Viper One
Vol. 9 Ch. 26
လေဆိပ်ကနေပြီး ဖရာလီတာရဲ့ကားပေါ်တက် ယာဥ်ကြောကြပ်တဲ့ နယူးယောက်လမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ မြို့စွန်က နယူးယောက်ဟီးရိုးကျောင်းကို မက်ဒါနာတို့ရောက်လာကြပြီ။ မက်ဒါနာက ကားပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ ဂိမ်းဆော့နေပြီးတော့ လုံခြုံရေးကိုဂရုမစိုက်တဲ့ ပိုးဟပ်သုံးကောင်ကိုမြင်ပြီး ဒေါသထွက်သွားတယ်။
“ဒီအသုံးမကျတဲ့ကောင်တွေကိုမှ ကျောင်းလုံခြုံရေးအဖြစ် ငါငှားထားမိတာလား။” မက်ဒါနာက ဒီလိုပြောလိုက်တော့ ကင်းတဲရှေ့မှာထိုင်နေတဲ့ မက်၊ လယ်ရီ၊ မိုးတို့က လက်ထဲက ဖုန်းကိုချပြီး မက်ဒါနာကိုအလေးပြုကြတယ်။
“မင်္ဂလာပါကျောင်းအုပ်၊ နယူးယောက်ကျောင်းကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။”
မက်ဒါနာက ဒီတော့မှ သူတို့ဆီကနေ ထွက်ပေါ်လာနေတဲ့ အရှိန်အဝါတစ်ခုကို သတိထားမိသွားတယ်။ ဒီသုံးယောက်က လူယောင်ဆောင်ပြီးနေကြတာဆိုပေမဲ့ သူတို့ဆီကနေထွက်ပေါိလာတဲ့ အရှိန်အဝါတွေက အတော်လေးသန်မာပါတယ်။
“ငါပဲအထင်မှားတာလားမသိပေမဲ့ ဒီကောင်တွေဆီကနေ A+ rank တွေမှာရှိသင့်တဲ့ ဖိအားမျိုးကိုရနေသလိုပဲ။” မက်ဒါနာက မေးပေါ်ကို လက်ညိုးတစ်ချောင်းတင်ရင်း သူတို့သုံးယောက်ကို ကြည့်လိုက်တော့ သူတို့သုံးယောက်က နောက်ကိုအသာလေးဆုတ်သွားကြတယ်။
ဖရာလီတာက ခေါင်းညိတ်လိုက်ပြီးတော့ပြောတယ်။
“ဒီသုံးကောင်ကို ဆိုဖီယာက ပြန်ရောက်လာတိုင်း ကွင်းထဲမှာပိတ်ပြီးတော့ရိုက်နေတာလေ။ ဘာကြောင့်မှန်းမသိပေမဲ့ အရိုက်ခံရပြီးတိုင်း အဆင့်တက်လာကြတာ အခုဆိုရင် S rank ဖြစ်ဖို့သိပ်မလိုတော့ဘူး။ သူတို့ပေါင်းတိုက်ရင် ပိုးကောင်မျိုးကွဲခေါင်းဆောင်တစ်ယောက်ကိုတောင် အနိုင်ယူနိုင်လိမ့်မယ်ထင်တယ်။”
မက်ဒါနာလည်း ပြန်စဥ်းစားလိုက်တယ်။ ဒီပိုးကောင်တွေက ကမ္ဘာမြေကို အစောဆုံးရောက်လာတဲ့ ပိုးကောင်အင်ပါယာမျိုးစိတ်ဝင်တွေပါ။ ဝရမ်းပြေးဖြစ်လာကြပေမဲ့ သူတို့က အတော်လေးအားနည်းတဲ့အထဲမှာပါကြတယ်။ ဂလင်းအမြောက်စွမ်းအားက အတော်လေးကြီးမားပြီး အသေသတ်ဖို့ခက်ကြပေမဲ့ သာမန်ပိုးကောင်တွေရဲ့အထက်နဲ့မျိုးကွဲခေါင်းဆောင်တွေရဲ့အောက်မှာပဲရှိတာကြောင့် အယ်ဖာအဆင့်ဖြစ်တဲ့ ဆိုဖီယာက သူတို့ကိုဘဏ္ဍာစိုးအလုပ်ကလွဲလို့ တခြားဘာကိစ္စမှမခိုင်းခဲ့တဲ့ပုံပဲ။
