ရန်သူများ ရောက်ရှိလာခြင်း
Vol. 51 Ch. 705
"ဆရာ ကျုပ်တို့အင်အားနဲ့ဆိုရင် အတွင်းကို မဝင်နိုင်မှာ စိုးရိမ်ရတယ်"
မိုရန်က ခန်းမအတွင်း ရတနာများရှိနေကြောင်း မြင်နိုင်သော်လည်း အနည်းဆုံး သရဲအကောင်ရာချီ ရှိနေသောကြောင့် စိုးရိမ်စွာ သတိပေးလိုက်၏။ သရဲများကြားတွင် စစ်ဧကရာဇ်အဆင့်တစ်ဆယ်များလည်း ရှိနေသောကြောင့် သူတို့သုံးယောက်၏ အင်အားဖြင့်ဆိုလျှင် မြေမြှုပ်ခံလိုက်ရပေလိမ့်မည်။
"ငါ သွားမယ်"
ကိုယ်ယောင်ဖျောက်စွမ်းရည်နှင့် သရဲများကို ရှောင်တိမ်းသွားလာနိုင်သော ကျိရန်ရွယ်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"အန္တရာယ်များနိုင်တယ်နော်"
သူမစကားကြောင့် ယဲ့ချန်က အနည်းငယ် တုံ့ဆိုင်းနေသည်။
"ဒီနေရာအထိ လိုက်လာမှတော့ ငါ့စိတ်ကို ငါ ပြင်ဆင်ထားပါတယ်"
ကျိရန်ရွယ်က လေးနက်စွာ ပြောလိုက်သည်။ သူမက ယဲ့ချန်၏အကူအညီကို အလကားမရယူလိုသောကြောင့် အရိပ်မျိုးနွယ်ဝင်များကို သူမကိုယ်စား ကယ်တင်ပေးရန်အတွက် ထိုက်တန်ကြောင်း သက်သေပြရပေလိမ့်မည်။
"ကောင်းပြီ။ ငါ မင်းအတွက် လမ်းလွှဲပေးထားမယ်။ အခြေအနေမကောင်းဘူးဆိုတာ သတိထားမိရင် ချက်ချင်းပြန်ထွက်လာခဲ့"
ယဲ့ချန်က လေးနက်စွာ စဥ်းစားပြီးနောက် ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ထို့နောက် သူနှင့် မိုရန်က လုံခြုံသော ချောင်ကျကျနေရာတစ်ခုတွင် ပုန်းအောင်းကာ ဝိညာဥ်အသိစိတ်ကို ယာရှာဘီလူးအဖြစ် ပြောင်းလဲလိုက်သည်။ ဘီလူးက ခန်းမအတွင်း ရှေ့ဆုံးမှဦးဆောင် ဝင်ရောက်လိုက်သောအခါ ကျိရန်ရွယ်ကလည်း အနီးကပ်လိုက်ပါလာခဲ့သည်။ ခန်းမအတွင်း ငရဲသားများ၏ဝိညာဥ်ဖြစ်သော သရဲများ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်သော မျက်လုံးများနှင့် ဘီလူးကို စိုက်ကြည့်လာကြသည်။ ထိုအချိန်တွင် သူမက ကိုယ်ဖျောက်ပြီး ခန်းမအတွင်းသို့ သရဲများကို ရှောင်တိမ်းဝင်ရောက်သွားခဲ့သည်။ ဘီလူးက ဒေါသတကြီး ဟိန်းဟောက်၍ သရဲများကို ဆွဲဆောင်နေစဥ် သတ်ဖြတ်လိုစိတ်ကို ပြင်းထန်စွာ ထုတ်ဖော်ထားပြီး ဧရာမမှိန်းကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ နှစ်ဖက်လုံးက အဆက်မပြတ် ဟိန်းဟောက်နေကြသော်လည်း သရဲများက ၎င်းကို စိုးရိမ်နေဟန်ဖြင့် ရှေ့မတက်ရဲဘဲ ဘေးမှသာ ဝန်းရံလျက်ရှိသည်။ ဤအချက်က ယဲ့ချန်ထင်ထားသကဲ့သို့ ပြင်းထန်သော တိုက်ပွဲမျိုး ဖြစ်ပေါ်လာမည်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ သို့သော် သူက ဘီလူးကို ထိန်းချုပ်ထားပြီး သရဲများ၏အာရုံကိုသာ ဆွဲဆောင်၍ မျှခြေတစ်ခုတွင် ထိန်းသိမ်းထားခဲ့သည်။ သရဲများ၏အာရုံကို ဘီလူးက အပြည့်အဝဆွဲဆောင်ထားစဥ် ကျိရန်ရွယ်က ခန်းမ၏အတွင်းပိုင်းသို့ စင်္ကြံလမ်းမှတဆင့် ဝင်ရောက်သွားခဲ့သည်။
