← Chapters

တောင်တန်းစံအိမ်ကရှဉ့်တွေ အဆင့်မြင့်ကုန်တာလား? ၂

Vol. 8 Ch. 120

တောင်တန်းစံအိမ်ကရှဉ့်တွေ အဆင့်မြင့်ကုန်တာလား? ၂

Vol. 8 Ch. 120

ချင်လင်ကောင်တာသို့လျှောက်လာသည်ကိုမြင်လျှင် မွေးနီကသူ့လက်ထဲခုန်ဝင်ပြီး တကျွိကျွိအော်ကာ သူ့လက်သည်းများနှင့် သူ့အဝတ်အစားကိုဆက်တိုက်လှုပ်ပြလိုက်သည်။

ချင်လင်က အံ့အားသင့်စွာနှင့်နားလည်လိုက်သည်။ ဒီကောင်လေးက ရှဉ့်ရိုင်းနှစ်ကောင်အတွက် အဝတ်အစားတောင်းနေတာလား?

ဒါမျိုးဖြစ်နိုင်လို့လား?

တွေးကြည့်မှ တကယ်ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ရှဉ့်တွေက ကမ္ဘာပေါ်မှာဉာဏ်အကောင်းဆုံးတိရစ္ဆာန် ၁၀ မျိုးထဲအပါအဝင်ဖြစ်ပြီး မွေးနီကဂိမ်းထုတ်ကုန်ဖြစ်သည်။ မှတ်ချက်တွင် အလွန်ဉာဏ်ကောင်းသည်ဟုဆိုထား၏။

ဒါပေမဲ့ မွေးနီက ရှဉ့်ရိုင်းတွေကိုလေ့ကျင့်ပေးနိုင်တယ်ဆိုတဲ့သဘောတော့ မဟုတ်ဘူးမလား?

ချင်လင်က သူခန့်မှန်းသည့်အတိုင်းဟုတ်မဟုတ်မသိသော်လည်း စမ်းကြည့်တာမမှားပေ။

သူကချက်ချင်း သူ့စိတ်ထဲဖန်သားပြင်ပေါ်မှ ဂိမ်းဇာတ်ကောင်ကိုကြည့်လိုက်ပြီး အိမ်မွေးကုန်သည်ဆီသွားစေလိုက်သည်။ အရင်က ရှဉ့်လေးကစားပွဲမှ အိမ်မွေးကုန်သည်တွင် အိမ်မွေးတိရစ္ဆာန်အတွက်လိုသမျှဝယ်နိုင်ကြောင်း အရိပ်အမြွက်ရခဲ့သည်။

ဒီတော့ ရှဉ့်ဝတ်ဖို့အဝတ်အစားလည်းရှိတယ်ဆိုတဲ့သဘောမဟုတ်လား?

ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားစေပြီး အိမ်မွေးကုန်သည်ရှာကာ ဝယ်ယူနိုင်သောစာရင်းကိုနှိပ်လိုက်သည်။ ရနိုင်သောအိမ်မွေးတိရစ္ဆာန်များအပြင် အိမ်မွေးတိရစ္ဆာန်အသုံးအဆောင်အမျိုးမျိုးလည်းပေါ်လာ၏။

ရှဉ့်အတွက်အသုံးအဆောင်များထဲတွင် ထင်းရှူးသီးစေ့ကဲ့သို့စားနပ်ရိက္ခာများမှအစ အဝတ်အစားအထိ အားလုံးရှိသည်။

မွေးနီလိုအင်္ကျီလေးတွေက စျေးမကြီး။ ရွှေပြားသိပ်မကုန်ပေ။

ချင်လင်က ရှဉ့်လေးတွေအတွက် အင်္ကျီနှစ်ထည်ဝယ်လိုက်သည်။

သို့သော် ပြန်တွေးကြည့်ပြီး ပိုဝယ်ထားလိုက်၏။

......

