စက်ရုံချဲ့ထွင်ခြင်း! ကျောက်မျက်သတ္တုတူးဖော်ရရှိခြင်း!
Vol. 8 Ch. 115
ညရောက်သွားသည်။
ပျားပန်းခတ်နေသောချင်းလင်စံအိမ်မှခရီးသည်အတော်များများပြန်ကုန်ကြပြီ။ တချို့နေရာတွင် ရွက်ဖျင်တဲတချို့သာရှိပြီး အထဲမှခရီးသည်များမှာ စိတ်လှုပ်ရှားဖွယ်ညကို ကုန်ဆုံးရန်ပြင်နေကြ၏။
''သူဌေးချင်... ကျွန်တော်တို့လည်း အလုပ်ဆင်းတော့မယ်... မနက်ဖြန်မှတွေ့တာပေါ့'' ခေါင်းဆောင်ဟုန်လည်း ချင်လင်ကိုနှုတ်ဆက်လိုက်ပြီး ပတ္တရောင်လှည့်ကားနှင့် စံအိမ်မှထွက်သွားသည်။
''ဝု!'' ဝမ်ချိုင်က အကူအညီတောင်းနေ၏။
သူက ချင်လင်၊ ကျောက်မိုချင်းနှင့် လင်းဖန်ရှေ့ခုန်ပေါက်နေသော်လည်း မွေးနီကမူ သူ့ကျောပေါ်မှလုံးဝဆင်းမည့်ပုံမပေါ်။ ခွေးစီးရှဉ့်ဖြစ်ချင်နေပုံရသည်။ ခွေးကဘာမှမတတ်နိုင်။
ဝမ်ချိုင်အကူအညီတောင်းနေသည်ကို ကျောက်မိုချင်းနှင့်လင်းဖန်က ကြည့်ရုံသာကြည့်နေကြသည်။ ချင်လင်က ကြိမ်းမောင်းလိုက်ရုံသာ_ ''မွေးနီ... ဝမ်ချိုင်ကိုအနိုင်မကျင့်နဲ့''
ကလေးနှစ်ယောက်ဇာတ်လမ်းဆင်နေသည်ကို ကြည့်နေသလိုပင်။ ဘယ်ဘက်ကိုမှမကူကြ။
သခင်သုံးယောက်လုံးက အဖက်မလုပ်သည်ကိုမြင်လျှင် ဝမ်ချိုင်ကမြေပေါ်လှဲချပြီး လူးလှိမ့်လိုက်ရာ မွေးနီပြေးဆင်းသွားပြီး ချင်လင်ပခုံးပေါ်တွယ်တက်သွားသည်။
ဝမ်ချိုင်ကပြန်ထပြီး မွေးနီကိုမကြည်သလို စူးစူးဝါးဝါးအော်လိုက်၏။
ကောင်းယောင်ယောင်က အပြေးရောက်လာကာ_ ''သူဌေး... Tiktok ရေပန်းစားစာရင်းကိုကြည့်ပါဦး... မွေးနီနာမည်ကျော်နေပြီ''
ချင်လင်နှင့်ကျောက်မိုချင်းနှစ်ယောက်လုံးက သူတို့ဖုန်းထုတ်ပြီးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း Tiktok ရေပန်းစားစာရင်းတွင် မွေးနီအကြောင်းဗီဒီယိုတွေ့လိုက်ရ၏။ အကြောင်းမှာ like သိန်းချီရထားသော ဗီဒီယိုကိုပင် ဘလော့ဂါများကပြန်တင်ကြသောကြောင့်ဖြစ်လေသည်။
ဗီဒီယိုထဲတွင် မိန်းမလှလေးက မွေးနီကိုထင်းရှူးသီးစေ့ကျွေးပြီး ရွံ့တွံ့တွံ့လုပ်ခံလိုက်ရ၏။ အမည်မသိခရီးသည်တစ်ဦးက ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်ခြင်းပင်။
ခေါင်းစဉ်ဖတ်လိုက်ရာ: ''ချင်းလင်စံအိမ်က ရှဉ့်တွေက စိတ်ဓာတ်ပဲ... အလှလေးတွေကို တကယ်ရွံ့နေတယ်!''
