← Chapters

အရိပ်မျိုးနွယ်ဝင်ငါးယောက်ကို ကယ်တင်ခြင်း

Vol. 51 Ch. 706

အရိပ်မျိုးနွယ်ဝင်ငါးယောက်ကို ကယ်တင်ခြင်း

Vol. 51 Ch. 706

ယဲ့ချန်၏အမိန့်ကို ရသောအခါ မိုရန်က တိုက်ခိုက်ရန် ပြေးတက်သွားသကဲ့သို့ ကျိရန်ရွယ်ကလည်း နတ်ဆိုးချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။ သူတို့ဘက်တွင် အားသာချက်ရှိနေသောကြောင့် ရန်သူများကို အလွယ်တကူ ချေမှုန်းနိုင်ပေလိမ့်မည်။ သူမသည် ရွှမ်ယု၏အိမ်တော်တွင် အရိပ်မျိုးနွယ်ဝင်များကို ရှန်းရွယ်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မြင်ကွင်းကို ယနေ့တိုင်မေ့မရသဖြင့် ဒေါသူပုန်ထနေခဲ့သည်။ စစ်ဧကရာဇ်များကို နတ်ဆိုးမျိုးစေ့ဖြင့် ထိန်းချုပ်နိုင်သော်လည်း ပိုမိုအားနည်းသော အရိပ်မျိုးနွယ်ဝင်များမှာ ၎င်း၏တိုက်စားမှုဒဏ်ကို မခုခံနိုင်သဖြင့် အလွန်အမင်းအားနည်းသွားချိန်၌ နှိပ်စက်သတ်ဖြတ်ခံခဲ့ရပြီး ရက်စက်သော ပါးကွက်သားများကြားတွင် ရှန်းရွယ်က တစ်ယောက်အပါအဝင်ဖြစ်သည်။ ထို့ကြောင့် သူမက ရန်သူကို နောက်တစ်ကြိမ်ပြန်တွေ့ရသောအခါ အမုန်းမီးများ တောက်လောင်လာခဲ့သည်။

"လူနဲ့ ဝိညာဥ် တစ်သားတည်းဖြစ်စေ"

ယဲ့ချန်က တစ်ချက်တွေးလိုက်သောအခါ ဘီလူးပုံရိပ် ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံပေါင်းစပ်ခဲ့သည်။ သူက သံမဏိမျှော်စင်ကြီးကဲ့သို့ ဝင်တိုက်လိုက်သောအခါ လုပ်ကြံသူတစ်ယောက် လွင့်ထွက်သွားခဲ့သည်။ ထို့နောက် သူက မှိန်း၏လက်ကိုင်ဘက်ဖြင့် အရိပ်မျိုးနွယ်ဝင်နောက်တစ်ယောက်ကို ရိုက်နှက်၍ မြေပြင်တွင် လဲကျသွားစေသည်။ သူက အလွန်သန်မာသော အသွင်ပြောင်းသွားသဖြင့် လုပ်ကြံသူများမှာ တစ်ချက်ကလေးပင် ပြန်လည်မတိုက်ခိုက်နိုင်တော့ပေ။ သူက လုပ်ကြံသူများကို သတ်ရမည့်အစား အပြင်းအထန်ဒဏ်ရာရစေရန်သာ တိုက်ခိုက်ခဲ့ပြီး နှစ်ယောက်က မြေပြင်တွင်လဲကျသွားကာ လက်ရှိ၌ မထနိုင်တော့ပေ။ ရှန်းရွယ်နှင့် နောက်လိုက်များက ကြောက်လန့်သွားပြီး ဆက်လက်တိုက်ခိုက်နေလျှင် သေရမည်ကို နားလည်သွားကြသည်။ တစ်ဖက်လူများက နတ်ဆိုးချပ်ဝတ်များ ဝတ်ဆင်ထားသောကြောင့် သူတို့၏တိုက်ကွက်များကို လျစ်လျူရှုကာ လိုက်လံတိုက်ခိုက်နိုင်ကြသည်။

"ဘန်း"

