← Chapters

မြို့ဝန်ဟောင်း

Vol. 51 Ch. 704

မြို့ဝန်ဟောင်း

Vol. 51 Ch. 704

ဥမင်မှ ထွက်လာကြသူတိုင်း၏မြင်ကွင်းတွင် ကျယ်ပြောကာ အဆုံးမရှိသော လောကတစ်ခု ထွက်ပေါ်လာပြီး တောင်တန်းများ ၊ရှေးဟောင်းသစ်တောကြီးများနှင့် ဖွဲ့စည်းထားသည် ။ မြင်နေရသည့်အရာများထံမှ ပုံရိပ်ယောင်ချီကို ခံစားလိုက်ရသဖြင့် ယဲ့ချန်သည် မျက်လုံးမှိတ်၍ အာရုံခံကြည့်လိုက်သောအခါ လေထဲတွင် ပုံရိပ်ယောင်များရှိကြောင်း သိလိုက်ရသည်။ နတ်ဆိုးအကျဥ်းထောင်ဘုံသည် ကြယ်များကြားမှ လေဟာနယ်လမ်းကြောင်းတစ်ခုမဟုတ်ဘဲ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ ဖန်တီးမှုလက်ရာဖြစ်ပြီး ကမ္ဘာအစစ်နှင့်မခြားသော ပုံရိပ်ယောင်ကမ္ဘာတစ်ခု ဖြစ်နေခဲ့သည်။ သစ်တောအတွင်းမှ ကြောက်မက်ဖွယ်ဖိအားတစ်ရပ်ကို ခံစားရသဖြင့် အန္တရာယ်များပြည့်နှက်နေကြောင်း သိနိုင်သည်။ စစ်ဧကရာဇ်များက ကိုယ်ပိုင်အင်အားစုအလိုက် အဖွဲ့များစုစည်းကာ သစ်တောအတွင်း ရတနာရှာဖွေရန် ရှေ့ဆက်လိုက်ကြ၏။

"မိုရန် ရတနာတွေကိုရှာလိုက်ပါဦး"

ဤနေရာတွင် ပြင်းထန်သော ဖိအားကြောင့် ခွန်အားများ ထိန်းချုပ်ခံထားရသဖြင့် ယဲ့ချန်က တောင်းဆိုလိုက်သည်။ နေရာတိုင်းတွင် ဝိညာဥ်စွမ်းအားများရှိနေသဖြင့် ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သည်နှင့်တပြိုင်နက် အခြားလူများက သိသွားနိုင်သည်။

"ဟုတ်ကဲ့"

မိုရန်၏မျက်လုံးများ အရောင်​ပြောင်းသွားကာ အနီရောင်အလင်းနှစ်ခု ထွက်ပေါ်လာ၍ ဘုံတစ်ခုလုံးကို စစ်ဆေးလိုက်သည်။ ဤနေရာက ပုံရိပ်ယောင်ဖြင့် ဖန်တီးထားသောကြောင့် သူ၏အမြင်စွမ်းရည်ကို လျော့နည်းသွားစေနိုင်သော်လည်း အချို့ရတနာများ၏တည်နေရာကို မြင်နိုင်ဆဲပင်ဖြစ်သည်။

"မြောက်စူးစူးကိုသွားရင် ရတနာခန်းမတစ်ခု ရှိတယ်"

"သွားကြစို့။ အချိန်ဖြုန်းနေရင် ကျန်တဲ့စစ်ဧကရာဇ်တွေက အခွင့်အရေး ရသွားလိမ့်မယ်"

မိုရန်၏စကားအဆုံးတွင် ယဲ့ချန်က အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် ပုံရိပ်သုံးခုက မြောက်စူးစူးသို့ လျင်မြန်စွာ ခရီးဆက်လိုက်ကြသည်။

"နင် ဘာတွေမြင်ခဲ့တာလဲ"