......
''ဒီနေ့ မွေးနီတကယ်လုပ်ခဲ့တာလား?'' ကျောက်မိုချင်းက မွေးနီ ထင်းရှူးသီးစေ့ကိုစက်ဆုပ်ပုံနှင့်ကန်ထုတ်လိုက်သည်ကိုမြင်လျှင် မရယ်ဘဲမနေနိုင်တော့။
အောက်ကမှတ်ချက်တွေက ပိုတောင်ကောင်းသေးသည်။
''ရှဉ့်လေး: ဒီအလှလေးက အာပုပ်နံ့နဲ့... သူတံတွေးကိုမြိုချစေချင်တာလား!''
''ဘာမှတော့မထိခိုက်သွားပါဘူး... ဒါပေမဲ့ အရမ်းစော်ကားလွန်းတယ်!''
''ရှဉ့်လေးရဲ့တန်ပြန်ချက်... သူ့ကြည့်ရတာ မသတီနေတာ''
''ရှဉ့်လေးက စမ်းသပ်ပြီးပြီ... အလှလေးမှာ အာပုပ်နံ့ရှိတယ်တဲ့... ဒီတော့ အားလုံးဘေးဖယ်... အလှလေးကို ငါပဲနမ်းမယ်!''
“…”
ထိုမှတ်ချက်များကိုမြင်လျှင် ချင်လင်မနေနိုင်ဘဲ ပြုံးမိသည်။
ဒီဗီဒီယိုကို အဲဒီအလှလေးမြင်ရင် အောင့်သီးအောင့်သက်ဖြစ်သွားမှာပဲ ဟုတ်တယ်မလား?

''ချင်လင်... ဒီဝက်ဝံကိုကြည့်ပါဦး... မွေးနီထက်တောင် နာမည်ကြီးနေသေးတယ်'' ကျောက်မိုချင်းက ရုတ်တရက်နောက်ဗီဒီယိုတစ်ခု ချင်လင်ကိုပြလိုက်သည်။
၄င်းမှာ ဝက်ဝံနက်လေးက စကိတ်စီးထားခြင်းဖြစ်၏။ ပိုအဓိကကျတာက စကိတ်ကအလွန်ချော်နေခြင်းပင်။
''ဒီဝက်ဝံက အနောက်ဘက်သို့ခရီးသွားခြင်းထဲက တစ်ယောက်ယောက်များဝင်စားတာလား?''
''ငါဒီဝက်ဝံလောက်တောင် အပူအပင်မကင်းဘူး!''
''စောစောကပဲ သိတတ်တဲ့ရှဉ့်လေးတွေ့လိုက်တယ်... အခုကျဝက်ဝံနက်... Tiktok ကအကောင်လေးတွေက လူဝင်စားတွေလား?''