အချိန်ခဏအကြာတွင် အရိပ်မျိုးနွယ်ဝင်ငါးယောက်က လှဲသိပ်ခံလိုက်ရပြီး ကျန်စစ်ဧကရာဇ်များက အလန့်တကြား ထွက်ပြေးသွားကြသည်။ သူတို့၏တိုက်ကွက်များက နတ်ဆိုးချပ်ဝတ်ကို ထိမှန်သွားသော်လည်း ထိုသုံးယောက်ကို အန္တရာယ်မပေးနိုင်ခဲ့ပေ။ ကျိရန်ရွယ်က ရှန်းရွယ်ကိုသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လိုက်လံဖမ်းဆီးနေသော်လည်း နတ်ဆိုးဆင်မျိုးနွယ်၏ စွမ်းရည်တစ်ခုကြောင့် မျက်တောင်တစ်ခတ်အတွင်း ပစ်မှတ်က မြူခိုးတစ်ခုအဖြစ် လွင့်ပြယ်သွားကာ သဲလွန်စပျောက်သွားရသည်။

"မလိုက်နဲ့တော့"

ယဲ့ချန်က သူမကို တားမြစ်လိုက်ခြင်းဖြစ်သည်။ မိုရန်က အပြင်းအထန်ဒဏ်ရာရထားသော လုပ်ကြံသူငါးယောက်ကို ထိန်းသိမ်းလိုက်သည်။ သူတို့၏ခန္ဓာကိုယ်တွင် ကောင်းကင်နတ်ဆိုးချီများ ဝန်းရံနေကာ ယဲ့ချန်ကို မုန်းတီးအလိုမကျစွာ စိုက်ကြည့်နေကြသည်။

"ဆရာ သူတို့ကို ဘာလုပ်လိုက်ရမလဲ"

"သူတို့ကိုသယ်လာပြီး ပုန်းဖို့ နေရာတစ်ခု ရှာရအောင်။ ဒီနေရာကနေ တတ်နိုင်သမျှအမြန်ဆုံး ထွက်သွားကြမယ်။ မဟုတ်ရင် ကောင်းကင်နတ်ဆိုးအုပ်စုက လူတွေရောက်လာရင် လမ်းပိတ်သွားလိမ့်မယ်"

"ဟုတ်ကဲ့"

ယဲ့ချန်၏အမိန့်ကြောင့် မိုရန်က ချီစွမ်းအင်ဖြင့် လဲကျနေသူငါးယောက်ကို ဖမ်းချုပ်သယ်ဆောင်လိုက်၏။

"ဝှစ်"

ထို့နောက် သုံးယောက်သားက ထူထပ်သော သစ်တောကြီးအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ကျိရန်ရွယ်က သူမ၏မျိုးနွယ်ဝင်ငါးယောက်ကို ဝမ်းနည်းစွာကြည့်၍ အမည်များကို စဥ်းစားနိုင်ခဲ့သည်။ သို့သော် နတ်ဆိုးမျိုးစေ့၏လက်ချက်ကြောင့် သူတို့က အရိပ်မျိုးနွယ်ဝင်များမဟုတ်တော့ဘဲ သူမကို မမှတ်မိခဲ့ကြပေ။ သစ်တောအတွင်းရှိ လွင်ပြင်ငယ်တစ်ခုသို့ ရောက်သောအခါ မိုရန်က သူတို့ကို သိမ်မွေ့စွာ ချပေးလိုက်သည်။ သူတို့က အပြင်းအထန်ဒဏ်ရာရထားပြီး တစ်ကိုယ်လုံးသွေးချင်းချင်းနီကာ အသိစိတ်များဝေဝါးနေကြသော်လည်း စစ်ဧကရာဇ်များဖြစ်သောကြောင့် အသက်အားက အလွန်သန်မာကာ ပစ်ထားလိုက်လျှင်ပင် အချိန်တစ်ခုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ ယဲ့ချန်က သူတို့၏အခြေအနေကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ဧကရာဇ်ရော့နှင့်ဆင်တူကြောင်း သိလိုက်ရသည်။ သို့သော် နတ်ဆိုးမျိုးစေ့က ကိုယ်တွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ဧကရာဇ်ရော့နှင့်စာလျှင် ပေါင်းစပ်ခံထားရသည့် အချိန်ပမာဏက ပိုများပေသည်။

"သူတို့ကိုကယ်လို့ ရသေးလားဟင်"

ကျိရန်ရွယ်က သူ့ကို အသနားခံသောလေသံဖြင့် မေးလိုက်ခြင်းဖြစ်သည်။ အရိပ်မျိုးနွယ်ဝင်များ၏ မှတ်ဉာဏ်များက နတ်ဆိုးမျိုးစေ့ကြောင့် ပျောက်ကွယ်နေပြီး အတိတ်ကို သတိမရကြပေ။ အကယ်၍ ယဲ့ချန်သာ သူတို့ကိုကယ်တင်ပေးနိုင်လျှင် ဘာမဆိုပေးဆပ်မည်ဟု သူမက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

