← Chapters

ခွဲစိတ်ခြင်း

Vol. 8 Ch. 27

ခွဲစိတ်ခြင်း

Vol. 8 Ch. 27

လင်ဒါရဲ့ဝတ်စုံကို စမ်းသပ်ပြီးတဲ့နောက်တော့ မက်ဒါနာက အေမီရဲ့ဝတ်စုံကိုပါ တစ်ပါတည်းစဥ်းစားတယ်။ မက်ဒါနာက ဒီဇိုင်းကိုပြန်သုံးသပ်နေရင်းကနေ အေမီကိုကြည့်ပြီး မေးလိုက်တယ်။

“အေမီ၊ နင့်ရဲ့ဓားနှစ်လက်က အခုအဆင့်မှာ အဲဒီလောက် အသုံးမဝင်တော့ဘူးမဟုတ်လား။ တခြားလက်နက်တစ်ခုခု စဥ်းစားထားတာမျိုးရှိလား။”

အေမီရဲ့စစ်နတ်သမီးဝတ်စုံက ဓားနှစ်လက်နဲ့ရိုင်ဖယ်က အေမီအဆင့်မြင့်လာလေ အသုံးမဝင်တော့လေပါပဲ။ အေမီကလည်း ခေါင်းညိတ်ပြလိုက်တယ်။

“ဟုတ်၊ အရင်တစ်ခါက သုံးခဲ့သလိုမျိုး တံစဥ်ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။”

အေမီအသုံးပြုခဲ့တဲ့ တံစဥ်က မြွေနဂါးရဲ့အရိပ်ထဲကနေ ဆင့်ခေါ်ထားတာဖြစ်ပြီး အကောင်အထည်မရှိပါဘူး။ ပြီးတော့ အေမီအနေနဲ့ အဲဒီလက်နက်ကို အနူးဘစ်ပုံပြောင်းထားမှပဲ အသုံးပြုနိုင်တာပါ။

“အင်း၊ နင့်အတွက် တံစဥ်တစ်လက်ဖန်တီးပေးရင်လည်း မဆိုးဘူးပဲ။ ဓားနှစ်လက်ထက် ပိုအားပါပြီး ဖျက်ဆီးအားကောင်းမယ်လို့ ခံစားနေရတယ်။”

မက်ဒါနာက အေမီအတွက်လည်း လက်နက်အသစ် ဖန်တီးပေးမယ်လို့ပြောတော့ အေမီက ပြုံးလိုက်ပါတယ်။ ခနနေတော့ သူတို့စမ်းသပ်ခန်းတံခါးပွင့်သွားပြီး လီဆာတို့ဝင်လာတယ်။ လက်ထဲမှာလည်း မုန့်တွေအများကြီးနဲ့ ပန်းစည်းတစ်ခုပါလာတယ်။

“ကျောင်းကနေ ပြန်လည်ကြိုဆိုပါတယ် သခင်မလေးတို့။” အေမီက အိမ်စေဂါဝန်အနားကိုဆုပ်ကိုင်ပြီး လီဆာနဲ့စကော်ပီယိုတို့ကို ဦးညွှတ်လိုက်တယ်။ မက်ဒါနာက သူတို့ဝယ်ထားတာတွေကို မေးခွန်းထုတ်တဲ့ပုံစံနဲ့ ကြည့်လိုက်တော့ လီဆာက ပြုံးပြုံးနဲ့ပဲရှင်းပြပါတယ်။

“သမီးတို့က လူနာကြည့်သွားမှာမဟုတ်လား၊ ဒါကြောင့် လက်ဆောင်လေးဘာလေး ယူသွားရင်ကောင်းမလားလို့ တွေးမိလို့ပါ။”

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ တကယ်လိုအပ်လာရင် နှလုံးသွေးကြောကို ထုတ်ပေးရမှာဆိုပေမဲ့ လီဆာက ကြောက်ရွံနေတဲ့ပုံစံမျိုး မရှိတော့ပါဘူး။ မက်ဒါနာက ဖရာလီတာကို မေးငေါ့ပြတယ်။ သူတို့လူနာသွားတွေ့ဖို့အတွက် အချိန်ကျပါပြီ။

....