ကျိရန်ရွယ်က စပ်စုလိုက်သည်။

"ခန်းမထဲမှာ နတ်ဆိုးလက်နက်တွေနဲ့ သရဲလိုလို ဝိညာဥ်ကောင်တွေ ရှိနေတယ်။ ဒါပေမယ့် ဒီကောင်တွေက အစွမ်းထက်ပုံရတယ်"

မိုရန်က တစ်လုံးချင်း ​ဖြေလိုက်သည်။

"အရင်ဆုံး သွားကြည့်ကြတာပေါ့"

ယဲ့ချန်၏ဆုံးဖြတ်ချက်က အမိန့်ဖြစ်သောကြောင့် သုံးယောက်သား ခရီးဆက်လိုက်ကြသည်။ လမ်းတလျှောက်တွင် သူတို့က နေရာတိုင်းတွင် ရတနာရှာ​ဖွေနေသော စစ်ဧကရာဇ်များကို တွေ့ခဲ့ရသည်။ အချို့စစ်ဧကရာဇ်များက သစ်တောကို ထောက်လှမ်းရန်အတွက် ဝိညာဥ်အသိစိတ်များ ထုတ်ဖော်ထားသည်ကို သူတို့က အာရုံခံမိခဲ့သည်။ သစ်တောအတွင်းမှ အနက်ရောင်ဧရာမလူကြီးများ ရံဖန်ရံခါထွက်ပေါ်လာကာ စစ်ဧကရာဇ်များကို သတ်ဖြတ်ခဲ့သည်။ ၎င်းတို့က ဤဘုံ၏ နယ်ခံနေထိုင်သူများဖြစ်သော ငရဲသားများဖြစ်ကာ ပုံရိပ်ယောင်လား၊ အစစ်အမှန်လား ခွဲခြားမရနိုင်သော်လည်း အသတ်ခံလိုက်ရသူတိုင်းက အမှန်တကယ် သေဆုံးသွားကြသည်။ သူတို့က မြောက်စူးစူးသို့ ပျံသန်းခရီးနှင်နေစဥ် ဘုံတစ်ခုလုံးသို့ ခပ်စူးစူးရယ်သံတစ်ခု ပဲတင့်ထပ်၍ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ရောက်ရှိနေသူအားလုံး မတ်တပ်ထရပ်လိုက်မိပြီး သတိအနေအထား ဖြစ်သွားကြသည်။

"ဘာဖြစ်တာလဲ"

ရယ်သံ ပျောက်ကွယ်သွားသောအခါ လူသားတစ်ယောက်၏မျက်နှာနှင့် ဆင်တူသော်လည်း နေရောင်နှင့် နှစ်ထောင်ချီ မထိတွေ့ရသကဲ့သို့ ဖြူရော်နေသော ဧရာမနတ်ဆိုးမျက်နှာကြီးတစ်ခု ကောင်းကင်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏အရေပြားပေါ်တွင် အပြာရောင်သွေးကြောများက ဆေးမင်ထိုးထားသကဲ့သို့ ရှုပ်ထွေးယှက်လိမ်နေပြီး သွေးရောင်မြူများက ကောင်းကင်ကို ဖုံးအုပ်ထွက်ပေါ်လာကြသည်။

"နှစ်ပေါင်းခြောက်ရာတိုင်တိုင် စောင့်ပြီးတဲ့နောက်မှာ နတ်ဆိုးအကျဥ်းထောင်က တစ်ဖန် အသက်ပြန်ဝင်လာခဲ့ပြီ"

နတ်ဆိုးမျက်နှာက စစ်ဧကရာဇ်များကို ငုံ့ကြည့်၍ တဟီးဟီးရယ်မောနေခဲ့သည်။ အသံလှိုင်းများက စူးရှလွန်းသောကြောင့် နားကို အပ်ဖြင့်ထိုးဆွနေသကဲ့သို့ ထင်မှတ်ရကာ လူတိုင်း နာကျင်မှုကို ခံစားလိုက်ရသည်။ စစ်ဧကရာဇ်များက ကောင်းကင်သို့ ပြိုင်တူမော့ကြည့်၍ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

