ကျောက်ယမုန့်နှင့် ကျိုးရှောင်ရ
Vol. 86 Ch. 1196
ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်ကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးကို ကြည့်လိုက်သည်။ သူက အဖြစ်အပျက်ကို အကြမ်းဖျင်း နားလည်သွား၏။ သူ့အနေနှင့် ဝမ်ပေါင်လဲ့တစ်ယောက်တည်းကသာ ထာဝရကြယ်အဆင့် တက်လှမ်းလုနီးပါး ဖြစ်နေသည့် လူတစ်ယောက်ကို အပြစ်ခံယူဖို့ ဖိအားပေးနိုင်လိမ့်မည်ဟု တွေးမိသွားသည်။ အပြစ်ပေးပုံကလည်း ထူးဆန်းလှပြီး တာအိုစည်းချက်များဖြင့် လွှမ်းမိုးလိုက်ခြင်း ဖြစ်၏။
ကြည့်ရတာ ငါ သူ့အပေါ် သုံးသပ်တာ မလုံလောက်သေးဘူးပဲ … အဲဒီဝမ်ပေါင်လဲ့က ငါ ထင်ထားတာထက် ပိုအားကောင်းနေတယ်။ သူ ထုတ်ပြဖူးတာထက် ပိုအားကောင်းတယ်
ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးက တွေးမိကာ အပြုံးတို့ နက်ရှိုင်းလာသည်။ သူက သူ့ဆုံးဖြတ်ချက်အပေါ် ပိုမို ယုံကြည်ချက်ရှိလာ၏။ တစ်ချိန်တည်းဆိုသလို ပြည်ထောင်စုမှ လူများကလည်း လင်းယုံဖြစ်စေ ဧရာမသစ်ပင်ကြီး သို့မဟုတ် ချင်လင်းကျစ်တို့ ဖြစ်စေ အားလုံးက ယခင်မှန်းဆချက်ကို အတည်ပြုလိုက်နိုင်၍ အံ့ဩတုန်လှုပ်သွားကြသည်။
ဝူမုန့်လင်၊ လီရှင်းဝမ်နှင့် ပြည်ထောင်စုမှ တခြားလူများက ဝမ်ပေါင်လဲ့ဆီ သွားရောက်ကာ မကြိုဆိုခဲ့ပေ။ ထို့အစား သူတို့က ခရမ်းရောင်ရွှေ လူအဖွဲ့အစည်းကို ဧည့်ခံဖို့ ကြာသပတေးဂြိုဟ်ဆီ သွားခဲ့ကြသည်။ ထိုစဉ် သူတို့က ဝမ်ပေါင်လဲ့ ပြန်ရောက်လာပြီဖြစ်ကြောင်း ပိုမို သေချာသွားခဲ့ကာ ရံဖန်ရံခါ ကမ္ဘာမြေသို့ လှမ်းလှမ်းကြည့်တတ်ကြသည်။
သူတို့က ဝမ်ပေါင်လဲ့သာ ပြန်ရောက်နေလျှင် ကောင်းကင်မြို့တွင် ရှိနေလိမ့်မည်မှန်း ကောင်းကောင်းသိနေ၏။
ဝမ်ပေါင်လဲ့က နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ ပြောစကားကိုလည်း ဂရုမစိုက်သလို ကမ္ဘာမြေဆီ လှမ်းလှမ်းကြည့်နေကြသည့် လူများကိုလည်း ဂရုမစိုက်ပေ။ ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်တို့က လူငယ်လေးအနားတွင် ဝေ့ဝဲနေသည်။ ယခုအခါ လူငယ်လေး၏ ကံကြိုးမျှင်များကို ဖြတ်တောက်လိုက်ပြီ ဖြစ်၍ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ရီသွားကာ ချွေးများ ထွက်လာသည်။ သူ့မျက်ဝန်း၌ အကြောက်တရား အပြည့် ဖြစ်နေ၏။
“ငါက မင်းနဲ့ ပေါင်လင်းတို့ ကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း သူမကို ထိခိုက်အောင် မလုပ်ရဘူး။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နာကျင်အောင် မလုပ်ရဘူး”