“အင်းနော်၊ မစ်ရှင်အဖွဲ့ရဲ့ခြံတံခါးကို S rank မဟုတ်တဲ့လူတစ်ယောက်က ဘယ်လိုစောင့်ဖို့အရည်အချင်းရှိမှာလဲ။” လင်ဒါက ရုတ်တရက်ထပြောလိုက်တယ်။ ကံမကောင်းတာက ကားဝင်ဖို့ စင်္ကြန်တံခါးမကြီးကိုဖွင့်ပေးဖို့အတွက် ကင်းတဲထဲကနေ သော့ယူပြီးထွက်လာတဲ့ စကော်ပီယိုကို ကျောချမ်းသွားစေတယ်။
စကော်ပီယိုက ချက်ချင်းပဲ သူ့ကိုယ်သူဖက်ထားရင်းနဲ့ ပြောလိုက်တယ်။ “သေ... သေချာပေါက် ကျောင်းအစောင့်တပ်ခေါင်းဆောင်ရာထူးနဲ့ကိုက်အောင် လေ့ကျင့်ထားတာမလို့ တကယ် S rank ရောက်နေပါပြီနော်။”
မက်ဒါနာက ထပ်အကဲခတ်ကြည့်တော့ ပြီးပြည့်စုံတဲ့လူလုပ်မြူတန့်ဖြစ်သွားပြီဖြစ်တဲ့ စကော်ပီယိုဟာ ဒဏ်ရာတွေအားလုံးပြန်ကောင်းသွားပြီး အဆင့်တက်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်တယ်။
မက်ဒါနာကတော့ ရုတ်တရက်နေရင်း ကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ပြုံးလိုက်မိပါတယ်။ ‘ဟဲဟဲ... သူများကျောင်းတွေ S rank အဆင့် ကျောင်းသားတစ်ယောက် မွေးထုတ်နိုင်ဖို့ကြိုးစားနေတဲ့အချိန် ငါတို့ကျောင်းက S rankတစ်ယောက်ကို တံခါးစောင့်အဖြစ် အလုပ်ခန့်ထားနိုင်တာပဲ။’
ဒါပေမဲ့ ခနနေတော့ မူမမှန်တာတစ်ခုကို တွေးမိပြီးတော့ မက်၊ လယ်ရီ၊ မိုးတို့ကို ထက်ကြည့်လိုက်ပါတယ်။ “နေပါဦး၊ နင်တို့သုံးယောက်ပြောတော့ အရင်ပိုးကောင်ဘုရင်မကို နင်တို့သတ်ပစ်လိုက်တာဆို။ ဒီအဆင့်လောက်နဲ့ဆိုရင် နင်တို့ပိုးကောင်ခေါင်းဆောင်တစ်ယောက်နဲ့တွေ့ရင်တောင် မနည်းခံချရမှာပဲ။”
ဒီတော့မှ အမြွှာတွေဖြစ်တဲ့ မက်၊ လယ်ရီ၊ မိုးတို့က ရယ်ကျဲကျဲနဲ့ ရှင်းပြပါတယ်။ “ကျွန်တော်တို့ ပထမတစ်ခါပြောကတည်းက ဘုရင်မကို ဂြိုဟ်ဖျက်အမြောက်နဲ့ပစ်မိတယ်လို့ ပြောထားတာလေ။ တိတိကျကျပြောရရင်တော့ အဲဒါကြီးက ဂြိုဟ်ရံလတစ်ခုစာရှိတဲ့ ပိုးစုန်းကြူးဗိုလ်ချုပ်အကြီးကြီးဗျ။ ကျွန်တော်တို့က သူ့အပေါ်ကိုတက်ပြီး ထိန်းကြောင်းပစ်ခတ်ရတာ။”
“ပိုးစုန်းကြူးအမြောက်၊ ပြီးရင် နင်တို့သိထားသမျှ ငါ့ကိုအစီရင်ခံဖိုလုပ်ကြ။” ဖလေရာက ပိုးစုန်းကြူးအမြောက်တွေကို တန်ပြန်ဖို့လုပ်နေတဲ့အကြောင်း သတိရမိတော့ မက်ဒါနာက ပိုးဟပ်သုံးကောင်ကို အမိန့်ပေးလိုက်တယ်။ သူတို့က ချက်ချင်းသဘောတူလိုက်တယ်။
အဲဒီနောက်တော့ ကျောင်းဝင်းတံခါးပွင့်သွားပြီးတော့ အယ်လိုဟင်က ကားဝင်ထိုးတယ်။ လီဆာကတော့ ချက်ချင်းဆိုသလိုပဲ စကော်ပီယိုကိုပြေးဖက်ပြီး မက်ဒါနာကို လက်ယမ်းပြတယ်။