"မှော်မြို့တော်ဝန်ဟောင်း"

"မြို့ဝန်ဟောင်းက ဘယ်လိုထွက်ပေါ်လာတာလဲ"

"မဟုတ်သေးဘူး။ ဒါက သူ့ရဲ့ အကြွင်းအကျန် ဝိညာဥ်ဖြစ်ရမယ်"

မီးတောင်တစ်ခု၏ထိပ်တွင် အနက်ရောင်ချပ်ဝတ်ပိုင်ရှင် တစ်ယောက်ရှိနေပြီး မျက်မှောင်ကြုတ်ကာ စဥ်းစားခန်းဝင်နေခဲ့သည်။ သူက လင်းဖန်နှင့်တွေ့ဆုံခဲ့သော လောင်ကျန်းဖြစ်ကာ ကောင်းကင်နတ်ဆိုးရွှမ်ယု၏ စစ်ဧကရာဇ်ငါးထောင်ကို ဦးဆောင်ကာ ဤဘုံသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ သူ၏ဘေးတွင် နတ်ဆိုးဆင်မျိုးနွယ်မှ ရှန်းရွယ်နှင့် အရိပ်မျိုးနွယ်မှ စစ်ဧကရာဇ်အနည်းငယ် ရှိနေခဲ့သည်။

"ဆရာလောင် ဒီဘုံနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေမှာ စိုးရိမ်ရတယ်"

ရှန်းရွယ်က ကောင်းကင်သို့ မော့ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။

"ဒီဘုံကို မြို့ဝန်ဟောင်း တည်ဆောက်ခဲ့တာဆိုတော့ လျှို့ဝှက်ချက်တွေ သေချာပေါက် ရှိနေလိမ့်မယ်"

လောင်ကျန်းက ခေါင်းညိတ်လိုက်သည်။

မီးတောင်နှင့် အဝေးတစ်နေရာရှိ ရေကန်တစ်ခုအထက်တွင် စစ်ဧကရာဇ်တစ်သောင်းကျော်ပါဝင်သော တပ်ဖွဲ့တစ်ခု နေရာယူထားသည်။ ခေါင်းဆောင်က သွေးနီရောင်ဝတ်ရုံနှင့် ချောမောသော လူငယ်တစ်ယောက်ဖြစ်ကာ မျက်နှာက စက္ကူဖြူတစ်ချပ်ပမာ အရောင်​ဖျော့နေသောကြောင့် အပြာရောင်သွေးကြောများကို မြင်နေရသည်။ သူက အပြင်းအထန်နာမကျန်းဖြစ်နေသော လူနာတစ်ယောက်နှင့် တူသော်လည်း မျက်လုံးများတွင် ကြမ်းကြုတ်မှုတို့ ထင်ဟပ်နေသည်။ သူ၏ဘေးတွင် နတ်ဆိုးချပ်ဝတ်အပြည့်အစုံတပ်ဆင်ထားသော စစ်ဧကရာဇ်အဆင့်တစ်ဆယ်များက သက်တော်စောင့်ပမာ ဝန်းရံလျက်ရှိသည်။ သူက လက်ရှိမြို့တော်ဝန် သွေးတောင်ပံ၏ တစ်ဦးတည်းသောသား သွေးစုပ်သူဖြစ်ကာ စစ်ဧကရာဇ်အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

"ဦးလေးရဲ့ အကြွင်းအကျန်ဝိညာဥ်က တော်တော်စိတ်ဝင်စားစရာကောင်းပါလား"