ထိုစဉ် ထိုလူငယ်လေး၏ စိတ်ထဲ ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသည့် အသံတစ်သံ ဝင်ရောက်လာသည်။ မရင်းနှီးဖူးဟု ဆိုရသည်မှာ စိတ်ထဲတွင် ပထမဆုံးအကြိမ် ကြားဖူး၍ ဖြစ်ပြီး ရင်းနှီးနေသည်မှာ သူက ဝမ်ပေါင်လဲ့၏ ပုံရိပ်နှင့် စကားသံတို့ကို ဘဝတစ်လျှောက်လုံး များစွာ မြင်ခဲ့ကြားခဲ့ရ၍ ဖြစ်သည်။
ပြည်ထောင်စုအတွင်း ဝမ်ပေါင်လဲ့က တန်ခိုးရှင်သဖွယ် ဖြစ်၏။
ထိုစကားကို ပို့ဆောင်လိုက်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သူ့တာအိုစည်းချက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ဤသည်က ကိစ္စအသေးအဖွဲ့သာ ဖြစ်၏။ သူ့ညီမလေးက သဘောကျနေသည့်အတွက် သူမကို ကြိုက်ခွင့်ပေးနိုင်သည်။ ထိုလူငယ်လေး၏ အတွေးအတွက်မူ အရေးမကြီးလှပေ။ သူ့အနေနှင့် ယခင်က တွက်ချက်ဖို ရွေးချယ်လိုက်သည့်အတွက် ယခု သူ့ညီမလေး ငြီးငွေ့သွားသည့်အခါမှ လွတ်မြောက်လိမ့်မည်။
သူ့ကို မငြီးငွေ့ခင်အထိ သူ့ဘဝကြီးက ဝမ်ပေါင်လင်း၏ အလိုဆန္ဒအပေါ် မူတည်နေလိမ့်မည်။
ဤသည်က နည်းနည်းလွန်ကဲနေနိုင်သော်လည်း နေရာအနေအထားက အတွေးအခေါ်ကို ဆုံးဖြတ်ပေး၏။ ဝမ်ပေါင်လဲ့က ထိုကိစ္စကို ဆက်အာရုံမထားတော့ပေ။ သူက ညီမလေးခေါင်းကို အသာပုတ်ကာ ညင်ညင်သာသာ ပြောလိုက်သည်။
“တံခါးသွားဖွင့်လိုက်ဦး … သူငယ်ချင်းဟောင်း ရောက်နေတယ်”
ဝမ်ပေါင်လင်း၏ စိတ်ထဲ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေ၍ မူးနောက်နောက်ပင် ဖြစ်နေသည်။ သူမက ထိုစကားကို ကြားလိုက်ရသည့်အခါ အလျှင်အမြန် ထရပ်လိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်၏။ သူမ တံခါးကို ဖွင့်လိုက်သည်နှင့် တံခါးအပြင်ဘက်တွင် ရင်းနှီးပြီးသား လူကို မြင်လိုက်ရသည်။
“အစ်မရှောင်ရ” ဝမ်ပေါင်လင်းက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
အိမ်ကို ရောက်လာသူကား ကျိုးရှောင်ရသာ ဖြစ်၏။
သူမ၏ ကျင့်ကြံဆင့်က ထာဝရဝိညာဉ်အဆင့် ရောက်နေပြီ ဖြစ်ရာ တစ်ကိုယ်လုံးတွင် ညင်သာသည့် အငွေ့အသက်များဖြင့် လွှမ်းခြုံထား၏။ သူမ၏ ဆံပင်ရှည်ရှည်တို့က ပခုံးအထက် ဖြာကျနေပြီး ဂါဝန်အရှည်ကို ဝတ်ဆင်ထားသည်။ သူမက လက်မြောက်ကာ ဝမ်ပေါင်လင်း၏ ခေါင်းလေးကို အသာပုတ်ရင်း ပြုံးပြလိုက်သည်။ သူမက ဧည့်ခန်းဘက် အကြည့်ရောက်လာသည့်အခါ ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ သူမကို လှမ်းကြည့်လိုက်သည်။
“ဘယ်တုန်းက ပြန်ရောက်တာလဲ” ကျိုးရှောင်ရက ညင်သာစွာ မေးလိုက်သည်။ သူမက ဝမ်ပေါင်လဲ့ဆီ လျှောက်လာကာ သဘာဝကျကျ ဘေးတွင် ဝင်ထိုင်လိုက်သည်။