“မေမေတို့ရေ၊ သမီး မမစကော်ပီယိုနဲ့ တစ်မြို့တစ်ပတ်လျှောက်လည်လိုက်ဦးမယ်။”
“အင်း၊ သမီးလေး။ ညဖက်နောက်မကျခင် ပြန်လာခဲ့နော်။” လင်ဒါက လင်ဒါတစ်ယောက် ပြန်ရောက်တာနဲ့စကော်ပီယိုနဲ့လျှောက်သွားဖို့လုပ်နေတာတွေ့တော့ လက်ပြန်ယမ်းပြပြီး ပြုံးခွင့်ပြုတယ်။ မက်ဒါနာကတော့ မည်းမှောင်နေတဲ့ အကြည့်တွေနဲ့ လင်ဒါကိုကြည့်လိုက်လေရဲ့။
“လင်ဒါရေ၊ လီဆာက ဆယ်ကျော်သက်ပဲရှိသေးတာနော်။ တခြားကောင်မလေးတစ်ယောက်နဲ့ လျှောက်သွားခွင့်ပေးလို့ စိတ်ချရပါ့မလား။”
လင်ဒါကလည်း မက်ဒါနာကို မျက်စောင်းထိုး ပြန်ကြည့်ပြီးခွန်းတုံ့ပြန်တယ်။ “အို၊ ရှင်ကလည်း မသိရင် သမီးလင်နောက်လိုက်ပြေးသွားမှာစိုးလို့ အိမ်ထဲက အိမ်ပြင်အထွက်မခံတဲ့ အဖေအိုကြီးကျလို့။ လီဆာနဲ့စကော်ပီယိုက ကျွန်မတို့ လီဆာကိုမမွေးစားခင်ကတည်းက ညီအစ်မလိုနေလာကြတာလေ၊ ဘာစိတ်ပူစရာရှိလို့လဲ။”
မက်ဒါနာကတော့ သူ့ကိုလက်ပိုက်ပြီး အပြစ်ပြောနေတဲ့ လင်ဒါကြောင့် နည်းနည်းရှက်သွားတယ်။ သူတို့စကားပြောနေတုန်း လီဆာတို့ကတော့ တစ်ယောက်လက်တစ်ယောက်ချိတ်ပြီး နေရာကနေ အလစ်ထွက်ပြေးကုန်ကြပြီ။
ဖရာလီတာကတော့ ကျောင်းဝင်းထဲဝင်ဖို့ ပြင်နေတဲ့ပုံရှိပြီး နောက်ပြန်လှည့်ကြည့်ကာ မက်ဒါနာတို့နှစ်ယောက်ကို လှမ်းပြောတယ်။
“ဝေး၊ နင်တို့နှစ်ယောက်။ ကျောင်းထဲမဝင်တော့ဘဲ အပြင်မှာပဲရပ်ပြီး စကားပြောနေတော့မှာလား။”
မက်ဒါနာကလည်း ခေါင်းကုပ်ပြီး ဖရာလီတာကိုပြန်မေးပါတယ်။ “နေစမ်းပါဦး၊ နင်က ကားထဲမှာထိုင်ပြီးအယ်လိုဟင်နဲ့အတူ ပါသွားသင့်တာမဟုတ်ဘူးလား။”
ဖရာလီတာကလည်း မက်ဒါနာကို မသိရကောင်းလားဆိုတဲ့ပုံစံမျိုးနဲ့ စူးစူးဝါးဝါးစိုက်ကြည့်လိုက်ပါလေရော။ “နင်နဲ့လင်ဒါကို စိတ်မချလို့ ကားပေါ်ကနေ ဆင်းကျန်ခဲ့တာဟဲ့။”
မက်ဒါနာကတော့ နားမလည်တော့ဘူး။ သူ့ခေါင်းတစ်ခုလုံး အဝိုင်းလည်နေပြီ။ နောက်မှာ အထုပ်တွေဆွဲပြီး ငြိမ်ငြိမ်လေးရပ်နေတဲ့ အေမီကတော့ ပြုံးပြီးတော့ အခုလိုမျိုးရှင်းပြပါတယ်။
“သခင်မလေးနဲ့မမလေးလင်ဒါက သူ့ကိုချန်ထားပြီး သက်ကြီးစုံတွဲတွေလိုမျိုး စကားစမြည်ပြောနေတဲ့အတွက် မမလေးဖရာလီတာက စိတ်ဆိုးနေတာပါ။”
‘ဒီလိုလား’ မက်ဒါနာက နားလည်သွားတဲ့ပုံစံနဲ့ ဖရာလီတာကို ပြန်ကြည့်တော့ ဖရာလီတာက သည်းမခံနိုင်တော့တဲ့ပုံစံနဲ့ သူတို့ကိုကျောခိုင်း ပုတက်ပုတက်လျှောက်ရင်း သွားနှင့်လေရဲ့။
“အင်း၊ ကျောင်းထဲမှာ လုပ်စရာတွေရှိသေးတာပဲ။ ငါတို့လည်း ဝင်ကြရအောင်။”
...