ထို့နောက်ချင်လင်က ခန်းမထဲမှမြန်မြန်ထွက်ပြီး ဂိမ်းထဲဝင်ရန် နေရာလွတ်ရှာလိုက်သည်။ သူကရှဉ့်အင်္ကျီကို ဂိမ်းထဲမှထုတ်လာခဲ့၏။

ခန်းမထဲပြန်ရောက်သောအခါ ကျောက်မိုချင်းနှင့်လင်းဖန်လည်း ရှိနေသည်ကိုတွေ့ရသည်။

ချန်ရှောင်ရူက ထင်ရှူးသီးစေ့တချို့ကိုင်ထားပြီး စားပွဲပေါ်တစ်ခုချင်းချပေး၏။ မွေးနီက ထင်းရှူးသီးစေ့ကိုကောက်ယူပြီး သူ့ရင်ဘတ်ရှေ့မှအိတ်လေးထဲထည့်လိုက်သည်။ ရှဉ့်ရိုင်းလေးနှစ်ကောင်လည်း ခေါင်းထောင်ကြည့်နေ၏။ တစ်ကောင်၏လက်က မွေးနီရင်ဘတ်ရှေ့အိတ်လေးဆီသို့လက်လှမ်းနေသော်လည်း မွေးနီကတကျွိကျွိအော်ကာ ခပ်မြန်မြန်ရုတ်လိုက်သည်။

ချန်လီက သူ့သမီးနောက်မှ ငြိမ်သက်စွာကြည့်နေ၏။ သူလည်း ဒီရှဉ့်လေးကိုအလွန်ချစ်စရာကောင်းသည်ဟုခံစားရသည်။ သူဌေးချင်က ဘယ်လိုလေ့ကျင့်ပေးထားလဲ တကယ်မသိ။

''ချင်လင်... ဒီရှဉ့်လေးနှစ်ကောင်က ဘာလို့ဒီရောက်နေတာလဲ?'' ကျောက်မိုချင်းက ချင်လင်ကိုမြင်လျှင် အံ့သြစွာနှင့်မေးလိုက်သည်။

''စောစောက မွေးနီခေါ်လာတဲ့နောက်လိုက်တွေ'' ချင်လင်က ကောင်တာပေါ်ရှဉ့်အဝတ်အစားများတင်ရင်း ရှင်းပြလိုက်၏။

မွေးနီက ထိုအရာကိုမြင်လျှင် ချက်ချင်းတကျွိကျွိအော်လိုက်သည်။ တခြားရှဉ့်နှစ်ကောင်က ခေါ်သံကြားသလိုလိုနှင့် မွေးနီနောက်တွင် ချီတုံချတုံလုပ်နေ၏။

ထိုပုံကိုမြင်သောအခါ ချင်လင်ကလက်လှမ်း၍ ရှဉ့်တစ်ကောင်ကိုဖမ်းကိုင်လိုက်သည်။

ရှဉ့်လေးက အလွန်ကြောက်နေ၏။ ထိုအခြေ

အနေမျိုးတွင် ပုံမှန်ဆိုသုတ်သီးသုတ်ပျာပြေးသွားမည်ဖြစ်သော်လည်း ဒီတစ်ကြိမ်တွင်မူ သူ့လက်ထဲနေသည်။ ရွှန်းလဲ့နေသောသူ့မျက်လုံးများနှင့် ထိတ်လန့်စွာကြည့်နေ၏။



ချင်လင်က ရှဉ့်အရွယ်အစားအင်္ကျီကိုယူ၍ ရှဉ့်လေးကိုသေချာဝတ်ပေးလိုက်သည်။ မတော်တဆနာအောင်လုပ်မိမှာလည်းစိုးနေ၏။

အံ့သြစရာပင်။ ရှဉ့်လေးက ခုခံခြင်းမရှိ။

သူကမယုံနိုင်သလိုဖြစ်သွား၏။

ခဏအကြာ ရှဉ့်လေးပေါ်တွင် နောက်ထပ်တစ်စထပ်ဝတ်လိုက်သည်။ မွေးနီနှင့်ပုံစံတူအရောင်ကွဲဖြစ်၏။

