ဝမ်ပေါင်လဲ့
Vol. 86 Ch. 1192
ဝမ်ပေါင်လဲ့အနေနှင့် သူ ပြန်ရောက်ရှိလာမှုကို မည်သူကိုမှ မသိစေချင်လျှင် နေအဖွဲ့အစည်းရှိ မည်သူကမှ အာရုံခံမိကြမည် မဟုတ်ပေ။ ထိုအရာက ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်သည် အင်မတန် မြင့်မားနေသည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ရှိ ဓားအိမ်လေးတွင် မိုးကောင်းကင်တာအိုဆီမှ စွမ်းအားအမြောက်အများ ရှိနေ၍သာ ဖြစ်၏။
တစ်ချိန်တည်းဆိုသလို သူ့အပြင်ပိုင်းခန္ဓာကိုယ်အတွက် ကြယ်နယ်မြေအဆင့်ဆီ တက်လှမ်းနိုင်သည့် အဓိက စွမ်းအားအရင်းအမြစ်မှာ ဓားအိမ်လေး၏ မိုးကောင်းကင်တာအို စုပ်ယူထားပြီး အားဖြည့်မှုကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သူ့အပြင်ပိုင်းခန္ဓာကိုယ်ကို တာအိုခန္ဓာသဖွယ် ဖြစ်လာလေသည်။
ကျယ်ပြန့်တာအိုနန်းတော်ရှိ ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီး ဆရာရှင်းယီပင် ဝမ်ပေါင်လဲ့သာ တာအိုအငွေ့အသက်ကို တမင် ထုတ်လွှင့်ထားခြင်း မရှိပါက အာရုံခံမိမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့ ပြန်လည်ရောက်ရှိလာမှုကို မည်သူကမှ မသိကြပေ။ ဝမ်ပေါင်လဲ့က မြည်းလေးကို လျှောက်သွားခွင့်ပေးလိုက်၏။ သူက ကမ္ဘာမြေရှိ ကောင်းကင်မြို့တော်မှ အိမ်ဆီ ပြန်ရောက်လာခဲ့လေပြီ။
ဝမ်ပေါင်လဲ့၏ အနေအထားကြောင့် သူ့မိဘများက ပြည်ထောင်စုအတွင်း အဆင့်အတန်းမြင့်မားကြလေသည်။ သူတို့က သာမန်ပုံစံနှင့်တူသည့် နေရာတစ်ခုတွင် နေထိုင်ကြသော်လည်း ဝိညာဉ်ဆေးပင်မြောက်များစွာဖြင့် ဝန်းရံထားကာ အားဖြည့်ပေးလျက် ရှိသည်။ ထို့ကြောင့် ကျင့်ကြံဖို့ ပါရမီအထုံ မပါရှိကြသည့် သူ့မိဘနှစ်ပါးက ယခုအခါ အမြုတေအဆင့် ရောက်ရှိနေကြပြီး သူတို့၏ သက်တမ်းသည်လည်း သိသိသာသာ တိုးများလာသည်။
သူတို့က အပြင်ပန်းတွင် ပိုမို ငယ်ရွယ်သွားကြ၏။ တစ်ချိန်တည်းဆိုသလို သူတို့အိမ်ထဲ မိန်းမငယ်လေးတစ်ယောက် ရှိနေသည်။
ထိုမိန်းကလေးက ၁၇၊ ၁၈ နှစ်မျှသာ ရှိသေး၏။ သူမက ပိန်ပါးပါးဖြင့် အရပ်ရှည်ကာ ဝမ်ပေါင်လဲ့၏ မိဘများနှင့် နည်းနည်းဆင်နေသည်။ ဝမ်ပေါင်လဲ့က သူမကို စစ်ဆေးနေရင်း သူမခန္ဓာကိုယ်ရှိ သွေးမျိုးဆက်ကြောင့် ခတ္တမျှ ရပ်တန့်သွားသည်။
“ဒါက ..” ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်း အမူအရာမျိုး ဖြစ်လာ၏။ သူက ငရဲကိုးထပ်မှ ပြန်လာကတည်းက သူ့မျက်နှာပေါ်ရှိ အပြုံးက ပထမဆုံးအကြိမ် ပြောင်းလဲသွားခဲ့သည်။ သူက မျက်တောင်ခတ်ကာ သူ့ဘာသာ ရေရွတ်လိုက်၏။