ဒီလိုဉာဏ်ကောင်းတဲ့တိရစ္ဆာန်လေးတွေက အင်တာနက်ပေါ်မှာ နာမည်ကျော်စမြဲ။ Tiktok ကကြော်ငြာချင်တဲ့ ခြေထောက်ရှည်ရှည်အင်တာနက်ဆယ်လီကို တိရစ္ဆာန်နှစ်ကောင်ကကျော်တက်သွားလေပြီ။
မွေးနီပေါ်လာသည်နှင့် စံအိမ်ကပိုအသက်ဝင်သွားသည်။
နောက်တစ်နေ့တွင် ခရီးသည်အတော်များများက မွေးနီကိုဓာတ်ပုံရိုက်ရန်သက်သက်လာကြ၏။
နောက်ပြီး ပြီးခဲ့သောနှစ်ရက်အတွင်း စံအိမ်တွင် ဟာသတစ်ခုဖြစ်သွားသေးသည်။
ခရီးသည်တစ်ဦးနှင့်ကုမ္ပဏီမှလုပ်ဖော်ကိုင်ဖက်တစ်ဦး စံအိမ်သို့အလည်အပတ်လာကြ၏။ မထင်မှတ်ဘဲ သူ့ကောင်မလေးနှင့်ပက်ပင်းတွေ့ပုံရသည်။ ပိုဆိုးတာက သူ့ကောင်မလေးဘေးမှာ ယောက်ျားသားတစ်ဦးလည်းပါနေ၏။ ခရီးသည်က သူ့ကိုတစ်ချက်ပြီးတစ်ချက်ထိုးတော့သည်။
ရိုက်နှက်ပြီးတော့မှ မိန်းကလေးက သူ့အစ်ကိုဖြစ်ကြောင်းပြောပြီး ထိုခရီးသည်နှင့် စိတ်ဆိုးမာန်ဆိုးလမ်းခွဲလိုက်သတဲ့။ ထိုလူလည်း ခေါင်းဆောင်ဟုန်၏ထိန်းသိမ်းခြင်းကိုခံလိုက်ရသည်။ အချုပ်ထဲထမင်းတစ်နပ်အလကားစားပြီးနောက် အာမခံနှင့်ထွက်လာခဲ့၏။ နောက်ဆုံး သုံးရက်တာအခမဲ့လည်ပတ်ခွင့်မရတော့ချေ။
ထို့အပြင် စီရင်စုမှကတိပြုထားသော အဖွဲ့အစည်းကြီးကြပ်ရံပုံငွေ ယွမ်သန်း ၃၀ မှာ ချင်းလင်အစားအသောက်ကုမ္ပဏီအကောင့်ထဲရောက်လာပြီဖြစ်သည်။
တစ်နည်းဆိုရသော် ချင်လင်သည် မိသားစုအကြွေးများကျေပြီးနောက် ယခုစီရင်စုကို နောက်ထပ်သန်း ၅၀ အကြွေးတင်နေလေပြီ။
သို့သော် ဒီတစ်ကြိမ်တွင်မူ အရင်ကလိုအရေးတကြီးခံစားချက်မျိုးမဟုတ်တော့ဘဲ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နှင့်။
အကြောင်းမှာ ဒီအကြွေးက အရင်ကရှိခဲ့ဖူးတာမျိုးနှင့် လားလားမှမတူပေ။
…
နေ့လယ်ပိုင်းတွင်_
နေသာနေပြီး ခရစ်စမတ်မတိုင်ခင် ဆောင်းတွင်းဖြစ်သဖြင့် လုံးဝခရီးသွားရာသီဖြစ်သည်။
ချင်းလင်စံအိမ်လည်း ပိုပြီးအသက်ဝင်နေ၏။
တန့်ကွမ်းဆီမှဖုန်းဝင်လာပြီးနောက် ချင်လင်ကချက်ချင်း BMW 5 Series ကားကို စက်ရုံဆီမောင်းသွားလိုက်သည်။
သို့သော် စက်ရုံအပြင်၌ လူတန်းရှည်ကြီးနှစ်တန်းရှိနေ၏။ ဝင်ပေါက်ဝတွင် စားပွဲနှစ်လုံးလည်းရှိသည်။ စက်ရုံမှခန့်ထားသောမန်နေဂျာနှစ်ဦးမှာ အချက်အလက်များစာရင်းသွင်းနေကြ၏။