ထို့နောက်ချင်လင်က နောက်ရှဉ့်တစ်ကောင်ကိုကိုင်၍ ဝတ်ပေးလိုက်သည်။

ထိုမြင်ကွင်းက အားလုံးကိုအံ့သြသွားစေ၏။ ရှဉ့်လေးများမှာ အလွန်အဆင်ချောနေသည်။

ချန်ရှောင်ရူက နောက်ထပ်ထင်းရှူးသီးစေ့ထုတ်လိုက်ပြီး ကောင်တာပေါ်တင်လိုက်သည်။ ဒီတစ်ကြိမ်တွင်မူ ရှဉ့်ရိုင်းလေးတစ်ကောင်ကပြေးလာပြီး ထင်းရှူးသီးစေ့ကိုကောက်လိုက်၏။ သူ့အိတ်ထဲထည့်ချင်သော်လည်း ပထမတစ်ခေါက်လွဲသွားပြီး ကောင်တာပေါ်ပြန်ကျသွားသည်။

နောက်တစ်ကောင်က ခပ်သုတ်သုတ်ပြေးလာပြီး ထင်းရှူးသီးစေ့ကိုကောက်လိုက်၏။ သူလည်း မွေးနီအတိုင်း အိတ်ထဲထည့်လိုက်သော်လည်း ပထမတစ်ခေါက်မအောင်မြင်ပေ။ ထို့နောက် ရှဉ့်နှစ်ကောင်က ထင်းရှူးသီးစေ့ကိုပြိုင်လုကြတော့သည်။

ချန်ရှောင်ရူကမြင်ပြီး ထင်းရှူးသီးစေ့အားလုံးကို စားပွဲပေါ်မြန်မြန်တင်လိုက်၏။ သည်တော့မှ ရှဉ့်နှစ်ကောင်က ရန်ဖြစ်တာရပ်ပြီး ထင်းရှူးသီးစေ့များကို သူတို့အိတ်ထဲထပ်ထည့်ရန်ကြိုးစားကြသည်။

ကျောက်မိုချင်းက မပြောဘဲမနေနိုင်တော့_ ''ချင်လင်... သူတို့ကဉာဏ်မကောင်းလွန်းဘူးလား?''

ချင်လင်ကပြုံး၍_ ''အစားအစာထိန်းသိမ်းတဲ့ပုံအရ ရှဉ့်တွေက ကမ္ဘာပေါ်မှာဉာဏ်အကောင်းဆုံးတိရစ္ဆာန် ၁၀ မျိုးထဲမှာပါတယ်''

ရှဉ့်နှစ်ကောင်မှာ အိတ်ထဲထင်းရှူးသီးစေ့ထည့်နိုင်ရန် နေ့ဝက်လောက်အချိန်ယူလိုက်ရသည်။

''ကျွိကျွိ!'' မွေးနီကအော်ပြီး သုတ်သုတ်သုတ်သုတ်နှင့်ပြေးသွား၏။

ရှဉ့်နှစ်ကောင်က ဘေးဘီကြည့်လိုက်ပြီး ချက်ချင်းပြေးလိုက်သွားသည်။

ချန်လီက ချန်ရှောင်ရူကိုခေါ်ပြီး စံအိမ်ထဲခဏအလည်ပြကာ အင်တင်တင်လုပ်နေသောမိန်းကလေးနှင့်ပြန်ထွက်သွားလေသည်။

ညနေရောက်လျှင် စားဖိုဆောင်ကအလုပ်ရှုပ်လာပြန်သည်။ ဆရာလင်းတို့က ဝန်ထမ်းများအတွက် စချက်ကြ၏။ ချင်လင်က သူဒီနေ့ဘာစားရင်ကောင်းမလဲကြည့်ပြီး ဆရာလင်းကိုချက်ခိုင်းရန် စားဖိုဆောင်ထဲဝင်မည်အပြု မွေးနီထပ်ပေါ်လာသည်ကိုသတိထားမိသည်။

ဒီတစ်ကြိမ်တွင် အရင်ရှဉ့်ရိုင်းနှစ်ကောင်အပြင် မွေးနီက ၄ ကောင်ခေါ်ချလာသည်။

ချင်လင်က မွေးနီနောက်တွင်တန်းစီနေသောရှဉ့် ၄ ကောင်ကို အံ့သြစွာကြည့်လိုက်၏။

ဒီကောင်က လက်အောက်ငယ်သားထားရတာ ကြိုက်နေတာလား?

