စားချင်စဖွယ်ခရု!
Vol. 8 Ch. 111
နောက်တစ်နေ့မနက်တွင် ချင်လင်မှာ အံ့သြဝမ်းသာသောမျက်နှာထားနှင့် အိပ်ရာမှထလာသည်။
စွမ်းအားပင်အသီးက သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုတိုးစေသည်။
ကျောက်မိုချင်းနိုးလာသည်ကိုတွေ့လျှင် သူကမှီပြီးမေးလိုက်၏_ ''မိုချင်း... မနေ့ညက ကိုယ်ဘယ်လိုလဲ?''
''ချင်လင်... မနက်အစောကြီးပဲရှိသေးတယ်!'' ကျောက်မိုချင်းက နှာခေါင်းနည်းနည်းရှုံ့လိုက်သည်။ ရှက်သွေးဖြာနေသောမျက်နှာထားနှင့် သူမလက်က ချင်လင်၏ခါးဆီရောက်သွား၏။
ကျောက်မိုချင်းကအားသိပ်မသုံးသဖြင့် ချင်လင်ကနာကျင်မှုကိုမခံစားရ။ စနောက်သည့်သဘောမျှသာဖြစ်သည်။
''ဟမ်!'' ကျောက်မိုချင်းက နှာခေါင်းထပ်ရှုံ့ကာ သန့်စင်ခန်းထဲပြေးဝင်သွားလိုက်၏။
ချင်လင်လည်းပြုံးပြီး သူမနောက်လိုက်ဝင်သွားလေသည်။
…
ချင်လင်သူ့အခန်းထဲမှထွက်လာလျှင် အနံ့မွှေးမွှေးရလိုက်သည်။ သူ့အမေက မီးဖိုချောင်ထဲတွင် အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့် ဆန်ပြုတ်ကျိုနေခြင်းပင်။
ထိုဆန်တွင် အာဟာရတန်ဖိုးမြင့်မားစွာပါဝင်ပြီး အိုမင်းခြင်းကိုဆန့်ကျင်သော ဗီတာမင် VPP အရည်အသွေးလည်းရှိသည်။ ထိုဆန်ကိုကြာရှည်စွာစားခြင်းကြောင့် လင်းဖန်မှာ ဆံပင်ဖြူများပျောက်ကုန်သည်သာမက ကျောက်မိုချင်းလည်း ဝင်းပလာသလိုရှိ၏။
ထိုအမွှေးနံ့ကြောင့် ဝမ်ချိုင်မှာ မီးဖိုချောင်ထဲပြေးဝင်လာသည်။ ကြည့်ရတာ လောလောဆယ်ဒီခွေးကအကြိုက်ဆုံးဖြစ်နေပုံရ၏။ ကမ္ဘာမှာအချမ်းသာဆုံးခွေးပင်။
လူချမ်းသာ ၉၀% မစားနိုင်သောဆန်ကိုစားနေရသည်။
''ဆန်ပြုတ်ရပြီ'' လင်းဖန်က ထွက်လာသောလင်မယားနှစ်ယောက်ကိုအပြုံးလေးနှင့်ပြောလိုက်၏။
......