ယဲ့ချန်၏နတ်ဆိုးဝိညာဥ်ကို စုပ်ယူပြီးနောက် သူမ၏ခွန်အားက များစွာတိုးတက်လာသကဲ့သို့ ကိုယ်ဖျောက်စွမ်းရည်လည်း မြင့်မားလာခဲ့ပြီး သာမန်စစ်ဧကရာဇ်များက မထောက်လှမ်းနိုင်ပေ။ မိုရန်ကမူ ယဲ့ချန်အနီးတွင် ကင်းစောင့်နေရင်း သူမ၏ပတ်ဝန်းကျင်မှ အန္တရာယ်များကို စောင့်ကြည့်ပေးနေခဲ့သည်။ သူမက စင်္ကြံလမ်းအတွင်း၌ သရဲများ လှည့်ပတ်သွားလာနေသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူမက လမ်းမှတဆင့် ဖြတ်သန်းလိုလျှင် ၎င်းတို့အကြားမှ ဖြတ်သန်းရမည်ဖြစ်ကာ အန္တရာယ်ကင်းမည်ဟု ယုံကြည်ချက်မရှိပေ။ သူမ တုံ့ဆိုင်းနေစဥ် ဘီလူးဟိန်းသံတစ်ခု ထွက်ပေါ်လာသဖြင့် စင်္ကြံလမ်းအတွင်းမှ သရဲများ လှုပ်ရှားသွားကာ ခန်းမအတွင်း ပြေးဝင်သွားကြသည်။
"အခွင့်ကောင်းပဲ"
ကျိရန်ရွယ်၏မျက်လုံးများ တောက်ပသွားကာ အခွင့်အရေးကို အပိုင်အသုံးချ၍ အတွင်းခန်းမထံ ဆက်တိုးသွားလိုက်၏။ သူမက ထောင်ချောက်ယန္တရားအချို့နှင့် ရင်ဆိုင်ခဲ့သော်လည်း အရိပ်မျိုးနွယ်ဝင် လုပ်ကြံရေးသမားတစ်ယောက်ပီပီ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။
"ဆရာ ကျိရန်ရွယ် ပြန်ထွက်လာပြီ"
အတွင်းခန်းမသို့ ဝင်ရောက်သွားပြီး တစ်နာရီအကြာတွင် လုံလုံခြုံခြုံ ပြန်ထွက်လာသဖြင့် မိုရန်က စိတ်အေးသွားခဲ့သည်။ ယဲ့ချန်က ဘီလူးကို ထိန်းချုပ်နေသော်လည်း မိုရန်၏စကားကို ကြားနိုင်စွမ်းရှိသည်။
"ဆရာ ကောင်းကင်နတ်ဆိုးရဲ့ နောက်လိုက်တွေ ရောက်လာတယ်။ ဝိညာဥ်အသိစိတ်ကို မြန်မြန်ပြန်သိမ်းလိုက်ပါ"
သို့သော် ထိုအခိုက်၌ မိုရန်သည် အဝေးရှိ တောင်ကုန်းတစ်ခုထက်တွင် စစ်ဧကရာဇ်တစ်ဖွဲ့ကို မြင်လိုက်ရသောကြောင့် ရင်ထိတ်သွားခဲ့သည်။ ကျိရန်ရွယ်က ခန်းမအတွင်း ရှိနေဆဲဖြစ်သောကြောင့် ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်လျှင် သူမက ပိတ်မိသွားပေလိမ့်မည်။ သူက ဝိညာဥ်အသိစိတ်ကို ပြန်လည်မရုတ်သိမ်းလျှင် ကောင်းကင်နတ်ဆိုး၏လူများ ရောက်လာပါက ငြိမ်ခံနေရမည့်ကိန်း ဖြစ်နေခဲ့သည်။
"သူတို့ကို အချိန်ဆွဲထား"