သွေးစုပ်သူက ကောင်းကင်သို့ မော့ကြည့်၍ ရေရွတ်လိုက်သော်လည်း မျက်နှာထက်တွင် ခပ်ညစ်ညစ်အပြုံးတစ်ခု ဖြစ်နေခဲ့သည်။ မြို့ဝန်ဟောင်းက သူ၏ဦးလေးဝမ်းကွဲဖြစ်သော်လည်း သူ၏ဖခင်က မြို့ဝန်နေရာကို မည်သို့လုယူအောင်မြင်ခဲ့ကြောင်း လုံးဝမပြောပြထားသဖြင့် ဆန်းကျယ်သော ပုစ္ဆာတစ်ပုဒ် ဖြစ်နေခဲ့သည်။ အခြားသိသူများရှိနိုင်သော်လည်း သွေးတောင်ပံ၏လက်ချက်ဖြင့် သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

"ငါက နှစ်ပေါင်းခြောက်ရာကျော် စောင့်ဆိုင်းလာတဲ့ အကြောင်းအရင်းကတော့ အမွေခံတစ်ယောက် ရှာဖွေချင်လို့ဖြစ်တယ်။ မင်းတို့ထဲမှာ ပါရမီရှင်တွေရှိတယ်ဆိုပေမယ့် နောက်ဆုံးမှာ တစ်ယောက်တည်းကပဲ အမွေခံဖြစ်လာရမယ်"

နတ်ဆိုးမျက်နှာ၏စကားကြောင့် စစ်ဧကရာဇ်များက လှုပ်လှုပ်ယွယွဖြစ်သွားကြကာ စိတ်လှုပ်ရှားခြင်းကို မထိန်းချုပ်နိုင်တော့ပေ။ မြို့ဝန်ဟောင်းက ကြယ်သခင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သောကြောင့်ပင်။

"ဒါ့အပြင် ဘုံထဲကိုဝင်ရောက်လာသူတိုင်းကို ရတနာတစ်ခုရနိုင်မယ့် အခွင့်အရေးကို လက်ဆောင်ပေးမယ်။ မရဏကြယ်တစ်ခုလုံးနဲ့ညီမျှတဲ့ ကြွယ်ဝမှုမျိုးကို ဒီဘုံထဲမှာ ငါ ကွယ်ဝှက်ထားခဲ့တယ်။ လူတိုင်း စတင်တိုက်ခိုက်ပြီး ရတနာတွေကို လုယူလိုက်ကြစို့။ ငါ့အမွေအနှစ်နဲ့ ချမ်းသာမှုအပြင် အနန္တရှေးဟောင်းကျောက်စာလည်း ထွက်ပေါ်လာလိမ့်မယ်။ ဒီကျောက်စာရဲ့ တစ်စိတ်တပိုင်းကို နားလည်နိုင်သူတိုင်းက ပြိုင်ဘက်ကင်းကျင့်စဥ်ကို သေချာပေါက်ရယူနိုင်လိမ့်မယ်"

နတ်ဆိုးမျက်နှာက ရူးသွပ်နေသကဲ့သို့ တဟီးဟီးတဟားဟား ရယ်မောကာ စစ်ဧကရာဇ်များကို လှုံ့ဆော်ပေးနေခဲ့သည်။ သူ၏စကားကြောင့် စစ်ဧကရာဇ်များက ရူးသွပ်သွားပုံပေါ်ကာ စတင်လှုပ်ရှားလာကြသည်။

"ဆရာလောင် မြို့ဝန်ဟောင်းရဲ့လုပ်ရပ်က ရည်ရွယ်ချက်တစ်ခုခု ရှိနေနိုင်လား"

ရှန်းရွယ်က စိုးရိမ်တကြီး မေးလိုက်ခြင်းဖြစ်သည်။

"မြို့ဝန်ဟောင်းက ဘာတွေကြံစည်နေတာလဲ။ ဘာဖြစ်ဖြစ် သခင်ရွှမ်ဆီကို တစ်ယောက်ယောက်စေလွှတ်ပြီး အင်အားထပ်တောင်းလိုက်ကွာ"