မကြာခင်မှာပဲ သူတို့တွေက မဟာမိတ်အဓိကဆေးရုံအလယ်မှာရှိတဲ့ သီးခြားလူနာခန်းထဲကို ရောက်လာကြပါတယ်။ ဖန်လုံခန်းထဲဝင်လိုက်တော့ အရင်တစ်ခါကလိုပဲ သစ်ပင်ပန်းပင်တွေရှိနေတုန်းပါပဲ။ တစ်ခုထူးခြားနေတာဆိုလို့ ဖရန့်က ဆေးရုံကုတင်ပေါ်မှာ ရှိမနေတော့ဘဲ မြေပြင်ပေါ်မှာပါ။

ပန်းသီးလေးက ဖရန့်ကို သူ့ပေါင်ပေါ်မှာခေါင်းဆုံးစေပြီး မျက်နှာကဆံစတွေကို ပွတ်သပ်ပေးနေပါတယ်။

“ပန်းသီးလေး၊ အခြေအနေဘယ်လိုလဲ။” မက်ဒါနာက မေးလိုက်တော့ ပန်းသီးလေးက မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးတွေနဲ့မော့ကြည့်ပါတယ်။

“အစောပိုင်းက သူယောင်ပြီး ကျောင်းက အကြောင်းတွေပြောနေသေးတယ်။ ဒါကြောင့် ပန်းသီးလေးက သူ့ကိုအနားပေးထားတာ။”

ပန်းသီးလေးက ခါတိုင်းလိုပဲ တခြားလူတစ်ယောက်ရဲ့ရှုထောင့်ကနေပြီး စကားပြောနေတုန်းပဲ။ ဖရန့်ကိုကြည့်လိုက်တော့ အရင်တစ်ခေါက်လာတုန်းကထက် အများကြီးပိန်ကျသွားပြီ။ နားထင်သွေးကြောတွေထဲမှာ အဆိပ်တွေက လှုပ်ရှားနေတုန်းပဲ။ ပြီးတော့ ဘာရွန်ရဲ့အဆိပ်သက်ရောက်မှုက ပိုပြင်းထန်လာပုံပဲ။

“သူ့ကိုနှိုးဖို့အတွက် ဝိညာဥ်စွမ်းအား ဘယ်လောက်လိုမယ်ထင်လဲ။” မက်ဒါနာက သူကူညီနိုင်မလားသိချင်လို့ မေးလိုက်တော့ ပန်းသီးလေးက ခေါင်းခါပြပါတယ်။

“ပန်းသီးလေးအနေနဲ့ တစ်ကမ္ဘာလုံးက ဝိညာဥ်စွမ်းအားတွေကိုရရင်တောင် သူ့ကိုမကယ်နိုင်တော့ဘူး။”

အဲဒီနောက်တော့ ပန်းသီးလေးရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာတယ်။ အေမီကတော့ ဖရန့်ကို ကြည့်ရှုသုံးသပ်လိုက်ပြီး မက်ဒါနာကို အခြေအနေရှင်းပြလေရဲ့။

“မမလေး၊ ကျွန်မတို့က ဝိညာဥ်စွမ်းအားကိုသုံးပြီး လိပ်နက်ကိုနှိုးဖို့ကြိုးစားပြီးပါပြီ။ အဲဒီနည်းလမ်းက လိပ်နက်ကိုအားပြည့်လာစေပြီး နိုးထလာစေတာအမှန်ပဲ။ ဒါပေမဲ့ ဘာရွန်ရဲ့အဆိပ်က လိပ်နက်နိုးလာတိုင်း ပြန်တိုက်ထုတ်တာကြောင့် အကြိမ်တိုင်းမှာ လိပ်နက်က ပိုအားနည်းလာတယ်။ စစ်မြေပြင်ဖြစ်တဲ့

ဖရန့်ရဲ့ခန္ဓာကိုယ်ကလည်း ပြိုပျက်ဖို့ပိုနီးကပ်လာတယ်။”

လက်ရှိအခြေအနေက ပန်းသီးလေးပြောသလိုမျိုးပဲ မျှော်လင့်ချက်ကင်းမဲ့နေပါပြီ။ လီဆာကတော့ ရှေ့ထွက်လာပြီး ပန်းသီးလေးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။ အဲဒီနောက်တော့ သူကိုင်ထားတဲ့ ပန်းစည်းကို ပန်းသီးလေးလက်ထဲ ထည့်ပေးလိုက်ပါလေရော။

“သိပ်တန်ဖိုးကြီးတဲ့ပန်းမဟုတ်ပေမဲ့ သစ်ခွပန်းဖြူပါ။ လူနာတွေဘေးမှာထားရင် ပိုပြီးမြန်မြန်ကျန်းမာလာစေနိုင်တယ်လို့ အွန်လိုင်းမှာပြောတာတွေ့လို့ ဝယ်လာတာလေ။”

ပန်းသီးလေးက လီဆာကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ အဲဒီနောက်တော့ ခပ်ဖွဖွပြုံးလိုက်ပြီး ပြန်ဖြေပါတယ်။