မက်ဒါနာက ကျောင်းထဲရောက်တာနဲ့ စမ်းသပ်ခန်းကိုတန်းသွားတယ်။ ငွေရောင်စစ်သည်ဝတ်စုံက တိုက်ပွဲမှာ ဆိုးဆိုးဝါးဝါးပျက်စီးသွားတာကြောင့် ပြန်ပြင်ဖို့လိုပါတယ်။ ကားပေါ်မှာ ဖရာလီတာရှင်းပြထားလို့ လင်ဒါရဲ့ဝတ်စုံမှာ လက်နက်တွေအစားထိုးပေးဖို့ လိုနေမှန်းသိပြီးပြီ။ တစ်ပြိုင်နက်တည်းမှာပဲ အေမီအတွက်လည်း ဝတ်စုံကို နည်းနည်းပြင်ပေးဖို့ မက်ဒါနာဆုံးဖြတ်ထားတယ်။
“အယ်... နင်က ဘယ်လိုလုပ်ပြီး အပြင်ရောက်နေတာလဲ။”
ဒါပေမဲ့ တံခါးကိုဖွင့်လိုက်တော့ မျှော်လင့်မထားတဲ့ လူတစ်ယောက်ကို မက်ဒါနာတွေ့လိုက်ရတယ်။ အထူးပြုလုပ်ထားတဲ့ ရေခဲအခန်းလေးထဲမှာရှိနေရမယ့် ဖုတ်ကောင်မလေးက အခန်းထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားနေပြီးတော့ တံခါးပွင့်လာတာနဲ့ အေမီကိုပြေးဖက်တယ်။ ပြီးတော့ ပါးစပ်ကနေလဲ မသဲမကွဲပြောလိုက်သေးတယ်...
“ပါးပါး...”
“.....” ဒီလိုတုံ့ပြန်မှုကြောင့် မက်ဒါနာ အံ့ဩလွန်းလို့ ပစ်လဲတော့မလိုပဲ။ ရေခဲအခန်းလေးကို သွားကြည့်တော့လည်း သော့ကပျက်မနေဘူး။ အေမီကတော့ ကလေးမလေးခေါင်းကို ပွတ်ပေးနေရင်းကနေ ပြောလိုက်ပါတယ်။
“အခန်းထဲကနေပြီး ပေါ်တယ်အစွမ်းနဲ့ သူ့ဘာသာထွက်လာတယ်ထင်ပါတယ်၊ သခင်မလေး။”
မက်ဒါနာလည်း တစ်ချက်စဥ်းစားပြီးနောက် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလိုက်ပြီး ခေါင်းညိတ်တယ်။
ဖုတ်ကောင်မလေးရဲ့အခန်းငယ်လေးက သူ့အတွက်နေစရာသက်သက်ရဖို့ လုပ်ပေးထားရုံသက်သက်ပါ။ မြူတန့်စွမ်းအားအသုံးပြုမှုကို ပိတ်ပင်ထားတာမျိုးမရှိလို့ ဖုတ်ကောင်မလေးက သူ့ဘာသာကျောင်းထဲမှာ သွားလာနေနိုင်သေးတယ်။ တကယ်လို့ အလုံပိတ်ထားခဲ့ရင်လည်း လူမဆန်ရာကျလိမ့်မယ်။
“ပါ့ပါး...” ကလေးမလေးက နောက်တစ်ခါရေရွတ်လိုက်ပြီး အေမီကို ဖက်ထားရာကနေပြီး အေမီလက်ထဲက အနက်ရောင်သေတ္တာကို ပြေးကိုင်ပြီးခေါင်းလေးအပ်ထားတယ်။
ဒီတော့မှ မက်ဒါနာက ဖုတ်ကောင်မလေးကို လက်ညိုးထိုးပြီးတော့ ပြောလိုက်တယ်။ “မဟုတ်မှလွဲရော ဒီဟာမလေးက ယာမီရဲ့နှလုံးသားကို အာရုံခံမိပြီး ထွက်လာတာများလား။”
ဖရာလီတာကလည်း မက်ဒါနာပြောတာဖြစ်နိုင်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ အေမီက အတည်ပြုတယ်။ “သခင်မလေးတို့နှစ်ယောက်ရဲ့ခန့်မှန်းချက်က မှန်ပါတယ်။ ဒီကောင်မလေးက ကျွန်မဆီကနေ ယာမီရဲ့အငွေ့အသက်ကိုရလို့ စစချင်းလာဖက်ပေမဲ့ စေဘာစတိန်းဆီမှာ အဲဒီအငွေ့အသက်က ပိုများတာကြောင့် ပစ်မှတ်ပြောင်းသွားတာပါ။”
