← Chapters

တကယ့်သဘာဝထွက်ကုန်! သူတို့အဆင့်အတန်းက သူများထက်တော့မညံ့!

Vol. 8 Ch. 106

တကယ့်သဘာဝထွက်ကုန်! သူတို့အဆင့်အတန်းက သူများထက်တော့မညံ့!

Vol. 8 Ch. 106

ထိုအချိန်တွင် ချင်လင်၏ငါးမျှားတံလှုပ်ရှားမှုမှာ အမှန်ပင်ပြင်းထန်နေသည်။

ငါးမျှားတံကိုတင်းတင်းဆုပ်ထားသော်လည်း သူ့လက်ထဲမှရုန်းထွက်ရန်ကြိုးစားနေသည့်အလား ခါရမ်းနေသည်။

ထို့နောက်ချက်ချင်း သူ့လက်မှလွတ်ထွက်တော့မတတ် ငါးမျှားတံမှအားပြင်းပြင်းတစ်ခုကိုခံစားလိုက်ရ၏။ ငါးမျှားတံကိုခပ်တင်းတင်းဆုပ်ကိုင်ရန် သူကရှေ့တစ်လှမ်းတိုးလိုက်သည်။

''ငါးကြီး! သူဌေးချင်... မြန်မြန် ငါးကိုလူး'' ချန်ရှန်းဖေက ငါးမျှားကြိုးကိုကြည့်ရင်း သတိလက်လွတ်အော်လိုက်သည်။

ငါးမျှားဝါသနာပါသူဖြစ်သည့်အလျောက် သူကိုယ်တိုင်ဖြစ်စေ အနားကလူဖြစ်စေ အကောင်ကြီးကြီးမိတိုင်း စိတ်မလှုပ်ရှားဘဲမနေနိုင်။

ချင်လင်က တံငါသည်တစ်ဦးဖြစ်ရသည့်အဓိပ္ပါယ်ကိုနားလည်သည်။ ငါးမမိမချင်း စိတ်အေးလက်အေးမနေနိုင်။ အတော်များများ သတိမထားမိသည့်အချိန်တွင် ငါးကြီးဖမ်းမိရတတ်၏။

လူငယ်တစ်ဦး ငါးကြီးဖမ်းမိတယ်ဆိုတဲ့သတင်း လိုင်းပေါ်မှာရှိဖူးတယ်မလား? ငါးကတက်မလာတဲ့အပြင် ငါးမျှားတံပါပါသွားတော့ ရေထဲကိုယ်တိုင်ဆင်းသွားတယ်ဆိုတာလေ။

ဒီကောင်ညတုန်းက သူ့မိန်းမနဲ့အားကုန်ထားလို့ဖြစ်မယ်ဟု ပြည်သူများကဝိုင်းစကြ၏။

ရေလှောင်တမံထဲက ဒီလိုသဘာဝငါးမျိုးက ကြမ်းတမ်းပြီးဉာဏ်နီဉာဏ်နက်များသည်။ ငါးအားပြတ်သွားသည်အထိ ကူးခတ်ဖို့လိုသည်။

ချင်လင်နှင့်ငါးမှာ သူမသာကိုယ်မသာအခြေအနေဖြစ်ပြီးနောက် ငါးကိုကမ်းပေါ်ဆွဲတင်နိုင်လိုက်၏။ ငါးကြင်းနက်ကြီး။ အဝေးမှကြည့်လျှင်ပင် အတော်ကြီးကြောင်းသိနိုင်သည်။

ချန်ရှန်းဖေက ပိုက်မြန်မြန်ယူပြီး ငါးကိုအုပ်လိုက်၏။

သူဌေးချင်ရဲ့စံအိမ်မှာ ငါးကြီးတွေအများကြီးစားခဲ့ဖူးပြီ။ ဤသည်မှာ သဘာဝအတိုင်းဒီလောက်ကြီးသောငါးဖမ်းမိသည်ကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်လေသည်။

ဘေးမှလုကျန်းရှန်မှာ ချန်ရှန်းဖေဘာတွေးနေလဲမသိတော့။ အဖွဲ့အစည်းကြီးတစ်ခုရဲ့ဥက္ကဌဖြစ်နေသားနဲ့ သူ့ဘောင်းဘီကိုမပြီး ရွှံ့ထဲတောင်ပြေးနေသေး။

......

ဒီလောက်ဖြစ်စရာလိုလို့လား?

