တာအိုစည်းချက်နှင့် ဗလာနတ္ထိ
Vol. 86 Ch. 1193
ညနက်သည့်အခါ …
မိဘများနှင့် ပြန်လည်ဆုံစည်းပြီးသည့်နောက်တွင် သူ့ စိတ်ခံစားချက်များက အတော်လေး အတက်အကျ ဖြစ်နေသည်။ ဆယ်နှစ်စုကြာ အိမ်မပြန်လာနိုင်သောကြောင့်လား မသိသော်လည်း ဝမ်ပေါင်လဲ့၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် စိတ်ခံစားချက်များကို ချုပ်တည်းထားဖို့ အကောင်းဆုံး ကြိုးစားသော်လည်း ပတ်ဝန်းကျင်ထံ အနေအထားတစ်ခုအထိ သက်ရောက်မှု ရှိနေဆဲ ဖြစ်၏။
ဝမ်ပေါင်လဲ့က သက်ရှိ ၉၉ ရာခိုင်နှုန်းနီးပါးကို ဖိနှိပ်ချုပ်တည်းထားခြင်းနှင့် တူညီလေသည်။ သူ့တည်ရှိမှုက မိုးကောင်းကင်တာအိုနှင့် ကွဲပြားနေသော်လည်း ကွဲပြားချက်က သိပ်မကြီးမားပေ။
ထို့အပြင် သူ့အပြင်ပိုင်းခန္ဓာက တာအိုခန္ဓာ ဖြစ်နေပြီး ဝိညာဉ်ကလည်း ထိပ်သီး ထာဝရကြယ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။ သူ့ကျင့်ကြံဆင့်ကနေ ဖွဲ့စည်းထားသည့် ကြယ် ၇၀ ရာခိုင်နှုန်းကလည်း ထာဝရကြယ် ဖြစ်သွားကြလေပြီ။ ထို့ကြောင့် ပြည်ထောင်စု၏ စကားအရ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တွင် ကြယ်ခုနှစ်ထောင်ကျော်၏ ရေဒီယိုသတ္တိကြွ ရောင်ခြည်ထုတ်လွှင့်မှု ပါဝင်နေသည်။
ထိုရောင်ခြည်ထုတ်လွှင့်နေမှုက သူ့ကို ထူးကဲလူသား ဖြစ်သွားစေရုံသာမက သူ့တိုက်ခိုက်စွမ်းရည်ကိုလည်း တိုးမြင့်ပေးသည်။ ထိုဖိအားတစ်ခုတည်းဖြင့် သူ့နတ်ဘုရားအသိစိတ် ဖြန့်ကျက်ထားသည့် နယ်ပယ်အတွင်း လူအားလုံး မေ့လဲသွားစေနိုင်သည်။
သူ့ခန္ဓာကိုယ်ရှိ ဓားအိမ်လေးက ကျယ်ပြောတာအိုနန်းတော်၏ စကြဝဠာဓားကြီးကိုပင် လှုပ်ခါနိုင်စွမ်း ရှိထားပြီး မိုးကောင်းကင်တာအို၏ စွမ်းအားကိုလည်း ဝါးမျိုနိုင်လေသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့် ဗဟိုချက်လို ဖြစ်ကာ သူ့အဆင့်များကို သိသိသာသာ တိုးတက်လာစေသည်။
တကယ်တော့ ဝမ်ပေါင်လဲ့၏ အံ့ဩလောက်ဖွယ် တကယ့်ပုံစံကြောင့်သာ မဟုတ်လျှင် ထိုအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ပြိုလဲသွားနိုင်သည်။ သူက ယခုလို တည်တည်ငြိမ်ငြိမ် ရှိနေနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ့အနေနှင့် သတိထားဖို့ လိုအပ်၏။ သို့သော်လည်း သူက အမြုတေအဆင့်သာ ရှိသေးသည် သူ့မိဘများအပေါ် သက်ရောက်မှုရှိစေမည်ကို ရှောင်လွဲမရပေ။ သူက သက်ရောက်မှုကို များစွာလျော့ချထားသော်လည်း သူ့မိဘများက ပင်ပန်းနွမ်းနယ်လာဖို့ သိပ်မကြာလိုက်ပေ။ သူတို့က အိပ်စက်ကာ အနားယူအားဖြည့်ဖို့ လိုအပ်လာ၏။