ဝမ်ပေါင်လင်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ဝိညာဉ်ရေခဲရေ နောက်တစ်ဘူးကို အလျှင်အမြန် သွားယူလိုက်ပြီး ကျိုးရှောင်ရရှေ့ ထားပေးလိုက်သည်။ သူမက ဘေးတွင် ဝင်ထိုင်ကာ သူမအစ်ကိုကြီးနှင့် ကျိုးရှောင်ရတို့ကို ခေါင်းစခြေဆုံး ကြည့်ရင်း စိတ်ဝင်စားနေဟန်ပေါ်သည်။
ဤနှစ်များတစ်လျှောက်တွင် သူမက အစ်မရှောင်ရှသည် သူမအစ်ကိုကြီးကို သဘောကျနေကြောင်း သိထားခဲ့၏။ သူမက မကြာခဏ အိမ်ကို လာလည်လေ့ရှိပြီး အချိန်အများစုကို အိမ်၌သာ ရှိနေတတ်သည်။
“အခုလေးတင် ပြန်ရောက်တာလေ” ဝမ်ပေါင်လဲ့က ကျိုးရှောင်ရကို ကြည့်ကာ နွေးနွေးထွေးထွေး ပြုံးပြလာသည်။ သို့သော်လည်း သူတို့ အတူတူရှိနေချိန်ထက် ခွဲခွာနေရချိန် ပိုမိုများနေသည့်အတွက် အားနာစိတ် ခံစားမိသည်။
ကျိုးရှောင်ရကလည်း ထိုအရာကို ခံစားမိဟန်ပေါ်သည်။ သူမက ပြုံးကာ ခေါင်းယမ်းလိုက်ပြီး အသေးအဖွဲ့ကိစ္စလေးများအကြောင်းကို မိသားစုဝင်တစ်ယောက်လို စတင်ပြောပြလာသည်။ သူမက ဝမ်ပေါင်လင်းနှင့် စကားပြောရင် အစ်မကြီးတစ်ယောက် သို့မဟုတ် ယောက်မတစ်ယောက်လို ဖြစ်နေ၏။
ဝမ်ပေါင်လင်းက ကျိုးရှောင်ရကို သဘောကျပြီး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြမှန်း သိသာလှသည်။
ဝမ်ပေါင်လဲ့က ထိုမြင်ကွင်းကို မြင်သည့်အခါ စိတ်နှလုံးသားထဲ နွေးထွေးသွားလေ၏။ သူက ခေါင်းမော့ကာ တံခါးအပြင်ဘက် လှမ်းကြည့်လိုက်သည့်အချိန် သူ့ဘေးတွင် ထိုင်နေသည့် ဝမ်ပေါင်လင်းက ဘာမှမခံစားမိပေမဲ့ သူတို့ကြားရှိ သွေးဆက်နွယ်မှုတဆင့် တစ်စုံတစ်ခုကို မှန်းဆနိုင်လိုက်သည်။ သူမက ထရပ်ကာ တံခါးသွားဖွင့်လိုက်၏။
“အစ်မယမုန့်”
တံခါးဝတွင် မာနကြီးသည့် ပုံရိပ်လေး ရှိနေသည်။ သူမက အရပ်မြင့်ကာ ရုပ်တည်နေသော်လည်း အမျိုးသမီးတစ်ဦး၏ ညင်သာမှုနှင့် သူရဲကောင်းဆန်မှုတို့ ပိုင်ဆိုင်ထားသည်။ သူမက နေမင်းကြီးလိုဖြစ်ကာ မြင့်မြတ်မှုနှင့်အတူ တော်ဝင်ဆန်မှုတို့ကို ထုတ်လွှင့်နေ၏။ သူမက သူမရှေ့တွင်ရှိနေသည့် လူများစွာကို သိမ်ငယ်သွားအောင် လုပ်နိုင်သည်။
ဤသည်က ကျောက်ယမုန့် ဖြစ်၏။
ဝမ်ပေါင်လဲ့ အိမ်ပြန်ရောက်လာသည်ကို သတိထားမိပြီးသည့်နောက်တွင် သူမက ကမ္ဘာမြေတွင် မရှိသည့်အတွက် ကျိုးရှောင်ရထက် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။ သူမ ရောက်လာသည့်အခါ သူ့ဘေးတွင် ထိုင်နေသည့် ကျိုးရှောင်ရနှင့်အတူ ဝမ်ပေါင်လဲ့ကို မြင်လိုက်ရသည်။
