ရှဲ့ချောင်
Vol. 51 Ch. 708
အင်အားစုအသီးသီး၏ စစ်ဧကရာဇ်များက ခန်းမများနှင့် အုတ်ဂူများအတွင်း လိုက်လံရှာဖွေနေစဥ် ယဲ့ချန်တို့ရှစ်ယောက်သည် မြေပုံတွင်မပါဝင်သော အုတ်ဂူအမှတ်တစ်ဆယ်သို့ ခရီးဆက်နေကြသည်။ အခြားကျင့်ကြံသူများက မိုရန်ကဲ့သို့ အမြင်စွမ်းရည် မပိုင်ဆိုင်သောကြောင့် ပုန်းကွယ်နေသော အုတ်ဂူတစ်ခုရှိနေကြောင်း မသိနိုင်ခဲ့ပေ။ တစ်နာရီကျော်အကြာတွင် သူတို့က တောင်တန်း၏အလယ်တွင် ကောင်းစွာဝှက်ထားသော၊ ချုံနွယ်ပိတ်ပေါင်းများနှင့် ဖုံးအုပ်ထားသည့် အုတ်ဂူဝင်ပေါက်သို့ ရောက်ရှိလာကြသည်။ ထိုနေရာ၌ သေချာစွာဂရုတစိုက်မကြည့်ရှုလျှင် ၎င်းကို ရှာတွေ့မည် မဟုတ်ချေ။ မိုရန်ကမူ တည်နေရာကို ကီလိုမီတာပေါင်းများစွာ အဝေးမှမြင်နိုင်သော အံ့လောက်ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ယဲ့ချန်က မိုရန်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်မျိုးဆက်သွေးဖြစ်ကြောင်း မပြောနိုင်သော်လည်း သာမန်မဟုတ်ကြောင်း သိသာထင်ရှားနေသည်။
"အုတ်ဂူထဲမှာ ဘာတွေရှိလဲ"
သူက မိုရန်ကို မေးလိုက်ခြင်းဖြစ်သည်။ မိုရန်၏မျက်လုံးမှ အနီရောင်အလင်းများက အုတ်ဂူအတွင်း ထိုးဖောက်ဝင်ရောက်သွားကာ အခြေအနေကို စစ်ဆေးလိုက်သည်။
"အုတ်ဂူတစ်ခုလုံး အလွတ်ဖြစ်နေပြီး အခေါင်းအလွတ်တစ်လုံးကလွဲရင် ဘာမှမရှိဘူး။ ဒီနေရာကို သူများတွေ လက်ဦးသွားပြီထင်တယ် ဆရာ"
မိုရန်က ကြောင်အသွားပြီး တုံ့တုံ့ဆိုင်းဆိုင်း ဖြေလိုက်၏။
"မဟုတ်သေးဘူး၊ တစ်ခုခု မှားနေတယ်"
သို့သော် သူက ချက်ချင်းအော်ဟစ်လိုက်သောကြောင့် လူတိုင်း၏စိတ်ဝင်စားမှုများ မြင့်တက်လာကြသည်။ သူက အမြင်စွမ်းရည်ကို အားကုန်မြှင့်တင်လိုက်သောအခါ အနီရောင်အလင်းများမှာ တောင်ကို အပေါက်ဖြစ်အောင် ထိုးဖောက်နိုင်သည်အထိ လောင်ကျွမ်းလာခဲ့သည်။ ထို့နောက် ကျောက်လွှာများအကြားမှ ဖုံးကွယ်အစီအရင်ဖြင့် ဝှက်ထားသော အုတ်ဂူတစ်လုံးက ထူးဆန်းစွာ ထွက်ပေါ်လာသည်။
"ဒီအုတ်ဂူထဲမှာ နှစ်မီတာအမြင့်ရှိတဲ့ ကျောက်စာတစ်ချပ်ရှေ့မှာ အလောင်းတစ်ခု ထိုင်နေတယ်"
"ကျောက်စာ ဟုတ်လား။ ဒါကို တူးလိုက်ကြရအောင်"