အမေတို့၊ အဖေတို့နဲ့ မတွေ့ရတာ ဆယ်နှစ်ကျော်ပဲ ရှိသေးတယ် … သူတို့က ငါ့အတွက် ညီမလေး ရှိလာပြီပဲ
ထိုမိန်းကလေး၏ ခန္ဓာကိုယ်မှ သွေးမျိုးဆက် စီးဆင်းနေမှုက ဝမ်ပေါင်လဲ့နှင့် ဇစ်မြစ်တူလေသည်။ ဤသည်မှာ သူ့ညီမလေး ဖြစ်၏။
သို့သော်လည်း သူမဆံပင်ကို အနီနှင့် အစိမ်း ဆိုးထားပြီး အဝတ်များကလည်း ကလေကချေပုံစံ ဖြစ်နေသည်။
ဝမ်ပေါင်လဲ့က သူမကို မြင်လိုက်သည့်အခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ထိုစဉ် အိမ်ထဲတွင် ဝမ်ပေါင်လဲ့၏ ညီမလေးက စိတ်မရှည်ဟန်ဖြင့် ခေါင်းငုံ့ထားသည်။ သူမက အမေဆီမှ အဆူခံနေရလေသည်။
ခဏအကြာတွင် ဆူဆူညံညံ အသံများ ထွက်လာပြီး ဆူပူခြင်းက ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားလေသည်။ တံခါးပွင့်လာသည့်အခါ ဝမ်ပေါင်လဲ့က တံခါးဝတွင် ရပ်နေပြီး သူ့ညီမလေး ဒေါသတကြီး ထွက်သွားသည်ကို ကြည့်နေမိသည်။ သူမက တံခါးကို ဘန်းခနဲ ပြန်ပိတ်ကာ လေလို ထွက်ခွာသွားသည်။
သူမက ဝမ်ပေါင်လဲ့ကို မမြင်နိုင်သောကြောင့် သူ မျက်မှောင်ပိုကြုတ်သွားသည်ကို သတိမထားမိခဲ့ပေ။ ဝမ်ပေါင်လဲ့က နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ခြံဝန်းအပြင်ဘက်တွင် သူ့ညီမလေးနှင့် ရွယ်တူ လူငယ် သုံးယောက်မှ ငါးယောက်အထိ ရှိနေကြောင်း သတိထားမိလိုက်သည်။ တစ်ယောက်ချင်းစီက ဝိညာဉ်ကျောက်တုံး ကားကို မောင်းနေရင်း လေတချွန်ချွန် လုပ်နေကြသည်။ သူ့ညီမလေးက လက်ဝေ့ပြလိုက်သည့်အခါ အဖွဲ့က ထွက်သွားကြ၏။
ဝမ်ပေါင်လဲ့က ခေါင်းယမ်းကာ သူတို့ကို လျစ်လျုရှုထားလိုက်သည်။ သူ့အဝတ်များကို သေသေသပ်သပ် ပြင်ဆင်ပြီးသည့်နောက် လက်မြောက်ကာ တံခါးကို ခေါက်လိုက်သည်။
အခန်းအတွင်း ဝမ်ပေါင်လဲ့၏ အမေက ဒေါသတကြီး ဖြစ်နေ၏။ ဝမ်ပေါင်လဲ့၏ အဖေကမူ လက်ဖက်ရည်ပူပူလေး လုပ်သောက်ပြီး သူမကို ဖျောင်းဖျဖို့ ကြိုးစားနေသည်။
“ပေါင်လင်း အဲဒီကလေးက နည်းနည်းခေါင်းမာပေမဲ့ စရိုက်လေးက မဆိုးရှာပါဘူး … ”
“ရှင့်ပါးစပ်ကို ပိတ်ထားလိုက်တော့။ အဲဒါတွေက ရှင် သူမကို မဆုံးမလို့လေ။ အခု နေ့တိုင်း ကြည့်လိုက်ပါဦး။ သူမက ကျွန်မကို စိုးရိမ်ရအောင် လုပ်နေတာလေ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါ ဘာမှမပြောတော့ပါဘူး” ဝမ်ပေါင်လဲ့၏ အဖေက ခေါင်းငုံ့ထားလိုက်သည်။