ဆန်ပြုတ်သောက်ပြီးနောက် ချင်လင်ကဂိုဒေါင်သွားပြီး ဂိမ်းထဲမှယနေ့ပို့ရမည်သီးနှံများကို စံအိမ်သို့ပို့လိုက်သည်။
ထို့အပြင် ယနေ့ဂိမ်းထဲမှ အရည်အသွေး ၂ အစေ့လွတ်ဖရဲတချို့ထုတ်ယူခဲ့၏။ အချိန်အခါအရ ထိုမျိုးစေ့များကို အစိမ်းရောင်မှန်လုံအိမ်ထဲစိုက်ချိန်ကျပြီဖြစ်သည်။
ဤနည်းဖြင့် အစေ့လွတ်ဖရဲမျိုးနှင့်သာမန်ဖရဲမျိုးပန်းပွင့်ချိန်ယှဉ်ပြီး ဝတ်မှုန်ကူးနိုင်ပေမည်။
ထိုအစေ့လွတ်ဖရဲမျိုးကိုစိုက်ပျိုးရာတွင် ဤသည်ကအဓိကကျသောအချက်ဖြစ်သည်။
ချင်လင်စံအိမ်ရောက်သောအခါ လင်ဖုန်း၊ ဝမ်ဝေနှင့် တခြားတင်သွင်းသူများကို တွေ့လိုက်ရ၏။
ပုံမှန်ဆိုလျှင် ထိုတင်သွင်းသူများ၏ထုတ်ကုန်များကို ဝန်ထမ်းများနှင့်သာပို့လေ့ရှိ၏။ ယနေ့မူငွေရှင်းရက်ဖြစ်သဖြင့် သူတို့ကိုယ်တိုင်လာကြသည်။
ရှင်းနေစဉ်အတွင်း နှစ်ဦးနှစ်ဖက်စလုံးက တွက်ချက်ထားသောကျသင့်ငွေကို ထုတ်ပြရ၏။ ကျသင့်ငွေရှင်းပြီးမှ နှစ်ဖက်စလုံးလက်မှတ်ထိုးရသည်။ စံအိမ်တွင် လင်ဖုန်းတို့အုပ်စုကိုပေးရန် သီးသန့်စာရင်းရှင်းအကောင့်ရှိ၏။
မနေ့ညကရှင်းရမည့်စာရင်းကို ကျောက်မိုချင်းတွက်ချက်ထားသဖြင့် သူကငွေလွှဲထားပြီးဖြစ်သည်။
လင်ဖုန်း၊ ဝမ်ဝေနှင့်တင်သွင်းသူများက ချင်လင်ရောက်လာသည်ကိုမြင်လျှင် ပြုံး၍နှုတ်ဆက်လိုက်ကြ၏။

''ဥက္ကဌချင်... စီးပွားတက်နေပြီ!''
''ဥက္ကဌချင်... ခင်ဗျားရဲ့စံအိမ်က ပိုပိုနာမည်ကျော်လာတယ်''
''ဥက္ကဌချင်... မင်းရဲ့စံအိမ်ကတိုးချဲ့လာတော့မှာ... အဲဒီအချိန်ကျရင် စီးပွားကထောင်တက်ဦးမှာပဲ''
“…”
ထိုလူများက အနည်းနှင့်အများချီးမွှမ်းလိုက်ကြ၏။
ယခုချင်းလင်စံအိမ်မှာ သူတို့အတွက်ဝယ်လက်ကြီးကြီးဖြစ်နေပြီ။ မဖြစ်မနေ မျက်နှာချိုသွေးကြရ၏။ လုပ်ငန်းတူထဲမှ သူတို့ကိုစောင့်ကြည့်နေသူများလည်း များစွာရှိလေသည်။
စံအိမ်ကိုတစ်နေ့တစ်လံချဲ့ထွင်နေပြီး ချဲ့ထွင်သည့်အတိုင်းအတာပြီးစီးသွားလျှင် ဝယ်လိုအားပိုတက်လာမည်။ လုပ်ငန်းတူများက ယှဉ်ပြိုင်ကြမည်မှာလည်း အသေအချာ။
''ဥက္ကဌလင် ဥက္ကဌဝမ် အားလုံးပဲ... အရင်ဆုံးထိုင်ကြပါဦး... မကြာခင် မိုချင်းစံအိမ်ကိုလာပြီး အားလုံးနဲ့စာရင်းရှင်းပါလိမ့်မယ်'' ချင်လင်ကပြုံး၍ အားလုံးကိုနှုတ်ဆက်လိုက်သည်။ သူတို့နှင့်ခဏတဖြုတ်စကားပြောပြီးနောက် ကျောက်မိုချင်းရောက်လာ၏။ ကျောက်မိုချင်းနှင့်စာရင်းရှင်းပြီးကြသောအခါ သူလည်းချန်တပေကိုရှာပြီး အနောက်ဘက်ခြံဝင်းထဲဝင်လိုက်သည်။
ယခုသုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ကို အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ပြီဖြစ်၍ ရှန်းရွှေလက်ဆောင်ဆန်နှင့် အရည်အသွေး ၂ ဖရဲမျိုးစေ့များကို သူကမျှော်တလင့်လင့်ဖြစ်နေသည်။
ဖြစ်ချင်တော့ သူတို့လယ်ကွက်ထဲမရောက်ခင် မည်သည့်မျိုးစေ့အပင်ပေါက်မှ အရိပ်အယောင်လည်းမတွေ့ရ။ ထပ်ပြီးကျရှုံးပြန်ပြီလားမသိ။
အလိုက်သင့်မျိုးဖြစ်ထွန်းနိုင်စွမ်းက သုညလားဟုပင် သံသယဝင်မိလာသည်။
ဘေးကိုကြည့်လိုက်ရာ အရည်အသွေး ၂ ဖရဲမျိုးစေ့များမှာ ကြက်ဥအရွယ်ဖရဲသီးစိမ်းစိမ်းများဖြစ်နေလေပြီ။
ချန်တပေက အမိုးအောက်လျှောက်လာပြီး ပေါက်ပြားလေးတစ်လက်နှင့် အလုပ်စတော့သည်။
သူ့သူဌေးစိုက်ထားတဲ့ဖရဲပင်က နှယ်နှယ်ရရမဟုတ်မှန်း သူသိသွား၏။ ဆောင်းတွင်းကြီး အစိမ်းရောင်မှန်လုံအိမ်ထဲ အလုပ်ဖြစ်သွားသည်။
ချင်လင်လည်း အစိမ်းရောင်မှန်လုံအိမ်ထဲလျှောက်လာပြီး ဂိမ်းထဲမှထုတ်ခဲ့သော အရည်အသွေး ၂ ဖရဲမျိုးစေ့ကိုထုတ်လိုက်၏။ ချန်တပေတူးထားသောနေရာတွင် မျိုးစေ့ကိုချလိုက်သည်။
ထို့နောက် ချန်တပေအား အပင်ရေလောင်းခိုင်းလိုက်၏။
…
လျင်လျင်မြန်မြန်တစ်ရက်ကုန်လွန်သွားသည်။
ညနေပိုင်းတွင် သီးနှံနောက်တစ်သုတ်မှည့်လာ၏။ ထို့အပြင် ဒီတစ်ကြိမ်တွင် အဆင့် ၂ ခရုများလည်းပါလာသည်။
ချင်လင်က သီးနှံများနှင့်ခရုများသိမ်းစေပြီးနောက် ချက်ချင်းလူပြတ်သောနေရာရှာ၍ ဂိမ်းထဲဝင်လိုက်၏။
အကြောင်းမှာ ခရုကိုအငမ်းမရဖြစ်နေခြင်းကြောင့်ပင်။
ဂိမ်းထဲဝင်ပြီးနောက် ချင်လင်က သိုလှောင်ခန်းထဲတန်းဝင်လိုက်ရာ ရေကန်ထဲတွင်လှောင်ထားသောခရုများကိုတွေ့လိုက်ရသည်။
(ခရု: အရည်အသွေး ၁ - ၁၅ ကတ်တီ)
(တောင်ပိုင်းသားများအလွန်ကြိုက်သော အရသာရှိစားသောက်ဖွယ်ဖြစ်သည်။ အာဟာရကြွယ်ဝသည်။ ပရိုတင်း +၁၊ အသား +၁၊ အရသာ +၁၊ ခွန်အားဖြစ်စေခြင်း +၁!)
(ခရု: အရည်အသွေး ၂ - ၂ ကတ်တီ)
(တောင်ပိုင်းသားများအလွန်ကြိုက်သော အရသာရှိစားသောက်ဖွယ်ဖြစ်သည်။ အာဟာရကြွယ်ဝသည်။ ပရိုတင်း +၂၊ အသား +၂၊ စားကောင်းသောက်ဖွယ်ဖြစ်ခြင်း +၂၊ ခွန်အားဖြစ်စေခြင်း +၂!)