ခဏအတွင်း ကံဆိုးရှာသောငါးကြင်းနက်မှာ ချန်ရှန်းဖေလက်ထဲရောက်သွားလေ၏။ ကတ်တီ ၂၀ ကျော်သည်။ ချန်ရှန်းဖေက ငါးမြီးကိုဆွဲ၍ ခါးထိရောက်အောင်လက်မြှောက်လိုက်သည်။ ငါးခေါင်းကမြေပြင်ကိုထိလုနီးနီးဖြစ်နေပြီး ပုံးနှင့်တောင်မဆံ့ချေ။

သူကအရင်ဆုံး ငါးကိုမြေပေါ်ပစ်ချလိုက်ကာ သူ့အတွေးထဲသူနစ်မျောသွားသည်။

အားလုံးအတူတူငါးမျှားနေပေမဲ့ သူဌေးချင်ကပဲ ငါးဆက်တိုက်မိပြီး ဒီလိုငါးကြီးတောင်ရသေး။ သူ့မှာတော့ ငါးအရိပ်အယောင်လေးတောင်မတွေ့ရချေ။

ခပ်လှမ်းလှမ်းမှ_

နောက်ယောင်ခံလိုက်လာသောလျိုဟွာလည်း မြင်သွားသည်။ သူ့မျက်လုံးများပြူးကျယ်သွား၏။ သူ့အထင်မှန်နေပြီ။ ဒီအတောအတွင်း ဒီလောက်ကြီးတဲ့ငါးမျိုး သူဖမ်းမမိခဲ့ဖူး။

''သူဌေးချင်... ခင်ဗျားရဲ့ငါးစာက နည်းနည်းထူးခြားတယ်မလား?'' ချန်ရှန်းဖေက အကောင်ကြီးကိုကြည့်ရင်း သိချင်စိတ်နှင့်မေးလိုက်သည်။



သူတွေးကြည့်တော့ ဒါပဲရှိသည်။ ဘာပဲဖြစ်ဖြစ် ငါးမျှားတံအကျိုးက လုပ်ဆောင်ချက်ရယ် ဝိတ်ခံနိုင်အားရယ် တခြားအချက်တွေရယ်။

သူဌေးချင်ရဲ့ငါးမျှားတံက တောင့်တောင့်တင်းတင်းရှိတာသိသာသည်။ လူသစ်တစ်ယောက်ရဲ့ရိုးရိုးရှင်းရှင်းငါးမျှားတံက သူ့လက်ထဲက ယွမ်တစ်သိန်းကျော်တန်ငါးမျှားတံထက် အပုံကြီးညံ့မည်။

ဒါဆိုရင် ငါးစာပဲဖြစ်ရမည်။

''စမ်းကြည့်'' ချင်လင်ကပြုံး၍ အဆင့် ၂ ငါးစာကို ချန်ရှန်းဖေလက်ထဲထည့်ပေးလိုက်၏။

ငါးစာကို အဆင့် ၂ ငါးမျှားတံနှင့်သုံးရမည်။ ချန်ရှန်းဖေက သူ့ချည်းသက်သက်သုံးလျှင် အသုံးတည့်မည်မဟုတ်ပေ။

ချင်လင်ကငါးစာတပ်ပြီး ရေထဲငါးမျှားချိတ်ချရန်နေရာထပ်ရှာလိုက်သည်။

ချန်ရှန်းဖေက ငါးစာကြောင့်ထင်မှတ်၍ မျှော်လင့်တကြီးစောင့်စားနေ၏။

သို့သော်ခဏအကြာ ချင်လင်လက်ထဲမှငါးမျှားတံထပ်လှုပ်လာသည်ကိုတွေ့လိုက်ရသည်။ ၂ ကတ်တီရှိသော ကကတစ်ငါးထပ်မိပြန်၏။

“…” ချန်ရှန်းဖေ။

ထို့နောက်သူက ချင်လင်ငါးဖြုတ်ပုံ၊ ငါးစာတပ်ပုံ၊ ချိတ်ပြန်ပစ်ချပုံကိုကြည့်နေလိုက်သည်။ သူကဒီအတိုင်းပဲလုပ်ပြီး ငါးတစ်ကောင်ပြီးတစ်ကောင်မိနေလေသည်။

ငါးစာကြောင့်လည်းဟုတ်ပုံမရဘူးလား?