ထိုအရာကို မြင်ပြီး ဝမ်ပေါင်လဲ့က လက်ဝှေ့လိုက်ကာ သူ့မိဘများအား အိပ်စက်စေလိုက်သည်။ သူက မိဘနှစ်ပါးကို အခန်းထဲ ညင်ညင်သာသာ ပြန်ပို့ပေးလိုက်၏။
ဝမ်ပေါင်လဲ့က ကျင့်ကြံခြင်းစွမ်းအားကို ထုတ်လွှင့်ကာ သူတို့ကို အားမြင့်တင်ပြီး ကာကွယ်ပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင် အဆီအနှစ်အနည်းငယ်ကို ထုတ်ကာ မိဘနှစ်ပါး၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းပေးခဲ့၏။
ထိုအရာက အနည်းငယ်မျှသာ ဖြစ်၏။ သူက သူတို့ကို ထပ်မပေးလို၍ မဟုတ်ဘဲ ထိုပမာဏက သူ့မိဘများ စုပ်ယူနိုင်သည့် ကန့်သတ်ချက် ဖြစ်နေ၍ ဖြစ်သည်။
ထိုအရာများကို လုပ်ဆောင်ပြီးသည့်နောက် ဝမ်ပေါင်လဲ့က သူ့မိဘများ သူ့အတွက် ပြင်ဆင်ပေးထားသည့် အခန်းထဲ ဝင်လာလိုက်သည်။ သူက ဤအခန်းအတွင်း တစ်ခါမှ မနေခဲ့ဖူးသော်လည်း အထဲတွင်ရှိသမျှ အရာအားလုံးက သူ့ကလေးဘဝမှ အောက်မေ့စရာ မှတ်ဉာဏ်များဖြင့် ပြည့်နှက်နေသည်။ နံရံပေါ်မှ ကပ်ခွာရုပ်ပုံများ ဖြစ်စေ၊ ကလေးဘဝမှ ကစားစရာအရုပ်များ ဖြစ်စေ .. သူတို့အားလုံးက အဖိုးတန် မှတ်ဉာဏ်များ ကိန်းအောင်းနေ၍ ဝမ်ပေါင်လဲ့၏ အကြည့်တို့က ပိုမို နူးညံ့လာတော့သည်။
“ငါ အိမ်ပြန်ရောက်ပြီ ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူက ကုတင်လေးကို ထိတွေ့လိုက်သည့်အချိန် အရမ်းသန့်ရှင်းနေ၏။ သူ့မိဘများက မကြာခဏ သန့်ရှင်းထားမှန်း သိသာလှသည်။ အခန်း သန့်ရှင်းအောင် ထိန်းသိမ်းထားခြင်း၏ နောက်ကွယ်တွင် သူတို့၏ သား ပြန်ရောက်လာဖို့ တမ်းတမှုများ ပါဝင်နေသည်။
ဝမ်ပေါင်လဲ့က ကုတင်လေးပေါ် တင်ပျဉ်ခွေထိုင်ကာ ပြတင်းပေါက် အပြင်ဘက်မှ လမင်းကြီးကို မော့ကြည့်လိုက်သည်။ သူက ပိုမို တည်ငြိမ်လာ၏။ တစ်ချိန်တည်းဆိုသလို သူ့ခန္ဓာကိုယ်မှ တာအိုစည်းချက်တို့ ထုတ်လွှင့်လာသည်။ ထိုအရာက အခန်းတစ်ခုလုံး၊ အိမ်တစ်အိမ်လုံး၊ မြို့တစ်မြို့လုံးအထိ ပျံ့နှံ့သွားသည်။ ထိုစဉ် အားလုံးက မည်သူမှ သတိမထားမိနိုင်သည့် ထူးထူးဆန်းဆန်း အခြေအနေထဲ ကျရောက်နေကြသည်။