“ပြီးတော့ ရှင်က တစ်ရက် တစ်ရက် ဘယ်လိုချီးကျူးခံရမလဲပဲ စိတ်ဝင်စားနေတာ။ ဆယ်နှစ်ကျော် ချီးကျူးခံလာရပြီးပြီ။ မငြီးငွေ့သေးဘူးလား။ ပြီးတော့ အဲကောင်စုတ်လေး ပေါင်လဲ့ သူ ထွက်သွားကတည်းက ဘာသတင်းမှ မကြားရတော့ဘူး။ သူကလည်း ကျွန်မကို စိုးရိမ်ရအောင် လုပ်နေတာပဲ”
ဝမ်ပေါင်လဲ့၏ အမေက ပြောနေစဉ် တံခါးခေါက်သံကို ကြားလိုက်ရ၍ ကြောင်အမ်းသွား၏။ ဝမ်ပေါင်လဲ့၏ အဖေကလည်း ချက်ချင်းဆိုသလို အကြည့်များ စူးရှလာသည်။ သူတို့က နေထိုင်ရာ ပတ်ဝန်းကျင်ကို ကောင်းကောင်းသိထားကြ၏။ ဤနေရာကို တစ်ချိန်လုံး စောင့်ကြည့်ပေးနေသည့် လူများ ရှိလေသည်။ ရောက်လာသူတိုင်းက အမြဲတမ်း ကြိုတင်အကြောင်းကြားထားလေ့ ရှိသည်။
လက်ရှိ ပြည်ထောင်စု ဥက္ကဋ္ဌ တစ်ဖြစ်လည်း ကျောက်ယမုန့်၏ မိခင်ဖြစ်သူ ဝူမုန့်လင်ပင် အပါအဝင် ဖြစ်၏။ တခြားသူများကို ထည့်ပြောနေစရာ မလိုတော့ပေ။ ဤကဲ့သို့ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည့် အခြေအနေမျိုး မဖြစ်ခဲ့ဖူးပေ။
ထို့ကြောင့် ယခင်ဆယ်စုနှစ်အတွင်း တစ်ခုတည်းသော မူမမှန်မှုက ဝမ်ပေါင်လဲ့၏ မိဘများအား စိုးရိမ်လာစေသည်။
“ဘယ်သူလဲ” ဝမ်ပေါင်လဲ့၏ အဖေက ကျောက်စိမ်းပြားကို ထုတ်ကာ အသံလွှင့်ကာ ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။ ပြဿနာမရှိကြောင်း သိရှိပြီးသည့်နောက် သူက တံခါးကို ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့၏ အမေက လက်ဟန်စည်းတံဆိပ်များကို အလျှင်အမြန် ပုံဖော်နေသည်။ ထို့နောက် အိမ်ရှိ မန္တန်အစီအရင်က ချက်ချင်း အသက်ဝင်လာ၏။ သို့သော်လည်း နှစ်ဦးသား သတိကြီးကြီးထားနေစဉ် အပြင်ဘက်မှ အင်မတန် ရင်းနှီးနေပြီးသား အသံတစ်သံက ထွက်ပေါ်လာသည်။
“အဖေ၊ အမေ ကျွန်တော် ပြန်ရောက်ပြီ ”
ဝမ်ပေါင်လဲ့က တံခါးအပြင်ဘက်တွင် ရပ်နေ၏။ သူက တိုက်ရိုက်ဝင်နိုင်သော်လည်း တံခါးကို ခေါက်ဖို့ ရွေးချယ်လိုက်ဆဲ ဖြစ်သည်။ သူ့ပါးစပ်မှ စကားများ ထွက်ပေါ်လာသည်နှင့် သူ့ရှေ့တွင် ရှိနေသည့် တံခါးက ချက်ချင်း ပွင့်သွားတော့သည်။
ဝမ်ပေါင်လဲ့၏ မိဘများက ရပ်နေရင်း ဝမ်ပေါင်လဲ့ကို ငေးမောစွာ ကြည့်နေကြသည်။ ပထမဦးစွာ သူတို့က မယုံကြည်နိုင် ဖြစ်မိနေကြပြီး သိပ်မကြာခင် စိတ်လှုပ်ရှားလာကာ ပါးပြင်အထက် မျက်ရည်များ စီးကျလာသည်။
“ပေါင်လဲ့”