“ကျေးဇူးပါ။” နောက်တော့ ပန်းသီးလေးက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပန်းစည်းထဲက ပန်းပင်တွေကို ဆွဲယူလိုက်တယ်။ အဲဒီနောက်တော့ လေပေါ်ကိုမြောက်ကာ ဖြန့်ကျဲလိုက်ပါလေရော။ ပန်းပင်တွေက လေထုထဲမှာတင် ပျောက်ကွယ်သွားပြီး ပန်းသီးလေးဖန်တီးထားတဲ့ သစ်တောနယ်မြေထဲမှာ အဖြူရောင်သစ်ခွပန်းပင်တွေအများကြီး ပွင့်လာပါတယ်။

“တကယ်လို့ သစ်ခွဖြူတွေကသာ ဖရန့်ကိုပြန်ကောင်းအောင် လုပ်နိုင်မယ်ဆိုရင် ပန်းသီးလေးက သူ့အခန်းပြည့်စိုက်ပေးထားမယ်။”

ပန်းသီးလေးပြောနေရင်းကနေ သူ့ရဲ့အစိမ်းရောင်သစ်နွယ်ဆံပင်တွေမှာပါ သစ်ခွပန်းဖူးတွေပန်းပွင့်လေးတွေ ပွင့်လာတယ်။ သူ့မျက်လုံးတွေက ပိုတောင်ပလာပြီး အရင်ကထက် ပိုပျော်ရွှင်လာသလိုပဲ။

“လီဆာက အကောင်းဆုံးကူညီပေးမှာမလို့ မစိုးရိမ်ပါနဲ့တော့။” လီဆာက ပန်းသီးလေးပခုံးကိုပုတ်ပေး နှစ်သိမ့်ပြီးတဲ့နောက်တော့ မက်ဒါနာကို မျက်နှာချင်းဆိုင်လိုက်ပါတယ်။

“အမေ၊ သမီးနှလုံးသွေးကြောကိိုထုတ်ဖို့ နည်းလမ်းရှာတော့။” လီဆာက ဆုံးဖြတ်ချက်ပြတ်သားတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်တာပါ။ တခြားနည်းလမ်းလည်းမရှိတော့တဲ့အတွက် မက်ဒါနာက သက်ပြင်းချလိုက်တယ်။ သူတို့တွေအနေနဲ့ အတတ်နိုင်ဆုံး လီဆာအသက်အန္တရာယ်မရှိအောင် ကြိုးစားဖို့ပဲ ကျန်ပါတော့တယ်။

...

အဲဒီနောက်တော့ သူတို့တွေစပြီးအလုပ်လုပ်ကြတယ်။ ခွဲစိတ်ခန်းဆရာဝန်တွေကို နှလုံးသွေးကြောကို ထုတ်ရမယ့်အကြောင်းပြောတော့ အကုန်လုံးက မက်ဒါနာတို့ကို ရူးနေပြီလို့ထင်ကြတာပဲ။

လုပ်ရမယ့်အစီအစဥ်ကတော့ အပြင်းအထန် နှလုံးသွေးလွှတ်ကြောကျဥ်းတဲ့သူတွေ၊ ပိတ်တဲ့သူတွေကို ကုသတဲ့ CABG နည်းနဲ့ဆင်တူတယ်။ ဒါပေမဲ့ လီဆာအတွက်မတူတာက ဆရာဝန်တွေက ကောင်းနေတဲ့ သွေးကြောတစ်ခုကို ဖြတ်တောက်ထုတ်ရမှာပါ။

CABG မှာက မကောင်းတဲ့သွေးကြောအပိုင်းကိုကျော်ပြီး သွေးစီးဆင်းနိုင်ဖို့အတွက် တခြားခန္ဓာကိုယ်အစိတ်အပိုင်းက သွေးကြောတစ်ခုကိုယူပြီး မကောင်းတဲ့သွေးကြောအစားသုံးတာပါ။ မကောင်းတဲ့သွေးကြောကို ဖြတ်ပစ်စရာမလိုဘူး။ အဲဒီအစား သွယ်ဝိုက်ပြီးသွေးစီးဆင်းနိုင်မယ့် လမ်းတစ်ခုကို ဖန်တီးပေးလိုက်ရုံပဲ။ ဒါပေမဲ့ လီဆာကတော့ သွေးကြောကိုဖြတ်ထုတ်ပေးဖို့လိုပြီး ပိုအန္တရာယ်များတယ်။ ဖြတ်လိုက်တဲ့အခါမှာ အဲဒီသွေးကြောပေါက်တွေကနေ နှလုံးသွေးတွေပန်းထွက်လာမှာဖြစ်လို့ သွေးကြောပေါက်ကို အချိန်မီမပိတ်နိုင်ရင် လီဆာအတွက် အသက်အန္တရာယ်ရှိတယ်။