ဤနေရာရှိ ဝိညာဉ်ချီက ပိုမို သိပ်သည်းလာသည်။ မြို့ထဲရှိ အပင်များကလည်း ယိမ်းနွဲနေ့ကြသလို အားတက်ကြွနေဟန်ပေါ်သည်။ သူတို့၏ ကြီးထွားနှုန်းကလည်း သိသာစွာ မြန်ဆန်လာကြ၏။
ထိုစဉ် တိရစ္ဆာန်များနှင့် အင်းစက်ပိုးကောင်များကမူ တုန်ရီသွားကြသည်။ သူတို့က ဝမ်ပေါင်လဲ့ရှိရာ အခန်းဆီ လှမ်းကြည့်လာကြ၏။ သူတို့က တာအိုစည်းချက်၏ လွှမ်းမိုးမှုကြောင့် ဉာဏ်အလင်းပွင့်သွားကြပြီး သူ့ထံ ဝပ်တွားလိုက်ကြသည်။
ထို့နောက် ဝိညာဉ်ချီ မထုတ်လွှင့်နိုင်သည့် သာမန်ပစ္စည်းများက တာအိုစည်းချက်၏ လွှမ်းမိုးမှုအောက်တွင် ထူးကဲလာကြသည်။ သူတို့က သူတို့ဘာသာ ဝိညာဉ်ချီ ထုတ်လွှင့်လာကြ၍ ကောင်းကင်မြို့ရှိ ဝိညာဉ်ချီများကို ဖြည်းဖြည်းချင်း တိုးပွားလာစေသည်။
ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်များက ကောင်းကင်မြို့တွင် မရပ်တန့်သွားခဲ့ပေ။ ထိုအရာက ဆက်လက် ပျံ့နှံ့သွားပြီး ကောင်းကင်တာအိုကျောင်းအထိ ရောက်ရှိသွားသည်။ ထိုအရာက ကျောင်းအတွင်းရှိ ကျောင်းသားများက ညတွင်းချင်း ကျင့်ကြံဆင့် တိုးပွားလာကာ ငှက်များနှင့် သားရဲများပင် တိတ်ဆိတ်ကုန်ကြ၏။
အဆင့်မြင့်ကျွန်းတွင် အိပ်စက်နေသည့် ဧရာမစိန်လူဝံကြီးက ရုတ်တရက် မျက်လုံးပွင့်လာကာ ကောင်းကင်မြို့ကို လှမ်းကြည့်လာသည်။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ကိန်းအောင်းနေသည်။
ရေကန်အောက်တွင်လည်း ငါးများစွာက ကူးခတ်နေကြသည်။ သူတို့က အတော်လေး စိတ်လှုပ်ရှားနေကြဟန်ပေါ်၏။ အနက်ပိုင်းတွင်မူ ဤနေရာတွင် နှစ်များစွာ ပုန်းအောင်းနေခဲ့သည့် ပေတစ်ထောင်ရှည်လျားသော ဧရာမမြွေတစ်ကောင်က တုံ့ပြန်မှုတစ်ခု ထုတ်လွှင့်လာသည်။ ထိုအရာက မျက်လုံးကို ဖွင့်ကာ ကောင်းကင်မြို့ကို လှမ်းကြည့်လာသည်။
တာအိုစည်းချက်များက ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်၏။
ထိုအရာက ကောင်းကင်တာအိုကျောင်းနှင့် ပတ်ဝန်းကျင်အထိ ပျံ့နှံ့သွားပြီး ပင်လယ်သားရဲများအထိ ရောက်ရှိသွားခဲ့သည်။ ပင်လယ်ထဲရှိ သတ္တဝါများစွာကို တုန်ရီသွားစေ၏။ ပင်လယ်အနက်ပိုင်းတွင် ပင်လယ်သားရဲဘုရင်တချို့က တုန်တုန်ယင်ယင်ဖြင့် ဝပ်တွားနေကြ၏။
