← Chapters

အပြစ်ဒဏ်

Vol. 86 Ch. 1195

အပြစ်ဒဏ်

Vol. 86 Ch. 1195

ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ရောက်ရှိလာမှုနှင့် ခေါင်းဆောင်ကြီး၏ စကားများက နေအဖွဲ့အစည်းအတွင်း ပျံ့နှံ့သွားကာ အားကောင်းသော ကျင့်ကြံသူများ၏ စိတ်ထဲ အံ့အားသင့် တုန်ယင်သွားကြသည်။ နတ်ဘုရားအသိစိတ်အမျှင်များစွာ ထွက်ပေါ်လာပြီး ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီး ရှိရာ နေရာဆီ ရောက်လာကြသည်။

“ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းလား ”

“တစ်ခါက နတ်မျက်လုံး လူမှုအဖွဲ့အစည်းကို ကျူးကျော်ဖူးခဲ့တဲ့ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းလား”

“သူတို့က ဘာလို့ ရုတ်တရက်ကြီး ဒီရောက်လာတာလဲ။ သူတို့စကားတွေက ဘာလို့ ဒီလောက်တောင် လေးနက်နေရတာလဲ”

“လူကြီးမင်းဝမ် … ဖြစ်နိုင်တာ …” ထိုနတ်ဘုရားအသိစိတ်များ ဆုံတွေ့စဉ် တစ်ယောက်နှင့်တစ်ယောက် အသံများ ပို့လွှတ်ကာ ပြောဆိုကြတော့သည်။

ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းက အရှိန်အဝါကို ကြည့်ရုံဖြင့် အံ့ဩဖို့ကောင်းနေပြီ ဖြစ်၏။ စကားပြောလိုက်သည့် ခေါင်းဆောင်ကြီး ဖြစ်စေ သို့မဟုတ် သူ့နောက်တွင် ရှိနေသည့် ဝဲကြီးထဲမှ ကြယ်တာရာကောင်းကင်ကြီး ဖြစ်စေ အားလုံးက ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုနေသည်။ ထိုအရာက နေအဖွဲ့အစည်းထက် သာလွန်နေ၏။

ဤသည်မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းက ပြည်ထောင်စုနှင့် ပေါင်းစည်းစဉ်အခါက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးအပေါ် နားလည်မှုအသစ် ဖြစ်တည်လာကြသည်။ ပုံမှန်အားဖြင့် သူတို့က နတ်မျက်လုံး လူမှုအဖွဲ့အစည်းကို ကျူးကျော်ခဲ့ဖူးသည့် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းနှင့် စိမ်းသက်မနေတော့ပေ။

ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းက မဟာလက်ဝဲတာအိုနယ်မြေ၏ နယ်မြေ (၁၉) အတွင်း ပထမဂိုဏ်း ဖြစ်ကြောင်း သိသာလှသည်။ သူတို့အမိန့်အောက်တွင် လူမှုအဖွဲ့အစည်းရာချီ ရှိလေ၏။ နယ်မြေ (၁၉) အတွင်း သူတို့က ထင်ရှားကြသည်။

သူတို့ကြားတွင် ကြယ်နယ်မြေအဆင့် မရှိသော်လည်း သူတို့ခေါင်းဆောင်ကြီးက ကြယ်နယ်မြေတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ မန္တန်အစီအရင်တို့ဖြင့် သူက ပိုင်နက်အတွင်း ကြယ်နယ်မြေအဆင့် ပုဂ္ဂိုလ်များဖြင့် တိုက်ခိုက်နိုင်စွမ်း ပိုင်ဆိုင်ထားသည်။

ဤသို့သော အဆင့်မြင့် ကျင့်ကြံသူမျိုး၊ ဤကဲ့သို့သော အင်အားစုမျိုးက သူတို့နှင့် ပေါင်းစည်းဖို့ လက်ဦးမှုရယူကာ လာပြောနေသည်။

ဤကိစ္စက နေအဖွဲ့အစည်းရှိ အဆင့်မြင့် ကျင့်ကြံသူတိုင်း၏ စိတ်ထဲ တုန်လှုပ်မှုနှင့် သံသယတို့ ပြည့်နှက်လာစေ၏။

အင်္ဂါဂြိုဟ် ဘုရင်ခံ လင်းယုံ၊ သောကြာဂြိုဟ် ဧရာမသစ်ပင်ကြီး၊ နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်မှ ချင်လင်းကျစ်တို့က နေအဖွဲ့အစည်းအပြင်ဘက် ထွက်လာကြ၏။ တစ်ချိန်တည်းဆိုသလို နေအဖွဲ့အစည်းရှိ မန္တန်အစီအရင်ကလည်း တိတ်တဆိတ် အသက်ဝင်လာခဲ့သည်။ ထို့နောက် ဝူမုန့်လင်နှင့် လီရှင်းဝမ်တို့ ထွက်လာကာ ကျင့်မိသားစုမှ ခေါင်းဆောင်ကြီးလည်း လိုက်ပါလာသည်။

ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည့် ကျောက်ယမုန့်ကလည်း မျက်လုံးပွင့်လာပြီး ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ရှိရာဘက် လှမ်းကြည့်လာသည်။ ထို့နောက် သူမက ကမ္ဘာမြေဘက် ခေါင်းတစ်ချက်စောင်းကာ ကြည့်လိုက်၏။

သူမ တစ်ဦးတည်းသာ မကပေ။ နတ်ဘုရားအသိစိတ်ကို ဖြန့်ကျက်ထားသည့် အားလုံးကလည်း အံ့အားသင့်သွားကြ၏။

ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်ကြီးက လူကြီးမင်းဝမ်ဟု သုံးနှုန်းလိုက်ပုံကြောင့် အားလုံး၏ စိတ်ထဲ ဗြောင်းဆန်သွားစေသည်။

ထိုအသုံးအနှုန်းကြောင့် လူတစ်ယောက်ကို မစဉ်းစားမိဘဲ မနေနိုင်တော့ပေ။

ထိုလူက ပြည်ထောင်စုထဲမှ ဆယ်နှစ်ကျော် ထွက်ခွာသွားခဲ့သည့် ဝမ်ပေါင်လဲ့ ဖြစ်၏။

“သူ ပြန်ရောက်နေပြီလား”

အားလုံး၏ စိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာသည်။ သူတို့စိတ်ခံစားချက်များက အမျိုးမျိုး ဖြစ်နေ၏။ ကျယ်ပြန့်တာအိုနန်းတော်မှ ဆရာရှင်းယီက တိတ်ဆိတ်သွားလေသည်။ သူ့တပည့် ချင်လင်းကျစ်က ဝမ်ပေါင်လဲ့ ပြန်ရောက်သည့်အကြောင်း မသိလောက်သေးပေ။ ယခု ထိုသူ့နှလုံးသားက အတိတ်မှ အဖြစ်ဆိုးကြောင့် တုန်တုန်ယင်ယင် ဖြစ်လာလေ၏။

နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ လူများကမူ အံ့အားသင့်မှုအပြည့် ဖြစ်နေကြသည်။ အားကောင်းသည့် ကျင့်ကြံသူအားလုံးက ဦးညွှတ်လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် ဝမ်ပေါင်လဲ့က ဧကရာဇ် ဖြစ်၏။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းခေါင်းဆောင်က စိတ်ထဲမှ သက်ပြင်းချကာ ဦးညွှတ်လိုက်သည်။ သူတို့နှင့် ယှဉ်လိုက်လျှင် ပြည်ထောင်စုမှ လူများက စိတ်လှုပ်ရှားနေကြ၏။

ဥက္ကဋ္ဌ ဝူမုန့်လင်က အကြည့်များ တောက်ပလာသလို လီရှင်းဝမ်၏ အပြုံးတို့က ပိုမို စစ်မှန်လာ၏။ လင်းယုံနှင့် တာအိုရောင်းရင်း ဧရာမသစ်ပင်ကြီးတို့ကလည်း စိတ်လှုပ်ရှားနေကြသည်။