"ကယ်နိုင်တယ်"

ယဲ့ချန်က အသေအချာစစ်ဆေးပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ဤအရိပ်မျိုးနွယ်ဝင်ငါးယောက်ကို ကယ်တင်နိုင်လျှင် နောက်လိုက်များအဖြစ် စုဆောင်းနိုင်ရုံသာမက ဤနေရာ၌ စစ်ဧကရာဇ်ငါးယောက်ကို အကူအညီအဖြစ် ရပေလိမ့်မည်။ ထို့နောက် သူက အရိပ်မျိုးနွယ်ဝင်တစ်ယောက်၏ကိုယ်တွင်းသို့ ဝိညာဥ်အသိစိတ်ကို ဘီလူးအဖြစ်ပြောင်းလဲ စေလွှတ်လိုက်သည်။ ဘီလူးက နတ်ဆိုးမျိုးစေ့၏တည်နေရာကို ရှာဖွေကာ ပါးစပ်ကိုဟ၍ ကိုက်ဖဲ့စားသောက်လိုက်ပြီး စားကောင်းသောက်ဖွယ်တစ်ခုအဖြစ် သဘောထားနေသည်။ ၎င်းက အပြင်းအထန်ရုန်းကန်လိုသော်လည်း အလဟဿဖြစ်သွားရပြီး ခဏအကြာတွင် ဘီလူး၏ပါးစပ်အတွင်း လမ်းဆုံးသွားရလေသည်။ ဤဖြစ်စဥ်အတွင်း အရိပ်မျိုးနွယ်ဝင်က နာကျင်နေရသော်လည်း နတ်ဆိုးမျိုးစေ့ကို ဘီလူးက အပြည့်အဝဝါးမျိုလိုက်သောအခါ တည်ငြိမ်စွာဖြင့် မေ့မျောသွားခဲ့သည်။ ဘေးမှစောင့်ကြည့်နေသော ကျိရန်ရွယ်က သတိလစ်သွားသည့်အဖြစ်ကြောင့် စိုးရိမ်ပူပန်နေခဲ့သည်။

"မစိုးရိမ်နဲ့။ ငါက သူ့ကိုယ်ထဲက နတ်ဆိုးမျိုးစေ့ကို ဝါးမျိုပြီးပြီ။ သူက ခဏလောက် သတိလစ်ပြီးရင် ပြန်နိုးလာလိမ့်မယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ နှစ်သိမ့်ကာ နောက်တစ်ယောက်၏ကိုယ်တွင်းသို့ ဝိညာဥ်အသိစိတ်ကို ပို့လွှတ်လိုက်သည်။ သူမက စိတ်အေးသွားသော်လည်း စိုးရိမ်စွာဖြင့် စောင့်ဆိုင်းနေဆဲပင်ဖြစ်သည်။ သူက နတ်ဆိုးမျိုးစေ့များကို ဝါးမျိုပြီးနောက် ဘီလူး၏ခွန်အား မြင့်တက်လာသည်ကို ခံစားနေရကာ စစ်ဧကရာဇ်အဆင့်လေးနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသည်။ နောက်ဆုံးတွင် နတ်ဆိုးမျိုးစေ့ငါးခုကို ဘီလူးက ဝါးမျိုလိုက်ပြီး သူ၏ကိုယ်ထဲတွင် စွမ်းအားများ ဆက်တိုက်မြင့်တက်လာသည်။ နောက်ဆုံးတွင် ကျင့်ကြံဆင့်အတားအဆီးက ဘုန်းခနဲ ပေါက်ကွဲသွားကာ စစ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပြီး နတ်ဆိုးချီများ လှိုင်းလုံးကြီးပမာ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်၌ ဘီလူး၏ကိုယ်ထက်တွင် ဆူးချွန်များဖြစ်တည်လာကာ အကြေးခွံများပိုင်ဆိုင်လာပြီး မှိန်း၏အရွယ်အစားက ပို၍ကြီးမားလာသည်။ သူက ဤပြောင်းလဲမှုကြောင့် ရင်ထိတ်သွားသော်လည်း နတ်ဆိုးမျိုးစေ့များကို ဝါးမျိုခြင်းက အကြောင်းအရင်းဖြစ်နိုင်သည်ဟု နားလည်လိုက်သည်။ ထို့နောက် ဘီလူးကို ဝိညာဥ်အသိစိတ်အဖြစ် ပြောင်းလဲကာ ကိုယ်တွင်းသို့ ပြန်လည်ရုတ်သိမ်းခဲ့သည်။