“ဒီကောင်မလေးက မြူတန့်တစ်ယောက်ဖြစ်နေပြီး ပြန်လည်ကုစားနိုင်စွမ်း မြင့်မားတယ်ဆိုရင်တောင်မှ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သူ့အသက်ကိုဆုံးရှုံးရနိုင်တယ်။ ရှင်တို့တကယ်လုပ်မှာ သေချာပြီလား။”

မက်ဒါနာက လီဆာရဲ့လက်ကို ဆုပ်ကိုင်ထားမိတယ်။ လီဆာက စိတ်ရှုပ်ရှားနေပေမဲ့ ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက်တော့ ဆေးရုံကဆရာဝန်တွေက လီဆာရဲ့ခွဲစိတ်မှုကိုလုပ်ဆောင်ဖို့ စတင်ပြင်ဆင်ကြတယ်။

...

ဖရန့်ကိုကယ်ဖို့အတွက် တစ်ပတ်ပဲ သူတို့မှာအချိန်ရှိတော့တယ်။ ခွဲစိတ်ခန်းထဲမဝင်ရခင် ကျန်နေတဲ့ရက်တွေမှာတော့ လီဆာက ဆေးရုံမှာပဲနေပြီးတော့ ပန်းသီးလေးကို သွားတွေ့လေ့ရှိတယ်။ သူတို့နှစ်ယောက်က တဖြည်းဖြည်းနဲ့ ပိုပြီးရင်းနှီးလာကြတယ်။

ပုံမှန်လိုမနေနိုင်တာကတော့ မက်ဒါနာပါ။ လုပ်ငန်းစဥ်ကို သူနားလည်ဖို့ ကြိုးစားလေ့လာလေလေ ပိုပြီးထိတ်လန့်လာလေလေပဲ။ ခွဲစိတ်ခန်းဆရာဝန်တွေကို ကူညီဖို့အတွက် ဉာဏ်ရည်တုစက်ရုပ်တွေရှိနေတဲ့ ခုခေတ်မှာ သာမန်နှလုံးသွေးကြောအစားထိုး ကုသနည်းစနစ်ရဲ့အောင်မြင်မှုက ကိုးဆယ်ရာခိုင်နှုန်းရှိပေမဲ့ လီဆာကိုစိတ်မချနိုင်ဘူး။ လီဆာလုပ်ရမှာက သာမန်နှလုံးသွေးကြောအစားထိုးတာမျိုးမဟုတ်ပါဘူး။

မက်ဒါနာက ဖရန့်ရဲ့လူနာခန်းထဲမှာရှိနေပြီးတော့ ပန်းတွေအကြောင်းအတူပြောနေတဲ့ လီဆာနဲ့ပန်းသီးလေးကို ကြည့်နေမိတယ်။ အတော်ကြာတော့ အေမီက ဆရာဝန်တွေနဲ့အတူ အခန်းထဲဝင်လာပြီးတော့ လီဆာကို သတိပေးတယ်။

“မမလေးလီဆာ၊ နှလုံးဓာတ်မှန်ရိုက်ဖို့ အချိန်ရောက်လာပါပြီ။”

လီဆာက အေမီကိုလှည့်ကြည့်တယ်။ နောက်တော့ သက်ပြင်းချလိုက်ပြီး ပန်းသီးလေးကိုနှုတ်ဆက်ကာ ဆရာဝန်တွေနဲ့အတူလိုက်သွားတယ်။ မက်ဒါနာကလည်း နောက်ကနေလိုက်ပြီးတော့ လီဆာကို ECG ရိုက်နေတာကြည့်တယ်။ လီဆာရဲ့နှလုံးသားက သာမန်ထက်ကို ပိုကျန်းမာတယ်။ ဒါပေမဲ့ ခွဲစိတ်မှုအကြောင်းတွေးမိတော့ နဂါးပြာက လီဆာရဲ့အသက်ကို အာမခံနိုင်ပါစေလို့ပဲ မက်ဒါနာဆုတောင်းနိုင်တော့တယ်။

...