ယဲ့ချန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး မိုရန်ကို အမိန့်ပေးကာ ဘီလူးကို ဆက်လက်ထိန်းချုပ်နေခဲ့သည်။
"ဟုတ်ကဲ့"
မိုရန်က ခေါင်းညိတ်၍ အဝေးရှိတောင်ကုန်းထံ အနီရောင်မျက်လုံးအလင်းများနှင့် စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် ကောင်းကင်နတ်ဆိုးရွှမ်ယု၏နောက်လိုက် စစ်ဧကရာဇ်ဆယ်ယောက်ကျော်ရှိနေပြီး ခေါင်းဆောင်က ရှန်းရွယ်ဖြစ်ကာ နှာမောင်းရှည်ကြီးဖြင့် ယဲ့ချန်၏တည်ရှိမှုကို အနံ့ခံနိုင်ခဲ့သည်။ သို့သော် သူက မိုရန်နှင့် အကြည့်ချင်းဆုံသွားသောအခါ စိတ်ကို အပ်ဖြင့် ထိုးဆွခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး အော်လုနီးပါးဖြစ်သွားခဲ့သည်။
"အစွမ်းထက်လိုက်တာ"
ရှန်းရွယ်က တုန်လှုပ်သွားပြီး ချက်ချင်းအကြည့်လွှဲလိုက်သည်။ တစ်ဖက်လူကို စစ်ဧကရာဇ်အဆင့်တစ်ဆယ်ဟု သူက ထင်မှတ်သွားခဲ့သည်။ သူ၏အဖွဲ့တွင် အသန်မာဆုံးမှာ စစ်ဧကရာဇ်အဆင့်ရှစ်သာဖြစ်သောကြောင့် တစ်ဖက်က အရေအတွက်နည်းသော်လည်း အမှန်တကယ်တိုက်ခိုက်လျှင် ရလဒ်ကိုပြောရန် ခက်ခဲပေသည်။ သို့သော် သူမသိသည်မှာ မိုရန်က စစ်ဧကရာဇ်အဆင့်တစ်ဆယ် ကျင့်ကြံသူမဟုတ်ဘဲ အမြင်စွမ်းရည်က ထူးခြားနေခြင်းသာဖြစ်သည်။ ရှန်းရွယ်က ငြိမ်သက်သွားသောအခါ မိုရန်က ယဲ့ချန်ဘေးတွင် မားမားမတ်မတ်ရပ်နေခဲ့ပြီး ရန်သူများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ရှန်းရွယ်က ခန်းမကို သတိထားမိသွားသောအခါ ရတနာများရှိနိုင်သည်ဟု ခန့်မှန်းနိုင်ခဲ့သည်။ တစ်ဖက်လူက သူ့အရင်ရောက်ရှိနေသောကြောင့် လောင်ကျန်းထံ သတင်းအမြန်ဆုံးပို့ရန် လိုအပ်နေသည်။ သို့မှသာ သူတို့က အခြားအင်အားစုများရောက်ရှိမလာခင် ဤစစ်ဧကရာဇ်များကို သတ်ဖြတ်ကာ ခန်းမအတွင်းမှရတနာတိုင်းကို မောင်ပိုင်စီးနိုင်ပေလိမ့်မည်။ သို့သော် ပြဿနာမှာ တစ်ဖက်လူက အလွယ်တကူရှုပ်မရသူများဖြစ်နေသောကြောင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။
"မြန်မြန်သတင်းသွားပို့စမ်း။ ဆရာလောင်ကို ဒီနေရာမှာ ခန်းမတစ်ခုရှာတွေ့တယ်လို့ ပြောလိုက်"
သူက နောက်လိုက်တစ်ယောက်ကို အမိန့်ပေးလိုက်သောအခါ အရိပ်မျိုးနွယ်ဝင်က လျင်မြန်စွာ ကိုယ်ယောင်ဖျောက်၍ သစ်တောအတွင်း ပြေးထွက်သွားခဲ့သည်။ သူနှင့်အတူ လိုက်ပါလာသော အရိပ်မျိုးနွယ်ဝင်ငါးယောက်ကလည်း ကိုယ်ပျောက်သွားကာ ယဲ့ချန်နှင့် မိုရန်ထံ ချဥ်းကပ်လာကြသည်။ ထိုလူများ၏တည်နေရာကို မိုရန်က မြင်နိုင်သော်လည်း ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ခန်းမအတွင်းရှိနေသောကြောင့် စစ်ဧကရာဇ်ငါးယောက်ကို သူတစ်ယောက်တည်း မတိုက်ခိုက်နိုင်ပေ။
