ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းခြင်း
Vol. 86 Ch. 1194
ရေတွင်းက အပြည့်အဝ ပျက်စီးသွားတော့မည့်ဆဲဆဲတွင် သတိကြီးကြီးထားကာ တလေးတစား ပြောဆိုသံ ထွက်ပေါ်လာသည်။
“အမှောင်ကလေးငယ်ကို ဂါရဝပြုပါတယ်”
“ ကျုပ်တို့ကို ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ အမှောင်ကလေးငယ်။ ကျုပ်တို့တွေ အမှောင်မျက်လုံးနဲ့ အဆက်အသွယ်ကို ချက်ချင်း ဖြတ်တောက်လိုက်ပါ့မယ်”
“ကျုပ်က ခင်ဗျားတို့ရဲ့ အမှောင်ကလေးငယ် မဟုတ်ဘူး” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက တစ်ဖက်လူကို ထပ်ပြောဖို့ အခွင့်အရေး မပေးပေ။ သူ့လက်တစ်ချက်အဝှေ့တွင် ပလူတိုဂြိုဟ်ပေါ်ရှိ ရေတွင်းက ချက်ချင်း ပြိုကျသွားကာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။
သူက ထိုနေရာတွင် ကြာကြာဆက်မနေပေ။
ဝမ်ပေါင်လဲ့၏ တာအိုအရိပ်က ပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည့်အခါ ကမ္ဘာမြေသို့ ရောက်ရှိနေလေပြီ။
ယခင်က သူ စည်းတံဆိပ်များ ထားရှိခဲ့သည့် ရှေးဟောင်းနယ်မြေများတွင် စည်းတံဆိပ်များက ပြီးပြည့်စုံစွာ အကောင်းတိုင်းရှိနေဆဲ ဖြစ်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် သူက လီဝမ်အာ သွားခဲ့သည့် ဂိုဏ်းနှင့် ဆက်နွယ်နေသည့် လမ်းကြောင်းများစွာကို မြင်တွေ့ထားပြီးသား ဖြစ်သည်။ သူ့အနေနှင့် အားလုံးကို စည်းပိတ်ထားပြီးပြီဟု ထင်ထားခဲ့သော်လည်း လက်တွေ့တွင် အကောင်းတိုင်း ကျန်နေသည့် နေရာတစ်ခု ကျန်နေသည်။
သို့သော်လည်း ထိုအရာက အရေးမကြီးတော့ပေ။ စည်းတံဆိပ်ထားရှိသည် ဖြစ်စေ၊ မထားရှိသည် ဖြစ်စေ အရေးမကြီးပေ။ ဝမ်ပေါင်လဲ့က နှစ်လေးဆယ်ကျော် အချိန်ရှိနေသေးကြောင်း တွေးမိကာ ထိုအတိုင်း ချန်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
တာအိုအရိပ် ပျောက်ကွယ်သွားသည်နှင့် အိမ်ထဲရှိ ကုတင်လေးပေါ်မှ သူ့အစစ်အမှန်ကိုယ်က မျက်လုံးပွင့်လာလေသည်။
တာအိုစည်းချက်နှင့် နတ်ဘုရားအသိစိတ်က ကွဲပြားပေသည်။ နတ်ဘုရားအသိစိတ်ကို ကြည့်ရှုစစ်ဆေးဖို့အတွက် အသုံးပြုပြီး တာအိုစည်းချက်ကမူ နေအဖွဲ့အစည်းနှင့် ပေါင်းစည်းထားသည်။ ထို့ကြောင့် သူ့အနေနှင့် မိတ်ဆွေဟောင်းများကို မြင်နိုင်ပြီး သက်ရှိအားလုံး၏ အတွေးများကို ခံစားမိစေသည်။