ယဲ့ချန်က ဝမ်းမြောက်ဝမ်းသာ ရေရွတ်လိုက်သည်။ ၎င်းက နတ်ဆိုးကျမ်းစာများကို မှတ်တမ်းတင်ထားသော အန္တရှေးဟောင်းကျောက်စာ ဖြစ်နိုင်သည်။ ထို့နောက် သူက လက်ဝါးတွင် ချီများစုစည်းကာ ကျောက်သားများကို ရိုက်နှက်လိုက်သော တောင်နံရံတွင် အပေါက်ကြီးဖြစ်ပေါ်လာကာ လူတိုင်း၏မြင်ကွင်းသို့ အုတ်ဂူအတွင်းပိုင်းက ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် ဘုံတစ်ခုလုံး လှုပ်ခတ်သွားကာ ကောင်းကင်ရှိ သွေးမြူများ ပိုမိုသိပ်သည်းလာ၍ ရတနာဖြစ်ဟန်တူသော အလင်းများစွာက ဘက်ပေါင်းစုံသို့ လွင့်ပျံသွားကြသည်။
"ဒါက မရဏကြယ်တစ်ခုလုံးရဲ့ ကြွယ်ဝမှုနဲ့ညီမျှတဲ့ ရတနာတွေပဲ။ အဆင့်ကိုးအထက် နတ်ဆိုးလက်နက်သန်းချီ၊ သဘာဝစိတ်ဝိညာဥ်ရတနာသိန်းချီနဲ့ ကျင့်ကြံသူတွေ တပ်မက်ကြတဲ့ ရှားပါးရတနာတွေ ဖြစ်တယ်။ လုကြစမ်း ဟီးဟီး"
ကောင်းကင်ထက်ရှိ နတ်ဆိုးမျက်နှာကြီးက အော်ဟစ်ရယ်မောကာ အသိပေးလိုက်သည်။ ကောင်းကင်တွင် နေရာတိုင်း၌ ရတနာများထံမှ အလင်းတန်းများ ပြိုးပြိုးပျက်ပျက် လင်းလက်နေကြသည်။
"ဒီအဘိုးကြီး ဘာလုပ်ချင်နေတာလဲ။ ရတနာတွေကို တကယ်စွန့်လွှတ်လိုက်တာလား"
သွေးစုပ်သူက ကောင်းကင်သို့မော့ကြည့်၍ တအံ့တသြ ဖြစ်နေခဲ့သည်။
"သခင်လေး ကျုပ်တို့ ဘာလုပ်ကြမလဲ"
"လုကြစမ်း။ မြို့ဝန်အိမ်တော်ရဲ့ ရတနာတွေကို လာလုတဲ့သူမှန်သမျှကို သတ်ပစ်လိုက်ကြ"
မည်သို့ပင်ဖြစ်ပါစေ၊ ရတနာများကို မောင်ပိုင်စီးချင်သော သွေးစုပ်သူက နောက်လိုက်များကို အမိန့်ပေးလိုက်သည်။ သူ၏နောက်လိုက်များက ကောင်းကင်တွင် လွင့်ပျံနေကြသော ရတနာများထံ တရကြမ်း ပြေးထွက်သွားကြ၏။ ကောင်းကင်နတ်ဆိုးများဘက်တွင်လည်း လောင်ကျန်းက အတွေးနက်နေပြီး မြို့ဝန်ဟောင်း၌ အခြားအကြံများရှိနိုင်သည်ဟု ကောက်ချက်ချလိုက်သည်။ သို့မဟုတ်လျှင် သူက ရတနာများစွာကို ရုတ်တရက် ထုတ်ပေးလာမည် မဟုတ်ပေ။ သို့သော်လည်း များပြားလှသော ရတနာများကို မြင်ရသောအခါ မည်သူမဆို တည်တည်ငြိမ်ငြိမ်နေနိုင်ရန် ခက်ခဲလှပေသည်။
"လုကြစမ်း။ ရတနာယူလာနိုင်သူတိုင်းကို သခင်ရွှမ်က ဆုချလိမ့်မယ်"