ခွဲစိတ်ခန်းဝင်ရမယ့်အချိန်ရောက်လာပြီ။

မက်ဒါနာ၊ ဖရာလီတာ၊ လင်ဒါနဲ့ အေမီတို့က ခွဲစိတ်ခန်းအဝင်ဝမှာ ရပ်နေကြရင်းနဲ့လီဆာကို ကြည့်လိုက်တယ်။ လီဆာကတော့ စွန့်စားဖို့အသင့်ဖြစ်နေပြီဖြစ်ပြိး မက်ဒါနာနဲ့လင်ဒါတို့ကို တစ်လှည့်စီဖက်လိုက်ပါတယ်။

“မေမေတို့ စိတ်မပူကြပါနဲ့၊ သမီးက သန်မာပါတယ်။နဂါးပေါက်လေးတစ်ကောင် မွေးထားတာပဲဥစ္စာကို။”

လီဆာက သူတို့ကိုစိတ်မပူဖို့ပြောပြီးတော့ ဆရာဝန်တွေနဲ့အတူ ခွဲစိတ်ခန်းခဲကို သူ့ဘာသာလျှောက်ဝင်သွားတယ်။ လီဆာက လူနာတစ်ယောက်မဟုတ်ဘူးလေ။ အထဲရောက်တော့ ဆရာဝန်တွေက လီဆာကို ခွဲစိတ်ခန်းကုတင်ပေါ်တင်ပြီး မေ့ဆေးပေးလိုက်ကြတယ်။ ဒီခွဲစိတ်မှုကို လူလုံးဝမေ့နေတဲ့အချိန်မှာမှ လုပ်နိုင်တာပါ။

အထူးတောင်းဆိုထားခဲ့တာမလို့ ဒီခွဲစိတ်မှုကိုတစ်ဖက်မြင်မှန်ရဲ့တစ်ဖက်မှာ လုပ်နေကြတာပါ။ ဒီလိုနဲ့ မက်ဒါနာတို့က အခြေအနေကို တိုက်ရိုက်မြင်နေရတယ်။ လင်ဒါကတော့ စိတ်လှုပ်ရှားနေတဲ့အတွက်ကြောင့် သူ့ဘေးမှာထိုင်နေတဲ့ မက်ဒါနာရဲ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ ဖရာလီတာကတော့ သူတို့မျက်နှာချင်းဆိုင်ကခုံမှာ လက်ပိုက် ပေါင်ကိုချိတ်ပြီးထိုင်နေတယ်။

ဖရာလီတာက ဒီကိစ္စနဲ့ပတ်သက်ပြီး မစိုးရိမ်သလိုမျိုး ဟန်ဆောင်နေပေမဲ့ သူ့မျက်လုံးထဲမှာ ထင်ဟပ် ကြောက်ရွံမှုအရိပ်အယောင်တွေကိုတော့ ဖုံးဖိမရနိုင်ခဲ့ဘူး။ အေမီကတော့ အသင့်အနေအထားနဲ့ စင်္ကြံလမ်းပေါ်မှာ ရပ်နေပြီးတော့ အထဲကအခြေအနေတွေကို စောင့်ကြည့်နေပါတယ်။

လီဆာသတိကောင်းကောင်းမေ့သွားတဲ့နောက်မှာတော့ ဆရာဝန်တွေက ခွဲဆိတ်မှုစပါတယ်။ သူတို့က လီဆာရဲ့နှလုံးကို ခတ္တရပ်သွားအောင်လုပ်ပြီး စက်နှလုံးကို အစားတပ်လိုက်တယ်။ ခွဲစိတ်မှုလုပ်နေတဲ့အချိန်မှာ နှလုံးခုန်နေလို့မဖြစ်ပါဘူး။ နောက်တော့ သူတို့က လီဆာရဲ့ဒူးခေါင်းတွင်းကနေ ထုတ်ထားတဲ့ ပင်မသွေးကြောတစ်ခုကိုယူပြီး လီဆာရဲ့ဖြတ်ယူမယ့် နှလုံးသွေးကြောအပေါ်မှာ စတင်တပ်ဆင်ပါတယ်။ အဲဒီအစားထိုးသွေးကြောက လီဆာရဲ့သွေးကြောအစစ်အစား သွေးတွေကို ပို့ဆောင်ပေးနေမှာပါ။

ဉာဏ်ရည်တုစနစ်သုံးမော်နီတာတွေကလည်း လီဆာရဲ့ခန္ဓာကိုယ်က အခြေအနေအားလုံးကိုစောင့်ကြည့်နေကာ မော်နီတာကိုစောင့်ကြည့်ဖို့ တာဝန်ယူထားတဲ့ သူနာပြုကို ဆက်တိုက်သတင်းပို့နေပါတယ်။