မက်ဒါနာက ပြောလိုက်တယ်။ “ဒီတော့ ဘာစကားမှမပြောတဲ့ ဖုတ်ကောင်မလေးမှာလည်း မိဘကိုမှတ်မိတဲ့စိတ်ဆိုတဲ့သဘောလား။”
ကလေးမလေးကတော့ အနက်ရောင်သေတ္တာကိုပွေ့ဖက်နေရင်းကနေ မျက်ရည်တွေကျလာပါပြီ။ မက်ဒါနာကတော့ သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက်မှ အကြံတစ်ခုရလာပြီး သူပြောတယ်။
“ငါတို့တွေ ယာမီရဲ့နှလုံးသားကို စေဘာစတိန်းထဲက ထုတ်ပြီးတော့ ဒီကောင်မလေးကို ပေးလိုက်ရင်ရော။”
ဖရာလီတာကတော့ မက်ဒါနာရဲ့စိတ်ကူးကို နားမလည်သေးဘူး။ “မက်ဒါနာ၊ အဲဒီလိုဆိုရင် အေမီက မြွေနဂါးပုံစံကို မသုံးနိုင်လောက်တော့ဘူးမဟုတ်လား။”
မက်ဒါနာကလည်း ခေါင်းညိတ်ပြတယ်။ ဒါပေမဲ့ ခေါင်းညိတ်ပြပြီးပြီးချင်းမှာပဲ ထပ်ခေါင်းခါပြပါတယ်။ “ဟုတ်လည်းဟုတ်တယ်၊ ဒါပေမဲ့ ဟုတ်လည်းမဟုတ်ဘူး။ ငါစဥ်းစားထားက ယာမီရဲ့နှလုံးသားစွမ်းအားကို တိုက်ရိုက်မသုံးဘဲ တစ်ဆင့်ခံသုံးဖို့ပဲ။”
အဲဒီနောက်တော့ မက်ဒါနာက စမ်းသပ်ခန်းထဲက ဟော်လိုဂရမ်ကွန်ပျူတာကိုဖွင့်ပြီး ဒီဇိုင်းတစ်ခုကို စဆွဲတယ်။ နာရီဝက်လောက်ကြာတော့ ဒီဇိုင်းကပြီးသွားတယ်။
“ငါ့အကြံက ဒီလို... ဖုတ်ကောင်မလေးမှာက ပေါ်တယ်စွမ်းအားရှိတယ်။ အရာဝတ္ထုတွေနဲ့ပစ္စည်းတွေကို နေရာပြောင်းရွှေ့ပေးနိုင်တဲ့စွမ်းအားပေါ့။ ဒီတော့ ယာမီ့နှလုံးက စွမ်းအားကိုလည်း ဒီကောင်မလေးက အေမီနဲ့စေဘာစတိန်းဆီကို လွှဲပြောင်းပေးနိုင်မှာပဲ။ ဒီအတွက်တော့ အေမီတို့ရဲ့ဝတ်စုံကို နည်းနည်းပြောင်းလဲမှုလုပ်ရမယ်။ နှစ်ဖက်လုံးမှာ စွမ်းအားကို လက်ခံနိုင် ဖြတ်ချနိုင်မယ့် ကိရိယာတစ်ခုရှိနေမယ်။”
ဖရာလီတာကလည်း မက်ဒါနာရဲ့ဝတ်စုံပုံစံသစ်ကို ကြည့်ပြီးတော့ သူ့ခေါင်းထဲမှာပေါ်လာတဲ့အတွေးကို ပြောလိုက်တယ်။ “နင်က မြွေနဂါးရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးကို ဖြတ်ချချင်တာလား။”