လသုံးစင်းအဖွဲ့၊ ဂိုဏ်းတချို့၊ တခြားသော တာအိုကျောင်းများ၊ တခြားသော မြို့များနှင့် ဥက္ကဋ္ဌစံအိမ်အထိ ပါဝင်ပြီး အရာအားလုံးက ပြောင်းလဲနေသည်။
သို့သော် အားလုံးနီးပါးက ထိုအပြောင်းအလဲကို အာရုံခံမိကြသော်လည်း လူအများစုက မေ့လျော့သွားကြဟန်ပေါ်သည်။ သူတို့က စိတ်ထဲ မည်သည့်အတွေးမှ ဖြစ်မလာခဲ့ပေ။
ထိုထူးကဲသည့်အရာအားလုံးကို သာမန်အဖြစ် မှတ်ယူထားကြသလို ဖြစ်နေသည်။
ဂြိုဟ်အဆင့် ရောက်ရှိသွားသည့် ကျင့်မိသားစုမှ ခေါင်းဆောင်ကြီး ဖြစ်စေ၊ ဥက္ကဋ္ဌစံအိမ်ရှိ ဝူမုန့်လင် ဖြစ်စေ သို့မဟုတ် ပြည်ထောင်စုအတွင်း တခြားအားကောင်းသော ကျင့်ကြံသူများ ဖြစ်ကြစေ … ကောင်းကင်တာအိုကျောင်းမှ ကျောင်းအုပ်ကြီး လီရှင်းဝမ်နှင့် တခြားသော ကျင့်ကြံသူအားလုံးပင် ဘာမှသတိမထားကြပေ။
ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်များက ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ အဝေးတစ်နေရာမှ ကမ္ဘာမြေသည် ကြယ်တာရာကောင်းကင်အတွင်း ဝိုးတိုးဝါးတား ဖြစ်လာဟန်ပေါ်သည်။ တစ်ချိန်တည်းဆိုသလို မျက်စိဖြင့် မြင်တွေ့နိုင်သည့် ဝိညာဉ်ချီများက ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံ့နှံ့လာလေသည်။
တာအိုစည်းချက် နယ်နိမိတ်က ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်ရာ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်နှင့် တခြားသော ဂြိုဟ်များအထိ ရောက်ရှိသွားလေသည်။ နောက်ဆုံးတွင် နေအဖွဲ့အစည်းတစ်ခုလုံးအတွင်း ပျံ့နှံ့သွားလေ၏။
ထိုစဉ် နေအဖွဲ့အစည်းက လျို့ဝှက်ဆန်းကြယ် အပြောင်းအလဲတချို့ ကျော်ဖြတ်နေသည်။ အပြောင်းအလဲ ဖြန့်ကျက်လာသည်နှင့် ဝမ်ပေါင်လဲ့က နေအဖွဲ့အစည်းနှင့် နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းသွားသလို ဖြစ်၏။
သူက ဂြိုဟ်အားလုံး၏ အသက်ဓာတ်နှင့် သူ ရောက်ရှိလာမှုကြောင့် ကြွေးကြော်နေကြသည်ကို ခံစားမိလိုက်သည်။ နတ်မျက်လုံးကြယ်ဆီမှ ရင်းနှီးမှု၊ နေမင်းဆီမှ ပျော်ရွင်မှုနှင့် သက်ရှိအားလုံး၏ ကြီးထွားမှုအားလုံးကို ခံစားမိလိုက်ပြီး ပြည်ထောင်စုအတွင်း အပြောင်းအလဲအားလုံးကိုလည်း ခံစားမိလိုက်သည်။
ကျယ်ပြန့်တာအိုနန်းတော်မှ ပြန်လည် အားဖြည့်နေကြသည့် ယခင်မျိုးဆက်များလည်း အပါအဝင် ဖြစ်၏။