အစားထိုးသွေးကြောကို တပ်ဆင်ပြီးနောက် ခွဲစိတ်ဆရာဝန်တွေက နဖူးပေါ်က ချွေးတွေကိုသုတ်လိုက်ကြတယ်။ နောက်တော့ အဓိကခွဲစိတ်ဆရာဝန်က ကပ်ကြေးတစ်ချောင်းကိုယူပြီး နှလုံးသွေးကြောကို စဖြတ်တယ်။ သွေးတွေအများကြီးပန်းထွက်လာပေမဲ့ ဘေးကလက်ထောက်ဆရာဝန်က အပူချောင်းတစ်ခုကိုကိုင်ပြီး သွေးကြောပေါက်ကို အပူပေးပိတ်ပစ်တယ်။ မကြာခင်မှာပဲ နဂါးနှလုံးသွေးကြောက အပြင်ကိုရောက်လာပြီး ပြင်းထန်တဲ့ အသက်ဓာတ်က အခန်းတစ်ခုလုံးပြည့်သွားခဲ့ပါပြီ။ လီဆာရဲ့နှလုံးသွေးကြောတွေက မဲနယ်လို့အပြာရင့်ရောင်တောက်ပနေပြီး အသက်ဓာတ်အဆီအနှစ်တွေ ပါဝင်နေတဲ့အရာဝတ္ထုတစ်ခုပါ။

ဆရာဝန်က အဲဒီသွေးကြောကို နိုက်ထရိုဂျင်ဖြည့်ထားတဲ့ အိတ်ထဲထည့်ပိတ်လိုက်ပြီး ခွဲစိတ်မှုကိုအပြီးသတ်ဖို့လုပ်တယ်။ သူတို့က နှလုံးစက်ကိုဖြုတ်လိုက်ပြီး နှလုံးကို အတွင်းရှော့ရိုက်စက်နဲ့ ရှော့ရိုက်ပြန်နှိုးတယ်။ လီဆာရဲ့နှလုံးက ခနအကြာမှာပဲပြန်ခုန်လာတယ်။ ရင်ဘတ်ကိုပြန်ပိတ်ဖို့လုပ်နေတဲ့အထိ ပုံမှန်ပဲ။

အပြင်ကနေ စိုးရိမ်စွာကြည့်နေတဲ့ မက်ဒါနာလည်းပဲ သက်ပြင်းချလိုက်တယ်။ ဒီလောက်ဆိုရင် စိတ်ချရပြီမဟုတ်လား။

ဒါပေမဲ့....

မော်နီတာကြည့်နေတဲ့ သူနာပြုက သတိပေးချက်တစ်ခုကြောင့် မျက်လုံးပြူးသွားပြီး လီဆာရဲ့နှလုံးကို ငုံကြည့်လိုက်တယ်။ နောက်တော့ သူက ခွဲစိတ်ဆရာဝန်ကို သတိလှမ်းပေးတယ်။

“ဆရာ၊ လူနာ့နှလုံးက အစားထိုးသွေးကြောကို ငြင်းပယ်နေတယ်။”

ခွဲစိတ်ဆရာဝန်က ငုံကြည့်လိုက်တော့ အစားထိုးသွေးကြောထဲက သွေးတွေက မည်းညစ်ကုန်ပြီး သွေးကြောဆက်ထားတဲ့နေရာက ပွင့်ထွက်သွားတယ်။ အဲဒီနောက်တော့ လီဆာရဲ့ပြန်လည်ကုစားနိုင်စွမ်းက အသက်ဝင်လာပြီး ဖြတ်ထုတ်ခံလိုက်ရတဲ့ သွေးကြောကို ပြန်ပေါက်လာအောင်လုပ်ဖို့ကြိုးစားတယ်။ ဒီလိုနဲ့အပူနဲ့ဖိပိတ်ထားတဲ့နေရာက ပြန်ပွင့်ပြီး သွေးတွေဒလောဟောစီးကျလာတယ်။ အကျိုးဆက်အနေနဲ့ နှလုံးခုန်နှုန်းလည်း မမှန်တော့ဘူး။

“သွေးကြောကိုပြန်ပိတ်ပြီး နှလုံးစက်ပြန်တပ်ရမယ်။” ဆရာဝန်က အလောတကြီးပြောပြီး လုပ်ပေမဲ့ အဲဒီစက္ကန့်ပိုင်းအတွင်းမှာပဲ လီဆာရဲ့မျက်နှာက သွေးမရှိသလိုဖြူဖျော့လာပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီ။

“သွေးတွေ အများကြီးဆုံးရှုံးနေပြီ။ သွေးသွင်းဖို့လိုနေတယ်။” သူနာပြုတွေလည်း ပျာယာခတ်ကုန်ပါတယ်။

မက်ဒါနာတို့ကတော့ ဆရာဝန်တွေ သူနာပြုတွေ အသည်းအသန်ဖြစ်ကုန်တာကိုမြင်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာတယ်။ မော်နီတာတွေမှာလည်း အရေးပေါ်အချက်ပြတွေပေါ်လာပြီ။ အသံလုံခန်းဖြစ်လို့ ဆရာဝန်တွေပြောတာ သူတို့မကြားရပေမဲ့ တစ်ခုခုမှားနေပြီမှန်း မက်ဒါနာသိနေတယ်။ လင်ဒါကတော့ ကြည့်နေရင်းနဲ့ မခံစားနိုင်တော့လို့ မက်ဒါနာရဲ့ရင်ခွင်ထဲကို တိုးဝင်ကာ ငိုယိုပါလေရော။ နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ သူတို့သမီးလေးကို ဆုံးရှုံးသွားရနိုင်ပါတယ်။