ချန်ရှန်းဖေက ရုတ်တရက်ကြီးရှုံးနိမ့်သလိုခံစားလိုက်ရသည်။

စိတ်ဓာတ်ကျစရာကောင်းလိုက်တာ။ ငါးစာနဲ့လည်းဘာမှမဆိုင်ဘူး။ ဒါဆိုရင် ငါးမျှားတဲ့နည်းပဲ။

အရင်က အင်တာနက်ငါးမွေးမြူရေးတွင် ငါးမျှားပညာရှင်တန့်ကန်း၏ဗီဒီယိုကိုမြင်ဖူးသည်။ မယုံနိုင်အောင်ပင်။ ဒီလူလက်ထဲက ငါးမျှားတံနဲ့ငါးစာကလည်း အတူတူ။ ဒါပေမဲ့ ဘာလို့ငါးက သူ့ငါးမျှားတံကိုပဲ ခုန်တိုးနေရတာလဲ?

အခုသူဌေးချင်ရဲ့ကျွမ်းကျင်မှုကိုကြည့်ရင်း တန့်ကန်းထက်တောင် အထင်ကြီးသွားမိသည်။

ငါးမျှားတဲ့အသိုက်အဝန်းထဲမှာ ဒီလိုလူတွေများများရှိပုံမပေါ်။

ထိုသို့တွေးကြည့်ပြီး ချန်ရှန်းဖေက ချီတုံချတုံဖြစ်မနေတော့။ နှိုင်းယှဉ်စရာအကြောင်းမရှိပေ။

ဒါကြောင့် သူဌေးချင်ရဲ့စံအိမ်မှာ ငါးအများကြီးရှိနေတာကိုး။ တန့်ကန်းငါးမျှားတိုင်း ငါးတွေသဲ့ယူသွားသည်ဟု ပြောတတ်ကြသည်။ တစ်ခါတရံ ရေလှောင်တမံဟောင်းတွေရှာပြီး ငါးကြီးတွေမျှားတတ်သည်တဲ့။

ချင်လင်က နောက်ထပ်ငါးများဆက်တိုက်မိပြီး သူနှင့်ချန်ရှန်းဖေယူလာသောပုံးထဲသို့ ငါးများဖြည့်လိုက်၏။ ထိုအချိန်တွင် ချန်ရှန်းဖေ၏ငါးမျှားတံမှာ ၃ ကတ်တီရှိငါးကြင်းနက်မိလိုက်သည်။

''လူကြီးမင်းချန်... ပြန်ရအောင်!'' ချင်လင်က ပျော်ပျော်ရွှင်ရွှင်နှင့်ပြောလိုက်၏။ ဤသည်ကငါးရသည့်ပျော်ရွှင်မှုပင်။ အရေးကြီးတာက ရေပုံးပြည့်သွားလျှင် ငါးထည့်စရာမရှိတော့။ သူ့ငါးကန်မှာဆိုလျှင် ငါးပစ်ထည့်လိုက်ရုံသာ။ ဘာပဲဖြစ်ဖြစ် ခရီးသည်တွေကပြန်မိပြီး စားကြမှာလေ။

သို့သော် ရေလှောင်တမံထဲပြန်ထည့်လိုက်လျှင် ငါးမြန်မြန်သေသွားလိမ့်မည်။ ရေထဲတွင်ဘက်တီးရီးယားပိုးများရှိပြီး ဒဏ်ရာရထားတဲ့ငါးပါးစပ်က ရောင်ရမ်းလွယ်သည်။

သဘာဝငါးမျှားခြင်းမှာ ငါးကိုရေထဲပန်ထည့်ဖို့မဟုတ်။

''ပြန်ကြမယ်!'' ချန်ရှန်းဖေက ပုံးထဲကငါးများကိုကြည့်ရင်း သူဌေးချင်နားမှာ ထပ်ပြီးငါးမမျှားဖို့ဆုံးဖြတ်လိုက်သည်။ ပျင်းစရာကောင်းလိုက်သည့်ဖြစ်ခြင်း။

သူတို့နှစ်ဦးပြန်ကြမည်ဆိုတော့ လုကျန်းရှန်ကအပျော်ဆုံးဖြစ်လေသည်။

ဆောင်းတွင်းကြီး ရေကန်ဘေးငါးမျှားချင်သေးတဲ့သူတို့စိတ်ကို သူတကယ်နားလည်နိုင်။



ဒါညင်းဆဲတာ မဟုတ်ဘူးလား?

သူတို့သုံးယောက်ထွက်သွားသည်နှင့် ထိုနေရာမှ ပုံရိပ်တစ်ခုပေါ်လာသည်။ လျိုဟွာပင်။

''မနက်ဖြန် ဒီနေရာလာမယ်'' လျိုဟွာက သူ့ဘာသာရေရွတ်လိုက်၏။

...

ချင်လင်က ချန်ရှန်းဖေနှင့်လုကျန်းရှန်ကို စံအိမ်ခန်းမထဲ အရင်ပြန်ခေါ်သွားလိုက်သည်။ ချန်ရှန်းဖေကပြုံး၍_ ''သူဌေးချင်... ဒီကောင်ကြီးကို ဒီနေ့ရှင်းလိုက်ကြမလား?''

