်ကြီးများပင် မျက်လုံးဖွင့်လာကာ အံ့ဩတုန်လှုပ်နေကြသည်။

ပြည်ထောင်စုကြီး၏ အရေးကို ဝင်ရောက်စွက်ဖက်ခဲ့ပြီး ဝမ်ပေါင်လဲ့၏ အမဲဖျက်မှုကို ခံခဲ့ရသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူက သူ့အပြင်ပိုင်းခန္ဓာ ပျက်စီးသွားခဲ့ရပြီး ဝိညာဉ်က အားနည်းသွားသည့်အတွက် သူ့ဒဏ်ရာများက ယခင်ကထက် ပိုမိုဆိုးရွားသွားခဲ့သည်။ ယခု သူက မျက်လုံးဖွင့်လိုက်သည့်အခါ သူ့အကြည့်ထဲ တုန်လှုပ်မှု၊ မသေချာမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူ့ဆရာဖြစ်သူ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူ ဆရာရှင်းယီကလည်း တရားထိုင်ရာမှ မျက်လုံးဖွင့်လာသည်။ သူက ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီးကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ထို့နောက် သူက နေအဖွဲ့အစည်းတစ်ခုလုံးကို နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ရာ နောက်ဆုံး ကမ္ဘာ့အပြင်ဘက်ရောက်သည့်အခါ ဝမ်ပေါင်လဲ့ကို ဖြတ်ကျော်သွားပြီး ဘာမှသတိမထားမိလိုက်ပေ။

သူ့ဒဏ်ရာများက ပြင်းထန်လွန်းလှသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ အမြင်တွင် ဆရာရှင်းယီကို သေချာမြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်အရ သူသည် နှောင်းပိုင်း ကြယ်နယ်မြေအဆင့်တွင် ရှိခဲ့ဖူးလောက်သည်။ သို့သော် ယခုတွင် အစောပိုင်းအဆင့်သို့သာ ရောက်ရှိနေ၏။

သို့သော် ကျယ်ပြန့်တာအိုနန်းတော်မှ ရှေးဟောင်းအစိမ်းရောင် ကြေးဓားကြီးက ပိုမို ထူးကဲလာသည်။ ဝမ်ပေါင်လဲ့၏ လက်ရှိဗဟုသုတအရ ထိုရှေးဟောင်းဓားကြီး၏ အဆင့်သည် အတော်လေး မြင့်မားကြောင်း အာရုံခံစားမိ၏။

“ရှေးဟောင်းစကြဝဠာ လက်နက်ပဲ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးက တုန်ရီလာကာ လိုချင်စိတ်တို့ ထုတ်လွှင့်လာသည်။ ရှေးဟောင်းကြေးဓားကြီးထံလည်း တူညီသည့်အရာ ဖြစ်ပျက်ခဲ့၏။ ဝမ်ပေါင်လဲ့က စကားတစ်ခွန်းတည်းဖြင့် ဓားအိမ်ထဲ ပြန်ထည့်တော့မည့်အလား ဖြစ်၏။

ဝမ်ပေါင်လဲ့က အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးသည့်နောက်တွင် အကြည့်ပြန်ရုတ်သိမ်းလိုက်၏၊ သူ့ခန္ဓာကိုယ်မှ တာအိုအငွေ့အသက်က သူ့ကို ဖြတ်ကျော်သွားသည့် ကြယ်နယ်မြေအဆင့် ဆရာရှင်းယီ၏ နတ်ဘုရားအသိစိတ်ကို ချက်ချင်း ခံစားမိအောင် လုပ်လိုက်သည်။ သူက ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ကိုပင် မြင်လိုက်သည့်အခါ အံ့အားသင့်မှုက ပိုမို ပြင်းထန်လာ၏။

ဝမ်ပေါင်လဲ့က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်၏။

အချိန်ခဏကြာ တိတ်ဆိတ်နေပြီးသည့်နောက် ကျယ်ပြန့်တာအိုနန်းတော်မှ ဆရာရှင်းယီ ဝန်းကျင်တွင် ပြန်လည်အားဖြည့်နေကြသည့် ကျင့်ကြံသူများက သူတို့၏ ခေါင်းဆောင်ကြီးက ထရပ်ကာ ကြယ်တာရာကောင်းကင်ကို မျက်နှာချင်းဆိုင်ရင်း ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်ကို တွေ့လိုက်ကြရသည်။

အပြန်အလှန် နှုတ်ဆက်ပြီးသည့်နောက် ဝမ်ပေါင်လဲ့က ဘာစကားမှ မဆိုပေ။ ထို့အစား သူက အကြည့်လွဲကာ နေအဖွဲ့အစည်းမှ ဂြိုဟ်များကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ကမ္ဘာမြေဆီ ကျရောက်လာ၏။

သူ့မျက်ဝန်းအထက် လွမ်းဆွတ်တသမှုတို့ ပေါ်ထွက်လာသည်။ သူ့မျက်နှာအထက် အပြုံးက ယခင်နှင့်တူနေသော်လည်း နွေးထွေးမှုတို့ စွက်နေ၏။

“အိမ်ပြန်ရောက်ပြီ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက မြည်းလေး၏ အမွေးကို သပ်ကာ ပြောလိုက်သည်။ မြည်းလေးက ဝမ်ပေါင်လဲ့၏ အတွေးကို အာရုံခံမိသည့်အလား ဝမ်ပေါင်လဲ့ကို နေအဖွဲ့အစည်းထဲ ခေါ်ဆောင်သွားတော့သည်။

All Chapters