မက်ဒါနာက သဘောတူတော့အနေနဲ့ အင်းခနဲအသံပြုတယ်။ “အင်း၊ စောင့်ရှောက်သူသားရဲလေးကောင်မှာတောင် ဆိုးကျိုးရှိတယ်ဆိုတော့ ဖျက်ဆီးသူသားရဲမှာလည်းတစ်ခုရှိမှာပဲ။ အေမီနဲ့စေဘာစတိန်းက ဉာဏ်ရည်တုပေမဲ့ သူတို့ကိုနည်းမျိုးစုံနဲ့ ပြင်ပစွမ်းအားတွေက ထိန်းချုပ်နိုင်သေးတယ်။ ဒါပေမဲ့ ဇွန်ဘီမလေးကတော့ ယာမီနဲ့ဆင်တယ်လေ။ ယာမီကိုင်တွယ်နိုင်ရင် သူလည်းဒီဆိုးကျိုးကို ကိုင်တွယ်နိုင်လိမ့်မယ်။ အနည်းဆုံးတော့ အေမီထက်ပိုပြီးတော့ ဖြစ်နိုင်ခြေရှိတယ်။”
“ကောင်းပြီလေ၊ ငါကူလုပ်ပေးမယ်။” ဖရာလီတာက ပြောလိုက်တယ်။
“ဒါပေမဲ့ ဒီပြောင်းလဲမှုက အတော်ကြီးတဲ့ပြောင်းလဲမှုဆိုတော့ နည်းနည်းပဲပြင်ဖို့လိုမယ့် လင်ဒါရဲ့ဝတ်စုံကို အရင်ကြည့်ကြမလား။”
ဖရာလီတာကလည်း ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက်တော့ ဖရာလီတာနဲ့မက်ဒါနာက လင်ဒါရဲ့sheriffဝတ်စုံကို စပြီးသုံးသပ်ပါတယ်။ မက်ဒါနာက အသိအမှတ်ပြုတဲ့အနေနဲ့ ကြည့်နေရင်းကနေ ပြုံးလိုက်တယ်။
“ဒီဇိုင်းက တကယ့်ကိုအဆင့်မီတယ်။ နျူရေက အနာဂတ်မှာ နာမည်ကြီးဝတ်စုံဒီဇိုင်းပညာရှင် ဖြစ်လာနိုင်တယ်။ ဒိဝတ်စုံမှာ ငါတို့လုပ်ဖို့လိုတာဆိုလို့ လက်နက်တွေကို အဆင့်မီအောင်ပြုပြင်ပေးဖို့ပဲ။”
အဲဒီနောက်တော့ မက်ဒါနာက သူ့ဘေးမှာထိုင်နေတဲ့ လင်ဒါကိုကြည့်ပြီးတော့ ဂုဏ်ပြုလိုက်ပါတယ်။ “နင့်ဘာသာနင် ဘယ်လိုပုံစံမျိုးနဲ့သင့်တော်မလဲဆိုတာ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ငါ့ရဲ့ဒီဇိုင်းကို နင်ဆက်သုံးနေမယ်ဆိုရင် အခုလိုယုံကြည်ချက်အပြည့်နဲ့နင့်ကို ငါထက်မြင်နိုင်တော့မယ်မထင်ဘူး။”
လင်ဒါကလည်း မက်ဒါနာကို ပြန်ပြုံးပြလိုက်တယ်။ လင်ဒါက မက်ဒါနာရဲ့အသက်ကို တစ်ခါကယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ လင်ဒါက အဲဒီလောက်နဲ့ကျေနပ်နိုင်တဲ့သူမဟုတ်ဘူး။ အသက်ပေးကယ်ခဲ့တော့ရော ဘာလုပ်ရမှာလဲ။ နှစ်ယောက်လုံးအတူတူနေရမယ့်ဘဝလေးကို ကာကွယ်နိုင်တဲ့ စွမ်းအားမျိုးရှိမှ လင်ဒါက ကျေနပ်နိုင်မှာပါ။
“ဒါပေမဲ့ ငါကတော့ လုံလောက်တယ်လို့မထင်သေးဘူး။ အနည်းဆုံးနင့်လောက် အစွမ်းထက်နေမှ ငါကျေနပ်နိုင်မှာ။”
လင်ဒါက ထိုင်နေရင်းကနေ ခြေထောက်ကိုလွှဲနေရင်းကနေ သူ့ဆန္ဒကိုပြောတယ်။ မက်ဒါနာကတော့ ခေါင်းကုတ်လိုက်တယ်။ သူ့ရဲ့လက်ရှိစွမ်းအားက အယ်ဖာအထက်အဆင့်မှာပါ။ သူ့ကိုကောင်းကောင်းယှဥ်နိုင်တာဆိုလို့ ဘာရွန်နဲ့ရေဂင်ပဲရှိမှာ။ ဒါပေါ့၊ အသက်လုတိုက်ပွဲတွေမှာဆိုရင် ဘယ်သူက ဘယ်သူ့ကိုနိုင်မလဲ မပြောနိုင်ဘူး။ ရေဂင်နဲ့တိုက်ပွဲမှာဆိုရင်လည်း ပိုးကောင်ဗိုလ်ချုပ်နှစ်ကောင်ရောက်လာလို့ မက်ဒါနာသက်သာသွားတာပါ။