ကျောက်ယမုန့်၏ ကျင့်ကြံဆင့်ကလည်း အမြန်အဆန် တိုးတက်နေသည်။ ကျိုးရှောင်ရက ကြော့ရှင်းနေဆဲ ဖြစ်ကာ ကျင့်ကြံဆင့်ကမူ ဝိညာဉ်ကြားခံနယ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။ လျိုတောက်ပင်း၊ လင်းတျန်းတောက်နှင့် တုမင်တို့လည်း ရှိနေကြသည်။
သို့သော်လည်း ကျောက်ယမုန့်ကလွဲ၍ ကျန်လူများ၏ တိုးတက်နှုန်းက အကန့်အသတ် ရှိနေသည်။
ကျိုးရီဖန်းနဲ့ ခုံးတောက်တို့ရော အခု ဘယ်လိုနေကြမလဲ မသိဘူး …
ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်သည်။ ဤတစ်ကြိမ် သူ့တာအိုစည်းချက်ကို ပျံ့နှံ့စေလိုက်ပြီး နေအဖွဲ့အစည်းနှင့် ပေါင်းစည်းစေလိုက်သည့်အခါ ပြည်ထောင်စုအတွင်း အတွင်းလူတချို့ကို အာရုံခံမိလိုက်သည်။
ထိုအတွင်းလူများက ပြည်ထောင်စု၏ အခွင့်အာဏာနား လှည့်ပတ်လျက်ရှိနေသည်။ တစ်ချိန်တည်းဆိုသလို တချို့တဝက်က နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ တိတ်တဆိတ် ထောက်ခံပေးထားခြင်း ဖြစ်၏။ ပြည်ထောင်စု၏ လက်ရှိပတ်ဝန်းကျင်က ငြိမ်းချမ်းနေသော်လည်း နောက်ကွယ်တွင် ပဋိပက္ခများ ဖြစ်ပေါ်လာလေ့ရှိသည်။
သို့သော် ထိုအရာများက ဝမ်ပေါင်လဲ့အတွက် အရေးမကြီးပေ။
မည်သည့်နေရာတွင် ဖြစ်စေကာမူ တစ်လေသံတည်း မဖြစ်နိုင်ပေ။ ဉာဏ်ရှိသည့် သက်ရှိများ စုဝေးနေကြသည့် နေရာတစ်ခု ဖြစ်နေသရွေ့ ပဋိပက္ခနှင့် အငြင်းအခုံတို့ ရှိတတ်ကြသည်။ ဤသည်က ပြိုင်ဆိုင်မှုတစ်ခုသာ ဖြစ်၏။
သေချာသည့်အနေအထားတစ်ခုဆိုလျှင် ကိစ္စကောင်းဖြစ်သော်လည်း ကန့်သတ်ချက် လွန်သွား၍ မရပေ။
ယခုတွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ အတွင်းလူများက ထိုအကန့်အသတ်ကို ကျော်လွန်ဖို့ ကြိုးစားနေကြ၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ အကြည့်တို့ကို အေးစက်သွားစေသည်။
ငါ့ညီမလေးကို ကြံစည်နေတာလား …
ပြင်ပလောကတွင် ဝမ်ပေါင်လဲ့က သတ်ဖြတ်ရာ၌ ဆုံးဖြတ်ချက် ပြတ်သားသူတစ်ဦး ဖြစ်၏။ သူက အစကတည်းက သက်ညှာခြင်း မရှိသည့်လူ မဟုတ်ပါလော။ သူက တခြားသူများအပေါ် ရက်စက်တတ်သလို သူ့အပေါ်ပင် ညှာတာတတ်သူ မဟုတ်ချေ။ ထို့ကြောင့် ပြည်ထောင်စုက သူ့မွေးရပ်မြေ ဖြစ်နေလျှင်ပင် တစ်စုံတစ်ယောက်က သူ့အောက်ခြေစည်းမျဉ်းကို ထိပါးဖို့ ကြိုးစားသည်နှင့် တစ်ဖက်လူက အားနည်းနေရုံဖြင့် သက်ညှာမှုပြသမည့်လူ မဟုတ်ပေ။
ထိုအကြောင်းအား သူ့မိဘများက မသိကြသလို ဝမ်ပေါင်လဲ့၏ မိတ်ဆွေများပင် မသိကြပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့တစ်ယောက် တာအိုစည်းချက်ကို ဖြန့်ကျက်လိုက်သည့်အခါ သေချာမြင်လိုက်ရသည့် ကိစ္စတချို့ ရှိသည်။