"ငါ ဘာတွေဖြစ်သွားတာလဲ"

အချိန်ခဏအကြာတွင် ပထမဆုံး နတ်ဆိုးမျိုးစေ့ ဝါးမျိုခံလိုက်ရသော အရိပ်မျိုးနွယ်က ဖြည်းဖြည်းချင်းသတိရလာပြီး ပတ်ဝန်းကျင်အား စိတ်ရှုပ်နေဟန်ဖြင့် လှည့်ပတ်ကြည့်ရှုရင်း ရေရွတ်လိုက်မိသည်။ သူက ပတ်ဝန်းကျင်ကို တွေဝေစွာစူးစမ်းနေသော်လည်း ဒဏ်ရာမှ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။

"ကျိရန် နောက်ဆုံးတော့ နင် နိုးလာပြီပေါ့"

ကျိရန်ရွယ်က စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် စီးကျလာသည်။ သူမက အတိတ်တွင် ကျိရန်နှင့် အဆက်အဆံမရှိသော်လည်း အရိပ်မျိုးနွယ်တွင် နောက်ဆုံးသော မျိုးနွယ်ဝင်အဖြစ် ခံစားနေခဲ့ရပြီး သတ်သေရန်ပင် စဥ်းစားခဲ့ဖူးသည်။ နောက်ဆုံးတွင် အရိပ်မျိုးနွယ်ဝင်တစ်ယောက်က ပြန်လည်သတိရလာသောအခါ ယဲ့ချန်က ကယ်တင်နိုင်စွမ်းရှိသည်ဟု သေချာသွားပြီး အရိပ်မျိုးနွယ်အတွက် မျှော်လင့်ချက်ရှိကြောင်း နားလည်ခဲ့သည်။ သူမက ခဏအကြာတွင် တည်ငြိမ်သွားကာ ယဲ့ချန်ကို ကျေးဇူးတင်လွန်းသဖြင့် ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် ကျန်လုပ်ကြံသူလေးယောက်လည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာသဖြင့် သူမက ဒဏ်ရာများကုသရန်အတွက် ကောင်းကင်ချီများထောက်ပံ့ရင်း ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။ သူတို့က ကောင်းကင်နတ်ဆိုး၏ ထိန်းချုပ်ခံများဖြစ်ခဲ့ရပြီး ကယ်တင်ရှင်အကြောင်း သိလိုက်ရသောအခါ ယဲ့ချန်ကို ကျေးဇူးတင်စွာ ကြည့်လာခဲ့ကြသည်။ အကယ်၍ ယဲ့ချန်သာ မကယ်တင်ပေးခဲ့လျှင် သူတို့က ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ရုပ်သေးများ ဆက်ဖြစ်နေပေလိမ့်မည်။

"ဒီနေရာက ထွက်သွားသင့်ပြီ။ ကောင်းကင်နတ်ဆိုးတပ်ဖွဲ့တွေ လိုက်လာကြပြီ"

.

ကင်းစောင့်နေသော မိုရန်က သတိပေးလိုက်ခြင်းဖြစ်သည်။ သစ်တောအတွင်းသို့ လောင်ကျန်းဦးဆောင်သော စစ်ဧကရာဇ်ရာချီက ချင်းနင်းဝင်ရောက်လာခဲ့ပြီး လွင်ပြင်ငယ်ထံ ရောက်သောအခါ မည်သူ့ကိုမှ မတွေ့တော့ပေ။

"ဆရာလောင် သူတို့ ထွက်သွားကြပြီ"

မြေပြင်ထက်မှ ယဲ့ချန်တို့၏အရှိန်အဝါကို အနံ့ခံနေသော ရှန်းရွယ်က တင်ပြလိုက်ခြင်းဖြစ်သည်။

"အရိပ်မျိုးနွယ်ဝင်ငါးယောက်ကို ရန်သူသုံးယောက်က အပြင်းအထန်ဒဏ်ရာရအောင် လုပ်ပြီး ဖမ်းခေါ်သွားတာ သေချာလား"

လောင်ကျန်းက ပတ်ဝန်းကျင်ရှိ သဲလွန်စများကို ဆက်တိုက်လိုက်လံရှာဖွေနေရင်း မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ်"