သို့သော်လည်း အင်မတန် စိတ်ဂယက်ထကာ အပြစ်ရှိစိတ် ခံစားနေရသူများလည်း ရှိနေသည်။

အိမ်ထဲတွင် ထိုင်နေရင်း သူ့ညီမလေးနှင့် စကားပြောနေသည့် ဝမ်ပေါင်လဲ့က အားလုံး၏ တုံ့ပြန်မှုကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူက ဘာမှမပြောဘဲ ပြည်ထောင်စုမှ လူများကို ဆက်သွယ်ဖို့ ခွင့်ပြုပေးထားလိုက်၏။

ဤကိစ္စကို ပြည်ထောင်စုအတွက် လေ့ကျင့်ရေးအဖြစ် မှတ်ယူနိုင်သည်။ အကယ်၍ အရာအားလုံး အဆင်ပြေနေလျှင် ပိုမို ကောင်းလိမ့်မည်။ အကယ်၍ အဆင်မပြေလျှင်လည်း သူ့အနေနှင့် ပေါ်ထွက်လာဖို့ သင့်တော်သည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် သူက တာအိုစည်းချက်ကို ထုတ်လွှင့်ပြီး နေအဖွဲ့အစည်းအပြင်ဘက် သူ့ထံ ဦးညွှတ်နှုတ်ဆက်နေသည့် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနား ပို့ဆောင်ကာ သူ သိကြောင်း ပြသလိုက်သည်။ သူ့ကြိုဆိုမှုကို ဖော်ပြလိုက်ပြီးသည့်နောက် သူက တာအိုစည်းချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ့ဘေးတွင် ထိုင်နေသည့် ဝမ်ပေါင်လင်းကို ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့က သူ့မကို ကြည့်နေသည်ကို ခံစားမိပြီး ဝမ်ပေါင်လင်းက ခပ်မတ်မတ် ထိုင်ကာ သူမ မျက်နှာလေးက ရင်တထိတ်ထိတ် ဖြစ်နေဟန်ပေါ်သည်။

“အဖေနဲ့ အမေက မင်းရဲ့ ဝတ်ပုံစားပုံကို မကြိုက်ဘူး” ဝမ်ပေါင်လဲ့က ဝမ်ပေါင်လင်းနှင့် ပတ်သက်သည့် ကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်၏။ သူက အကြည့်ကို ရုတ်သိမ်းကာ ခပ်တည်တည် ပြောလိုက်သည်။

“ညီမ ပြင်ပါ့မယ်။ နောင်ကျရင် ဒီလိုထပ်မလုပ်တော့ပါဘူး” ဝမ်ပေါင်လင်းက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်၏။

ဝမ်ပေါင်လဲ့က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“ အမေနဲ့ အဖေကို စိုးရိမ်ရအောင် မလုပ်နဲ့။ စကားကို ပြန်မပြောနဲ့ ”

“ညီမ နောင်ကျရင် ပြန်မပြောတော့ပါဘူး။ အမေနဲ့ အဖေ ပြောသမျှကို နာခံပါ့မယ်။ သေချာလေး လိမ္မာပါ့မယ်” ဝမ်ပေါင်လင်းက မငိုအောင် ကြိုးစားထိန်းထားနေရသည်။ သို့သော်လည်း သူမက မနေနိုင်ဘဲ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

“ တကယ်လို့ သူတို့ပြောနေတာ မှားနေရင်ရော … အစ်ကိုကြီးကို ပြော … ပြောပြလို့ရမလား”

သူ့အား အစ်ကိုကြီးဟု ခေါ်ဆိုသံကို ကြားလိုက်သည့်အခါ ဝမ်ပေါင်လဲ့က စိတ်ထဲ အတွေးတချို့ ရှိလာသည်။ သူ့ကို ကြောက်နေသည့် သူ့ညီမလေးကို ကြည့်ကာ ဝမ်ပေါင်လဲ့က ရယ်လိုက်ပြီး ခေါင်းကို အသာပုတ်ပေးလိုက်သည်။

“ရတယ် ”