သူ့မိဘများကို ကြည့်နေရင်း ဝမ်ပေါင်လဲ့က အပြစ်ရှိစိတ်ကို ခံစားမိလိုက်သည်။ သူက ကောင်းကင်တာအိုကျောင်း တက်ကတည်းက သူတို့နှင့် အတူတူ ရှိသည့် အချိန်က တိုတောင်းလွန်းလှ၏။ ထို့အပြင် သူ အပြင်ထွက်သွားသည့်အချိန်တိုင်း ဆယ်နှစ်အထက် ပိုမို ကြာမြင့်တတ်သည်။ သားသမီးဝတ္တရားအရ ဝမ်ပေါင်လဲ့က မကျေပွန်သလို ခံစားမိနေသည်။
ထိုစဉ် သူ့နှလုံးသားထဲ နွေးထွေးမှုတို့ဖြင့် ပြည့်နှက်လာသည်။ ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှုလိုက်ပြီး အိမ်ထဲ ချက်ချင်း မဝင်သေးပေ။ ထို့အစား သူက တံခါးအပြင်ဘက်တွင် မျက်ရည်များဝဲနေဆဲ ဖြစ်သည့် သူ့မိဘများကို ကန်တော့လိုက်သည်။
သူ ထမရပ်ခင် သူ့အမေက သူ့ဆီ ပြေးလာကာ ထွေးပွေ့လိုက်တော့သည်။
“သား ပြန်လာတာ ကောင်းတယ်။ ပြန်လာတာ ကောင်းတယ် ”
ဝမ်ပေါင်လဲ့၏ အဖေက မျက်ရည်များကို သုတ်ကာ သူ့သားဆီ ရောက်လာပြီး ဖက်ထားလိုက်သည်။ သူက သူ့ရှေ့တွင် ရှိနေသည့် ရင်းနှီးသလိုလို မရင်းနှီးသလိုလို ခံစားနေရသည့် လူကို ကြည့်လိုက်သည်။ သူက ဝမ်ပေါင်လဲ့ ခေါင်းကို အသာပွတ်လိုက်ပြီး မျက်နှာလွဲလိုက်ကာ သူ့မိန်းမကို လှမ်းအော်ပြောလိုက်သည်။
“မိန်းမရေ ကလေးက ပြန်လာပြီကို။ ဘာလို့ ဘာမှမချက်ရသေးတာတုန်း ”
ဝမ်ပေါင်လဲ့က ပြန်ရောက်မလာခင်က စိတ်တိုနေခဲ့သည့် သူ့အမေက ယခုအခါ ဝမ်းနည်းစရာအားလုံးကို မေ့လျော့သွားပြီ ဖြစ်၏။ ဝမ်ပေါင်လဲ့ကို အိမ်ထဲ ဆွဲခေါ်လိုက်ပြီး သူမ မျက်နှာရှိ အပြုံးတို့က ပျောက်ကွယ်မသွားခဲ့ပေ။ သူမက လူအိုကြီး၏ စကားများကို ဂရုမစိုက်ဘဲ ကိုယ်တိုင်ကိုယ်ကျ သေချာချက်ပြုတ်နေ၍ မကြာခင် ဟင်းရနံ့သင်းသင်း ထွက်ပေါ်လာသည်။ ဤသည်မှာ ဝမ်ပေါင်လဲ့ ငယ်စဉ်အခါက သဘောကျရသည့် ဝက်သားနီချက် ဖြစ်၏။
အိမ်ထဲတွင် အဖေနှင့်သားဖြစ်သူတို့က အချင်းချင်း ကြည့်နေကြ၏။ ဝမ်ပေါင်လဲ့က ပိုမို အပြစ်ရှိစိတ် ခံစားမိလိုက်သည်။ သူက အချိန်အတော်ကြာ ပြန်မလာနိုင်ခဲ့ကြောင်း သဘောပေါက်သွားခဲ့၏။ ယခု သူက မိဘများကို ရုတ်တရက် တွေ့လိုက်ရသည့်အခါ ဘာပြောရမှန်း မသိတော့ပေ။
“ အဖေ ကျွန်တော်မှာ ညီမလေး ရှိနေတာလား ”
“ပေါင်လဲ့ ဒီတစ်ခေါက် ဘယ်လောက်ကြာကြာနေမှာလဲ ”
အသက်ရှိုက်စာအနည်းငယ် တိတ်ဆိတ်နေပြီးသည့်နောက် အဖေနှင့်သားဖြစ်သူက တစ်ပြိုင်နက် ပြောလုမတတ် ဖြစ်သွားကြသည်။
သူ့သား၏ မေးခွန်းကို ကြားကာ ဝမ်ပေါင်လဲ့၏ အဖေက နည်းနည်း မျက်နှာပူမိသွားသည်။ သူ့သား မသိလိုက်ဘဲ ညီမလေးတစ်ယောက် မွေးထားခဲ့သည် မဟုတ်ပါလော။ အဖေတစ်ယောက်အနေနှင့် ဤအသက်အရွယ် နည်းနည်းတော့ မျက်နှာပူမိသည်။