ဝမ်ပေါင်လဲ့၏ စိတ်ထဲ အရာအားလုံးကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက နေအဖွဲ့အစည်း၏ တစိတ်တပိုင်း ဖြစ်နေသည့် ခံစားချက်က ပိုမို အားကောင်းလာ၏။ ဤသည်မှာ ဝမ်ပေါင်လဲ့အနေနှင့် နေအဖွဲ့အစည်းရှိ ထူးထူးဆန်းဆန်း နေရာ သုံးခုကို အာရုံမခံမိခင်အထိသာ ဖြစ်၏။
ကမ္ဘာမြေတွင် တစ်နေရာ၊ ကြာသပတေးဂြိုဟ်တွင် တစ်နေရာနှင့် ပလူတိုဂြိုဟ်တွင် တစ်နေရာ …
ထိုနေရာကို နေရာတစ်ခုဟု ဆိုရမည့်အစား တံခါးသုံးပေါက်ဟု ညွှန်းဆိုလျှင် ပို၍ တိကျလိမ့်မည်။
တံခါးသုံးချပ်က အထဲအပြင် ဆက်နွယ်နေသည်။ ထိုမတိုင်ခင် ဝမ်ပေါင်လဲ့က ပြည်ထောင်စုအတွင်း ထိုနေရာသုံးခုအကြောင်း သတိမထားမိခဲ့ပေ။ ယခု သူ့တာအိုစည်းချက်များက ပျံ့နှံ့သွားလေရာ အရာအားလုံးက သူ့စိတ်ထဲ ပေါ်ထွက်လာသည်။
သူက ကြာသပတေးဂြိုဟ်ရှိ အမှတ်ကို ကြည့်လိုက်သည်။ ထိုအရာက အာရုံခံဖို့ ခက်ခဲသည့် သေးငယ်သည့် ဝဲကတော့လေး ဖြစ်၏။ မြူခိုးတိမ်တိုက်ကြားတွင် တည်ရှိနေသည်။ ဝမ်ပေါင်လဲ့က နတ်ဘုရားအသိစိတ်ကို အာရုံစိုက်လိုက်သည့်အခါ ကြာသပတေးဂြိုဟ်ပေါ်တွင် သူ့ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူက မြူခိုးတိမ်တိုက်ရှေ့ ရပ်နေပြီး နေရာတစ်ခုလုံးကို စစ်ဆေးကြည့်နေသည်။ သူ့မျက်ဝန်းများက အေးစက်နေ၏။
သူက ညာဘက်လက်ကို မြောက်လိုက်စဉ် ဓားအိမ်မှ ဓားချီမျှင်လေး ထွက်ပေါ်လာသည်။ ထိုအရာက လျှပ်စီးတန်း ဖွဲ့ကာ ဝဲကတော့ဆီ ဝင်ရောက်သွားသည်။ ထိုအရာက ချက်ချင်း ပျောက်ကွယ်သွားခဲ့စဉ် ဝမ်ပေါင်လဲ့က ယခင်က မြင်ဖူးပြီး မရောက်ဖူးသည့် နေရာတစ်ခု ဖြစ်နေဟန်ပေါ်သည်။
ထိုနေရာက သမိုင်းကြောင်း လူမှုအဖွဲ့အစည်းများစွာ၏ အကြွင်းအကျန်များဖြင့် ပြည့်နှက်နေရာ အမှိုက်ကန်သလို ဖြစ်နေသည်။ ထိုအပျက်အစီးများအဆုံးတွင် အမျိုးသမီးတစ်ဦး ထိုင်နေလေ၏။ သူမက မျက်လုံးဖွင့်လာပြီး အံ့ဩတုန်လှုပ်သည့် အမူအရာကို ထုတ်ပြလာစဉ် ဓားချီဖြင့် ဖွဲ့စည်းထားသည့် လျှပ်စီးတန်းက သူမ မျက်ခုံးကြား တည့်တိုးဝင်ရောက်သွားတော့သည်။
ထိုအမျိုးသမီး၏ အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ သူမက အလျှင်အမြန် နောက်ဆုတ်ကာ လက်ဟန်သင်္ကေတတချို့ ပြုလုပ်လိုက်သည်။ သူမရှေ့တွင် အမျိုးသားနှင့် အမျိုးသမီး၏ ပုံရိပ်များစွာ ထွက်ပေါ်လာပြီး လျှပ်စီးတန်းကို ခုခံပေးနေသည်။ ထိုအခါမှ သူမက ပယ်ဖျက်နိုင်ခြင်း ဖြစ်၏။ သို့သော်လည်း ဓားချီဖြင့် ဖွဲ့စည်းထားသည့် လျှပ်စီးတန်း ပယ်ဖျက်လိုက်ပြီးသည့်နောက် ဝမ်ပေါင်လဲ့၏ စကားသံက အဆုံးမဲ့ကြယ်တာရာကောင်းကင်အလွန် ပြည်ထောင်စု၏ ကြာသပတေးဂြိုဟ်ပေါ်မှ ထွက်ပေါ်လာသည်။