''ချင်လင်... သူတို့ကရော အင်္ကျီလိုချင်တာလား?'' ကျောက်မိုချင်းအံ့အားသင့်သွား၏။ ဒီလိုသာဆိုရင် ဒီရှဉ့်တွေက တကယ်လူဝင်စားတွေလားလို့တောင် သိချင်လာသည်။

''ဟုတ်လောက်တယ်'' ချင်လင်ကခေါင်းညိမ့်၍ ကောင်တာအောက်မှ ရှဉ့်အဝတ်အစားလေးများကို ထုတ်ယူလိုက်၏။ တော်သေးလို့ စောစောက ပိုဝယ်ခဲ့တာ။

ထိုအရာကိုမြင်လျှင် ကျောက်မိုချင်းက စိတ်အားထက်သန်စွာဖြင့်_ ''ကျွန်မဝတ်ပေးရမလား?''

''လာ'' ကျောက်မိုချင်းက အင်္ကျီယူပြီး ရှဉ့်လေးကိုဂရုတစိုက်ကိုင်လိုက်သည်။

ရှဉ့်လေးက လုံးဝမခုခံ။

ထို့ကြောင့် ကျောက်မိုချင်းက ပျော်ပျော်ရွှင်ရွှင်နှင့် အင်္ကျီဝတ်ပေးလိုက်၏။

ရှဉ့် ၇ ကောင် တညီတည်းအင်္ကျီဝတ်ထားသည့်အခါ ထူးထူးခြားခြားပန်းချီကားနှင့်တူနေသည်။ ဝတ်စားထားသည့် ရှဉ့် ၇ ကောင်စုနေသည်မှာ ရုပ်ရှင်မြင်ကွင်းထဲမှအတိုင်းပင်။

“ကျွိကျွိ''



မွေးနီကအသံပေးပြီး ခန်းမအပြင်ဘက်လျှပ်ပြေးထွက်သွားသည်။ ရှဉ့်ရိုင်းများကနောက်ကထပ်လိုက်ပြီး ပန်းပင်လယ်ရှိရာဆီပြေးသွားကြ၏။

ကြည့်ရတာ မွေးနီက ထိုရှဉ့်ရိုင်းများ၏ဗိုလ်ဖြစ်နေလောက်ပြီ။

ခဏအကြာ_

ပန်းပင်လယ်ထဲတွင် ခရီးသည်များက သပ်သပ်ရပ်ရပ်ဝတ်စားထားသော ရှဉ့် ၇ ကောင်ကိုတွေ့လိုက်ရလေသည်။

ဤသည်က လုံးဝအာရုံစိုက်စရာဖြစ်နေ၏။

သိပ်မကြာခင်_

မွေးနီက ရှဉ့်လေးများကို အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်ဆီ ပြန်ခေါ်သွားသည်။ ခရီးသည်တစ်ဦးက ထင်းရှူးသီးစေ့ချလိုက်သည်ကိုမြင်လျှင် ရှဉ့်များကချက်ချင်းအပြေးသွားကြ၏။ သူတို့မှာ အရင်နှင့်မတူတော့။ ဒီတစ်ကြိမ်တွင် ရှဉ့်လေးများက ထင်းရှူးသီးစေ့ကောက်ပြီး သူတို့အိတ်ထဲထည့်ရန် အမှန်အကန်ကြိုးစားကြည့်ကြသည်။

ထိုမတူကွဲပြားသောမြင်ကွင်းကို ခရီးသည်များကသတိပြုမိကြ၏။ သူတို့အားလုံးအံ့သြပြီး ဖုန်းထုတ်ကာ ဓာတ်ပုံများရိုက်ကြသည်။

''ဒီရှဉ့်လေးတွေက အဆင့်တက်သွားတာလား?''

''ဘယ်လောက်လိမ္မာလိုက်လဲ... အကုန်လုံးက အိတ်ထဲဘယ်လိုထည့်ရမှန်းသိကြတယ်နော်''

''ရှဉ့်တွေက ကမ္ဘာ့ဉာဏ်အကောင်းဆုံးတိရစ္ဆာန် ၁၀ မျိုးထဲပါတယ်တဲ့... ပြီးတော့ ဒီစံအိမ်ပိုင်ရှင်က သူတို့ကိုကောင်းကောင်းလေ့ကျင့်ပေးထားတာလေ''

''ပိုင်ရှင်က အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးတဲ့သူများဖြစ်နေမလားပဲ?''