“ကြီးလိုက်တဲ့ ရည်မှန်းချက်၊ ဒါပေမဲ့ ငါကြိုက်တယ်။”
မက်ဒါနာတို့နှစ်ယောက်က ဖရာလီတာကို ဘေးမှာထားပြီးတော့ စကားကောင်းနေကြတဲ့အတွက် ဖရာလီတာ ဒေါသထွက်လာတယ်။ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ဖရာလီတာက ထိုင်နေရာကနေထ မတော်တဆယောင်ယောင်နဲ့ မက်ဒါနာရဲ့ခြေခုံကို သူဝတ်ထားတဲ့ ဒေါက်ဖိနပ်ခုံနဲ့နင်းချလိုက်ပါလေရောလား။
“အောင်မလေး... ဖရာလီတာ၊ နင်ဘာလုပ်တာတုန်း။”
မက်ဒါနာကကြည့်လိုက်တော့ ဖရာလီတာက ပါးကိုဖောင်းထားပြီး ဘာမှအမှားမလုပ်ထားတဲ့ပုံစုံမျိုးနဲ့ အကြည့်ကိုလွှဲလိုက်တယ်။ “မတော်တဆ နင်းမိတာပါ။ အချိန်ရှိတုန်း သူ့ဝတ်စုံကို အဆင့်မြှင့်ပေးကြတာပေါ့။ လီဆာပြန်ရောက်လာရင် ဆေးရုံသွားရဦးမှာမဟုတ်လား။”
မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး ဆက်အလုပ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ ဒီဇိုင်းအဆင့်ပြီးသွားပြီး မက်ဒါနာတို့က ဇက်သတ္တုလက်နက်တွေကို စသွန်းပါတယ်။ အားလုံးပြီးတဲ့နောက်တော့ မက်ဒါနာက လင်ဒါဆီကို ပစ္စည်းတွေတစ်ခုချင်းစီ ယူလာပြပါတယ်။
“ပထမဆုံးတစ်ခုကတော့ နင်တိုက်ပွဲဝင်တိုင်း ခံစစ်အတွက်အသုံးပြုရမယ့်ဒိုင်းပဲ။ ဒီဇိုင်းကတော့ အတူတူပဲပိုပေမဲ့ ပိုလေးပြီးပိုခိုင်တဲ့အတွက် အားနဲ့လွှဲပြီးရန်သူကို ရိုက်တာတို့ဘာတို့ပါလုပ်လို့ရမယ်။”
မက်ဒါနာက ဒိုင်းအလေးကြီးကို စားပွဲပေါ်တင်ထားရာကနေ ထောင်လိုက်တယ်။ မတာမဟုတ်ဘဲ ထောင်တာတောင်မှ တော်တော်ခက်ပါတယ်။ ဒါကြောင့်လင်ဒါကလည်း Sheriffဝတ်စုံကို ခေါင်းစွပ်မပါဘဲဝတ်လိုက်ပြီးတော့ ဒိုင်းကို ဆွဲမလိုက်တယ်။
“နည်းပညာဝတ်စုံနဲ့တောင်မှ တော်တော်လေးနေတုန်းပဲ။” လင်ဒါကပြောတော့ ဖရာလီတာက ရှင်းပြတယ်။
“မက်ဒါနာက နင့်ဒိုင်းကို တော်ရုံတိုက်ခိုက်မှုတွေခံရရုံနဲ့ မပျက်စီးအောင်လို့ ဇက်သတ္တုရှစ်ပေါင်နီးပါးသုံးပြီး လုပ်ပေးထားတာ။ အယ်ဖာအဆင့်အောက်က လက်နက်တွေကို နင်ကြောက်စရာမလိုတော့ဘူး။”
မက်ဒါနာက ဖရာလီတာကို လစ်လျူရှုထားပြီးတော့
လျှပ်စီးလက်ကိုင်တုတ်ကို လင်ဒါလက်ထဲ လာထည့်ပေးတယ်။