“ထွက်သွားစမ်း”
“ဝမ်ပေါင်လဲ့လား။ မဖြစ်နိုင်တာ” ထိုအမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။ သူမက ထိတ်လန့်နေ၏။ သူမ ပြည်ထောင်စုထဲ ချန်ထားခဲ့သည့် ဝဲကတော့က ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများပင် အာရုံခံမိဖို့ ခက်ခဲလှသည်။ ထိုအရာက သူမ၏ ဝှက်ဖဲတစ်ခု ဖြစ်ပြီး ယခု တစ်စုံတစ်ယောက်က ထိုအရာကို အသုံးပြုကာ သူမ၏ တည်နေရာကို ရှာလာခဲ့သည်။
သူမက ဝဲကတော့ကို ချိုးဖျက်ဖို့ ကြိုးစားလိုက်သော်လည်း မလုပ်နိုင်ခဲ့ပေ။ အကြောင်းအရင်းမှာ ဝမ်ပေါင်လဲ့က ကြာသပတေးဂြိုဟ်ပေါ်ရှိ ဝဲကတော့ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ကာ စည်းပိတ်လိုက်ပြီး သိုလှောင်အိတ်အတွင်း ထည့်သိမ်းလိုက်၍ ဖြစ်သည်။
“ကျီယွဲ့ …” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ သူက ပြည်ထောင်စုထဲ ပြန်ရောက်လာခါစ ဖြစ်ကာ ပြန်ထွက်မသွားလိုသေးပေ။ သူက ယခု ကျီယွဲ့ကို လွှတ်ပေးထားလိုက်မည်။ သို့သော် ယခင်မှ လျှပ်စီးတန်းက သူမကို မှတ်သားထားပြီးသား ဖြစ်၏။
ဝမ်ပေါင်လဲ့၏ တာအိုအရိပ်က ပျောက်ကွယ်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင် သူက ပလူတိုဂြိုဟ်ပေါ် ပေါ်ထွက်လာသည်။ ထိုနေရာတွင် ရေတွင်းတစ်ခု ရှိနေသည်။
သူက ရေတွင်းဘေးတွင် ရပ်ကာ အထဲမှ ထုတ်လွှင့်နေသည့် မရဏအငွေ့အသက်လှိုင်းလုံးကို ခံစားလိုက်သည်။ ဝမ်ပေါင်လဲ့က ခတ္တမျှ တိတ်ဆိတ်သွားလေသည်။ သူက ညာဘက်လက်ကို မြောက်ကာ ရေတွင်းကို ဖိကပ်လိုက်သည်။ ထိုအခါ လေထုထဲ အသံကျယ်ကြီး ထွက်ပေါ်လာ၏။ ရေတွင်းက ချက်ချင်း ပြိုကျသွားပြီး အထဲမှ ဒေါသတကြီး အသံတစ်သံ ထွက်လာသည်။
“ဘယ်သူက အမှောင်ဂိုဏ်းရဲ့ အပြင်လောက မျက်လုံးကို ဖျက်ဆီးရဲတာလဲ။ နာမည်ကို ပြောစမ်း … အမှောင်ဂိုဏ်းက … ”
“ဝမ်ပေါင်လဲ့” ဝမ်ပေါင်လဲ့က ခပ်တည်တည်သာ ပြောလိုက်သည်။
သူ ပြောလိုက်သည်နှင့် ပြိုကျနေသည့် ရေတွင်းက ချက်ချင်းဆိုသလို သေလုမတတ် တိတ်ဆိတ်သွားလေ၏။