…

ဆောင်းရာသီတွင် နေ့တာတိုသည်။

ဧည့်ခန်းမှာလည်း ပျားပန်းခတ်နေ၏။ ခရီးသည်များက စတင်စားသောက်နေကြပြီ။

ချင်လင်က စွမ်းအားဥပဒေကုမ္ပဏီမှ စီနီယာအစ်ကိုချူနှင့် Wechat တွင် စကားပြောနေသည်။

ကျိုးချန်ကျွင်းဆီမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုသဘောတူချက်ရှိကိုရှိရပေမည်။

သူက အစ်ကိုချူကိုအားလုံးရှင်းပြလိုက်ပြီး ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ဆွဲပေးရန် အကူအညီတောင်းလိုက်သည်။

ခဏတဖြုတ်စကားပြောပြီးနောက် မိုးစုံးစုံးချုပ်သွား၏။

ဒီနေ့စံအိမ်တွင် ခရီးသည်ပိုနည်းပြီး ဘူဖေးစားပြီးသောခရီးသည်များက မြန်မြန်ပြန်သွားကြသည်။

ခရစ်စမတ်နေ့ဖြစ်သော်လည်း စံအိမ်တွင်မည်သည့်အပြင်အဆင်မှမရှိချေ။ ဒီလိုနေ့မျိုးမှာ ဒီလိုအငွေ့အသက်ကမရ။

ထိုအခြေအနေကြောင့် ခရီးသည်များက စားသောက်ရန် စီရင်စုထဲပြေးသွားကြသည်။ ယနေ့စံအိမ်လာသောလမ်းတလျှောက်တွင် ခရစ်စမတ်အပြင်အဆင်များကို ခရီးသည်များကမြင်နိုင်ကြ၏။

ပိုဆိုးတာက စံအိမ်တွင်တစ်ညလုံးနေ၍မရခြင်းပင်။ ဒီနေ့လိုနေ့မျိုးမှာ အထိနာသောအချက်ဖြစ်၏။

ချင်လင်မှာ ရွေးချယ်စရာမရှိ။ သတို့သမီးခန်းက ဖွင့်ဖို့ပြင်တုန်းရှိသေးသည်။

နောက်နှစ်ဒီအချိန်ဆို ပန်းသီးလာပို့သောကောင်လေးနှင့် အနာတရဖြစ်လာသောကောင်မလေးတို့ သတို့သမီးခန်းထဲတွင် ပွဲကနေလောက်ပြီ။

သို့သော်လည်း တစ်မျိုးကောင်းသည်။ အထူးနေ့တွင် စံအိမ်ဝန်ထမ်းများကို အလုပ်စောစောနားခိုင်းလို့ရသည်။

ခရီးသည်များပြန်သွားလျှင် ချင်လင်က ချန်တပေအား RT စျေးမှဝယ်လာသော ချောကလက်နှင့်အစေ့အဆန်များယူလာခိုင်းလိုက်၏။ အားလုံးလက်ဆောင်အထုပ်ကြီးများဖြစ်ပြီး အများကြီးဝယ်ထားသည်။

ထိုအိတ်ကြီးနှစ်အိတ်ထဲ အနည်းဆုံး ယွမ် ၁၀၀ စီထပ်ထည့်လိုက်၏။

ယွမ် ၁၀၀ မှာ အများကြီးမဟုတ်သော်လည်း ဝန်ထမ်းများအလကားရလျှင် အံ့သြစရာအကြီးကြီးဖြစ်နိုင်သည်။

ကောင်းယောင်ယောင်တို့လိုမိန်းကလေးများက လက်ဆောင်ရသည်နှင့် Wechat အခိုက်အတန့်များထဲတွင် လက်ဆောင်ပေးသည့်အတွက် သူတို့သူဌေးကိုကျေးဇူးတင်ကြောင်း အပျော်တွေမျှဝေလိုက်လေသည်။

All Chapters