လောင်ကျန်းကိုယ်တိုင်လည်း ဤကိစ္စကို အဖြေရှာမရသောကြောင့် မျက်မှောင်ကြုတ်လိုက်သောအခါ ဦးမှင်များ လှုပ်ခတ်သွားခဲ့သည်။ ခဏအကြာတွင် သူက ရှန်းရွယ်ကို စစ်ကူတောင်းရန် အမိန့်ပေးလိုက်သည်။

"အဖေ့ဆီကို ဆက်သားတစ်ယောက် စေလွှတ်လိုက်"

ရေကန်အထက်တွင် သွေးစုပ်သူကလည်း လေးလေးနက်နက်စဥ်းစားနေရင်း သွေးတောင်ပံထံ အကြောင်းအကြားရန် ဆုံးဖြတ်လိုက်သည်။ အတိတ်တွင် သူ၏ဖခင်က ဤဘုံသို့ နောက်လိုက်များစွာ စေလွှတ်ခဲ့သော်လည်း ဤအဖြစ်မျိုး လုံးဝမရှိခဲ့ဖူးပေ။ အတိတ်တွင် သူတို့လာရောက်ခဲ့စဥ်က မြို့ဝန်ဟောင်းထွက်ပေါ်လာခြင်း မရှိချေ။ မြို့ဝန်ဟောင်း၏စိတ်ဆန္ဒ ထွက်ပေါ်လာခြင်းက မေးခွန်းထုတ်ချင်စရာဖြစ်နေသော်လည်း နတ်ဆိုးအကျဥ်းထောင်ဘုံတွင် ရတနာများစွာ အမှန်တကယ်ရှိနေခဲ့ပြီး သူက စွန့်လွှတ်အမွေပေးချင်ပုံပေါ်သည်။ ဤသတင်းကောင်းအတွက် သူက ပြင်ဆင်ထားရန်လိုအပ်ပြီး မရဏကြယ်တစ်ခုလုံး၏ ကြွယ်ဝမှုမျိုးနှင့် တူညီသော ချမ်းသာမှုကို တတ်နိုင်သမျှ အမြန်ဆုံးရယူနိုင်ရန် စိတ်အားထက်သန်နေသည်။

အဓိကမျိုးနွယ်ကြီးများက နတ်ဆိုးအကျဥ်းထောင်ဘုံသို့ စစ်ဧကရာဇ်များစေလွှတ်ခဲ့ပြီး ဝင်ပေါက်ကို သွေးတောင်ပံက ထိန်းချုပ်ထားသော်လည်း မျိုးနွယ်တိုင်း၏စခန်းများ တည်ဆောက်ထားသောကြောင့် သတင်းရရန် လွယ်ကူသည်။ အင်အားစုအသီးသီးက မြို့ဝန်ဟောင်းထွက်ပေါ်လာခြင်း၊ ချမ်းသာမှု၊ ရှေးဟောင်းကျောက်စာစသော သတင်းများကို ရလိုက်သောအခါ ရူးသွပ်သွားကြပြီး လက်အောက်ခံစစ်ဧကရာဇ်များကို အသည်းအသန်စုဆောင်းကာ ထပ်မံစေလွှတ်လိုက်ကြသည်။ အချိန်တစ်ခုအတွင်း စစ်ဧကရာဇ်တစ်သန်းကျော်က နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်း ဝင်ရောက်လာကြပြီဖြစ်သည်။ နေရာတိုင်းတွင် စစ်ဧကရာဇ်များ ခြေချင်းလိမ်နေပြီး အကြီးမားဆုံးတပ်ဖွဲ့က သွေးစုပ်သူ၏နောက်လိုက်များဖြစ်ကာ အရေအတွက် သုံးသိန်းကျော်ပေသည်။ ကောင်းကင်သို့ မျှော်ကြည့်လိုက်လျှင် ဥဒဟိုပျံသန်းသွားလာနေသော စစ်ဧကရာဇ်များကို တွေ့နိုင်ပြီး မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှသည်။