အလုပ်ခေါ်နေခြင်းဖြစ်သည်။
စီရင်စုမှငွေရောက်လာပြီ။ စက်ရုံကိုချဲ့ထွင်ပြီး ဝန်ထမ်းအသစ်များစခန့်ရတော့မည်။
တန့်ကွမ်းက ကားထဲရောက်ရောက်ချင်း_ ''ဥက္ကဌချင်... သူတို့နဲ့ဆက်သွယ်ထားပြီးပြီ... ကျွန်တော်တို့သွားပြီး စက်ရုံတစ်ရုံချင်းကြည့်လိုက်ရုံပဲ''
''ကောင်းပြီ!'' ချင်လင်ကခေါင်းညိမ့်လိုက်၏။
စီရင်စုမှ အဖွဲ့အစည်းကြီးကြပ်ရံပုံငွေ သန်း ၃၀ ကိုထောက်ခံပေးထားပြီဖြစ်၍ ထိုငွေနှင့် ချင်းလင်ဆော့ထုတ်လုပ်ရေးကို အမြန်ဆုံးတိုးချဲ့ရပေမည်။

ပိုက်ဆံအားလုံးက အတိုးနှင့်ဖြစ်သည်။
တိုးချဲ့ဖို့အမြန်ဆုံးနည်းလမ်းမှာ အစားအသောက်ထုတ်လုပ်ရန် လိုအပ်ချက်နှင့်ပြည့်စုံသော အသင့်တည်ပြီးစက်ရုံတစ်ရုံကိုဝယ်ရမည်။ ဤနည်းဖြင့် ထုတ်လုပ်ရေးလမ်းကြောင်းဝယ်ရန်နှင့် မထုတ်လုပ်ခင် စံမီအောင်ညှိနှိုင်းပေးရန်သာလိုမည်။
ထို့အပြင်သူက ယွမ်သန်း ၃၀ အတွက် ထုတ်လုပ်ရေးလမ်းကြောင်းမှာထားပြီးဖြစ်၏။ စက်ရုံအသုံးသီးသန့်ငွေ၊ မူလကုန်ကြမ်းနှင့် ဝန်ထမ်းလစာမှလွဲ၍ ကျန်ငွေများကို အရင်ကလိုပုံစံတူဆော့ထုတ်လုပ်ရေးလမ်းကြောင်းဝယ်ရမည်။
အားလုံးပေါင်း ထုတ်လုပ်ရေးလမ်းကြောင်း ၃၅ ခုရှိသည်။
ရုံချန်းစီရင်စုတွင် ထုတ်လုပ်ရေးလမ်းကြောင်းအများကြီးရှိသောစက်ရုံအနည်းငယ်မျှသာရှိပြီး ထိုအတိုင်းအတာရှိသော စက်ရုံနှင့်ကုမ္ပဏီကလည်း သူတို့စက်ရုံကိုရောင်းမည်မဟုတ်ပေ။ ထို့ကြောင့် ချင်းလင်အစားအသောက်ကုမ္ပဏီက ၄င်းတို့ကိုနေရာချထားနိုင်ရန် စက်ရုံအမြောက်အများဝယ်ရပေမည်။
ရုံချန်းစီရင်စုကဲ့သို့ စီရင်စုငယ်လေးတွင် အမြန်တိုးတက်နိုင်မည့်နည်းလမ်းမရှိပါချေ။ နောင်ချင်းလင်အစားအသောက်ကုမ္ပဏီကောင်းကောင်းဖွံ့ဖြိုးလာလျှင် စက်ရုံကြီးကြီးတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်သာရှိသည်။
ချင်လင်နှင့်တန့်ကွမ်းက စာရင်းပြုစုထားသောစက်ရုံများကိုအလှည့်ကျဖတ်သွားပြီး ကျေနပ်နေကြ၏။ လုပ်ငန်းများကိုအမြန်ဆုံးဆောင်ရွက်ပြီး စာချုပ်လက်မှတ်ထိုးကြသည်။