သူက နောက်လိုက်စစ်ဧကရာဇ်များကို အော်ဟစ်အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
"ဆရာ လူတိုင်းက ရတနာတွေကို လိုက်လုနေကြတယ်"
အုတ်ဂူအမှတ်တစ်ဆယ်ရှေ့တွင်ရှိနေသော မိုရန်က အဝေးမှ အခြေအနေများကို ယဲ့ချန်ထံ တင်ပြလိုက်၏။ ရတနာများ ထွက်ပေါ်လာသည့် နေရာနှင့် ဤအုတ်ဂူက ကီလိုမီတာသောင်းချီဝေးကွာနေသဖြင့် လောဘတက်နေကြသူများအားလုံးက သူတို့ကို သတိထားမိစရာ အကြောင်းမရှိချေ။
"ဒါက မြို့ဝန်ဟောင်းလား။ သူက ရတနာတွေအများကြီးအသုံးပြုပြီး စစ်ဧကရာဇ်တွေကို လမ်းလွှဲချင်နေတာလား"
ထိုင်နေသော အလောင်းကောင်ကို စစ်ဆေးနေသည့် ယဲ့ချန်က အတွေးနက်နေခဲ့သည်။ ထိုအလောင်းက အဖိုးတန်အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နှစ်ပေါင်းများစွာကြာသော်လည်း ၎င်းက အသစ်ကျပ်ချွတ်အတိုင်းရှိနေပြီး စုတ်ပြဲရာတစ်ခုတလေပင် မရှိချေ။ ၎င်းက သက်လတ်ပိုင်းလူတစ်ယောက်နှင့် ဆင်တူပြီး မျက်နှာက အလွန်အမင်းဖြူရော်နေသော်လည်း ပုပ်သိုးနေသည့် လက္ခဏာများ မရှိချေ။ သူက တင်ပျဥ်ခွေထိုင်နေပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားသဖြင့် ညာလက်မ၌ အပြာရောင်လက်စွပ်တစ်ကွင်း ထွက်ပေါ်နေသည်။ ယဲ့ချန်က ကျောက်စာကို ထပ်မံစစ်ဆေးလိုက်ပြီး ၎င်းက အက်ကြောင်းများပြည့်နှက်နေကာ စာလုံးတစ်ခုပင် မရှိချေ။
"ဒါက အနန္တရှေးဟောင်းကျောက်စာလား။ နတ်ဆိုးကျမ်းစာ၁၂စောင်က ဘယ်မှာလဲ"
သူက တစ်ခုခုမှားနေကြောင်း ခံစားရသဖြင့် ၎င်းကို လက်ဖြင့် မထိရဲပေ။
"ဆရာ ဘာဆက်လုပ်ကြမလဲ"
မိုရန်က အကြံတောင်းလိုက်ခြင်းဖြစ်သည်။
"ထောင်ချောက်တွေကို သတိထား၊ အနားသိပ်မကပ်နဲ့။ မြို့ဝန်ဟောင်းက သူ့အလောင်းကို လွယ်လွယ်ကူကူ ထိခွင့်ပေးမှာ မဟုတ်ဘူး"
ယဲ့ချန်က သတိပေးလိုက်စဥ် အလောင်းထံမှ ပုံရိပ်တစ်ခု မြင့်တက်လာခဲ့ပြီး မျက်နှာထားသွင်ပြင်က တစ်မျိုးတဖုံ ထူးဆန်းနေသည်။
"ငါက သဲလွန်စတွေ ချန်ထားရစ်တဲ့အတွက် သွေးနတ်ဆိုးမျိုးနွယ်ဝင်တွေသာ ရှာတွေ့နိုင်မယ်လို့ ထင်ခဲ့တယ်။ မင်းတို့က အရင်ဆုံး ရှာတွေ့မယ်လို့ မထင်ထားမိဘူး။ တစ်ယောက်ယောက်က နတ်ဆိုးမျက်လုံးမျိုးနွယ်ရဲ့ သွေးသူငယ်အိမ်ကို နိုးထနိုင်ခဲ့ပြီလား"