"ဝှစ်"
လုပ်ကြံသူငါးယောက်က လျင်မြန်စွာလှုပ်ရှားနေပြီး ယဲ့ချန်နှင့် မိုရန်ကို သတ်ရန် အသင့်ဖြစ်နေခဲ့ကြသည်။
"ဆရာ သူတို့ရောက်လာကြပြီ"
မိုရန်က သတိပေးလိုက်ခြင်းဖြစ်သည်။ ရှန်းရွယ်သည် အခြေအနေကို မျက်တောင်မခတ်စောင့်ကြည့်နေပြီး မိုရန်က ယဲ့ချန်အား စောင့်ကြပ်ပေးနေခြင်းဖြစ်ကြောင်း နားလည်သွားကာ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အခြားတစ်နေရာသို့ ရောက်နေကြောင်း သိလိုက်သည်။ ဤအချိန်က တစ်ဖက်လူကို သတ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်ပြီး လွဲချော်သွားလျှင် အနိုင်ရနိုင်မည့် လမ်းစ ပျောက်ကွယ်သွားပေလိမ့်မည်။
"သတ်ကြ"
သူက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်ပြီး နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်း၌ သတ်ဖြတ်ခြင်းက ပုံမှန်သာဖြစ်၍ မည်သူမှ အရေးတယူစုံစမ်းနေမည် မဟုတ်ပေ။ လုပ်ကြံသူငါးယောက်က အရှေ့၊ အနောက်၊ ဘေးဘယ်ညာတွင် ထွက်ပေါ်လာကာ နှလုံး၊ လည်ပင်းနှင့် ဒန်တန်ဟူသော သေကွင်းသေကွက်များကို ဓားမြှောင်ကိုယ်စီဖြင့် ထိုးစိုက်လာကြသည်။ ထိုအချိန်၌ ကျိရန်ရွယ်သည်လည်း ခန်းမအတွင်းမှထွက်ရန် အရေးပေါ်အခြေအနေဖြစ်ပြီး ယဲ့ချန်၏ဘီလူးသာ ပျောက်ကွယ်သွားလျှင် သရဲများအကြား ရောက်သွားပေလိမ့်မည်။
"သေစမ်း"
လုပ်ကြံသူငါးယောက်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်နေကာ အလင်းတန်းငါးခု ဖြတ်ခနဲလက်သွားချိန်တွင် အနက်ရောင်နတ်ဆိုးချပ်ဝတ်များက ယဲ့ချန်နှင့် မိုရန်၏ကိုယ်ပေါ်တွင် ပြိုင်တူထွက်ပေါ်လာခဲ့သည်။
"ထန် ထန် ထန်"
ဓားမြှောင်ငါးချောင်းက ပစ်မှတ်ကို ထိမှန်သွားသော်လည်း ဟန့်တားခံလိုက်ရပြီး ကာကွယ်ရေးရုန်းများ တောက်ပနေသည့် ချပ်ဝတ်များကြောင့် ယဲ့ချန်နှင့် မိုရန်က ခြစ်ရာပင်မထင်ချေ။ ဤမြင်ကွင်းကြောင့် ရှန်းရွယ်က မင်သက်သွားကာ တစ်ဖက်လူတွင် သွေးမီးတောက်အဆင့် ချပ်ဝတ်များ ပိုင်ဆိုင်နေမည်ဟု မျှော်လင့်မထားချေ။ ဤအဆင့်ချပ်ဝတ်တစ်စုံက မိစ္ဆာရွှေသုံးသန်းတန်ကြေးရှိကာ သာမန်လူများ ဝယ်ယူနိုင်စွမ်းမရှိပေ။ သူက ရွှမ်ယုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့သော်လည်း တစ်သိန်းကျော်သာ စုဆောင်းနိုင်ခဲ့ပြီး လောင်ကျန်းကဲ့သို့ အဆင့်မျိုးသာ ဤချပ်ဝတ်မျိုးကို ဝယ်ယူသုံးစွဲနိုင်သည်။ တစ်ဖက်လူက နတ်ဆိုးချပ်ဝတ်နှစ်ခုအထိ ပိုင်ဆိုင်ထားသောကြောင့် နောက်ခံက သေချာပေါက်ရိုးရှင်းမည် မဟုတ်ပေ။ ထို့ကြောင့် သူက ချက်ချင်းနောက်ဆုတ်သွားခဲ့ပြီး စစ်ဧကရာဇ်အရေအတွက် များစွာရှိနေလျှင်ပင် နတ်ဆိုးချပ်ဝတ်၏ခံစစ်ကို ထိုးဖောက်နိုင်မည်မဟုတ်ဘဲ တစ်ဖက်သတ် တိုက်ခိုက်ခံရပေလိမ့်မည်။
"သွားကြစို့"
လက်ရှိအခြေအနေအရ သူတတ်နိုင်သည်မှာ လောင်ကျန်းထံ သတင်းပြန်ပို့ရန်သာ ဖြစ်သည်။ လုပ်ကြံသူငါးယောက်ကလည်း လုပ်ကြံမှု ကျရှုံးသွားသောအခါ ချက်ချင်းဆုတ်ခွာသွားကြသည်။ ထိုအချိန်၌ ကျိရန်ရွယ်လည်း ခန်းမအပြင်သို့ ရောက်လာပြီဖြစ်သောကြောင့် ယဲ့ချန်ကလည်း ဝိညာဥ်အသိစိတ်ကို လှစ်ခနဲ ပြန်လည်သိမ်းယူလိုက်သည်။ ခန်းမ၏ဝင်ပေါက်မှထွက်လာသော ကျိရန်ရွယ်ကို မြင်သောအခါ ရှန်းရွယ်က ဒေါသထွက်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။ သူက ကျိရန်ရွယ်ကို လိုက်မဖမ်းနိုင်ခဲ့သောကြောင့် ရွှမ်ယု၏ ဆူပူကြိမ်းမောင်းခြင်းကိုခံခဲ့ရပြီး အပြင်မြို့တစ်ခုလုံး လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ပေ။ ထို့ကြောင့် သူတို့၏အမြင်တွင် သူမကို မင်းမျိုးနွယ်ဝင်တစ်ယောက်က သိမ်းသွင်းသွားသည်ဟု သတ်မှတ်လိုက်ကြသည်။ သတင်းအစအနများကို လိုက်လံစုံစမ်းခဲ့သော်လည်း သူမက ထူးဆန်းစွာ ပျောက်ကွယ်နေခဲ့သည်။
ကျိရန်ရွယ်က ယဲ့ချန်၊ မိုရန်နှင့် တစ်ဖွဲ့တည်းဖြစ်ကြောင်း ရှန်းရွယ်က နားလည်လိုက်သည်။ အရိပ်မျိုးနွယ်ဝင်များကြားတွင် သူမတစ်ယောက်တည်းကသာ နတ်ဆိုးမျိုးစေ့၏ဝါးမျိုမှုမှ လွတ်မြောက်ခဲ့ပြီး ရွှမ်ယုပင် ဤဆန်းကျယ်မှုကို အဖြေမထုတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက ကျိရန်ရွယ်ကို အပူတပြင်းလိုက်လံရှာဖွေပြီး သွေးမျိုးဆက်ကို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်အတွက် နတ်ဆိုးမျိုးစေ့ကို တွန်းလှန်နိုင်သော မျိုးဆက်သွေးက ဆူးငြောင့်တစ်ချောင်းပမာ စိုက်ဝင်နေခဲ့သည်။
"သူတို့ကို မလွတ်စေနဲ့"
ယဲ့ချန်က ချက်ချင်းမတ်တပ်ထရပ်၍ အေးစက်စက်အမိန့်ပေးကာ လုပ်ကြံသူတစ်ယောက်ထံ ရုတ်တရက် ခုန်အုပ်လိုက်သည်။ ရှန်းရွယ်က အကူအညီတောင်းချင်နေသည်မှာ ထင်ရှားသောကြောင့် ရန်သူအရေအတွက်များလာလျှင် သူတို့သုံးယောက်အတွက် အန္တရာယ်များလာပေလိမ့်မည်။