ထိုအရာက တစ်စုံတစ်ယောက်က သူ့ညီမလေးကို အကွက်ချစီစဉ်နေခြင်း ဖြစ်၏။ သူတို့၏ ပစ်မှတ်က သူသာလျှင် ဖြစ်၏။ ထိုစီစဉ်မှုက မိန်းကလေး၏ ပုန်ကန်လိုစိတ်ကို တိုးမြင့်ပေးသလို သူမဝန်းကျင်ရှိ လူများက အမြဲပြောင်းလဲနေပြီး တစ်ယောက်ယောက်က သူမကို ဆွဲဆောင်ကာ ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေခြင်း ဖြစ်၏။
နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ အမိန့်ဖြစ်စေ သို့မဟုတ် တစ်ဦးတစ်ယောက်၏ အကြံအစည် ဖြစ်စေ အစီအစဉ် စတင်လာပြီဖြစ်၍ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွပေးနိုင်လိုက်သည်။
ထိုစဉ် သူ့အမြင်တွင် ကောင်းကင်မြို့အရှေ့ဘက် လမ်းမအထက် ဆိုင်ကယ်မောင်းပြိုင်နေကြသည့် လူအုပ်စုကို သေချာမြင်လိုက်ရသည်။ အမျိုးသား၊ အမျိုးသမီးအစုံ ရှိနေပြီး ရံဖန်ရံခါ အော်ဟစ်ကာ ဆူဆူညံညံ အသံများ လုပ်နေကြသည်။
သူတို့ကြားတွင် အမြန်ဆုံးလူက သူ့ဈေးပေါပေါ ညီမလေး ဖြစ်နေသည်။ နောက်ဆုံး အဆုံးသတ်ကို ဖြတ်ကျော်ကာ ပန်းဝင်ပြီးသည့်နောက် သူမဘေးတွင် လူငယ်နှစ်ဆယ်ကျော် ရှိနေပြီး သူမဆီ ချည်းကပ်ဖို့ ကြိုးစားနေကြသည်။ သူတို့က သူမအား စကားစမြည်ပြောနေကြစဉ် သူမဆီ မချည်းကပ်လာဘဲ အေးစက်စက်နှင့် မောက်မာသည့် လူငယ်တစ်ဦး ရှိနေသည်။ သို့သော် ဝမ်ပေါင်လဲ့က သူ့ညီမလေးသည် ထိုလူငယ်လေးကို မကြာခဏ လှမ်းကြည့်နေကြောင်း သတိပြုမိလိုက်၏။ သူမက လှမ်းကြည့်လိုက်သည့်အခါ နှလုံးခုန်နှုန်းပင် မြန်ဆန်လာသည်။
အကယ်၍ လူငယ်လေးက အမှန်တကယ် အေးစက်နေပါက ကိစ္စမရှိပေ။ သို့သော်လည်း သူ့မောက်မာယောင်ဆောင်ထားမှုက ကလေးများကိုသာ အရူးလုပ်နိုင်ပြီး ဝမ်ပေါင်လဲ့၏ အမြင်အောက်မှ မဖုံးကွယ်နိုင်ပေ။ သူက လူငယ်လေးက စိတ်လှုပ်ရှားနေမှုနှင့် ကိုယ့်ဘာသာ ဘဝင်ခိုက်နေမှုတို့ကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းအနက်ထဲ ဖုံးကွယ်ထားသည့် အေးစက်မှုတို့ပင် မြင်လိုက်ရသည်။
ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်အောက်တွင် လူငယ်လေးအနောက်ဘက်၌ ကြိုးမျှင်တချို့ ပေါ်ထွက်လာသည်။ ကြိုးမျှင်အများစုက မှေးမှိန်နေပြီး တစ်ခုတည်းကသာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တည်ရှိရာ ကြယ်များ၊ ဂြိုဟ်များရှိသည့် ဝေဟင်ဆီ ဦးတည်နေသည်။