ကောင်းကင်မူလကြယ်၏အင်အားက မရဏကြယ်အောက် အလွန်နိမ့်ကျသောကြောင့် ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ကောင်းကင်မူလကြယ်မှ စစ်ဧကရာဇ်တစ်ယောက် ဤနေရာသို့ရောက်လာလျှင် သာမန်လူတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။ ၎င်းက ထာဝရပြည်ထောင်၏ နယ်စပ်တွင်ရှိသော အထီးကျန်ကြယ်တစ်လုံးဖြစ်ကာ အထွတ်အထိပ်အချိန်၌ပင် စစ်ကရာဇ်တစ်ထောင်ကျော်သာ ပိုင်ဆိုင်ခဲ့သည်။ မရဏကြယ်က သွေးပြည်ထောင်၏နယ်စပ်တွင်ရှိသော်လည်း ပတ်ဝန်းကျင်ရှိ ကြယ်ရာချီကြားတွင် နတ်ဆိုးမီးတောက်ရွှေ တူးဖော်ရောင်းချခြင်းဖြင့် အလွန်ချမ်းသာလာပြီး အင်အားအတောင့်အတင်းဆုံး ဖြစ်လာခဲ့သည်။ ကောင်းကင်မူလကြယ်က ကောင်းကင်နတ်ဆိုးများကို တွန်းလှန်လိုလျှင် အဆမတန်သန်မာလာရန် လိုအပ်ပြီး ကြယ်သခင်တစ်ယောက်အပြင် နတ်အစေခံနှင့် စစ်ဧကရာဇ်အရေအတွက်များစွာ ပိုင်ဆိုင်ရပေလိမ့်မည်။ ထိုသို့ဖြစ်လာသော တစ်နေ့တွင် ကောင်းကင်နတ်ဆိုးများကို ထပ်မံကြောက်လန့်နေရန် လိုအပ်တော့မည်မဟုတ်ပေ။ ၎င်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ချေမှုန်းရန် မလိုအပ်သော်လည်း ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်း ရှိရပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်က ကောင်းကင်မူလကြယ်ကဲ့သို့ ကြယ်အသေးအမွှားတစ်ခုကို တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုခု ရှိမလာခင်အချိန်အထိ ၎င်းက လုံခြုံကောင်းလုံခြုံနိုင်ပေလိမ့်မည်။

ယဲ့ချန် ၊မိုရန်နှင့် ကျိရန်ရွယ်သည် ခန်းမတည်ရှိရာသို့ ဆက်တိုက်ပျံသန်းလာနေပြီး နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်း ရတနာများ ထင်ရှားစွာထွက်ပေါ်မလာခင် လက်ဦးမှုယူရန် ဆုံးဖြတ်ထားကြသည်။ နာရီဝက်အကြာတွင် သူတို့က တောင်တန်းများအကြား နက်ရှိုင်းစွာ ဖုံးကွယ်ခံထားရသော ခန်းမထံ ရောက်ရှိလာကြသည်။ ၎င်းကို တိမ်မြူခိုးများ လွှမ်းခြုံထားသော်လည်း မိုရန်၏မျ​က်လုံးများက တောင်တန်းနှင့် မြူခိုးများကို ကျော်ဖြတ်၍ မြင်နိုင်စွမ်းရှိနေခဲ့သည်။ ခန်းမ၏ဝင်ပေါက်တွင် ရပ်တန့်လိုက်သောအခါ ယဲ့ချန်၏ စူးရှထက်မြက်သော အာရုံက အတွင်း၌ စစ်ဧကရာဇ်အဆင့်အောက် မနိမ့်သော တည်ရှိမှုများ ရာချီကြောင်း သိလိုက်ရလေသည်။

All Chapters