ထိုစက်ရုံများမှာ အမှန်တကယ်စီရင်စုကဆက်သွယ်ထားခြင်းဖြစ်သဖြင့် ထိုသူဌေးများက ဉာဏ်မများရဲကြ။ ယခုစီရင်စုက ချင်းလင်ဆော့အတွက် သူဌေးဖြစ်သောချင်လင်ထက်ပင် စိတ်ပူနေလေသည်။ ထို့အပြင် ထိုစက်ရုံအားလုံးမှာ ဝေးဝေးလံလံမဟုတ်ဘဲ စက်မှုဇုံအတွင်းရှိကြသည်။
ထိုစက်ရုံများ၏ဝန်ထမ်းများကိုလည်း လက်ခံရသည်ပေါ့။ သူတို့က အရင်ဆုံးစက်ရုံဟောင်းကိုသွား၍ ထုတ်လုပ်ရေးလမ်းကြောင်းများအသုံးပြုပုံကို ရင်းနှီးအောင်လုပ်ရမည်။ မဟုတ်လျှင် ဝန်ထမ်းစခေါ်နေပြီဆိုဦးတော့၊ အချိန်တိုအတွင်း ဝန်ထမ်းလုံလုံလောက်လောက်ခန့်နိုင်မည်မဟုတ်ချေ။
ဒီတစ်ခေါက်ထုတ်လုပ်ရေးလမ်းကြောင်း ၃၅ ခုထုတ်လုပ်နိုင်ပြီဆိုလျှင် ချင်းလင်အစားအသောက်ကုမ္ပဏီတွင် ထုတ်လုပ်ရေးလမ်းကြောင်း ၄၂ ခုရှိသွားပြီဖြစ်၍ တစ်နာရီကို ပုလင်း ၁၀၀၀ ထုတ်နိုင်ပေမည်။
ထိုအချိန်ကျလျှင် ချင်းလင်အစားအသောက်ကုမ္ပဏီတွင် နှစ်ဆိုင်းခွဲဆင်းရမည်။ လူသစ်ပြည့်ပြီဆိုတာနှင့် ဝန်ထမ်းဦးရေ ၆၀၀ ကျော်ခန့်ရှိနိုင်သည်။
ထိုအချိန်တွင် ချင်းလင်အစားအသောက်ကုမ္ပဏီ၏ အများဆုံးထုတ်လုပ်နိုင်စွမ်းမှာ တစ်ရက်အတွင်း ၂၀၀ ဂရမ် ခရမ်းချဉ်သီးဆော့ပုလင်းရေ ၈၄၀၀၀၀ အထိရှိနိုင်၏။ ချန်ဟယ်မှာ စီရင်စုအတွင်းမြန်မြန်ဖြန့်နိုင်ရုံသာမက တခြားစီရင်စုများတွင် ကိုယ်စားလှယ်များလည်းရှာနိုင်ပေသည်။
အချိန်တန်လျှင် ချင်းလင်အစားအသောက်ကုမ္ပဏီက ကုန်ကြမ်းပြဿနာကိုလည်း ရင်ဆိုင်ရဦးမည်။ ရုံချန်းစီရင်စုတွင် ထိုထုတ်လုပ်ရေးအတွက်အားရနိုင်လောက်သည့် ခရမ်းချဉ်သီးကုန်ကြမ်းများစွာမရှိ။ တခြားကခရမ်းချဉ်သီးဝယ်မည်ဆိုလျှင် ကုန်ကျစရိတ်မသိမသာတက်လာပြီး စျေးကပိုတောင်ကြီးသွားဦးမည်။
သို့သော် ဖွံ့ဖြိုးမှုအရှိန်ကောင်းလွန်းသဖြင့် ရွေးချယ်စရာလည်းမရှိပေ။
ချင်လင်က တန့်ကွမ်းနောက်လိုက်၍ နေ့ဝက်လောက် စက်ရုံကိစ္စဖြေရှင်းလိုက်ရသည်။ သူက နောက်ဆက်တွဲအသေးစိတ်အချက်အလက်တချို့ကို တန့်ကွမ်းဆီလွှဲပေးလိုက်ပြီး စံအိမ်သို့ပြန်မောင်းလာခဲ့၏။
ကောင်တာရောက်သောအခါ ဝမ်ချိုင်မှာကြမ်းပေါ်လှဲနေပြီး မွေးနီက သူ့ကျောပေါ်ခုန်ပေါက်နေသည်ကိုတွေ့ရသည်။
ရှဉ့်လေးက ခွေးကျောကုန်းကို သဘောကျနေပုံရ၏။