သူ့အဖေ မျက်နှာပူနေသည်ကို အာရုံခံမိပြီး ဝမ်ပေါင်လဲ့က အပြုံးဖြင့် ပြောလိုက်သည်။
“ ကျွန်တော် ထွက်သွားဖြစ်ဦးမှာ မဟုတ်ဘူး။ နောင်ကျရင် ကျွန်တော် ထွက်သွားရင်တောင် သိပ်မကြာခင် ပြန်လာမှာပါ ”
“ အင်း အဲလိုဖြစ်သင့်တာကြာပြီ။ အပြင်လောကက အိမ်လောက် ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။ ပြီးတော့ မင်းညီမလေးက … ဟူး ခေါင်းကိုက်စရာပဲ။ မင်း သူမကို ဆုံးမသင့်တယ်” ဝမ်ပေါင်လဲ့၏ အဖေက လည်ချောင်းရှင်းကာ စကားလမ်းကြောင်းလွဲပြောလိုက်သည်။ သူက ဝမ်ပေါင်လဲ့အား ယခင်ဆယ်စုနှစ်အတွင်း ပြည်ထောင်စု၌ ဖြစ်လာခဲ့သည့် အပြောင်းအလဲများကို ပြောပြခဲ့သည်။ အရာအားလုံးက ကောင်းသည့်ဘက်သို့ ပြောင်းလဲနေသည် မဟုတ်ပါလော။
သို့သော်လည်း မပြီးပြည့်စုံမှုတချို့ ကျန်ရှိနေသေး၏။ ဝမ်ပေါင်လဲ့က ထိုအရာကို ခန့်မှန်းထားပြီးသား ဖြစ်သည်။ သိပ်မကြာခင် ဟင်းပွဲများ အဆင့်သင့်ဖြစ်လာခဲ့၍ အတိတ်တုန်းကလိုမျိုး မိသားစုဝင် သုံးယောက်အတူတူ စားလိုက်ကြသည်။ သူ့မိဘများ၏ နွေးထွေးကြင်နာသည့် အကြည့်နှင့် အတိတ်အကြောင်း ပြန်လည်အောက်မေ့ပြောပြမှုအောက်တွင် ဝမ်ပေါင်လဲ့၏ ဆယ်စုနှစ်ကြာ မရင်းမနှီး ခံစားနေရသည့် အစိမ်းသက်သက် ခံစားချက်တို့က ပျောက်ကွယ်သွားခဲ့ရသည်။
ဝမ်ပေါင်လဲ့က ယခုအခါ စိတ်အေးလက်အေး ဖြစ်နေမိ၏။ သူက မိဘများ စကားကို နားထောင်ရင်း သူ့အကြည့်က ပိုမိုညင်သာလာကာ စိတ်ခံစားချက်များကလည်း အေးဆေးလာခဲ့သည်။ နောက်ဆုံးတွင် မိဘနှစ်ပါးဆီမှ ပါးစပ်မှ ညီမဖြစ်သူအကြောင်း စတင်ပြောလာခဲ့သည်။
“ပေါင်လဲ့ မင်းအဖေ ပြောတာ မှန်တယ်။ အဲဒီမင်းညီမကို သေချာသင်ကြားဆုံးမပေးရမယ်။ အမေ သူမကို မွေးမိတာ နောင်တတောင် ရချင်လာပြီ။ တကယ်ကို ဒုက္ခများလွန်းတယ်” ဝမ်ပေါင်လဲ့၏ အမေက ဝမ်ပေါင်လဲ့ကို အသားတုံးကြီးကြီး ထည့်ပေးရင်း ပြောလိုက်သည်။
ဝမ်ပေါင်လဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်၏။ သူက စိတ်လှုပ်ရှားနေမိသည်။ တကယ်တော့ သူက သူ့ညီမလေး ရုတ်ချည်း ပေါ်ထွက်လာမှုအတွက် မပြင်ဆင်ရသေးပေ။ သူ့အနေနှင့် မနေနိုင်ဘဲ နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ထားလိုက်ကာ ချက်ချင်းဆိုသလို ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် ကောင်းကင်မြို့ အရှေ့ဘက်တွင် ကားပြိုင်နေကြသည့် အဖွဲ့ထဲ ဈေးပေါပေါ သူ့ညီမကို တွေ့လိုက်ရသည်။