ခရုများမှာ သေးသေးမဟုတ်။ အရည်အသွေး ၁ က ၃ စင်တီမီတာရှိပြီး အရည်အသွေး ၂ က ၅ စင်တီမီတာရှိသည်။ ဤရာသီတွင် ဒီလိုခရုကြီးများအလွန်ရှားပြီး တစ်ကတ်ကို ၂၀ လောက်သာပါ၏။
သူငယ်ငယ်က သူ့အဖေလယ်စိုက်လျှင်လိုက်သွားသည်။ လယ်ကွက်ထဲခရုမိတိုင်း အကောင်ကြီးတစ်ကောင်နှစ်ကောင်ရတတ်စမြဲဖြစ်၏။ အကြီးဆုံးကိုစားရတာ အကြိုက်ဆုံးပင်။
ဒီတစ်ခါသိမ်းလိုက်သော ခရုတစ်သုတ်ကအများကြီးမဟုတ်။ အရည်အသွေး ၁ နှင့် ၂ ပေါင်းမှ ၁၇ ကတ်တီသာရှိသည်။ သို့သော် ရေနှင့်ထိန်းသိမ်းရသောအကောင်ဖြစ်၍ စံအိမ်သို့ယူပြီးရောင်းရန်အစီအစဉ်မရှိ။ ခရုအရေအတွက်ကို တစ်တပ်တအားလုပ်မည်မဟုတ်ပေ။
ခရုကိုမစားခင် ရေတချို့နှင့် တစ်ခါတရံရွှံ့ထုတ်ရန်လို၏။
ထို့ကြောင့် ချင်လင်က ဂိမ်းထဲမှထွက်လိုက်သည်။ တစ်နာရီကြာပြီးနောက် အိတ်နှစ်လုံးနှင့်ဂိမ်းထဲဝင်လိုက်ပြီး ခရုများအားလုံးထုတ်ယူလိုက်၏။
ဂိမ်း၏အချိန်အတိုင်းအတာအရ ဤခရုများမှာ ရွှံ့ထုတ်ပြီးဖြစ်ရမည်။
မီးဖိုချောင်ထဲဝင်လိုက်သောအခါ ဆရာလင်းနှင့်တခြားစားဖိုမှူးများမှာ ဝန်ထမ်းများအတွက်ချက်ပြုတ်နေပြီဖြစ်သည်။ ခရီးသည်များက ၅ နာရီနှင့် ၈ နာရီကြားစားလေ့ရှိသည်။ ခန်းမထဲနှင့်အသားကင်နေရာရှိစားပွဲထိုးများက ၅ နာရီမတိုင်ခင်အပြီးစားထားပြီး နေရာယူထားရ၏။ တခြားဝန်ထမ်းများက အသုတ်ခွဲ၍အလှည့်ကျစားရသည်။
''သူဌေး!'' အကူတစ်ယောက်က ချင်လင်ဝင်လာသည်ကိုမြင်လျှင် ရိုရိုသေသေနှုတ်ဆက်လိုက်၏။
ဆရာလင်းကပြုံး၍ မေးလိုက်သည်_ ''သူဌေး... ဒီကို ဒုက္ခလာပေးပြန်ပြီလား?''
''မဟုတ်ပါဘူး... ဒီနေ့မချက်ဘူး... လယ်ကွက်ဟောင်းထဲမှာဖမ်းမိတဲ့ခရုတွေရောင်းနေတာတွေ့လို့ အားလုံးစားရအောင် ထပ်ဝယ်လိုက်တာ'' ချင်လင်ကပြုံး၍ ဘေစင်ရှာပြီး အရည်အသွေး ၁ ခရုများကိုသွန်ချလိုက်သည်။
ဆရာလင်းက ခရုများကိုအံ့သြစွာကြည့်လိုက်ရင်း_ ''ကြီးလှချည်လား... ဒီအချိန်ကြီး ဒီလောက်ကြီးတဲ့ခရုရှိလား?''