ရှန်းရွယ်က သေချာစွာ ဖြေလိုက်သော်လည်း ရင်ထဲ၌ သံသယများရှိနေသည်။ တစ်ဖက်လူက လုပ်ကြံသူမျိုးနွယ်ငါးယောက်ကို ဖမ်းခေါ်သွားရသည့် အကြောင်းအရင်းက ထူးဆန်းနေသည်။

"သူတို့က တောင်ဘက်ကို ထွက်သွားတာဖြစ်ရမယ်။ ဒီကောင်တွေ မြန်မြန်ထွက်မပြေးနိုင်ဘူး။ လိုက်ဖမ်းကြစမ်း"

ပတ်ဝန်းကျင်ကို ဦးမင်များဖြင့် အာရုံခံစစ်ဆေးနေသော လောင်ကျန်းက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"ဒီကိစ္စက ထူးဆန်းနေတယ်။ အရိပ်မျိုးနွယ်ထဲမှာ ကျိရန်ရွယ်တစ်ယောက်တည်းက နတ်ဆိုးမျိုးစေ့ကို တွန်းလှန်နိုင်ခဲ့တယ်။ သူတို့က တစ်ခုခုကိုရှာတွေ့သွားတာ ဖြစ်နိုင်တယ်။ သေချာပေါက်လိုက်ဖမ်းရမယ်"

လောင်ကျန်းက ဤသို့စဥ်းစားနေစဥ် အမိန့်ရလိုက်သော စစ်ဧကရာဇ်များက သစ်တောအတွင်း တောင်အရပ်သို့ ဆက်လက်ချီတက်သွားကြသည်။

"ဆရာ သူတို့ကို လမ်းလွှဲလိုက်နိုင်ပြီ"

လွင်ပြင်ငယ်နှင့်မနီးမဝေးတွင် ပုန်းအောင်းနေသည့် မိုရန်က အခြေအနေကို ယဲ့ချန်ထံ တင်ပြလိုက်ခြင်းဖြစ်သည်။ သူက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ နတ်ဆိုးဝိညာဥ်နှင့်ပေါင်းစပ်ပြီးနောက် ကျိရန်ရွယ်၏စွမ်းရည်များ နိုးထလာသောကြောင့် လှည့်ကွက်တစ်ခုသုံးကာ လောင်ကျန်းကို လမ်းလွှဲလိုက်ခြင်းဖြစ်သည်။ ထိုအခိုက်တွင်မှ လူတိုင်းက စိတ်အေးသွားပြီး သက်ပြင်းကိုယ်စီချလိုက်မိသည်။

"ကျိရန်ရွယ်ပြောတာက ခင်ဗျားမှာ နတ်ဆိုးမျိုးစေ့လက်ကနေ လွတ်မြောက်အောင် လုပ်နိုင်ပြီး ခွန်အားတိုးတက်လာစေနိုင်တဲ့ နည်းလမ်းရှိတယ်ဆို"

ကျိရန်နှင့် အရိပ်မျိုးနွယ်ဝင်များက ယဲ့ချန်အနားသို့ တိုးကပ်လာကာ ခပ်ရွံ့ရွံ့မေးလိုက်ကြသည်။

"ရှိတယ်။ ဒါပေမယ့် ဒီနည်းလမ်းကို အသုံးပြုရင် အနာဂတ်မှာ မင်းတို့က ငါ့စကားကို နားထောင်ရလိမ့်မယ်"

ယဲ့ချန်က ခေါင်းညိတ်သည်။

"ကျိရန်ရွယ်လိုမျိုးလား"

"ဟုတ်တယ်"

"အရိပ်မျိုးနွယ်ဝင်တွေကို ကယ်တင်နိုင်ဖို့ ခွန်အားတိုးတက်လာမယ်ဆိုရင် ကျုပ်တို့ ဘာမဆိုလုပ်နိုင်တယ်။ ခင်ဗျားအမိန့်ကိုလည်း လိုက်နာနိုင်ပေမယ့် တောင်းဆိုချက်တစ်ခုတော့ ရှိမယ်"

ကျိရန်က သူ၏အဖော်များကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ သူတို့အားလုံးက ဒဏ်ရာရထားပြီး အလျင်အမြန်ကုသနိုင်စွမ်းမရှိလျှင် နတ်ဆိုးအကျဥ်းထောင်ဘုံအတွင်းမှပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

All Chapters