''ကောင်းပါပြီ... ဒီနေ့နေ့လယ်စာဧည့်ခံတာပေါ့'' ချင်လင်လည်း သူအပြင်မှမိလာခဲ့သောငါးကြီးအရသာကိုမြည်းကြည့်ချင်သည်နှင့် ဘေးနားလှည့်နေသောအစောင့်ကို လက်ယပ်ခေါ်လိုက်၏။

လုံခြုံရေးအစောင့်က ရိုရိုသေသေရှေ့တိုးလာပြီး မေးလိုက်သည်_ ''သူဌေး... ဘာလုပ်ပေးရမလဲ?''

''ဆရာလင်းကို ဒီငါးကြီးနဲ့တခြားဟင်းပွဲတွေပြင်ခိုင်းလိုက်ပါ... ငါလူကြီးမင်းချန်ကိုဧည့်ခံမလို့... တခြားငါးတွေကိုတော့ ဝန်ထမ်းတွေအတွက်ချက်ပေးပါလို့ ဆရာလင်းကိုပြောလိုက်နော်''ချင်လင်က လုံခြုံရေးအစောင့်ကိုညွှန်ကြားပြီး ချန်ရှန်းဖေနှင့်လုကျန်းရှန်ကို ဘေးနားရှိစားပွဲဆီခေါ်သွားလိုက်၏။

လုံခြုံရေးအစောင့်ကချက်ချင်း ငါးများကို စားဖိုဆောင်ထဲသယ်သွားလိုက်သည်။

''သူဌေးချင်... ခင်ဗျားမှာ အလှမွေးငါးရှိတာလား?'' ချန်ရှန်းဖေက သူနံဘေးရှိငါးမွေးကန်ကိုမြင်ပြီး တစ်ချက်ကြည့်ရန်လျှောက်သွားလိုက်၏။

လုကျန်းရှန်က_ ''စီစလစ် မြီးနီငါးခူ ဖလားဝါးဟွန်း... ဒီကောင်တွေက အရည်အသွေးပေါ်မူတည်ပြီး တန်ဖိုးရှိတယ်... စျေးအကြီးဆုံးက ဒီဖလားဝါးဟွန်းငါးပဲ... ယွမ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ရှိတယ်... ဒါပေမဲ့ သာမန်အလှမွေးငါးလို့ ယူဆလို့ရသေးတယ်... ငါအရင်ကမင်မြို့တော် ငါးပြတိုက်မှာ သဘာဝကျားဖြူငါးမြင်ဖူးတယ်...အထက်တန်းစားပဲ... ဖြစ်ချင်တော့ အဲဒီသူဌေးကမရောင်းဘူး''

''ဒါကိုနားမလည်ရင်... ဥက္ကဌလု ဘာလို့ဒါအတွက်ပိုက်ဆံဖြုန်းနေတာလဲ?'' ချန်ရှန်းဖေက ခေါင်းခါလိုက်သည်။ သူကငါးမျှားရတာကြိုက်သော်လည်း အလှမွေးငါးကိုတကယ်စိတ်မဝင်စားပေ။

''...'' လုကျန်းရှန်က စကားရှာမရဖြစ်သွား၏။ သူကချန်ရှန်းဖေကိုတကယ်မေးလိုက်ချင်သည်.. ဒီငါးမျှားတံတွေအတွက်ရော ဘာလို့ပိုက်ဆံဖြုန်းတာလဲလို့? သို့သော်လည်း သူကဂရုမစိုက်။ သူ့မှာပိုက်ဆံရှိသည်။ ဒါပေမဲ့ ချန်ရှန်းဖေကိုတော့မမီ။ သူ့ကုမ္ပဏီကိုတောင် အားထားနေရသေး၏။

ချင်လင်က သဘာဝကျားဖြူငါးအကြောင်းကြားလျှင်မှင်တက်သွား၏။ အရင်က သူတစ်ကောင်ရောင်းခဲ့ဖူးသည်လေ။

သူတို့သုံးယောက်စားပွဲတစ်ခုတွင်ထိုင်လိုက်သည်နှင့် ချန်ရှန်းဖေကမေးလာသည်_ ''သူဌေးချင်... လောင်မာဆီကကြားတာတော့ မင်းဆီမှာ ဆေးဖက်ဝင်ဝိုင်ရှိတယ်ဆို... တစ်ပုလင်းလောက်ရောင်းပေးနိုင်မလား?''