‘ဟင်’ မက်ဒါနာက သူ့မျက်စိထောင့်မှာ လူတစ်ယောက်ဖြတ်သွားတာ မြင်မိတဲ့အတွက် လှည့်ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာပုံကျနေတဲ့ အဆုံးအစမသိရတဲ့ အစိမ်းရောင်နွယ်ဆံပင်တွေရဲ့ပိုင်ရှင် မိန်းကလေးဖြစ်နေတာ တွေ့လိုက်ရတယ်။

“ပန်းသီးလေး...” မက်ဒါနာရဲ့ပါးစပ်ဖျားကနေ သူ့နာမည်ကို မသဲမကွဲအော်ခေါ်မိတယ်။ ပန်းသီးလေးကတော့ သူ့ကိုအရေးလုပ်တုံ့ပြန်မနေဘဲ ခွဲစိတ်ခန်းတံခါးကို ဆွဲဖွင့်ပါတယ်။ မက်ဒါနာက ဆရာဝန်တွေကို စိတ်အနှောင့်အယှက်မဖြစ်အောင် တားဆီးချင်ပေမဲ့ တစ်ချိန်တည်းမှာပဲ ပန်းသီးလေးတစ်ခုခုလုပ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မတားဆီးခဲ့မိဘူး။

ပန်းသီးလေးက ခြေလှမ်းမှန်မှန်နဲ့ ခွဲစိတ်ခန်းထဲကို ဝင်သွားတယ်။ သူ့ရဲ့သန်မာတဲ့စွမ်းအားကြောင့် ခွဲစိတ်ခန်းဆရာဝန်တွေက ပန်းသီးလေးကို မတားမြစ်ကြဘူး။ ပန်းသီးလေးက လီဆာရဲ့ရှေ့မှာ ရပ်လိုက်ပြီးတော့ သူ့လက်ဝါးကိုဖြန့်ကာ သူ့ကိုယ်ထဲက ကုသရေးမြူတန့်စွမ်းအားတွေကို ထုတ်လွှတ်လိုက်တယ်။

အစိမ်းရောင်အလင်းတန်းက နောက်နာရီဝက်အထိ ရှိနေခဲ့ပြီး ပန်းသီးလေးဒူးထောက်ကျသွားမှပဲရပ်တော့တယ်။ ဒီတော့မှ မက်ဒါနာနဲ့လင်ဒါတို့က သတိဝင်လာပြီး အထဲက အခြေအနေကိုလှမ်းမေးပါတယ်။

“ဒေါက်တာ အခြေအနေကရော...”

ခွဲစိတ်ခန်းဆရာဝန်ကတော့ တုန်ယင်နေတဲ့လက်တွေနဲ့ လီဆာကိုငုံကြည့်လိုက်ပြီး မက်ဒါနာကို ပြန်ဖြေပါတယ်။ “ကောင်းသွားပြီ၊ တိတိကျကျပြောရရင် နှ... နှလုံးသွေးကြောက သူ့ဘာသာပြန်ဆက်သွားတာပဲ။”

သူတို့စကားပြောနေတဲ့အချိန်မှာပဲ ပန်းသီးလေးရဲ့သစ်နွယ်တွေက ဝါကျင်လာပြီး သစ်ခွပန်းတွေညိုးကျသွားတယ်။ ပန်းသီးလေးက ခွဲစိတ်ခန်းထဲကနေ သူ့ဘာသာပြန်ထွက်လာတယ်။ ဆရာဝန်တွေကတော့လီဆာရဲ့ရင်ဘတ်ကိုပြန်ပိတ်ဖို့ အလုပ်ရှုပ်နေကြပြီ။

အေမီက မက်ဒါနာဘေးကိုရောက်လာပြီး ပြောပါတယ်။ “စိတ်ပူစရာမရှိတော့ပါဘူး။ ပန်းသီးလေးက သူ့ရဲ့ပြန်လည်ကုသနိုင်စွမ်းကို အရှိန်မြှင့်ပေးခဲ့တာကြောင့် အန္တရာယ်မဖြစ်ခင်မှာပဲ နှလုံးသားဒဏ်ရာကို သူ့ဘာသာပြန်ကုနိုင်ခဲ့ပါပြီ။”