“တကယ်လား” ဝမ်ပေါင်လဲ့၏ ထိတွေ့မှုက ဝမ်ပေါင်လင်းကို အကြည့်များ တောက်ပသွားစေသည်။

“တကယ်ပေါ့။ ဒါပေမဲ့ အမေနဲ့ အဖေကို စိုးရိမ်အောင် မလုပ်ရဘူး ”

ဝမ်ပေါင်လင်းက အောင်ပွဲခံလိုသော်လည်း ဝမ်ပေါင်လဲ့ကို မြင်လိုက်သည့်အခါ အငြိမ်လေး ထိုင်ကာ ခေါင်းအသာညိတ်လိုက်သည်။ ထို့နောက် သူမက ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော စားပွဲတွင် ဗလာကျင်းနေကြောင်း မြင်လိုက်ရ၍ အမြန်အဆန် ထရပ်ကာ ဝမ်ပေါင်လဲ့အတွက် ဝိညာဉ်ရေခဲရေကို ယူလာလေ၏။

ဝိညာဉ်ရေခဲရေကို မြင်လိုက်ရသည့်အခါ ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားက ပိုမို နွေးထွေးသွားသည်။ ခဏကြာတိတ်ဆိတ်နေပြီးသည့်နောက် သူက ကောက်မေးလိုက်၏။

“မင်းက သူ့ကို ကြိုက်တာလား ” ဝမ်ပေါင်လဲ့က ပြောရင်းဖြင့် ညာဘက်လက်ကို ဝှေ့ကာ ပုံရိပ်ယောင်တစ်ခု ဖော်ထုတ်လိုက်သည်။ ဤသည်မှာ သူ့ညီမလေး တိတ်တဆိတ် ခိုးကြည့်နေခဲ့သည့်သူ ဖြစ်၏။

ဝမ်ပေါင်လင်း၏ မျက်နှာက နီရဲလာသည်။ သူမက အနည်းငယ် ရှက်နေမိသော်လည်း ခေါင်းညိတ်လိုက်ဆဲ ဖြစ်သည်။

ဝမ်ပေါင်လဲ့က ထိုအကြောင်းကို တွေးလိုက်သည်။ အနေအထားကွဲပြားခြင်းက ကိစ္စများကို ကိုင်တွယ်ရာ၌ ကွဲပြားသွားနိုင်သည်။ အကယ်၍ အတိတ်လိုသာြဖစ်ပါက ဝမ်ပေါင်လဲ့က ထိုအရာကို ချက်ချင်း တားဆီးကာ သူ အသိအမှတ်ပြုထားသည့်လူကို ချက်ချင်း ရွေးပေးလိမ့်မည်။

သို့သော် ယခုတွင် သူ့အနေအထားအရ သူ့ညီမလေး၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထို့အပြင် လူငယ်များက ခန့်မှန်းကြည့်လို့ မရပေ။ ယခု ဖြစ်ပျက်နေသည့်အရာက နောင်အနာဂတ်တွင် ဖြစ်ပျက်လာလိမ့်မည်ဟု တသမတ်တည်း ပြော၍ မရပေ။ ထို့ကြောင့် သူ့အနေနှင့် တားဆီးမည် မဟုတ်သော်လည်း လိုအပ်သည့် ညှိနှိုင်းမှုတချို့တော့ လုပ်ထားရမည်။

နောက်အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်က ပျံ့နှံ့သွားသည်။ ထို့နောက် သူက ကောင်းကင်မြို့ထဲ အိမ်ပြန်ရောက်လာခါစ ဖြစ်သည့် လူငယ်လေးကို မြင်လိုက်ရသည်။ ဝမ်ပေါင်လဲ့က ထိုသူနှင့် ဆက်နွယ်နေသည့် ကောင်းကင်ယံရှိ ကံကြိုးမျှင်ကို ကြည့်လိုက်ပြီးသည့်နောက် လက်ဝှေ့လိုက်သည့်အခါ ထိုကြိုးမျှင် ပျက်စီးသွားသည်။