ချင်လင်ကပြုံး၍_ ''အဲဒီဝိုင်ကနည်းသေးတယ်ဆိုပေမဲ့ လူကြီးမင်းချန်ကအမေးရှိလာတော့ တစ်ပုလင်းရောင်းပေးရမှာပေါ့... ဒါပေမဲ့ စျေးကတန်လားမတန်လား အရင်ရှင်းအောင်လုပ်ပါရစေဦး''

ချန်ရှန်းဖေကချက်ချင်းပြုံး၍_ ''စိတ်မပူပါနဲ့ ကျုပ်သိပါတယ်... လောင်မာဆီကစျေးကြားပြီးပြီ... တစ်ကတ်တီမှ ယွမ် ၅၀၀၀ တည်း... အဓိကက တစ်ခုခုတော့ရှိမှာပဲ''

တစ်ကတ်တီ ယွမ် ၅၀၀၀။ ဒါက ၃ နှစ်သက်တမ်းရှိတဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်ရဲ့စျေးနှုန်း။

အစကချင်လင်မှာ တစ်ကတ်တီ ယွမ် ၁၀၀၀ နှင့်စီစဉ်ထားသော်လည်း လီရှင်းအပြောအရ မင်မြို့တော်တရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခု၏လက်ဆင့်ကမ်းဆေးဖက်ဝင်ဝိုင်မှာ နှစ်ဝက်မှ ၂ နှစ်သက်တမ်းရှိလျှင် ကြမ်းခင်း ယွမ် ၃၀၀၀ မှ ၅၀၀၀ ကျော်ရှိကြောင်းသိလိုက်ရ၏။

သူ့ဝိုင်အာနိသင်က သူတို့ရဲ့အာနိသင်ထက်တော့မညံ့။ သူ့တန်ဖိုးကိုနှိမ့်ချစရာအကြောင်းမရှိပေ။

ထိုအချိန်တုန်းက လီရှင်း၏ဆန္ဒထဲတွင်မြင်နိုင်ပေသည်။

ထို့အပြင် သူကဒီဝိုင်ကိုကျယ်ကျယ်ပြန့်ပြန့်ရောင်းဖို့စိတ်ကူးမရှိ။ လီရှင်းပြောသောဆိုင်နှစ်ဆိုင်လိုပဲ အရောင်းကန့်သတ်ထားချင်သည်။ သူ့ပစ္စည်းတွေကို ထိုဆိုင်များထက်မနိမ့်စေချင်။

''လူကြီးမင်းလု... ခင်ဗျားရော တစ်ပုလင်းယူသွားဦးမလား?'' ချင်လင်ကအရင် လုကျန်းရှန်ကိုမေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကချန်ရှန်းဖေနဲ့လာတာလေ။

ချန်ရှန်းဖေက စံအိမ်ရဲ့ပထမဆုံးဧည့်သည်။ မာလဲ့ဝမ်နဲ့လီရှင်းကလည်း ချန်ရှန်းဖေကြောင့်။ နောက်ပြီး သူတို့က ချန်ရှန်းဖေနှင့်အလွန်းသင့်ကြသဖြင့် သူ့ကိုမျက်နှာသာပေးရပေမည်။

''ထားလိုက်ပါတော့... ကျုပ်က ဆေးဖက်ဝင်ဝိုင်သောက်လေ့မရှိဘူး'' လုကျန်းရှန်ကခေါင်းခါလိုက်သည်။ စျေးကွက်ထဲက ဘယ်ဆေးဖက်ဝင်ဝိုင်မှ အသုံးမတည့်ဘူး။ အားလုံးကလေကြီးပြီး ဝယ်ဖို့ဂျင်းထည့်နေကြတာ။

အထူးသဖြင့် လိုင်းတစ်ခုက ဆေးဖက်ဝင်ဝိုင်ဘာတွေဖြစ်နေလဲရှာဖွေတွေ့ရှိပြီးနောက် ဆေးဖက်ဝင်ဝိုင်မဝယ်တာကြာခဲ့ပြီဖြစ်သည်။

ဝိုင်တစ်ကတ်တီကို ယွမ် ၅၀၀၀ တဲ့။ အဲဒီအစား 'မောင်ထိုက်'အရက်ပဲဝယ်ခိုင်းလိုက်တော့မယ်။

သို့သော် ထိုအခြေအနေတွင် ဆင်ခြေပေးရုံမှတပါးမတတ်နိုင်။ မဟုတ်လျှင် ချန်ရှန်းဖေမျက်နှာပျက်စရာဖြစ်သွားပေလိမ့်မည်။

All Chapters