“အစ်မယမုန့်” ကျိုးရှောင်ရက ထရပ်ကာ ညင်သာစွာ ပြောလိုက်၏။
ကျောက်ယမုန့်က ပြုံးလိုက်ပြီး ဝမ်ပေါင်လင်း ခေါင်းကို အသာပုတ်လိုက်သည်။ သူမက ကျိုးရှောင်ရကို ပြန်လည်နှုတ်ဆက်သည့်အနေနှင့် ပြုံးပြလိုက်သည်။ ထို့နောက် သူမက ဝမ်ပေါင်လဲ့ဘေးနား ရောက်လာကာ တခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
“ပေါင်လဲ့ … နင် ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်းကို သိမ်းပိုက်ခဲ့တာလား။ ဘယ်လိုဖြေရှင်းခဲ့တာလဲ။ နေအဖွဲ့အစည်းနဲ့ ဘယ်တော့ ပေါင်းစည်းမှာလဲ”
ကျောက်ယမုန့်က ကျိုးရှောင်ရ ပြောသည့်အရာနှင့် ကွဲပြားပေသည်။ သူမက ဝင်ထိုင်လိုက်သည်နှင့် ပြည်ထောင်စုအကြောင်း စပြောလာသည်။ ဝမ်ပေါင်လဲ့နှင့် ဆက်သွယ်ပြီးသည့်နောက် သူမက ဤနှစ်များအတွင်း ပြည်ထောင်စုကြီးအကြောင်း ရှာတွေ့သမျှ အရာအားလုံးကို ပြောပြလာသည်။
သူမက ဝမ်ပေါင်လဲ့အား နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အတွင်းလူများအကြောင်း ပြောပြခဲ့သည်။ ထို့နောက် ကျယ်ပြန့်တာအိုနန်းတော်ထဲ နိုးထလာကြသည့် ကျင့်ကြံသူများအကြောင်းကိုလည်း ပြောပြခဲ့သည်။ ‘
ဤသည်မှာ ကျိုးရှောင်ရ၏ ပုံစံနှင့် အပြည့်အဝ ကွဲပြားနေသည်။ ဝမ်ပေါင်လဲ့က သေချာဖြေရင်း သူ့မျက်ဝန်းအထက် နောင်တတရားတို့ ရှိနေသည်။ တစ်ဖက်တွင် ကျိုးရှောင်ရက အလွန်တိတ်ဆိတ်ကာ နားထောင်နေ၏။ သူမက စကားဝိုင်းကို ဝင်မပြောခဲ့သလို ဘာမှပင် မပြောခဲ့ဘဲ လက်ကိုမြောက်ကာ ဝမ်ပေါင်လဲ့၏ နားရွက်နောက်ကို အသာဖိကာ နှိပ်ပေးနေသည်။
ဤသို့ဖြင့် သူမကလည်း စကားဝိုင်းထဲ သဘာဝကျကျ ရောနှောသွားလေ၏။ ထိုအရာအားလုံးက သူတို့သုံးယောက်နှင့် မနီးမဝေးတွင် ထိုင်နေသည့် ဝမ်ပေါင်လင်းအတွက် တလေးတစား ဖြစ်သွားစေသည်။
သူမအကြည့်များက ပိုမို တောက်ပလာ၏။ သူမက အစ်ကိုကြီးကို စိတ်ထဲမှ နက်နက်နဲနဲ လေးစားသော်လည်း အစ်ကိုကြီးက ယောက်မနှစ်ယောက်နှင့် ပြဿနာကို မည်သို့ဖြေရှင်းမလဲ သိချင်နေမိသည်။
သို့သော်လည်း သူမ မသိလိုက်သည်ကား ကျိုးရှောင်ရနှင့် ကျောက်ယမုန့်တို့၏ နောက်တွင် နောက်ထပ် ပုံရိပ်တစ်ခု ရှိနေ၏။ ထိုသူက ဝမ်ပေါင်လဲ့ကလွဲပြီး တခြားသူ မမြင်နိုင်ပေ။ ထိုသူမှာ မမလေး ဝမ်ရီရီ ဖြစ်၏။
သူမက ကျိုးရှောင်ရကို ခေါင်းစခြေဆုံးကြည့်လိုက်ပြီး ကျောက်ယမုန့်ကိုလည်း အကဲခတ်ပြီးသည့်နောက် ဝမ်ပေါင်လဲ့အား လှောင်ပြုံးဖြင့် ကြည့်လာသည်။