ရက်ပိုင်းကြာပြီးနောက် ဝမ်ချိုင်မှာ ဆန့်ကျင်နိုင်စွမ်းမရှိတော့သည့်အလား သူ့ကံကြမ္မာကိုလက်ခံထားရသည်။
ကောင်တာတွင် ကျောက်မိုချင်းလည်း ကွန်ပျူတာရှေ့မှမိန်းကလေး ၄ ဦးကို တစ်ခုခုမိတ်ဆက်ပေးရင်းအလုပ်ရှုပ်နေ၏။
သူတို့မှာ အသစ်ခန့်ထားသော ဘဏ္ဍာထိန်းတစ်ယောက်နှင့် စာရင်းကိုင် ၃ ယောက်ဖြစ်သည်။
စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီဖွံ့ဖြိုးလာသည်နှင့်အမျှ ကျောက်မိုချင်းတစ်ယောက်တည်းကိုင်တွယ်ရန် မဖြစ်နိုင်တော့။ လုံးဝအကူလိုအပ်သည်။ အရင်ကတည်းက လူထပ်ခေါ်ရန်စီစဉ်ထားသော်လည်း လတ်တလောသင့်တော်မည့်သူမတွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။
လွန်ခဲ့သောရက်ပိုင်းက ဝန်ထမ်းစာမေးပွဲသို့ သူမရောက်သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျောက်မိုချင်း အခွန်ရုံးမှထွက်လာပြီဖြစ်၍ နောက်ထပ်လူသစ်ခေါ်ရမည်။ ဝန်ထမ်းစာမေးပွဲကြေညာသောအခါ စာရင်းကိုင်၊ ဘဏ္ဍာရေးမေဂျာများက လျှောက်ကြ၏။ နောက်ဆုံးတော့ တစ်ယောက်ပဲအောင်သည်ပေါ့။
ထိုလူများက သူတို့မွေးရပ်မြေမှာပဲ လုံးဝနေချင်ကြသည်။ ကျောက်မိုချင်းက အခွန်ရုံးတွင်ဦးလေးရှိသဖြင့် လူနည်းနည်းအဆက်အသွယ်ရခဲ့၏။
ချင်လင်က ကျောက်မိုချင်းကိုမနှောင့်ယှက်ဘဲ ပြတင်းပေါက်စားပွဲဆီတန်းတန်းသွားလိုက်ကာ သူ့စိတ်ထဲမှဂိမ်းမြင်ကွင်းကိုကြည့်လိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်း၌တူးရန် သွားစေလိုက်၏။
အရင်က ပထမအဆင့်တွင်တူးရင်း ဂမ္ဘီရကျောက်ပြားမှလျှို့ဝှက်ဆော့လုပ်နည်းကိုရခဲ့သည်။ သူကသတ္တုတွင်းကို ဆက်လက်မျှော်လင့်ထားဆဲ။
ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းဒုတိယအဆင့်ထဲဝင်စေပြီးနောက် နေရာတစ်နေရာတွေ့သဖြင့် စတူးလိုက်သည်။
ကျောက်တုံးများကို တစ်ဆင့်ချင်းတူးထုတ်ပြီး ရွှေစ၊ ငွေစ၊ ကြေးနီစတချို့တွေ့သလို မျှော်လင့်မထားသောအသိပေးစာကိုလည်း ချင်လင်တွေ့လိုက်ရသည်။
(ခရမ်းစွဲကျောက်မျက်သတ္တုကိုရလိုက်သည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)
ခရမ်းစွဲကျောက်မျက်သတ္တု?
ဒါကိုကျောက်လို့မခေါ်သင့်ဘူးမလား?