ဝမ်ပေါင်လဲ့က ထိုကြိုးမျှင် ဦးတည်ချက်ကို စစ်ဆေးမကြည့်လိုက်ပေ။ သူက အကြည့်လွဲလိုက်ပြီးသည့်နောက် သူ့ညီမလေး၏ စိတ်ထဲ စကားတစ်ခွန်း ပို့ဆောင်လိုက်၏။
“အိမ်ပြန်လာပြီး ငါနဲ့ လာတွေ့လှည့် ”
သူမက ခေါင်းမော့ကာ ဆံပင်ကို သပ်ချလိုက်သည်။ သူမက လူငယ်လေးများ၏ ဝန်းရံမှုကို ခံနေရ၍ တောက်ပနေသည့် ပုလဲလုံးလေးသဖွယ် ဖြစ်နေကာ ဆိုင်ကယ်ဦးထုပ်ကို ဘေးပစ်လိုက်ပြီး တစ်စုံတစ်ခု ပြန်ပြောတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့၏ အသံက ထွက်ပေါ်လာခြင်း ဖြစ်၏။
ဝမ်ပေါင်လင်း၏ ခန္ဓာကိုယ်က တုံ့ဆိုင်းသွားသည်။
သူမ မျက်နှာက ချက်ချင်း ဖြူဖျော့သွားလေ၏။ အသံက မရင်းနှီးသော်လည်း သူမစိတ်ထဲ ဝင်ရောက်လာသည့်အခါ သွေးစီးဆင်းမှုကိုပင် ရပ်တန့်သွားစေဟန်ပေါ်သည်။ ထိုစဉ် အလိုလိုသိစိတ်က သူမစိတ်ထဲ စကားပြောလိုက်သည့် လူ၏ ဇစ်မြစ်ကို အဖြေထုတ်ပြီးသား ဖြစ်သွားသည်။
ဝမ်ပေါင်လဲ့ နာမည်က သူမတစ်ဘဝလုံး လိုက်ပါလာခဲ့ပြီး သူမ မှတ်မိသည့်အရွယ်မှစ၍ သူမကိစ္စအရာအားလုံးက ထိုနာမည်ကြောင့်သာ ဖြစ်ကြောင်း သိထားသည်။ ထိုနာမည်ကြောင့် ပြည်ထောင်စု၊ နေအဖွဲ့အစည်းအတွင်း သူမက ထူးကဲနေကြောင်း ဖြည်းဖြည်းချင်း သဘောပေါက်သွားခဲ့သည်။
သူမက မိဘများကို မကြောက်သော်လည်း တစ်ခါမှ မတွေ့မြင်ဖူးသည့် သူမအစ်ကိုကြီးအပေါ် မပြောပြတတ်သည့် လေးစားမှုတို့ ရှိလေသည်။
ထိုအရာအားလုံးက ဂုဏ်ယူစိတ်ကြီးဝင်နေသည့် ဝမ်ပေါင်လင်းကို တုန်ရီသွားစေသည်။ သူမက ဖြူဖျော့စွာဖြင့် ဆိုင်ကယ်ကို လှည့်ကာ အိမ်ဆီ ဦးတည်လိုက်တော့သည်။ သူမက အားလုံးကို နှုတ်ဆက်နေဖို့ အချိန်ပင် မရှိပေ။
အပေါင်းအပါများကို ချန်ထားခဲ့ပြီး သူမ၏ ပုံရိပ်က အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားခဲ့သည်။
သူမက အမြန်ဆုံးနှုန်းဖြင့် မောင်းချလာသည်။ သူမစိတ်ထဲ ဗလာကျင်းနေ၏။ ဝမ်ပေါင်လင်းက တံခါးဝဆီ ရောက်လာသည့်အခါ တုံ့ဆိုင်းကာ စိတ်လှုပ်ရှားနေမိသည်။ သူမ၏ ခန္ဓာကိုယ်က တုန်ရီစွာဖြင့် တံခါးကို ဖြည်းဖြည်းလေး တွန်းဖွင့်လိုက်သည့်အခါ ရင်းနှီးသလိုလိုနှင့် မရင်းနှီးသေးသည့် ပုံရိပ်က ဧည့်ခန်းအတွင်း ထိုင်နေသည်ကို မြင်လိုက်ရသည်။
တံခါးဖွင့်လိုက်သည်နှင့် ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ သူ့ညီမလေးအား ကြည့်လာသည်။ သူမတွင် မည်သည့်ကံအနှောင်အဖွဲ့မှ မရှိကြောင်း အတည်ပြုလိုက်ပြီးနောက် တခြားသောလှည့်ကွက်များ မရှိတော့ကြောင်း သေချာသွားသည်။ သူ့မိဘများသည် သာမန်အခြေအနေအောက်တွင် သူမကို မွေးဖွားလာခြင်းသာ ဖြစ်၏။