တခြားစားဖိုမှူးသုံးယောက်လည်းရောက်လာပြီး အံ့သြသွားသည်။ ခရုမှာ တောင်ပိုင်းသားများအကြိုက်အရံဟင်းတစ်မျိုးဖြစ်၏။
ချင်လင်က_ ''ပလာယာရှာပြီး ခရုအမြီးကိုညှပ်လိုက်''ဟု ညွှန်ကြားလိုက်သည်။
ဆရာလင်းက ဘေးနားလျှောက်သွားပြီး ပလာယာတချို့ယူလိုက်၏။ သူကစာဖိုမှူးတစ်ယောက်ခေါ်ပြီး ခရုကိုင်လိုက်သည်။
ချင်လင်လည်း ပလာယာတစ်စုံယူပြီး ခရုနှစ်ကတ်တီကိုအမြီးဖြတ်လိုက်သည်။ ထို့နောက် ဆရာလင်းအား ထိုခရုနှစ်ကတ်တီကိုသက်သက်ထားခိုင်းလိုက်၏။
ဆရာလင်းက ချင်လင်ညွှန်ကြားသမျှကိုအာရုံစိုက်ထားသည်။ ထိုခရုတွေက ပိုကြီးကြောင်းသိနိုင်၏။ တစ်ကတ်တီ ၂၀ လောက်သာပါသည်။ သူဌေးက သူကိုယ်တိုင်စားဖို့သိမ်းထားခြင်းဖြစ်မည်။
ခရုချက်လျှင် အိုးကိုမီးပြင်းပြင်းပေးရန်လို၏။ ဆရာလင်းအိုးတည်လိုက်သည်နှင့် မီးတောက်မြှင့်လိုက်ပြီး အိုးထဲငရုတ်ကောင်းတချို့ထည့်လိုက်သည်။ ၈၀% ကျက်လျှင် ဆား၊ ဟင်းချက်ဝိုင်စသည့် ဟင်းခတ်အမွှေးအကြိုင်များထည့်မည်။ ခဏလောက်ဆက်နှပ်ထားလိုက်လျှင် အမွှေးနံ့ကမြန်မြန်ဆန်ဆန်ထွက်လာမည်။
အဆင့်သင့်ဖြစ်သောအခါ ခရုများအရောင်ထွက်လာ၏။
ဆရာလင်းက သူ့အကျင့်အတိုင်းတူကိုင်၍ ခရုကိုမြည်းလိုက်သည်။ ရွှတ်ခနဲ ခရုအသားကိုဆွဲစုပ်လိုက်၏။
ဤသည်မှာ တောင်ပိုင်းသားများ၏ပြိုင်ဘက်ကင်းစွမ်းရည်ပင်။ တချို့တောင်ပိုင်းသားက ခရုကိုဆွဲမစုပ်တတ်။ မြောက်ပိုင်းသားများလိုက်မမီသောစွမ်းရည်တစ်ခုဖြစ်လေသည်။
ခရုများပလုတ်ပလောင်းဆွဲစုပ်စားပြီးနောက် ဆရာလင်းမျက်လုံးအရောင်လက်သွား၏။
အနံ့က…
ပြီးတော့ ဒီလိုအသားက... တကယ်ပြီးပြည့်စုံတာပဲ။
ဆရာလင်းက အိုးထဲမှနောက်တစ်ကောင်ခပ်သုတ်သုတ်မွှေပြီးယူလိုက်သည်။ ထို့နောက် သူ့မျက်နှာတွင် စွဲမက်သည့်ပုံပေါက်နေ၏။ ဒီလိုအရသာရှိတဲ့ခရုမျိုး တစ်ခါမှမစားခဲ့ဖူးချေ။
ထိုအချိန်တွင် ဝိုင်လေးတစ်ငုံလောက်သောက်လိုက်ရလျှင် ပြီးပြည့်စုံသွားမည်။
ဆရာလင်းကတစ်ကောင်မြိုချပြီး နောက်တစ်ကောင်ဆက်ယူကာ ပါးစပ်နှင့်ဆွဲစုပ်လိုက်သည်။
လေးငါးကောင်ဆက်တိုက်စားပြီးမှ သူ့သူဌေးသိမ်းခိုင်းထားသည့်အကောင်များဖြစ်သည်ဟုသတိရသဖြင့် နောက်ထပ်ထပ်စားချင်စိတ်ကို ချက်ချင်းမြိုသိပ်လိုက်ရ၏။
သို့သော်လည်း ဒီခရုကတကယ်စားချင်စရာ။ အရင်ကခရုမစားဖူးသလိုပင် ခံစားလိုက်ရသည်။
အချိန်ရလျှင် သူ့သားကိုကျေးလက်ဘက်သွားကြည့်ခိုင်းဦးမည်။ သူများများစားစားဖမ်းနိုင်ကောင်းပါရဲ့။