မက်ဒါနာကလည်း ထိုင်နေရာကနေ ထလိုက်ပြီး ပန်းသီးလေးရဲ့လဲကျတော့မလိုဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားလိုက်တယ်။

“ဒါပေမဲ့ နင်ကရော... နင်ရောအဆင်ပြေရဲ့လား။” မက်ဒါနာအနေနဲ့ ဒီလောက်အားနည်းနေတဲ့ ပန်းသီးလေးကို မတွေ့ဖူးဘူး။ ပန်းသီးလေးက တစ်ခုခုပြောဖို့ကြိုးစားပေမဲ့ မျက်လုံးတွေမှေးစင်းကျလာပြီး မက်ဒါနာရဲ့လက်မောင်းပေါ်မှာပဲ အိပ်ပျော်သွားတော့တယ်။

ဒီတော့မှ အေမီက ရှေ့ကိုထွက်လာပြီးတော့ မက်ဒါနာကို ရှင်းပြပါတယ်။ “မမလေး၊ ပန်းသီးလေးက ဖရန့်ကို အသက်ရှင်အောင်ထားဖို့အတွက် သူ့မှာရှိသမျှ ကုသရေးစွမ်းအားတွေကို အမြဲမပြတ်ထောက်ပံပေးနေခဲ့တာပါ။ လီဆာဖြစ်သွားတဲ့ကိစ္စက သူ့အတွက်တောင်မှ ကုသပေးဖို့သိပ်ခက်တယ်။ ပန်းသီးလေးက နဂိုကတည်းက အားနည်းနေပြီးသားဖြစ်တာကြောင့် လီဆာကိုကုသပေးပြီး အားပြတ်သွားတဲ့ပုံပါပဲ။”

မက်ဒါနာက သူ့ရင်ခွင်ထဲရောက်နေတဲ့ ပန်းသီးလေးကို ကြည့်လိုက်တယ်။ ဒီကလေးက လီဆာကိုကယ်ခဲ့တဲ့ အသက်သခင်ကျေးဇူးရှင်ဖြစ်သွားပြီ။ ဒါကြောင့်မလို့ ပန်းသီးလေးကယ်ချင်နေတဲ့ ဖရန့်ကို သူဂရုစိုက်ပေးရမှာပါ။

“ဒါနဲ့ ဒီကောင်မလေးအတွက် အခုလိုအခြေအနေက အန္တရာယ်ရှိနိုင်လား။” မက်ဒါနာက ပန်းသီးလေးဖို့ စိုးရိမ်သွားပြီး မေးလိုက်တယ်။ အေမီကတော့ ခေါင်းခါပြတယ်။

“ကျွန်မတွက်မိသလောက်တော့ အန္တရာယ်မရှိပါဘူး။ဖရန့်ပြန်ကောင်းသွားရင် သူလည်းပြန်ကောင်းသွားပါလိမ့်မယ်။”

ဒီတော့မှ မက်ဒါနာက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပြီး တစ်ဖက်ခုံမှာ ခြေချိတ်ထိုင်နေတဲ့ ဖရာလီတာကို ပြောလိုက်ပါတယ်။ “ဖရာလီတာ၊ ဆေးအတွက် အဓိကပါဝင်ပစ္စည်းရပြီဆိုတော့ နဂါးသွေးကြောဆေးကို နင်စပြီးဖော်စပ်လို့ရပြီမဟုတ်လား။”

‘ဟွန့်...’ ဖရာလီတာက နှာမှုတ်လိုက်တယ်။ အစောပိုင်းတုန်းက မက်ဒါနာက လင်ဒါနဲ့တအားပူးကပ်နေခဲ့ပြီး သူ့ကိုအပြင်လူတစ်ယောက်လိုမျိုး ဆက်ဆံနေခဲ့တဲ့အတွက် ဒေါသထွက်နေတာပါ။ ဒါပေမဲ့ ငြင်းဖို့အကြောင်းပြချက် ရှာမရတဲ့အတွက်ကြောင့် ခေါင်းညိတ်လိုက်ပြီး

“ငါ့ဘာသာငါ ဘာလုပ်ရမလဲသိပါတယ်။ အခုပဲ ဆေးသွားဖော်တော့မယ်။” ဖရာလီတာက ပြောပြောဆိုဆိုနဲ့ ထိုင်နေရာကနေ ထလိုက်ပြီးတော့ ခွဲစိတ်ခန်းဆရာဝန်ဆီမှာ နဂါးနှလုံးသွေးကြောကို သွားတောင်းတယ်။ အဲဒီနောက်တော့ ခွဲစိတ်ခန်းအပြင်စင်္ကြံလမ်းမှာ ဆက်မနေတော့ဘဲ ဆေးဖော်ဖို့ ထွက်သွားတော့တယ်။

All Chapters