ဝမ်ပေါင်လဲ့က အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။
သို့သော်လည်း ဝမ်ပေါင်လင်း၏ မျက်နှာက ပိုမို ဖြူဖျော့သွား၏။ သူမ မျက်ဝန်းထဲ အကြောက်တရားနှင့် မသက်မသာ ဖြစ်မှုတို့ ရှိနေသည်။ သူမက တံခါးဝတွင် ရပ်နေပြီး မည်သို့ပြောရမှန်း မသိပေ။ သူမက ရှေ့တစ်လှမ်းပင် မတိုးရဲပေ။
“လာထိုင်လေ” ဝမ်ပေါင်လဲ့က ဖြည်းဖြည်းလေး ပြောလိုက်သည်။
“ဟုတ်” ဝမ်ပေါင်လင်းက အလျှင်စလို ခေါင်းညိတ်ကာ နာနာခံခံ ဘေးနားရောက်လာ၏။ သူမက ခေါင်းငုံ့ထားပြီး စကားမပြောရဲပေ။ အကယ်၍ ဝမ်ပေါင်လဲ့၏ မိဘများသာ နိုးနေပါက အံ့အားသင့်သွားကြလိမ့်မည်။ သူတို့၏ သမီး နာနာခံခံ ဖြစ်နေသည်ကို တစ်ခါမှ မြင်ဖူးကြသည် မဟုတ်ပေ။
မိန်းကလေးက သူ့ကို ကြောက်နေသည်ကို ခံစားမိပြီး ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းလိုက်သည်။ ဝမ်ပေါင်လင်း၏ ပါရမီက သာမန် ဖြစ်ကြောင်း ပြောနိုင်လေ၏။ သူက စကားပြောတော့မည့်ဆဲဆဲတွင် မျက်ခုံးပင့်ကာ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
သူ့အကြည့်က နေအဖွဲ့အစည်းကိုပင် ထိုးဖောက်သွားဟန်ပေါ်သည်။ သူက နေအဖွဲ့အစည်းအပြင်ဘက်တွင် ဧရာမဝဲကြီးတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။ ထိုဝဲကြီး ပေါ်လာသည်နှင့် အထဲမှ ပုံရိပ်တစ်ခု ပျံသန်းထွက်လာသည်။
ထိုပုံရိပ်နောက်ကွယ်တွင် တောက်ပနေသည့် ကြယ်တာရာကောင်းကင်ကြီး ရှိနေ၏။ လေထုထဲ ခရမ်းရောင်အလင်းဖြင့် တောက်ပကာ ပြည့်နှက်နေသည်။ ဤသည်က ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကလွဲ၍ တခြား မဟုတ်ပေ။
ပျံသန်းထွက်လာသူက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးသာ ဖြစ်၏။ နေအဖွဲ့အစည်းအပြင်ဘက်တွင် ခေါင်းဆောင်ကြီးက အမူအရာ အလေးအနက်ရှိနေသည်။ သူက လက်နှစ်ဖက်ယှက်ကာ နေအဖွဲ့အစည်းကို အရိုအသေပြုလိုက်၏။
“ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းရဲ့ အုပ်ချုပ်သူက လူကြီးမင်းဝမ်ကို တွေ့ခွင့်တောင်းပါတယ်။ ကျုပ်တို့က လူကြီးမင်း ပြောခဲ့တဲ့ ကိစ္စအတွက် ရောက်လာတာပါ။ ကျုပ်တို့တွေ ထင်ပေါ်ကျော်ဇောဖို့ရာ အခွင့်အရေးပေးဖို့ အလေးအနက် တောင်းဆိုပါတယ်။ ဒီအကြောင်းအရင်းအတွက် ကျုပ်တို့တွေ ပြည်ထောင်စုကြီးထဲ ပေါင်းစည်းပြီး ခင်ဗျားအတွက် တိုက်ခိုက်ပေးဖို့ လိုလားပါတယ် ”