ပုံရိပ်က ယဲ့ချန်တို့အားလုံးကို ဝေ့ကြည့်၍ မိုရန်ကို မြင်သောအခါ တစ်ချက်ပြုံး၍ ချီးကျူးလိုက်သည်။
"ငါက တစ်ချိန်က မှော်မြို့ဝန်ဟောင်းဖြစ်တဲ့ ရှဲ့ချောင်ပါ။ လက်ရှိမြို့တော်ဝန်က ငါ့ဝမ်းကွဲ သွေးတောင်ပံ ဖြစ်မယ်ထင်တယ်"
သူ၏အကြည့်က အုပ်စုအကြားတွင် ခေါင်းဆောင်အဖြစ် ထင်ရှားနေသော ယဲ့ချန်ထံ ကျရောက်လာကာ မိတ်ဆက်လိုက်ပြီး သွေးတောင်ပံအကြောင်း ပြောသောအခါ မျက်ဝန်းများ အေးစက်လာခဲ့သည်။
"ခင်ဗျားကိုသတ်တဲ့ တရားခံက သွေးတောင်ပံလား"
ယဲ့ချန်က မေးလိုက်သည်။ သူ၏အမြင်တွင် မရဏကြယ်ပေါ်တွင် မြို့ဝန်တစ်ယောက်ဖြစ်လာရန် ကျင့်ကြံဆင့်မြင့်ရမည့်အပြင် သာမန်လူများထက် သာလွန်သော ဉာဏ်ရည်မျိုး ပိုင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် ရှဲ့ချောင်က ပုံရိပ်သာသာဖြစ်သော်လည်း သတိမလွတ်ရဲချေ။
"ဟုတ်တယ်။ ငါက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပေမယ့် တစ်ရက် ငါကျင့်ကြံနေတုန်းမှာ လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ငါက နတ်ဆိုးအကျဥ်းထောင်ဘုံထဲကို ထွက်ပြေးနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် နောက်ဆုံးမှာ သေခဲ့ရတယ်။ ဒီဘုံကို အနန္တရှေးဟောင်းကျောက်စာနဲ့ ဖန်တီးထားတာဖြစ်ပြီး နတ်ဆိုးကျမ်းစာကို မှတ်တမ်းတင်ထားတယ်။ တစ်စောင်နှစ်စောင်ကို နားလည်နိုင်သူတိုင်းက ပြိုင်ဘက်ကင်းနတ်ဆိုးကျင့်စဥ်တစ်ခု ရယူနိုင်တယ်။ ငါ မင်းကို ပေးလိုက်မယ်"
ရှဲ့ချောင်က အတိတ်ကို တွေးမိလိုက်သောအခါ မျက်နှာထားက ရက်စက်ကြမ်းကြုတ်သွားသော်လည်း လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ သူ၏စကားအဆုံးတွင် လက်ဝှေ့ယမ်းလိုက်သောအခါ ကျောက်စာကြီးက လက်တစ်ဝါးစာအရွယ် ကျုံ့ဝင်သွားကာ ယဲ့ချန်ထံ ရောက်ရှိလာသည်။ ယဲ့ချန်က ၎င်းကို ဖမ်းယူလိုက်ပြီးနောက် ရှဲ့ချောင်ကို နောက်ထပ်မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်တာလဲ"