“ဒီတစ်ခုကတော့ တော်တော်ရိုးရှင်းပါတယ်။ လျှပ်စီးဗို့စ်ကို S အဆင့်မြူတန့်သားရဲတွေကို သတ်နိုင်တဲ့အထိ မြှင့်ပေးထားတယ်။ စွမ်းအင်စားလွန်းလို့ သီးသန့်ဗဟိုချက်တစ်ခုထည့်ပေးထားတယ်။”
နောက်တော့ မက်ဒါနာက နောက်ဆုံးကျန်တဲ့တစ်ခုဆီကို လက်ရောက်သွားတယ်။ ဖရာလီတာကတော့ အဲဒီလက်နက်ကို ကိုယ်တိုင်သုံးချင်နေတဲ့မျက်နှာနဲ့ ကြည့်နေပေမဲ့ ဒီလက်နက်က လင်ဒါအတွက်သီးသန့်ပါ။ မက်ဒါနာကိုယ်တိုင်လည်း ဒီလက်နက်ကို အလေးအနက်ထားတဲ့ပုံစံနဲ့ လက်နှစ်ဖက်နဲ့သေချာကိုင်ပြီးတော့ ပြောလိုက်တယ်။
“Sheriffဝတ်စုံမှာသုံးရမယ့် Viper oneပဲ။ ဇက်သတ္တုကျည်နဲ့အလင်းဒြပ်စင်စနစ်ကို ပေါင်းစပ်သုံးထားတဲ့ မျိုးစပ်ကျည်ကာဖောက်သေနတ်ပဲ။ ပုံမှန်အားဖြင့် အလင်းဒြပ်စင်သေနတ်တွေက ထွင်းဖောက်အားနဲ့အပူရှိန်မြင့်ပေမဲ့ သက်ရောက်အားတော့သိပ်မမြင့်ဘူး။ ဒီလက်နက်ကတော့ သက်ရောက်အားကို ပြင်းထန်အောင်လို့ အဓိကလုပ်ထားတာ။”
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ခြောက်လုံးပြူးကျည်အိမ်ကို ဆွဲဖြန့်တယ်။ အထဲမှာပြာလဲ့လဲ့တောက်ပနေတဲ့ကျည်တွေကို တွေ့ရတယ်။ ကျည်ဆန်ထိပ်ဖူးကတော့ ဇက်သတ္တုပီသစွာပဲ ငွေရောင်တောက်နေပါတယ်။
“ဒီကျည်တွေမှာက ယမ်းအစား အလင်းဒြပ်စင်ကိုသိုလှောင်ထားတဲ့ သလင်းကျောက်မှုန်တွေကိုသုံးထားတာ။ သေနတ်မောင်းကိုဆွဲလိုက်တိုင်း အဲဒီကျောက်မှုန်တွေက ယမ်းထက်ပိုပြင်းတဲ့အားနဲ့ပေါက်ကွဲပြီး ဇက်သတ္တုကျည်ကို တွန်းလွှတ်လိမ့်မယ်။ ပြန်ကန်အားကကောင်းပေမဲ့ ဒီကျည်တွေနဲ့ အနီးကပ်ပစ်မယ်ဆိုရင် ငါ့ရဲ့ငွေရောင်စစ်သည်ဝတ်စုံကိုပဲဖြစ်ဖြစ် ဖရာလီတာရဲ့Archmegaကိုပဲဖြစ်ဖြစ် ပေါက်အောင်ပစ်နိုင်တယ်။”
လင်ဒါက လက်ကိုင်တုတ်ကို ခါးမှာချိတ်လိုက်ပြီးတဲ့နောက် သေနတ်ကို လက်ထဲမှာကိုင်လိုက်တယ်။ ကိုင်ထားရုံနဲ့တင် သေနတ်ရဲ့စွမ်းအားကို သူခံစားမိနေပါတယ်။
“ဒီလိုဆိုရင် ငါ့ဝတ်စုံက ခံစစ်ရောတိုက်စစ်ပါမျှတဲ့ ပြိုင်ဖက်ကင်းဝတ်စုံတစ်ခု ဖြစ်လာတော့မှာမဟုတိလား။”
မက်ဒါနာက ခေါင်းညိတ်ပြတယ်။ နောက်ကနေ လက်ပိုက်ကြည့်နေတဲ့ ဖရာလီတာကတော့ ခုလိုသတိပေးတယ်။
“ဒါပေမဲ့ အားနည်းချက်မရှိတာတော့ မဟုတ်ဘူးနော်။ အဲဒီကျည်ဆန်တစ်တောင့်က ဒေါ်လာတစ်သန်းတန်တယ်။ ကုန်ကြမ်းတွေက အလကားရတယ်မှတ်လို့လား။ နင်မစဥ်းစားမဆင်ခြင်ဘဲပစ်ရင် မစ်ရှင်တစ်ဖွဲ့လုံး ဆန်ပြုတ်သောက်နေရလိမ့်မယ်။”