ထိုအရာ ပျက်စီးသွားသည့်အခါ ကံကြိုးမျှင် တခြားအဆုံးသတ်ဘက် နတ်မျက်လုံး လူမှုအဖွဲ့အစည်းရှိရာ ဂြိုဟ်ပေါ်တွင် တရားထိုင်နေသည့် လူလတ်အရွယ် ကျင့်ကြံသူတစ်ဦးက အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ သူက ထရပ်တော့မည့်ဆဲဆဲတွင် သူ့ခန္ဓာကိုယ်က လေလျော့သွားသည့် ပူဖောင်းတစ်လုံးကို ရှုံ့တွလာပြီး မြေပေါ် လဲကျသွားကာ ပြာအဖြစ် ပြောင်းလဲသွားသည်။

သူ တစ်ဦးတည်းသာ မကပေ။ တစ်ချိန်တည်းဆိုသလို နတ်မျက်လုံး လူမှုအဖွဲ့အစည်းရှိ ကွဲပြားသည့် ကျင့်ကြံဆင့်များ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူဒါဇင်ချီက အမှုန့် ဖြစ်သွားကြ၏။

ထာဝရဝိညာဉ်အဆင့် ရောက်နေသည့် နောက်ထပ် လူတစ်ယောက်လည်း ရှိနေသေးသည်။ သူက ရင်းနှီးနေသော်လည်း ဝမ်ပေါင်လဲ့က သူ့နာမည်ကို မမှတ်မိပေ။ သူ့မှတ်ဉာဏ်ထဲတွင် ထိုသူက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းခေါင်းဆောင်၏ တပည့် ဖြစ်၏။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ ရှင်းပြလိုသော်ငြား ဘာမှမပြောနိုင်ခင် အမှုန့် ဖြစ်သွားတော့သည်။

ထိုလူ သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် နေအဖွဲ့အစည်းအပြင်ဘက် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကို ပြည်ထောင်စုမှ လူများနှင့်အတူ ဧည့်ခံနေသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းခေါင်းဆောင်က တုန်ရီသွားသည်။ သူ့ဝိညာဉ်အရိပ်က ခေါင်းအထက် ထွက်ပေါ်လာ၏။ အရိပ်လက်တစ်ဖက်ကမူ တာအိုစည်းချက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရသည်။

ထိုလက်မောင်း အဖြတ်ခံလိုက်ရသည်နှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းခေါင်းဆောင်က သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က တုန်ရီသွားပြီး ဖြူဖျော့သွားလေ၏။ ထို့နောက် သူက နေအဖွဲ့အစည်းရှိ ကမ္ဘာမြေဘက် ဦးညွှတ်ချလိုက်သည်။

“ဒီလိုလုပ်ဖို့ မစီစဉ်ထားပေမဲ့လည်း မင်းကို လွတ်ပေးလိုက်မယ်။ ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်လက်တစ်ဖက်ကိုတော့ ဖြတ်ရမယ်။ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ မင်းရဲ့ ကျင့်ကြံဆင့် ၂၀ ရာခိုင်နှုန်းကို ဖြတ်တောက်ပစ်ရမယ် ” အသံက သူ့စိတ်ထဲ ဝင်ရောက်လာကာ သူ့ကို အကြောက်တရားဖြင့် တုန်ယင်သွားစေသည်။

ထိုနေရာရှိ လူအားလုံးက သူ့အခြေအနေကို သတိထားမိလိုက်ကာ တုန်လှုပ်စွာ လှမ်းကြည့်လာကြသည်။ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးပင် ကောင်းကင်ကို အတွေးနက်စွာ ကြည့်နေ၏။

“တာအိုရောင်းရင်းတို့ရှေ့မှာ ရယ်စရာ လုပ်မိသွားပြီ။ ကျုပ်တပည့်က အမှားကြီးတစ်ခု ကျူးလွန်လိုက်မိလို့ သူ့ဆရာအနေနဲ့ ကျုပ်လည်း အပြစ်ပေးခံရသင့်တယ်လေ။ အဲဒါကြောင့် ဒီလိုလုပ်လိုက်တာပါ ”

All Chapters