"ငါ့ဘဝမှာ နောက်ဆံတင်းနေခဲ့တဲအရာကတော့ ဒီကျောက်စာရဲ့ နတ်ဆိုးကျင့်စဥ်ကို အပြည့်အစုံ မလေ့လာခဲ့ရတာပဲ။ ငါ့ဝမ်းကွဲက ငါ့မိန်းမနဲ့ဖောက်ပြန်ပြီး လုပ်ကြံမယ်လို့ မထင်ခဲ့ဘူး။ ငါသေသွားရင်တောင် သူတို့ကို အလွတ်မပေးနိုင်ဘူး။ ငါ မင်းကို ဘဝတလျှောက်လုံး သိခဲ့ရသမျှ သင်ကြားပေးမယ်၊ မင်းက ငါ့အတွက် လက်စားချေပေးရမယ်"
ရှဲ့ချောင်၏မျက်လုံးများတွင် ဒေါသမီးတောက်လောင်ရင်းဖြင့် ယဲ့ချန်ထံ ညာလက်မှ လက်စွပ်ကို ပစ်ပေးလိုက်ပြန်သည်။
"ငါထုတ်လွှတ်ထားတဲ့ ရတနာတွေက သိပ်အဖိုးမတန်ဘူး။ တကယ့်အဖိုးတန်ရတနာတွေကို မှော်လက်စွပ်ထဲမှာ သိမ်းဆည်းထားတယ်။ ဒါကလည်း မင်းအတွက် ဆုပဲ"
ရှဲ့ချောင်က လက်နှစ်ဖက်နောက်ပစ်၍ ပြောလိုက်သည်။ ယဲ့ချန်က ၎င်းကို စစ်ဆေးလိုက်သောအခါ ကောင်းကင်မီးလက်မောင်းကာကဲ့သို့ နေရာလပ်ရတနာတစ်ခုဖြစ်ပြီး အလွန်ကျယ်ဝန်းကာ ရတနာများ ပြည့်နှက်နေသည်ကို သိလိုက်ရ၏။ ထောင်ချီသော နတ်ဆိုးလက်နက်များ၊ အမျိုးအမည်မသိ ရတနာများ၊ မရေမတွက်နိုင်သော နတ်မီးတောက်ရွှေများ၊ ဆေးပင်များ၊ တောင်တစ်လုံးပမာ စုပုံနေသော မိစ္ဆာရွှေများနှင့် ခရမ်းရောင်ရွှေများ သေတ္တာလိုက် ရှိနေကြသည်။
"ရှဲ့ချောင်က လက်စားချေပေးဖို့အတွက်နဲ့ ဒီရတနာတွေကို ပေးတာလား"
ရတနာများ၏ အရေအတွက်က များပြားလွန်းသောကြောင့် ယဲ့ချန်၏စိတ်ထဲတွင် သံသယများ ဖြစ်လာခဲ့သည်။
"လူငယ်လေး ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ သွေးတောင်ပံကြောင့် ငါ့ဝိညာဥ်ကလည်း ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ်။ အုတ်ဂူပွင့်ပြီးနောက်မှာ ငါ ပျောက်ကွယ်မသွားခင် အချိန်ခဏသာရတယ်။ လက်စားချေမပေးရင် မင်းကို ငါသရဲဖြစ်ရင်တောင် အလွတ်မပေးဘူး"
ရှဲ့ချောင်က အေးစက်စက်ကြုံးဝါးလိုက်ပြီးနောက် ပုံရိပ်က မီးခိုးများကဲ့သို့ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး သွေးမြူခိုးများအတွင်း ပေါင်းစပ်ကာ ဘာမှမကျန်ရစ်ခဲ့ပေ။ သို့သော် ရှဲ့ချောင် ပျောက်ကွယ်သွားပုံက ယဲ့ချန်ကို တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရစေခဲ့ပြီး မှော်လက်စွပ်နှင့် အနန္တရှေးဟောင်းကျောက်စာကို စိုက်ကြည့်ကာ တိတ်ဆိတ်သွားလေသည်။