“ပေါင်လဲ့ … မင်း ဒီနေ့လိုမျိုး ဖြစ်လာခဲ့တဲ့ ဘဝခရီးလမ်းတစ်လျှောက်လုံးမှာ ဒီမိန်းကလေးနှစ်ယောက်လုံးကို ငါကိုယ်တိုင် သေချာမြင်ခဲ့ရတာ။ ဟူး မင်း ဘယ်သူ့ကို ရွေးမှာလဲ။ ပြီးတော့ လီဝမ်အာလည်း ရှိသေးတယ်။ မင်း သူတို့အားလုံးကို ဘာလို့ လက်မခံရတာလဲ။ အရင်တုန်းကဆို ငါ့အဖေက … ” ဝမ်ရီရီက ဆက်မပြောရဲတော့ပေ။ သို့သော်လည်း သူမ၏ အကြည့်များက တက်ကြွမှုအပြည့် ဖြစ်နေ၏။
ဝမ်ပေါင်လဲ့က ခေါင်းကိုက်လာမိသည်။ ဤသည်က သူ ငရဲကိုးထပ်မှ ပြန်ရောက်လာပြီးကတည်းက ပထမဆုးအကြိမ်အနေနှင့် ဘာလုပ်ရမလဲ မသိတော့ခြင်း ဖြစ်၏။ သူ့မူလ တည်ငြိမ်နေသည့် စိတ်အခြေအနေက လှုပ်ခတ်လာသည်။
အထူးသဖြင့် သူ့ညီမလေး ဘေးတွင်ရှိနေချိန်တွင် ဖြစ်၏။ သူမကို သူက သင်ကြားဆုံးမထားခါစ ဖြစ်ရာ ယခု စိတ်ဝင်တစားဖြင့် ထိုင်ကြည့်နေလေသည်။
ဝမ်ပေါင်လဲ့က မနေနိုင်ဘဲ လှမ်းကြည့်လိုက်သည်။
ဝမ်ပေါင်လင်းက အကြည့်လွဲကာ မမြင်သလို ဟန်ဆောင်လိုက်သည်။ သို့သော်လည်း သူမက အစ်ကိုကြီး၏ အကြည့်သည် နည်းနည်းခက်ထန်နေကြောင်း မြင်လိုက်ရသည့်အခါ သူမက ထရပ်ကာ သမ်းဝေပြလိုက်သည်။
“ သွားအိပ်လိုက်ဦးမယ်နော်” ဤသို့ဖြင့် သူမက အခန်းထဲ မလိုလားစွာ ပြန်သွားရတော့သည်။
အချိန်က ဖြည်းညှင်းစွာ ကုန်ဆုံးသွားပြီး ညက စကားမဆိုဘဲ ရောက်ရှိလာသည်။
ဝမ်ရီရီပင် ပျင်းရိလာသည့်အချိန် ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူက စိတ်ထဲ တွေးစရာအများကြီး ရှိနေသည်။ သူက သူတို့နှစ်ယောက်၏ အတွေးများကို သိနေသော်လည်း သူ့အနေနှင့် သဘောမတူနိုင်သေးပေ။
သူက အနာဂတ်တွင် ဘာဖြစ်မလာမလဲ မသိရပေ။ ကျောက်ပြားကမ္ဘာတွင် သူ မည်သို့ဖြေရှင်းရမှန်း မသိသည့် ကိစ္စများစွာ ရှိလွန်းနေသည်။
သူက အားနည်းလွန်းနေ၏။
“အချိန်ဆီ ပုံအပ်ထားလိုက်ရမှာပဲ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူက ခေါင်းမော့လိုက်သည့်အခါ ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်၏။ သူက ဝူမုန့်လင်၊ လီရှင်းဝမ်နှင့် ကြာသပတေးဂြိုဟ်ပေါ်ရှိ တခြားသူများနှင့်အတူ ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကို မြင်လိုက်ရသည့်အခါ သူတို့က ကြယ်ပူးပေါင်းမှု၏ နောက်အဆင့်ကို ဆွေးနွေးနေကြသည်။
နောက်တစ်ခါကျရင် ပြည်ထောင်စု ပေါင်းစည်းမှုအတွင်း ငါ့ကျင့်ကြံဆင့်နဲ့ ဝိညာဉ်က အဆင့်မြင့်သွားပြီး ကြယ်နယ်မြေအဆင့် ရောက်သွားရင် ကောင်းမယ် …
ဝမ်ပေါင်လဲ့က ခေါင်းငုံ့ထားလိုက်သည်။ သူက ညာဘက်လက်ကို မြောက်လိုက်သည့်အခါ ယိုယွင်းနေသည့် သံလိုက်အိမ်မြောင်လေးက ပေါ်ထွက်လာ၏။
ဤသည်မှာ လောကအဆင့်မြင့် သံလိုက်အိမ်မြောင် ဖြစ်၏။